ဆောင်းပါး

မြောက်ပိုင်းစစ်ပွဲနှင့် စစ်ရေးအခြေအနေသုံးသပ်ချက်(၁)

Want create site? Find Free WordPress Themes and plugins.

မြောက်ပိုင်းမဟာမိတ်

၂၀၁၆ နိုဝင်ဘာလ ၂၀ ရက်နေ့မှစသည့် မြောက်ပိုင်းစစ်ပွဲအတွင်းစစ်ရေးမဟာမိတ်ပြုထားသောအဖွဲ့ ၄ ဖွဲ့ပါ သည်။ ၎င်းတို့မှာကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ကိုးကန့်ဒေသနှင့်MNDAA အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်အဖွဲ့၊ TNLA ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် AA ရက္ခိုင့်တပ်မတော်တို့ဖြစ်သည်။

၎င်းတပ်ဖွဲ့များသည် လက်ရှိရှမ်းမြောက်ပိုင်း၌ စုစုပေါင်းအင်အားအနေနှင့် အများဆုံးတသောင်းခန့် အထိရှိနိုင်သော်လည်းလက်ရှိစစ်ဆင်ရေးများတွင် ပါဝင်သည့်အင်အားမှာ ၃၀၀၀ မှ ၅၀၀၀ထက် မပိုဟုယူဆရပါသည်။ ပြီးခဲ့သော ၁၂ ရက်အတွင်းနေရာ ၁၀ နေရာခန့်တွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပေရာထိုမျှလောက် အင်အားသုံးစွဲခြင်းမရှိပါကမဖြစ်နိုင်ပေ။

လက်ရှိစစ်ပွဲအခြေအနေအရတိုင်းရင်းသားမဟာမိတ်ပူးပေါင်းအဖွဲ့သည် စစ်မြေပြင်သုံးမောင်းပြန်ရိုင်ဖယ်လက်နက်ငယ် ကိုယ်စီကိုယ်ငှ ကိုင်တွယ်နိုင်ပုံရပါသည်။ ပြီးခဲ့သောစစ်ပွဲကာလ ၁၂ ရက်အတွင်းနေ့စဉ် ၁၀ နေရာခန့်တွင် ပစ်ခတ်သည့် ကျည်သုံးအားအရကျည်သုံးအားအတော်မြင့်မားသည်ကိုတွေ့ရပြီးနောက်ထပ်မည်မျှ သုံးစွဲနိုင်မည်ကိုတွက်ချက်ရန် မလွယ်ကူပါ။

မြေပြင်သတင်းများအရမြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ၏ အကူပစ်လက်နက်ကြီးမှာအရည်အသွေးမြင့်မားခြင်းရှိပုံမရ ပါ။ ၆၀ မမမော်တာပွိုင့် ၅ စက်ကြီး၊ ပွိုင့် ၅ ကျည်သုံးစနိုက်ပါ၊ ၄၀ မမဘဇူကာတို့သာသုံးစွဲနိုင်ပုံရသည်။ ၁၀၇ မမဟုယူဆရသည့် ဒုံးပစ်လောင်ချာအချို့သုံးစွဲနိုင်သော်လည်းအကန့်အသတ်ဖြင့်သာသုံးစွဲနိုင်ပုံရသည်။ ပြီးခဲ့သောတိုက်ပွဲများအခြေအနေအရလေယာဉ်ပစ် ဒုံးကျည်တင့်ကားဖျက်ဒုံးကျည်တို့အားသုံးစွဲသည်ကိုမတွေ့ရပါ။ သို့ဖြစ်ရာမဟာမိတ်ပူးပေါင်းအဖွဲ့အနေနှင့်အကူပစ်လက်နက်ကြီးတွင် အားနည်းချက်ရှိသည်ဟုဆိုသည်။

မဟာမိတ်တပ်တပ်ဖွဲ့များသည် တစုံတရာလေ့ကျင့်မှုများရှိသည်ဟုကြားသိရသည်။ သို့သော် သူတို့၏ စစ်ပညာဆိုင်ရာလေ့ကျင့်မှုမှာပြည့်စုံလုံလောက်မှုရှိမရှိစဉ်းစားဖွယ်ဖြစ်သည်။ မဟာမိတ်ပူးပေါင်းအဖွဲ့တွင် ပါဝင်သည့် တပ်သားအများစုသည် တောင်ပေါ်လယ်သမားများဖြစ်ကြ၍ အချို့ကလယ်သမားတပ်ဟုခေါ်ဆိုကြသည်။

