ဆောင်းပါး

အာဇာနည် ကိုအောင်ကျော်

Want create site? Find Free WordPress Themes and plugins.

(၁)
“ဥက္ကဋ္ဌကြီးကို ဖမ်းပြီ၊ ကန့်ကွက်ကြ”

“ပေါရိသာဒ ဆေးထိုးရန် သမဂ္ဂ သို့ စုရုံးကြ”

“ရဲရဲတောက် ကျောင်းသားသွေး ပြရန် အချိန်ကျပြီ”

ကြွေးကြော်သံများသည် တက္ကသိုလ်နယ်တွင် သိမ့်သိမ့်ညံလျက် ရှိလေသည်။ ထိုအခါက နှင်းအအေးဒဏ်မခံနိုင်သော သစ်ရွက်၊ ပန်းပွင့်များသည် တဖုတ်ဖုတ်ကြွေကျကာ၊ မြောက်လေအဝေ့ မြေပေါ်တွင် ဟိုလွင့်ဒီလွင့်နှင့် လိုက်တန်း ပြေး တန်း ကစား၍ နေ၏။ သိပ္ပံကျောင်းကြီးကို ယုယပိုက်ထွေးရင်ခွင်တွင်မှေး၍ထားသော အင်လျားကန်ကြီးဆီမှ စိမ်းစိမ်း ညို့ညို့ မန်ကျည်းပင်၊ မရမ်းပင်၊ ပိတောက်ပင်များအကြားကို ဖြတ်သန်းလာသော ဆောင်းဦးပေါက်လေသည် တစိမ့် စိမ့် အေးမြ နေသော်လည်း ကျောင်းသားတို့တွင်ကား မအေးမြနိုင်ကြ။ အကြောင်းမှာ သူတို့၏ သမဂ္ဂ အသင်း ဥက္ကဋ္ဌ ကိုဘဟိန်းနှင့် အတွင်းရေးမှူး ကိုဘတွေကို မကွေး၌ ပုဒ်မ (၁၀၇) နှင့် ဖမ်းချုပ်ထားသောကြောင့် သူတို့၏ ရင်တွင်း၌ ဇာတိမာန် မီးလောင် လျက်ရှိလေသည်။

 ဗိုလ်အောင်ကျော် အုတ်ဂူ (ဓာတ်ပုံ - http://yeenyoneyar.blogspot.com)
ဗိုလ်အောင်ကျော် အုတ်ဂူ (ဓာတ်ပုံ – http://yeenyoneyar.blogspot.com)

ကိုဘဟိန်းနှင့် ကိုဘဆွေတို့မှာရေနံချောင်း ကျောင်းသားသပိတ်ကိစ္စအတွက် ရေနံမြေမှ ချီတက်လာကြသော သပိတ် တပ်ကြီးမကွေး၌ ရပ်တံ့လျက်ရှိစဉ် ကြုံကြိုက်၍ ဆင်းရဲပင်ပန်းစွာ ရှိနေသော အလုပ်သမားများကို လှိုက်လှိုက်လှဲလှဲ သနားမိကြသဖြင့် တရားဟောရာမှ အဖမ်းခံရခြင်းဖြစ်လေသည်။

ကျောင်းသားများ စာသင်ခန်းတို့၌ ပါမောက္ခများ၊ ကထိကများ၏ တသွင်သွင်ဟောပြောနေသော စကားများကို ကြားနေရ သော်လည်း သူတို့၏ အတွင်းစိတ်၌ကား ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးဖမ်းသည့် အရေးကိုတွေးလျက်ရှိကြ၏။ လူအဖြစ် ရသင့် ရထိုက်သော လူ့အခွင့်အရေးကလေးများကို ငြိပ်ဝပ်အေးချမ်းစွာ တောင်းဆိုရန်အတွက် မိုင် (၃၁၀) ကျော်မျှသော ခရီးကို ခြေလျင်ချီတက်လာကြသော ရေနံအလုပ်သများများကို မကွေးတွင် မြင်းစီးပုလိပ်များက တား ထားသည့်အကြောင်း ကို လည်း ကျောင်းသားများသည် သနားကြင်နာလျက်ရှိကြ၏။ ကျောင်းသားများနှင့် အလုပ် သမား များကား ဓနရှင်စနစ် လှိုင်း တံပိုးများကို ကျော်လွှား၍ မြစ်တဖက်သို့ အတူတူကူးကြရမည့် တလှေတည်းစီးများ ဖြစ်သည်ကို ကျောင်းသားများသည် သိ မြင်လာကြ၏။

လူဖြစ်ကြသော်လည်း လူတန်းစေ့မနေရ၊ လူတန်းစေ့ မစားရ၊ လူတန်းစေ့ မဝတ်ရ၊ လူ့အခွင့်အရေးကို လုံးဝမခံစားရ ရှာ သော ရေနံမြေအလုပ်သမားများကို  သနားကြင်နာသလို လူစိတ်သည် ကျောင်းသားတို့၏ နှလုံးမှ စမ်းရေလျင်လို တသွင် သွင် စီးဆင်းလာကြ၏။ သူတို့သည် အလုပ်သမားတွေကို လူတန်းစေ့ မဖြစ်စေသော ဓနရှင်စနစ်ကို မုန်းလာ ကြ၏။

ကျောင်းဆောင်ကြို ကျောင်းဆောင်ကြားတို့၌ ကြွေးကြော်သံများ မင်နီထင်းထင်းကြီးရေး၍ ကပ်ထားရာ ကျောင်းသား တို့၏ သွေးကို ဆွပေးလျက်ရှိ၏။ ကျောင်းသားလက်ဖက်ရည်ဆိုင်၌လည်း “ဒို့ သမဂ္ဂ ဥက္ကဋ္ဌ ကို ဖမ်းပြီ၊ ကန့်ကွက်ကြ” ဟူသော ကြွေးကြော်သံကို နေ့ခင်းကျောင်းဆင်းမုန့်လာစားကြသော နေ့ကျောင်းသားများသည် ဝိုင်းအုံဖတ်ခါ လက်သီး ဆုပ်လျက် “ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌကို ဖမ်းတာ ကျောင်းသားတွေ စော်ကားတာနဲ့အတူတူပေါ့”ဟု ရေရွတ် လျက် ရှိကြ၏။

ကျောင်းသားများသည် ကျောင်းစာကို မဖတ်နိုင်ကြ၊ ကျောင်းဆောင်အခန်းတို့တွင် စုကာ ရေနံမြေမှ ချီတက်လာကြ သော အလုပ်သမားသပိတ်တပ်အရေး၊ ကျောင်းသား အရေးကို ဆွေးနွေးလျက်ရှိကြ၏။ သူတို့သည် ဓနရှင်စနစ်၏ ဒဏ်ကို နာလျက် ရှိကြ၏။

တက္ကသိုလ်သမဂ္ဂ အသင်းတိုက်တွင် အလုပ်အမှုဆောင်များနှင့် စာရင်းပေးထားသော ဗိုလ်များတွဲဖက်ကာ လုပ်ငန်း အစီအစဉ်ကို ရေးဆွဲလျက်ရှိကြ၏။ ဗိုလ်များကား ကျောင်းသား အရေးတော်ပုံတပ်အတွက် လက်ရွေးစင်များ ဖြစ်ကြ၏။ ကျောင်းသားများကား သမဂ္ဂခြေလှမ်းကို ရင်တမမနှင့် စောင့်စားမျှော်လင့်နေကြဆဲ၊ တက္ကသိုလ်သမဂ္ဂ အတွင်း အစည်း ဝေးခန်းငယ် ကလေးတွင် နေ့ရောညပါလိုလိုပင် အမှုဆောင်များနှင့် အရေးပါအရာရောက်သော ကျောင်းသား ကြီးများ၊ ဗိုလ်များ သည် ဆွေးနွေးတိုင်ပင်၍ နေကြ၏။

မနက်ထမင်းစားပြီးချိန်လောက် ဆိုလျှင်ပင် အရပ်ခပ်ပုပု၊ အသားညိုညို၊ ကတုံးဆံတောက် ပင်နီရှပ် လက်ရှည် ခေါက် ပင့်ကာ အစိမ်းရင့်ဟံဇာလုံချည် ဖုန်တက်နေသော လေယာဉ်ပျံပိန်းတန်း ဖိနပ်နှင့် အသက် ၂၂ နှစ်ခန့် ကျောင်းသား တဦးသည် သူ၏ ဂျပ်ဆင်ကောလိပ် ဝယ်လင်တန် ကျောင်းဆောင် အခန်းနံပါတ် ၄၂ ကို သော့ခတ်ကာ ဂျပ်ဆင် ဘောလုံး ကစားကွင်းဘက်ရှိ လမ်းမှ ဘွဲ့နှင်းသဘင်လမ်းကို ဖြတ်ကျော်၍ ယူနီဘာစီတီ အဗင်းနယူးလမ်းနှင့် ဘွဲ့နှင်း သဘင် လမ်းထောင့်ရှိ တက္ကသိုလ်သမဂ္ဂ အသင်းတိုက်သို့ လမ်းလျှောက်လာလေသည်။ သူသည် ကိုအောင်ကျော် ဖြစ်လေသည်။ သူသည် အလယ် လှေကားမှ ဖိနပ်ကို တဖျပ်ဖျပ်နင်း၍ အပေါ်သို့တက်လာ၏။ လှေကားအကွေ့တွင် အပေါ်မှဆင်းလာသော ဒုတိယ ဥက္ကဋ္ဌ ကိုလှရွှေနှင့် တွေ့၏။

“သြော် ကိုအောင်ကျော်ပါလား၊ အမှုဆောင်တွေ ကော်မတီခန်းထဲ ရှိကြပါတယ်၊ ကျနော် အခုပဲလာခဲ့တယ်”

“ဟုတ်ကဲ့”

ကိုအောင်ကျော်သည် တချက်ပြုံး၍ ကော်မတီခန်းဘက်သို့ လှည့်သွားလေသည်။ အတွင်းမှ ကိုအေးကျော်၏ စကား ပြောသံသည် လျှံထွက်လာ၏။ ပိဋိကတ်တိုက်မှူး ကိုစိုးမောင်က “လာ လာ” ဟု သူ့ကိုဖိတ်ခေါ်လိုက်၏။ သူတို့သည် ကန့်ကွက် ပွဲ အစည်းအဝေးကို စီစဉ်ကြ၏။

(၂)
ဟင်္သာတစီရင်စု အပါအဝင် မဲဇလီကုန်းအပိုင် ရုံးဇင်းရွာတွင် လွန်ခဲ့သော ၂၄ နှစ်ခန့်က ဦးကျော်ဒင် ဒေါ်ရွှေကျော့ သည် “အောင်ကျော်” ဟူသော သားရတနာကို ဖွားမြင်စေလိုက်လေသည်။ ထိုရွာ၏ ပတ်ဝန်းကျင်ကား ပစ္စည်းမဲ့ လယ် သမားများ ဖြစ်ကြလေရာ နောင်နှစ်များကြာ၍ ရေနံမြေသပိတ်မှောက် အရေးတော်ပုံကြီး ပေါ်ပေါက်သောအခါ၌ ကိုအောင်ကျော် သည် ပစ္စည်းမဲ့ အလုပ်သမားများကို လှိုက်လှိုက်လဲှလဲှကြီး သနားလာ၍ ဓနရှင်စနစ်၏ ခြေကျင်းမှ လွတ်မြောက် ရန် လွတ်လပ်ရေးကို တိုက်ပွဲအတွက် အဓိဋ္ဌာန်ချပြီး ဖြစ်နေလေသည်။

ကိုအောင်ကျော်ကား ငယ်စဉ်ကတည်းက တော်လှန်မှုစိတ်ဓာတ်ကလေး စွဲကပ်နေခဲ့လေသည်။ ဟင်္သာတတွင် နေစဉ် က ကင်းမင်းကျောင်းတွင် သပိတ်ကိစ္စတခု ပေါ်ပေါက်လာခဲ့ရာ သူသည်ခေါင်းဆောင်တဦးဖြစ်လေသည်။ ထိုအခါက ပင် ကျောင်းသားအရေးကို စိတ်ပါခဲ့၏။ ၁၉၃၆ ခု သပိတ်တုန်းကလည်း သူသည် ပါဝင်ခဲ့၏။

တက္ကသိုလ်သို့ ရောက်သောအခါတွင်ကား ကိုအောင်ကျော်၏ သံမဏိစိတ်ဓာတ်မှာ တရဲရဲတောက်လောင်ကာ သမဂ္ဂ အရေးတွင် အထူးစိတ်ပါခဲ့၏။ သို့ဖြစ်၍ အရေးတော်ပုံ မပေါ်ပေါက်မီ နိုဝင်ဘာလကုန်လောက်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားအသင်းချုပ် အမှုဆောင်တဦးလစ်လပ်နေသောနေရာတွင် သူ့ကိုခန့်ထားခဲ့လေသည်။