ထိုသို့သောလယ်သမားတပ်များ၏ အားနည်းချက်မှာစစ်စည်းကမ်းအမိန့်များကိုနာခံရာ၌ လျော့ရဲတတ်သည်။ စည်းကမ်းလျော့ရဲ၍ အနည်းငယ် ဗရမ်းဗတာဖြစ်တတ်သည်ဟုဆိုလေ့ရှိကြသည်။ သို့သော် ထိုတောင်ပေါ်သားလယ်သမားတပ်များ ၏ အားသာချက်မှာထိုဒေသတွင် မွေးဖွားကြီးပြင်းလာသူများပီပီရေမြေဒေသကျွမ်းကျင်မှုရှိကြသည်။ စားနပ်ရိက္ခာရှာဖွေစားသောက်တတ်သည်။ ဒေသခံလူထုမှာသူတို့၏ ဆွေမျိုးသားချင်းများဖြစ်ကြရာဒေသခံတိ့ု၏ ကူညီထောက်ခံမှုကို အ နည်းနှင့်အများဆိုသလိုရတတ်ကြသည်။

လက်ရှိအချိန်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် ပြီးခဲ့သော ၁၀ ရက်ကျော်ကာလအတွင်းကျယ်ပြန့်သောစစ်မျက် နှာယူ၍ အနည်းဆုံးတနေ့လျှင် ဆယ်နေရာခန့် ဖြန့်ခွဲတိုက်ခိုက်နေရာသူတို့စီမံကွပ်ကဲမှုနှင့် ဆက်သွယ်ရေးစနစ်သည် ပြီးပြည့်စုံခြင်းမရှိသော်လည်းတစုံတရာကောင်းမွန်သည်ဟုဆိုနိုင်ပါသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏စစ်ရေးအရအားသာချက်တခုမှာစစ်ဦးစီးသူရောစစ်သည်များပါ နယ်မြေအနေအထား ကျွမ်းကျင်ခြင်းဖြစ်သည်။

ရိက္ခာလက်နက်ခဲယမ်းထောက်ပံ့ရေးစနစ်တွင် လက်ရှိတိုက်ပွဲဖြစ်ပွားရာနယ်မြေ၌ ကြိုတင်ပြင်ဆင်ထားပုံရသည်။ ပုံမှန် မော်တော်ယာဉ်များအသုံးပြု၍ ထောက်ပို့နိုင်သည့် ဆက်သွယ်ရေးလမ်းကြောင်းအသုံးပြုနိုင်ခြင်းမရှိသဖြင့် ထောက်ပံ့ရေးစနစ် ခက်ခဲသည်ဟုဆိုနိုင်သည်။

တပ်မတော်

တပ်မတော်အနေနှင့် စစ်အင်အားအရမြောက်ပိုင်းမဟာမိတ်အဖွဲ့ထက် များစွာသာလွန်သည်။ အားနည်းချက်တခုမှာတပ် ရင်းတရင်းစီ၏ ဖွဲ့စည်းပုံစစ်ထွက်အင်အားမှာ ၁၉၈၈ မတိုင်မီထက် များစွာလျော့ကျနေသည်ဟုသိရသည်။ သို့ဖြစ်ရာတပ် ရင်းမှူးတဦးစီ၏ ကွပ်ကဲစစ်ဆင်နိုင်မှုစွမ်းအားကိုလျော့ကျစေသည်။ သို့သော် စစ်မြေပြင်သို့ စစ်အင်အားအလုံအလောက် စေလွှတ်ရန်အတွက် တပ်ရင်းအရေအတွက် တိုး၍ စေလွှတ်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။

တပ်မတော်သည် အစိုးရ၏ တပ်မတော်တရပ်ဖြစ်ပြီးစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများရှိသည့်အားလျော်စွာစစ်သည် များ၏ လက်နက်ငယ်သုံးစွဲမှုနှင့် ပတ်သက်၍ ကျည်ဆန်သုံးစွဲမှုနှင့်ပတ်သက်၍ လည်းကောင်းပူပန်စရာမရှိပေ။ ထို့ပြင် အကူပစ်လက်နက်ကြီးနှင့် ပတ်သက်၍ အမြောက်တပ်မများကိုဖွဲ့စည်းထားရှိပြီးလက်ရှိအချိန်တွင် ၁၀၅မမ နှင့် ၁၂၀ မမများကိုပေါပေါသီသီသုံးစွဲနိုင်သည်။ ၁၅၅ မမနှင့် အတွဲလိုက်ပစ်ဒုံးကျည်များပိုင်ဆိုင်ထားရှိပြီးယခုချိန်ထိတော့ ပြည်တွင်းစစ်၌ သုံးစွဲခြင်းမတွေ့ရသေးပေ။