ထိုနှစ် ပါတော်မူနေ့က သူ့အခန်းနှင့် ဂျပ်ဆင်ကောလိပ်နို့တစ်ကပ်ပြားတွင် သူကိုယ်တိုင်ရေးသော ပါတော်မူနေ့ စာတမ်းကို ရဲဝံ့စွာ ကပ်ထားခဲ့၏။ တနေ့လုံးလည်းအစားမစား၊ မည်သူမျှအတွေ့မခံဘဲ အခန်းပိတ်ကာ လွတ်လပ်ရေး အဓိဋ္ဌာန်ပြုနေ၏။

ကိုဘဟိန်းနှင့် ကိုဘဆွေကို ဖမ်းသောအခါ သူသည် အထူးစိတ်ထက်သန်၍ လာခဲ့လေသည်။ ကိုဘဟိန်းတို့ကို ဖမ်းပြီ ဟူ သော ကြေးနန်းကို ရရခြင်း အမှုဆောင်များ ထိုအခါက စကော့ဈေးရှိ နဂါးနီစာအုပ်ဆိုင်အပေါ်ထပ်တွင် ရှေ့ လုပ်ငန်း အစီအစဉ်ကို စဉ်းစားတိုင်ပင်ကြ၏။ သူတို့ကား ကိုလှရွှေ၊ ကိုထွန်းရှိန်၊ ကိုစိုးမောင်၊ ကိုအေးကျော်တို့နှင့် ကိုအောင်ကျော် တို့ဖြစ်၏။ ကိုအောင်ကျော်ကား အကြံဉာဏ်များကို ပေးလျက်ရှိလေသည်။

နောက်တဖန် ဒီဇင်ဘာလ ၁၅ ရက် လူစီတန်းလမ်းလျှောက်၍ အာဏာဖီဆန်ကြရန် စဉ်းစားကြရာ၌ အာဏာဖီဆန်ရေး တပ် ဗိုလ်မှူးအတွက် ကိုအောင်ကျော် အလွန်လုပ်ချင်၏။ အမှုဆောင် ကိုကြည်မောင်၊ ကိုထွန်းရှိန်၊ ကိုအောင်ကျော် ၃ ဦး တို့ မဲ နှိုက်ကြရ၏။ ကိုကြည်မောင် မဲကျ၍ အောင်ကျော်မှာ ဗိုလ်မှူးမလုပ်ရတော့ သူသည် မဲမကျ၍ မကျေမချမ်းနှင့် ပြုံးနေလိုက် ရသည်။

ကိုအောင်ကျော်မှာ စကားပြောလျှင် အမြဲပြုံး၍ ပြောတတ်လေသည်။ ရဲဘော်များကို တွေ့လျှင်လည်း ပြုံး၍နှုတ်ဆက် ၏။ အပေါ်ယံကို ဂရုမစိုက်၊ ဗမာဖြစ် အဝတ်အစားကို အထူးခုံမင်၏။ အလုပ်လုပ်ရာတွင် အလွန်ဝီရိယကောင်း၏။ အသင်း စည်းမျဉ်းကိုလည်း လေးစားရိုသေ၏။ သူသည် ကြီးပွားရေး ညကျောင်းတွင်လည်း ဆရာလုပ်သေးရာ ကျောင်း သား များကို ကျောင်းစာထက် ကမ္ဘာ့ကျောင်းသားအရေးများနှင့် ဗမာပြည်လွတ်လပ်ရေး တိုက်ပွဲအကြောင်းကို ချည်း တရားဟောနေ တတ်လေသည်။

(၃)
ဒီဇင်ဘာလ ၂၃ ရက်နေ့ညတွင် တက္ကသိုလ်သမဂ္ဂ အသင်းတိုက်၌ ကန့်ကွက်ပွဲ အစည်းအဝေးတခု ကျင်းပလေသည်။

အသင်းတိုက်ကား ကျောင်းသားကျောင်းသူများနှင့် ပြည့်လျှံလျက်ရှိ၏။ တချို့ နေရာမဆံ့၍ အပြင်ဘက်တံခါးဝမှ နားထောင်ကြရ၏။ ကိုအောင်ကျော်ကား ဂျပ်ဆင်ဘက်မှ ကျောင်းသားတဦးနှင့် အရှေ့တန်းလျားမှ ထိုင်နေ၏။ ဒုတိယ ဥက္ကဋ္ဌ ကိုလှရွှေမှာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ရဲရဲတောက် စကားများကို မြွက်ကြားလျက်ရှိ၏။

ဤအစည်းအဝေးမှ အောက်ပါဆုံးဖြတ်ချက်ကို ချခဲ့ကြ၏။

(၁)    (က) မန္တလေးတွင် ပြည်သူ့လွတ်လပ်မှုများကို ချုပ်ချယ်ရန် ထုတ်ပြန်ထားသော ပုလိပ် ပုဒ်မ ၂၃ – အပိုဒ် ၇။
(ခ) ရန်ကုန်ပုဒ်မ ၁၄၄။
(ဂ) မကွေးအလုပ်သမားတပ် ပုဒ်မ ၁၄၄
(ဃ) အခြားမြို့များရှိ အလားတူ ချုပ်ချယ်ချက်များကို အမြန်ရုပ်သိမ်းရန်။

(၂)    နောင်ကိုလည်း မလိုဘဲ မထုတ်ရန် ၎င်းဥပဒေပုဒ်မများအရ ဖမ်းဆီးခြင်းခံရသူ ရေနံမြေအလုပ်သမားများနှင့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဘဟိန်း၊ အတွင်းရေးမှူး ကိုဘဆွေတို့အား အမြန်ဆုံးလွှတ်ရန်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေခင်းတွင် ရွှေတိဂုံရင်ပြင်၌ ရန်ကုန်မြို့လုံးဆိုင်ရာ ကျောင်းသားများ အစည်းအဝေးကြီး ကလည်း အထက်ပါဆုံးဖြတ်ချက်များကို ထပ်မံအတည်ပြုကြလေသည်။

တောင်းဆိုချက်များကား မရ

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေတွင် ကျောင်းပေါင်းစုံမှ ကျောင်းသား ၃၁၀၀ ခန့်သည် မြို့မကျောင်းဝင်းထဲတွင် စုရုံး လျက် ရှိကြ၏။ သူတို့သည် ပုဒ်မ ၁၄၄ ကန့်ကွက်သော စာတမ်းများကို ကိုင်လျက်ရှိကြ၏။ အရေးတော်ပုံ ကြွေးကြော် သံများကို အော်နေကြ၏။ ကိုလှရွှေကား ကျောင်းသားများ တပ်ဦးမှ အာဏာဖီဆန်မှု စနစ်သဘောကို ဟောပြော၍ နေ ၏။

မိုးရွာလာလေသည်။ ကျောင်းသားများကား ဂရုမစိုက်ကြ၊ နေရာမပျက်ကြ၊ ဗမာပြည်တွင် ပထမအကြိမ် အာဏာ ဖီဆန်ခြင်း ဖြစ်၏။ သို့ရာတွင် စည်းကမ်းသေဝပ်၏။ စနစ်ကျန၏။ လူစီတန်းကို ဗိုလ်များက အုပ်ချုပ်လိုက်၏။

ရှေ့ဦးမှ အနီရောင် အလံကြီးသည် မိုးရွာနေသည့်ကြားထဲမှ တလွင့်လွင့်လှုပ်ရှားကာ အာဏာဖီဆန်သော ကျောင်း သား တပ်ကြီးကို ဦးဆောင်လျက် ကော်မရှင်နာလမ်း၊ နောက် မောင်ဂိုမာရီလမ်းတလျှောက် မားမားကြီး ထွက်လာလေ သည်။ ကိုအောင်ကျော်ကား ရှေ့ဆုံးအစုမှ ကြွေးကြော်သံများကို အသံတိုင်ကာ လိုက်ပါလာ၏။ စစ်ပုလိပ်ကား ရောက် လာ ၏။ သို့သော်မည်သို့မျှ မပြုလုပ်ကြ၊ စည်းကမ်းသေဝပ် ကျနစွာ အာဏာဖီဆန်သော ကျောင်းသားထုကြီးကို ငေး ကြည့်နေကြလေသည်။ ကျောင်းသားများ အာဏာဖီဆန်ကြသော သတင်းကား ရန်ကုန်မြို့တမြို့လုံး သိမ့်သိမ့်တုန် လျက်ရှိ၏။ လိပ်ကန် ပန်းခြံနားတွင် လူစုခွဲလိုက်ကြလေသည်။
*   *   *  *   *   *
“ကျနော်တို့ အခု ကိုဘဟိန်းတို့ ဖမ်းတာကစပြီး ခြေလှမ်းကို တထစ်ပြီး တထစ် တက်လာလိုက်ကြတာ နောက်ဆုံး ဒီဇင်ဘာလ ၁၅ ရက်နေ့က လူစီတန်းလမ်းလျှောက်ပြီး အာဏာဖီဆန်ခဲ့ကြတယ်၊ ခုအထိတော့ အောင်မြင်ခဲ့တယ်၊ ဒါပေမယ့် ကျနော်တို့ တောင်းတာတော့ ဘာမှမရခဲ့ဘူး၊ အဲဒါ နောက်ထပ် သည့်ထက်အရေးရောက်မယ့် ခြေလှမ်း လှှမ်းကြ ဖို့ပဲ ရှိတော့တယ်၊ အဲဒါ ဘယ်လို လုပ်ကြမလဲဆိုတာ အားလုံးအကြံအဉာဏ်ပေးကြပါ”

ကိုလှရွှေက အလုပ်အမှုဆောင်ဗိုလ်များ အစည်းအဝေးတွင်ပြောလေသည်။ နေရာမှာ တက္ကသိုလ်သမဂ္ဂ အသင်းတိုက် စာကြည့်ပိဋကတ် ခန်းကြီးဖြစ်လေသည်။ မှန်တံခါးတွေ အကုန်ပိတ်ထား၏။ လေမရ၍ ပန်ကာကို ဖွင့်ထား၏။ စားပွဲ ပေါ်ရှိ မဂ္ဂဇင်း ဂျာနယ် စာအုပ်များကား တဖျပ်ဖျပ်လွင့်လျက်ရှိ၏။ အစည်းအဝေးမှာ လျှို့ဝှက်သောယုံကြည်သူများ အစည်းအဝေး ဖြစ်၏။ တက္ကသိုလ်သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အသင်းချုပ် အလုပ် အမှု ဆောင်များနှင့် ဗိုလ်များသာ တက်ရောက်ရ၏။ တက်ရောက်သူအချင်းချင်း အစည်းအဝေးမစမီ ရှာကြ၏။ မသင်္ကာ စရာ စာတိုစာစများ တွေ့လျှင် အစည်းအဝေးမှ ထုတ်ပယ်ခွင့်ရှိ၏။ အားလုံး သဘောတူညီချက် အရ အပြင်မှ သခင် လှဘေ၊ တက်ဘုန်းကြီး ကိုသိန်းဖေတို့ တက်ရောက်၏။

ကိုလှရွှေပြောပြီးလျှင် ကျောင်းသားများအချင်းချင်း တိုးတိုးတိုးတိုးနှင့် စကားပြောကြ၏။ တဦးနှင့်တဦး တိုင်ပင်ကြ၏။ ကိုအောင်ကျော်ကား စားပွဲထောင့်စွန်းတွင် “ကွန်ဂရက်ဆိုရှယ်လစ်” သတင်းစာကို ဟိုလှန်ဒီလှန်ရင်း တွေးနေ၏။ လှုပ်လှုပ် ရွရွဖြစ်နေကြ၏။

“ကဲ ကဲ ပြောကြပါ၊ အကြံပေးကြပါ” ဟု ကိုလှရွှေက နောက်ထပ် သတိပေး၏။ အကြံပေးကြ အဆိုတင်ကြ၏။

“ကျနော်တော့ လမ်းဆုံတွေမှာ ကျောင်းတွေထဲက တရားပွဲလုပ်ချင်တယ်၊ ဥပမာဗျာ၊ လူသိပ်စည်တဲ့ ဆူးလေဘုရား လမ်း နှင့် မောင်ဂိုမာရီ လမ်းထောင့်ဆိုပါတော့ တရားပွဲလုပ်လိုက်ရင် အသွားအလာတွေလည်း အကုန်ရပ်သွားမှာပဲ၊ ဘယ်နှယ့် အဲ့ဒီလို အာဏာဖီဆန်နည်းမျိုးကော”ဟု ကိုအေးကျော်က အကြံပေးလေသည်။ သူသည် အတွင်းရေးမှူး ဖြစ်၏။ တချို့က သဘောကျကြ၏။ တချို့က သဘောမကျကြ၊ ဆူညံ ဆူညံနှင့် ငြင်းနေကြ၏။