ထို့ပြင် သံချပ်ကာနှင့်တင့်ကားတပ်မများဖွဲ့စည်းထားရှိပြီးလက်ရှိစစ်မြေပြင်တွင် အသုံးပြုလျက်ရှိသည်။ မဟာမိတ်အဖွဲ့ တွင် ယခုချိန်ထိတင့်ကားဖျက်ဒုံးများသုံးစွဲနိုင်ခြင်းမရှိသေးရာတပမ်းသာသည်ဟုဆိုရမည်။ သို့သော် လက်ရှိမြောက်ပိုင်းစစ်ပွဲတွင် လမ်းကြမ်း၍ တောင်ကြောမတ်စောက်မှုကြောင့် ထိုယန္တရားတပ်များသုံးစွဲရန် အကန့်အသတ်ရှိသည်။

ယခုစစ်ပွဲအတွင်းကြူကုတ်ပန်ဆိုင်းမှ မုန်းကိုးသို့ ချီတက်ရန် မုန်လုန်တောင်ကြောအားကျော်တက်ရန် ခက်ခဲနေပုံရသည်။ မုန်လုံတောင်ကြော(လွယ်ဂျုံဘွမ်) ပြန်လည် ထိန်းချုပ်နိုင်ပါကစက်ယန္တရားကြီးများသုံး၍ ကြူကုတ်ပန်ဆိုင်းမှ မုန်းကိုးသို့ လမ်းဖောက်ဖွယ်ရှိသည်။

တပ်မတော်ဘက်မှ အဓိကအားသာချက်တခုမှာလေကြောင်းစစ်ဆင်ရေးဖြစ်သည်။ တပ်များပြောင်းရွှေ့ရာတွင် သယ်ယူပို့ ဆောင်ရေးရဟတ်ယာဉ်များအသုံးပြု၍ လွယ်ကူစွာတပ်ပြောင်းရွှေ့နိုင်သည်။ သို့ဖြစ်ရာကားဖြင့် ပြောင်းရွှေ့သည်ထက် ပိုမိုမြန်ဆန်သည့်အပြင် လမ်းဖြတ်တိုက်ခိုက်သည့်အန္တရာယ်အားလည်းကျော်လွှားနိုင်သည်။

တိုက်ပွဲများအတွင်း၌လည်းတိုက်လေယာဉ် ဗုံးကြဲလေယာဉ် တိုက်ခိုက်ရေးရဟတ်ယာဉ်များသုံးစွဲတိုက်ခိုက်နိုင်သည်။ လေကြောင်းတိုက်ခိုက်မှုအတွက် အဓိကအနှောင့်အယှက်မှာထိုရှမ်းမြောက်ဒေသရှိအခါမရွေးမိုးရွာခြင်းမြူဆိုင်းခြင်းစသည့် မြင်ကွင်းကိုအုပ်ဆိုင်းစေသည့် သဘာဝအနှောင့်အယှက်ဖြစ်သည်။

တပ်မတော်၏အရာရှိစစ်သည်များသည် လုံလောက်သည့် စစ်ရေးလေ့ကျင့်မှုရှိသည်ဟုဆိုနိုင်သကဲ့သို့ စစ်မိန့်လိုက်နာမှုတည်ဆောက်နိုင်သည်။ သို့သော် တပ်တွင်းအထက်အောက် ကွာဟမှုများရှိခြင်းကြောင့်လည်းတိုင်းရင်းသားဒေသများတွင်လည်းကောင်းစစ်စည်းကမ်းလိုက်နာမှုလျော့ရဲတတ်သည်ဟုဝေဖန်မှုများရှိသည်။

ထို့ပြင် တပ်မတော်မှ စစ်သည်များမှာဒေသခံများမဟုတ်၍ ဒေသကျွမ်းကျင်မှုနည်းပါးသည်။ ဒေသခံတို့၏ ကူညီထောက်ပံ့ မှုရရန်ခက်ခဲသည်။ ၎င်းအချက်ကိုကုစားရန် တပ်မတော်သည် ၎င်းတို့ စည်းရုံးထားသောဒေသခံပြည်သူ့စစ်များကိုသုံးစွဲရသည်။ လက်ရှိမြောက်ပိုင်းစစ်ပွဲနယ်မြေအတွင်းပန်ဆေးပသစ၊ မူဆယ်မြို့မပသစ၊ ဆင်ကျော့ပသစ၊ မုန်းပေါ် ပသစ၊ ဖောင်းဆိုင်ပသစ၊ ကွတ်ခိုင်ပသစ၊ တာမိုးညဲပသစနှင့် ကောင်းခါးပသစတို့ရှိသည်။

တပ်မတော်အမိန့်ပေးစနစ် ဆက်သွယ်ရေးစနစ် ထောက်ပို့ရေးစနစ်တို့မှာယေဘုယျအားဖြင့် ကောင်းမွန်သည်။ သို့သော် မြောက်ပိုင်းစစ်ပွဲအတွင်းတောတောင်ထူထပ်၍ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသောနေရာများတွင် အကန့်အသတ်ရှိနိုင် သည်။ အားနည်းချက်တခုမှာတပ်မှူးရောတပ်သားများပါ ဒေသစိမ်း၍ စစ်သုံးမြေပုံများနှင့် လမ်းပြများကိုအားကိုးရသည်။

သို့ဖြစ်ရာလက်ရှိမြောက်ပိုင်းစစ်မျက်နှာအားရင်ဆိုင်ရန် တပ်မတော်အနေနှင့် သာလွန်သောအင်အားသာလွန်သောလက်နက်များဖြင့် ရင်ဆိုင်နိုင်သည်။ သို့သော် တပ်မတော်သည် တနိုင်ငံလုံးရှိလုံခြုံရေးကာကွယ်ရေးစစ်ရေးကိစ္စများကိုလည်းရင်ဆိုင်ဖြေရှင်းရန် လိုအပ်ပေရာအခြားဒေသအခြေအနေများကိုလည်းထည့်သွင်းတွက်ချက်ရန် လိုအပ်ပါသည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ်တွင်ရှိ KIA အဖွဲ့နှင့် တပ်မတော်တို့အတော် တင်းမာနေသည်ကို ၂၀၁၆ ဒီဇင်ဘာ ၂ ရက်နေ့ကကျင်းပသောပြည်သူ့လွှတ်တော်၌ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်သားကိုယ်စားလည်တို့၏ဆွေးနွေးချက်များအရသိနိုင်သည်။ ကချင်ပြည်နယ်အတွင်း၌ KIA ဗဟိုဌာနချုပ်နှင့် တပ်မဟာ ၆ခု စုစုပေါင်းအင်အားတသောင်းကျော်ခန့်ရှိနိုင်သည် ဟုခန့်မှန်းကြသည်။

၂၀၁၁ ခုနှစ်မှစခဲ့သောKIAနှင့် တကျော့ပြန်စစ်ပွဲများသည် တဖြည်းဖြည်းတိုး၍ လာနေသည်။ ယခုနှစ် သြဂုတ်လမှ စတင် ၍ ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့်တိုက်ပွဲများသည် ကချင်ပြည်နယ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ယခုမြောက်ပိုင်းစစ်ပွဲများမစတင်မီထိမြစ်ကြီးနားအရှေ့ဘက်ရှိ KIA တို့၏တပ်စခန်းတခုဖြစ်သောဂီဒွန် (ဂိဒေါင်) စခန်းသိမ်းပိုက်နိုင်ရေးအတွက် ပြင်းထန်စွာတိုက်ခိုက်နေသည်ကိုတွေ့ရသည်။

ဂီဒွန်တိုက်ပွဲနှင့်အတူတပ်မတော်မှ ယန္တရားတပ်ဖွဲ့များလက်နက်ကြီးများစစ်အင်အားများပြောင်းရွှေ့ချထားသည်ကိုမြေပြင်သတင်းများအရတွေ့ရှိရသည်။ ယခုမြောက်ပိုင်းစစ်ပွဲစတင်ပြီးနောက်တွင်လည်း KIA တပ်မဟာ ၁ နယ်မြေဟုဆိုသောဗန်းမော်နှင့်နမ့်ခမ်းကြားဒေသအတွင်းတိုက်ပွဲများစွာဖြစ်ပွားနေသည်ကိုတွေ့ရသည်။