“သည့်ထက်အရေးရောက်မယ့် နည်းလမ်းများကော စဉ်းစားကြပါဦးလား” ဟု ကိုအောင်ကျော်က တဖက်က ပြော၏။

“ဟုတ်တယ် သည့်ပြင်ရှာကြပါဦး၊ အကောင်းဆုံးကို လုပ်တာပေါ့” နောက်ဆုံး အုပ်ချုပ်ရေး ကြိုးကိုင်ရာဖြစ်သော စက္ကရီ တေးရီးယတ် အတွင်းဝန်ကြီးများ ရုံးကို ဝိုင်း၍ အာဏာဖီဆန်ကြရန် အားလုံး သဘောတူကြလေသည်။

ဗိုလ်မှူးများထဲမှ အတွင်းဝန်များရုံးကြီးကို ဝိုင်း၍ အာဏာဖီဆန်ကြရန်အတွက် ဦးစီးဖို့ လူရွေးသေးသည်။ အမှုဆောင် ကိုကြည်မောင်မှာ အာဏာဖီဆန်ရေးတပ်ကို အုပ်ချုပ်ရသော ဗိုလ်မှူးဖြစ်၏။ နောက်တဖန်အတွင်းဝန်ရုံး အဝင်အထွက် ဝင်း အပေါက်အနေအထား မြေပုံဆွဲရန် ကိုယ်တိုင်သွားကြည့်ဖို့ ကျောင်းသား ၂ ဦးကို ရွေးချယ်၏။ မြေပုံရမှ အပေါက်၀ စောင့်ရန် အတွက် တာဝန်လွှဲဖို့ ဒီဇင်ဘာ ၁၉ ရက်နေ့ည နောက်ထပ် အစည်းအဝေးအတွက် ရက်ချိန်းလိုက်၏။

အစီအစဉ်ကို စေ့စပ်ကျနစွာ ပြုလုပ်ကြ၏။ အစည်းအဝေးကား အလွန်သေချာ၍ လုံခြုံ၏။ အစည်းအဝေး အတွင်းရှိ စကားများ ကို အပြင်တွင် မပေါက်ကြားသောကြောင့်ပင် စုံထောက်ဝေး၍ ကျောင်းသားများပင် အလုပ်လုပ်မှ သိကြရ ၏။ အစည်းအဝေးကို နာရီပြန်တချက်တွင် သိမ်းလိုက်၏။

(၄)
တက္ကသိုလ်သမဂ္ဂ အသင်းတိုက်ရှေ့ရှိ ပန်းရုံမှ ပန်းများသည် တမှုံမှုံကနေသော နှင်းနုနုဝယ် တဝင်းဝင်းနဲ့ နေကြလေ၏။ ပန်းပင်များကား ပွင့်ချပ်လွှာများကို ကြွားကြွားကြီးဝင့်လျက် ရဲရဲရင့်ရင့်အသွင်ကို ဆောင်နေကြ၏။ လေက ကလိလိုက် သည့် အခါ၌ သူတို့သည် ညွတ်နွဲ့ကာ တိုက်ပွဲသွားမည့် စစ်သားများ စစ်ဆင်နေသည်နှင့် တူလေသည်။

အသင်းတိုက်ရှေ့ ဘွဲ့နှင်းသဘင်လမ်းမပေါ်တွင် ဘတ်စ်ကား ၂၆ စီးခန့်သည် စီတန်းရပ်ကာ စောင့်နေကြလေ၏။ အစိုးရ စုံထောက်များကား ဝတ်လုံ ဦးမြင့်အိမ်ဘက်တွင် ကားရပ်ကာ သမဂအသင်းတိုက်ပေါ်မှ သဲ့သဲ့မျှထွက်လာသော လက်ခုပ်သံ များကို နားစွင့်နေကြ၏။ သူတို့ကား ကျောင်းသားများ ဘာလုပ်မည်ကို မသိကြ။ ထိုအတွင်း ဂျပ်ဆင် ကောလိပ် ဘက်မှ အရပ်ပုပု ကတုံးဆံတောက်နှင့် လုံချည်တိုတိုဝတ်ထားသော ကျောင်းသားတဦးသည် အပြေး ကလေး လာကာ အပေါ်ထပ် အစည်းအဝေးခန်းမကြီးသို့ တက်သွားလေ၏။ ခန်းမကြီးတခုလုံးကား ပြွတ်သိပ်ကာ ပြည့်ကြပ်နေ၏။

ခွပ်ဒေါင်းသမဂ္ဂ အလံအောက်မှ ကိုလှရွှေသည် စကားပြာလျက်ရှိ၏။ သူ့အသံကား တဝီဝီလည်နေသော ပန်ကာသံ များ၊ သက်ပြင်းချသော ကျောင်းသားများ အသံဗလံကြားမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။

ထိုနေ့မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ခင်းဖြစ်လေသည်။

“ခင်ဗျားတို့မျက်နှာ တွေ့မြင်ရတာ” ဇာတိမာန်တွေ တလျှမ်းလျှမ်းတက်နေပြီး ဒီကနေဖြင့် ဗမာပြည်လွတ်လပ်ရေး အတွက် ဆိုလျှင် ထောင်ကျကျ စက်သေနတ်နဲ့ ပစ်ပစ် နောက်ဆုံးအသက်သေသေ၊ စွန့်မယ်ဆိုတဲ့ ရဲရဲတောက် သန္နိဋ္ဌာန် ချထားပြီ ဆိုတာ ကျနော်ယုံကြည်တယ်၊ ဒီကနေ့ ခြေလှမ်းကြမ်းကြမ်းနဲ့ အာဏာဖီဆန်ကြမယ်။

ကျောင်းသား ပရိသတ်များကား လှုပ်လှုပ်ရွရွဖြစ်သွား၏။ သွားမယ်၊ သွားမယ်၊ အခု ဆင်းမယ်ဟူသော အသံတွေ ခန်းမကြီး ဟိန်းသွားအောင် ထွက်ပေါ်လာ၏။ ကိုအောင်ကျော်အသံသည် စူး၍ထွက်ပေါ်လာ၏။ ထွက်ခါစ နေရောင် သည် မှန်တံခါးများမှ ကျော်ကာ သွေးဆူနေသော ကျောင်းသားများ၏ မျက်နှာပေါ်သို့ ကျရောက်လျက်ရှိသော သူတို့၏ မျက်နှာသည် တလျှမ်းလျှမ်း တောက်နေကြလေ၏။

နောက် အစီအစဉ်အကုန်ပြင်ဆင်ပြီး၍ ကျောင်းသားများသည် ဝုန်းဝုန်း ဝုန်းဝုန်းနှင့် အောက်သို့ဆင်းကာ ဘတ်စ်ကား ပေါ် သို့ တက်ကြ၏။ တံခါးဝတွင် အာဏာဖီဆန်ရေး တပ်ဗိုလ်မှူးများနှင့် အမှုဆောင်များက ကျောင်းသားများကို ရှာကြ ၏။ လက်နက်ဆို ဘာတခုမှ ယူမသွားရ၊ အပ်ကြီးကြီးပင် မပါရ၊ ကျေနပ်မှ ဘတ်စ်ကားပေါ်သို့ တက်ကြရ၏။ တဝူးဝူး နှင့် ဘတ်စ်ကားများ စက်နှိုးသံသည် ဆူညံနေ၏။ လူစုံလျှင် ကားများအသီးသီးထွက်ကြ၏။

အစိုးရ စုံထောက်တွေကား မျက်လုံးပြူးကာ ငေးကြည့်နေကြ၏။ ဘတ်စ်ကား ဘယ်သွားသည်ကိုမသိကြ၊ ကိုလှရွှေ တို့မှာ ကားငယ်ကလေးနှင့် ဘတ်စ်ကားအချို့ကား ယူနီဘာစီတီ အဲဗင်နယူးလမ်းအတိုင်း သွား၏။ တချို့ အင်းယား လမ်းဘက် ဝင်ဒါမီယာသို့ ကွေ့သွား၏။ တချို့ပြည်လမ်းမှ ကိုလှရွှေပါလာသော ကားငယ်ကလေးသည် စက္ကရီတေရီ ယတ် သို့ တိုက ရိုက် မသွား၊ ဟိုကွေ့ ဒီကွေ့နှင့်၊ သူတို့လည်း ဟိုကွေ့ဒီကွေ့ ၁၅ မိနစ်အတွင်း ကျောင်းသား အားလုံး သည် ကားရပ်လျှင် ရပ်ခြင်း ဆင်းကာ သူရိယတိုက်ရှေ့ အဝင်တံခါးသို့သွား၏။ ရန်ကုန်တမြို့လုံး ကျောင်းသား တသောင်းကျော် နှစ်သောင်းကား ရုတ်သဲသဲနှင့်။
*   *   *  *   *   *
“မီးတုတ်—–မီးတုတ်—ရှို့——-ရှို့”

“သခင်မျိုးဟေ့——–ဒို့ဗမာ”

“ကျောင်းသား———-ကျောင်းသား——မိုက်တယ်———မိုက်တယ်”

အရေးတော်ပုံ အောင်ပါစေ။

ကောင်းကင်အပြာတွင် တိမ်တိုက်အဖြူများ လွင့်ပါးနေသည့်ကြားထဲမှ နေသည် တရှိန်ရှိန်ပူနေ၏။ ကျောင်းသားတွေ ကား ပူသည်ဟုမထင်ကြ၊ သူတို့၏ မျိုးချစ်စိတ်အတွင်းမီးသည် အပြင်နေမီးကို လွှမ်းမိုး၍နေ၏။ သူတို့ကား ဇွဲကောင်း ကြ၏။ ဗီဂင်ဒက်လမ်း၊ စပတ်လမ်း၊ ဒါလဟိုဇီ ဂျူဒါအီစကယ်လမ်းတွင်ကား ကျောင်းသားများဖြင့် ပြည့်နေ၏။ နေက လည်းပူ၏။ အောက်ကလည်း ကျောက်ခဲနှင့်သဲ၊ သူတို့သည် မနက်စာ ထမင်းမစားရကြ၊ သနားတတ်သော မြို့မိမြို့ဖများက ပေါင်မုန့် နှင့် ငါးသေတ္တာ လာကျွေးကြ၏။ နောက် လိမ္မော်သီးများ ရလာ၏။
သူရိယတိုက်ရှေ့ အဝင်ဝပေါက်ကား အဆိုးဆုံး။ ကျောင်းသားနှင့် ကျောင်းသူရောကာ လှဲအိပ်နေကြ၏။ ကားနှင့် မျက်နှာ ဖြူများ လာကြ၏။ ဖယ်မပေးကြ၊ ကုလား၊ ပုလိပ်၊ ဂေါ်ရာများလာ၍ တွန်းကာဖယ်၏။ မရ။ ကျော်ကြ လွှားကြ ၏။ အတွင်းဘက်သို့ မရောက် ကိုအောင်ကျော်ကား လုံချည်ကို တိုတိုဝတ်ခါ အကျီလက်ပင့်ကာနှင့် သပိတ်တားနေ၏။ တချို့ အထွက်ပေါက် သွား၍ ဝင်ရန် ကြိုးစားကြ၏။ မရ။ ကုလားပုလိပ်များ စပတ်လမ်းနှင့် ဒါလဟိုဇီတလျှောက် ၄ ယောက်တွဲ၍ လမ်းလျှောက်နေကြ၏။ ကျောင်းသားများက ဇွဲကောင်း၏။ စည်းကမ်းသေဝပ်၏။ မကြာမီ ကုလား ပုလိပ် များလည်း တပ် ခေါက်ပြန်သွားလေသည်။

တနေ့လုံး သပိတ်တားကြရ၍ နာရီပြန် တချက်လောက်တွင်မူ ရုံးကြီးမှာ ဘာမျှအလုပ်မလုပ်နိုင်၍ ရက်အကန့်အသတ် မရှိ ပိတ်လိုက်ကြောင်း ကြေညာလိုက်လေသည်။

အုပ်ချုပ်ရေးစက်ကိရိယာ တည်ရာရုံးကြီးကို အလုပ်မလုပ်နိုင်အောင် သပိတ်တား အာဏာဖီဆန်ကြသော ကျောင်း သား တွေကား ဘာမျှလုပ်ရန်မလိုတော့ပေ။ ရုံးပိတ်လိုက်သည်မှာ ကျောင်းသားတွေ၏ အောင်မြင်မှုဖြစ်၏။ ကျောင်း သား တွေက ပြန်ရန် ပြင်ဆင်နေကြ၏။