သို့ဖြစ်ရာလက်ရှိမြောက်ပိုင်းစစ်ပွဲအားစည်းရုံးလှုပ်ရှားသူဦးဆောင်သူအဖြစ် အသတ်မှတ်ခံထားရသော KIA နှင့် ကချင် ပြည်နယ်တွင်းဖြစ်ပွားနိုင်သည့် တိုက်ပွဲများကိုလည်းထည့်သွင်းတွက်ချက်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသောဂီဒွန် အင်ခရမ်တောင်ကြောဗန်းမော်ဒေသတိ့ုအပြင် ပူတာအိုဒေသ၊ တနိုင်းဒေသ၊ ဖားကန့်ဒေသ၊ မိုးညှင်းဒေသ၊ ပန်ဝါ ချီဗွေဒေသတို့တွင်လည်းတိုက်ပွဲများကျယ်ပြန့်ကူးစက်လာမည်ကိုထည့်သွင်းတွက်ချက်ရန် လိုအပ်ပါ သည်။ ပြီးခဲ့သော ၂၀၁၁ မှစသည့် တိုက်ပွဲအတွေ့အကြုံများအရမဖြစ်မနေထည့်သွင်းတွက်ချက်ရန် လိုအပ်ပေလိမ့်မည်။

SSPP/SSA

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA သည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း KIA ပြီးလျှင် တပ်မတော်နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုအများဆုံးဖြစ်သည်။ SSPP/SSA သည် ရှမ်းမြောက် ဝမ်ဟိုင်းဒေသ၌ ဌာနချုပ်အခြေပြုထားသည်။ လားရှိုး၊ မိုင်းရယ်၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရှူး၊ ကျေးသီးဒေသများတွင် အဓိကလှုပ်ရှားပြီးဆက် စပ်နယ်မြေများသို့ ဖြန့်ထွက်လှုပ်ရှားသည်။ ကျေးသီးမိုင်းရှူးမြို့နယ်များအခြေခံအထူးကောင်းပုံရသည်။

SSPP/SSA သည် UNFC အဖွဲ့ဝင်ဖြစ်ပြီး NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး KIA အပါUNFCအဖွဲ့ဝင်များနှင့် အတူရပ်တည်သည်။ ထို့ပြင် SSPP/SSA အခြားရှမ်းတပ်ဖွဲ့တခုဖြစ်သော NCA လက်မှတ်ထိုးထားသော RCSS/SSA နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။ ထို့အတူသံလွင်မြစ်အရှေ့ဘက်ကမ်းရှိ UWSA ၀ တပ်ဖွဲ့နှင့်လည်းထူးကဲသောဆက်ဆံရေးရှိသည်။

SSPP/SSA ဌာနချုပ်များအားအဓိကရင်ဆိုင်ထားသည်မှာခိုလန်၌ ဌာနချုပ်ထားရှိသောအရှေ့အလယ်ပိုင်းစစ်ဌာချုပ် (ရ လခ) ဖြစ်သည်။ ပြီးခဲ့သောနှစ်များကဖြစ်ခဲ့သောလက်နက်ကိုင်ပဋိပက္ခများတွင် ဝမ်ဟိုင်းမိုင်းရှူးမိုင်းနောင်ဒေသတွင် လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူများပါသည့်ပြင်းထန်သည့် တိုက်ပွဲများဖြစ်ခဲ့ဖူးသည်။

လက်ရှိမြောက်ပိုင်းတွင်းဖြစ်ပွားနေသောတိုက်ပွဲများအတွင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမရှိသော် လည်းထိုအဖွဲ့များနှင့် နိုင်ငံရေးအရနီးစပ်မှုရှိပြီးလက်ရှိတိုက်ပွဲဖြစ်ပွားနေသောဒေသနှင့် နယ်မြေချင်းဆက်စပ်နေပေသည်။

လက်ရှိမြောက်ပိုင်းစစ်ပွဲနှင့် ပတ်သက်၍ SSPP/SSA မှ မည်သည့်သဘောထားမှတ်ချက်မှပေးသည်ကိုမတွေ့ရသေးပေ။ သို့သော် နိုင်ငံရေးတပ်ပေါင်းစုအရသော်လည်းကောင်းနယ်မြေဆက်စပ်နေမှုအရလည်းကောင်းစစ်မီးပွားလွင့်စင်ရန် အလွန်နီးစပ်သည့်ဒေသနှင့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ သို့ဖြစ်ရာမြောက်ပိုင်းစစ်ပွဲနှင့် ပတ်သက်ပြီးနောက်ဆက်တွဲအဖြစ် မဖြစ်မနေထည့်သွင်းစဉ်းစားထားရန် လိုအပ်ပေသည်။

ဆက်လက်ဖော်ပြပါမည်

(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာသုတေသီတဦးဖြစ်သည်)

 

Did you find apk for android? You can find new Free Android Games and apps.
Loading