တံခါးဝအသီးသီးတွင် ရှိနေသော ကျောင်းသားတပ်များကို စပတ်လမ်းဘက်မှ ဒါလဟိုဇီ၀ ဂျဒါဆီဆီကယ်- ဘီဂင်ဒပ် လမ်း အတိုင်း လက်ဝဲရစ်လည်၍ တပ်ခေါက်ကာ လှည့်လာကြ၏။ ကျောင်းသားတွေကား အာဏာဖီဆန်မှု အောင်မြင် သဖြင့် ပျော်နေကြ၏။ ကြွေးကြော်သံတွေကို အသံကုန်အော်ကြ၏။ အလံနီကြီးကား ကျောင်းသားတဦးမှ တလွင့်လွင့် လှုပ်ရှား ၍ နေ၏။ သူတို့အသံများက ပဲ့တင်သံထပ်နေ၏။

အလံနီကြီးထူလွှင့်ထားသော ကျောင်းသားတပ်ကြီးသည် သူရိယတိုက်ရှေ့ကျော်ကျော်သို့ ရောက်နေ၏။ သူတို့သည် စပတ်လမ်းမှဖြတ်၍ ဒါလဟိုဇီဘက် ချိုးကာ ပြန်ကြရန်ဖြစ်၏။ ကျောင်းသားတပ်ကြီး၏ မျက်နှာချင်းဆိုင် စပတ်လမ်းထဲ တွင်ကား မြင်းစီးပုလိပ်နှင့် ရင်ဆိုင်တွေ့နေလေ၏။ မြင်းများကား ပရိသတ်ကိုရွံ့၍ ခုန်ပေါက်နေကြ၏။ ဂေါ်ရာမြင်းစီး ပုလိပ် တပ်နောက်မှ ခြေလျင်ကုလား ပုလိပ်တပ်၊ နောက်မှ ဘတ်စ်ကားနှင့် ရိုင်ဖယ်သေနတ်ကိုင် စစ်သားများ အဆင် သင့်ရှိနေ၏။

ကျောင်းသား နောက်ဆုံးတပ်မှာ ဂျူဒါအီစကယ်လမ်းသာ ရောက်သေး၏။ ဤမျှ လူစီတန်းရှည်လျား၏။ ကျောင်းသား တပ် ရှေ့ဦးနှင့် မြင်းစီး ဂေါ်ရာတပ်ကား ရင်ဆိုင်တွေ့ကြ၏။

ရှေ့ဆုံးတွင်ကား ကျောင်းသူများလည်း အများပါ၏။ ကိုအောင်ကျော်သည် တပ်ဦးမှလူတွေကို အုပ်ထိန်းလျက် လိုက်ပါ လာ၏။ ဆူညံနေကြ၏။ သူသည် လက်ကိုပင့်ကာ အော်လျက်ရှိ၏။ သူတို့ကား ပုလိပ်တပ်ကြီးကို ထိုးရန် တကဲကဲ၊ မြင်းစီး ပုလိပ်တွေလည်း ဟန်ပြင်နေကြ၏။

(၅)
အလံကြီးသည် ရှေ့သို့ရွှေ့လျားလာ၏။

မြင်းစီး ပုလိပ်များသည် ရှေ့သို့ တဟုန်တည်း တိုးလာလေသည်။ ကျောင်းသားတွေကား နောက်သို့ မဆုတ်ကြ၊ ဂေါ်ရာ များ နောက်မှ နံပါတ်တုတ်ကိုင် ပုလိပ်များ ပါလာ၏။ တခေါက်ခေါက် တက်လာသော မြင်းခွာသံနှင့်အတူတူ နံပါတ် တုတ် ကိုင်သော ပုလိပ်များ ရှေ့သို့တိုးတက်လာပြီး ရှေ့သို့ ဆက်လက်မချီနိုင်ရန် ဟန့်တားရင်း ၎င်းတို့၏ တုတ်တို့ သည် ကျောင်းသားတွေ အပေါ်သို့ မိုးရွာသလို ကျလာ၏။ မြင်းများသည်လည်း ကျောင်းသားများအပေါ်မှ လွှားခနဲ လွှားခနဲ ဖြတ်၍ လာကြ၏။

ကျောင်းသား အထုကြီးလည်း ရုတ်ရုတ်ရက်ရက် ဖြစ်သွား၏။ လဲသူလဲ၊ ပြဲသူပြဲ ဖြစ်နေကြ၏။ သွေးကွက်တွေကား စပတ် လမ်းတွင် ချင်းချင်းနီလျက်ရှိ၏။

လမ်းပေါ်တွင် သွေးရဲရဲနှင့် လဲနေသော ကိုအောင်ကျော်ကို သခင်လှဖေ တွဲ၍ထား၏။ ကိုအောင်ကျော်ကား သတိမေ့ လျက် ရှိ၏။ ခေါင်းမှ သွေးတွေလည်း တသွင်သွင်ထွက်နေ၏။ နောက် ကိုထွန်းတင်က ကိုအောင်ကျော်ကိုပွေ့ကာ သူရိယတိုက် အပေါ်ထပ်သို့ ယူသွားလေသည်။

အပေါ်ထပ် အယ်ဒီတာ စားပွဲခုံပေါ် ကြမ်းပြင်ပေါ်တွင်ကား ဒဏ်ရာရသော ကျောင်းသားတွေ အတုန်းအရုန်း သွေးရဲရဲ သံရဲရဲ လဲနေကြ၏။ ကိုအောင်ကျော်ကား ဒဏ်ရာအပြင်းဆုံး၊ သတိရသည့် အခါတွင် ထွန့်ထွန့်လူးနေ၏။ သူ၏ ပါးစပ် မှလည်း “ကျနော်တိုင်းပြည်အတွက် အသက်စွန့်တယ်၊ သေချင်သေပါစေ၊ ကျနော်သေပျော်ပြီ”ဟု တတွတ်တွတ် ရွတ် လျက်ရှိ၏။

“ကိုအောင်ကျော် စကားမပြောနဲ့လေ၊ မောပါ့မယ်”ဟု ကျောင်းသား ရဲဘော်တဦးက ပြော၏။“ကိုလှရွှေကော ဘယ့်နှယ့် နေသေးလဲ၊ ကျောင်းကော လွတ်လပ်ရေးနီးပါပြီ၊ အရေးတော်ပုံအောင်ရမယ်”။ ကိုအောင်ကျော်သည် ပြန်၍ သတိလစ် သွားပြန်၏။

မကြာမီ ဘတ်စ်ကားတစီးနှင့် ဒဏ်ရာရသော ကျောင်းသားတွေနှင့်အတူ ကိုအောင်ကျော်ပါ ဆေးရုံကြီးသို့ ခေါ်ဆောင် သွား၏။ ဆေးရုံကြီးမှာ လူနာတွေနှင့် ပြည့်ကျပ်နေ၏။ ကျောင်းသားများမှာလည်း ၂၀၀ ကျော်ကျော်ဖြစ်၏။

တချို့ဒဏ်ရာရသောကျောင်းသားတွေ၊ ကျောင်းဆေးရုံ (ဆနစ်တိုးရီရမာ) သို့ခေါ်သွား၏။ ကိုအောင်ကျော်လည်း ပါ လာ ၏။ သူကား သတိရတချက်၊ မရတချက်၊ သူ့အခန်းမှာ ဆေးရုံအရှေ့ဘက်တန်း ဖြစ်လေသည်။

သူ့ခုတင်ဘေးရှိ အခြားကျောင်းသား လူနာများမှာလည်း ဝေဒနာကြောင့် ညည်းညူနေကြ၏။ ကိုအောင်ကျော်ကား ကယောင်ကတမ်း ပြောသည့်အခါ ပြော၏။ သူသည် မျက်လုံးကို အထက်လှန်ကာ လာမေးကြသော ရဲဘော် ကျောင်းသားတွေကို ကြည့်၏။ မည်သူမည်ဝါဟု မှတ်မိပုံမပေါ်၊ အသက်ကို ပင်ပန်းကြီးစွာ ရှူနေ၏။ တချက်ချက် သွေးတပွက်ပွက် အန်ပြ၏။ ဆရာဝန်မှာလည်း အလုပ်ရှုပ်နေ၏။

တခါတခါ သတိရပြန်၏။ သို့ရာတွင် စကားမပြောနိုင်၊ ခေါင်းမူးနေ၏။ “အင်း—–အင်း” နှင့် ညည်းပြန်လေသည်။ ကိုအောင်ကျော်သည် ပင်ပန်းကြီးစွာ ဝေဒနာခံစားနေရ၏။

တတိယမြောက်သောနေ့၌ကား ကိုအောင်ကျော်သည် ဆေးရုံကြီး ခုတင်ပေါ်တွင် အသက်ကို ဖုတ်လိုက် ဖုတ်လိုက် ရှူကာ မှိန်းလျက်ရှိ၏။ ဆရာဝန်များ၊ ဆရာမများသည် ခုတင်ဘေးတွင် လူနာကိုငြိမ်သက်စွာ ကြည့်နေကြ၏။ မလှမ်း မကမ်း ပန်းစိုက်အိုးမှ နှင်းဆီပွင့် တပွင့်သည် နေ့ခင်းနေပူရှိန်ကြောင့် နွမ်းလျက်နေ၏။ ဆရာမလေးများသည် မျက်ရည် လည်နေလေသည်။

ကိုအောင်ကျော်၏ ဦးနှောက်ကား ဝေဒနာသည် ဇောနှင့် ဝါးနေ၏။ “အရေးတော်ပုံ အောင်ပြီ” ဟူသောအသံများသည် သဲ့သဲ့မျှ ထွက်လာ၏။ လွတ်လပ်ရေးတပ်မတော်မှ ဘင်ခရာနှင့် အမျိုးသားသီချင်းသံကို ကြားနေရ၏။ သူ့စက္ခုအာရုံ တွင် ကား အနီးတွင်ရပ်နေသော ဆရာဝန်၊ ဆရာမများကို မမြင်။ လွတ်လပ်ရေးအလံသည် အရေးတော်ပုံ တပ်မကြီး ဦးမှ တလူလူ လွင့်နေသည်ကိုသာ မြင်နေ၏။ ကိုအောင်ကျော်သည် အလံကို ထင်ထင်ရှားရှားမြင်ရအောင် အားစိုက်၍ ကြည့် ၏။ အလံအောက်မှ လူတွေမှာလည်း မှုန်ဝါးဝါးဖြစ်လာ၏။ “အရေးတော်ပုံအောင်ပြီ” ဟူသောအသံကို မပီမသ သာ ကြားလိုက် ရတော့၏။ လွတ်လပ်ရေး အလံတော်ကြီးမှာ တဖြည်းဖြည်းမှုန်မှုန်လာ၏။ အရေးတော်ပုံတပ်ဦးမှ စစ် အမြောက်သံသည် ဇောကိုပဲ့တင် ထပ်လိုက်ပြန်လေသည်။

ညနေပိုင်းတွင်ကား တက္ကသိုလ်သမဂ္ဂ အသင်းတိုက်ရှေ့မှ အလံနီကြီးသည် တဖြည်းဖြည်း အလံထိပ်မှအောက်သို့ လျှောကျ လာကာ အလယ်တွင် ရပ်နေသည်။ လေသွေးတိုင်း တဝက်အလံသည် လွင့်ကာလွင့်ကာ လှုပ်နေ၏။ ကျောင်းသား များသည် တဝက်တင်ထားသော အလံကိုမော့ကြည့်ကြ၏။ နောက် ခေါင်းငုံ့သွားကြ၏။ နေ့ကုန်၍ ညပိုင်းသို့ ကူးလာ၏။ တက္ကသိုလ်တဝိုက်တွင်ကား ခြောက်သွေ့ကာ တိတ်ဆိတ်နေ၏။ တဝက်အလံကြီးကား တလှုပ်လှုပ် လွင့်နေဆဲ။

ယခုသော်ကား သမဂ္ဂ အသင်းတိုက်ရှေ့ မြက်ခင်းညီညီ၌ ကိုအောင်ကျော် ကျောက်တိုင်သည် မားမား ဝင့်ဝင့်ကြီး တည်ရှိလျက် ရဲဘော်ကျောင်းသားတွေကို စောင့်ရှောက်ကာ အကဲခတ်နေသည်ဟု မှတ်ထင်ရလေသည်။

(၂၄ – ၁၂ – ၁၉၄၀ ခုနှစ် တက္ကသိုလ် သမဂ္ဂ အသင်း၏ ဝါဒပြန့်ပွားရေးမှူး ကိုဌေးမြိုင် (ဒဂုန်တာရာ) ရေးခဲ့၍ ဗကသ ရန်ပုံငွေ အတွက် ထုတ်ဝေခဲ့သော စာမူဖြစ်ပါသည်။ အယ်ဒီတာ။)

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့အတွင် ကျဆုံးခဲ့သော ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် အမှတ်တရ အဖြစ် ဤစာမူကို ဆန်းသော်တာ စာအုပ်တိုက်မှ ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့်အကြို ထုတ်ဝေသည့် “ဒဂုန်တာရာ တက္ကသိုလ် ကျောင်းသားဘဝ အမှတ်ရချက်များ” စာအုပ်မှ ပြန်လည် ကူးယူ ဖော်ပြပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading