ရာထူးသက်တမ်း နှစ်ကြိမ်အတွင်း သမ္မတ အိုဘားမား အစိုးရလက်ထက်တွင် အမေရိကန်-မြန်မာ ဆက်ဆံရေး သမိုင်းဝင်နွေးထွေးလာသော်လည်း စစ်ဘက် ဆက်ဆံရေး တိုးတက်မှုမှာ အတော်အတန် နှေးကွေးနေသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့က မြန်မာသံအမတ် ဦးအောင်လင်းသည် ဂျော့ဝါရှင်တန် တက္ကသိုလ်တွင် မိန့်ခွန်း ပြောကြားသောအခါ ဒေါ်နယ်ထရမ့်၏ ဖြစ်နိုင်ခြေရှိသော အာရှရေးရာ မူဝါဒရေးရာများ အလွန်တွင် စစ်ဘက်ဆက်ဆံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ထရမ့်အစိုးရ အဖွဲ့ထံမှ မည်သည်တို့ကို တွေ့မြင်လိုသနည်းဟု မေးမိသည်။
အထီးကျန် ဆယ်စုနှစ်များစွာအပြီး အိုဘားမား အစိုးရသည် သံတမန် ဆက်ဆံရေး အပြည့်အဝ ပြန်လည်ထားရှိခြင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းခြင်း၊ ၂၀၁၁ ခုက စတင်ခဲ့သော ပြုပြင်ပြောင်းလဲရေး အားထုတ်မှုများကို ကူညီရန် အကူအညီ ပိုမိုပေးခြင်းတို့ဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရေးတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့သည်။
ထို ပြုပြင်ပြောင်းလဲမှုများသည် လွန်ခဲ့သောနှစ် အောက်တိုဘာလက သမိုင်းဝင် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အတိုက်အခံတို့ အပြတ်အသတ် အနိုင်ရပြီး အာဏာရလာသောအခါ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။
အမေရိကန်-မြန်မာ ဆက်ဆံရေးသည် ဆက်လက် နွေးထွေးနေသော်လည်း စစ်ဘက် ဆက်ဆံရေး လှုပ်ရှားမှုမှာ အတန်အသင့်သာရှိပြီး မည်သို့ရှေ့ဆက်ကြမည်နှင့် ပတ်သက်၍ နှစ်ဖက်စလုံးတွင် သံသယများ ရှိနေသည်။
ယနေ့အချိန်အထိ နိုင်ငံတွင် အင်အားအကြီးဆုံး မဏ္ဍိုင်အဖွဲ့အစည်းဖြစ်နေသော တပ်မတော်နှင့် ထိတွေ့ဆက်ဆံခြင်း၏ အဓိက အကြောင်းမှာ မြန်မာစစ်တပ် အနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆင့်ကဲတိုးတက်မှုဖြစ်စဉ်၊ တရားဥပဒေ စိုးမိုးမှုနှင့် နိုင်ငံ၏ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးတို့တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်စေရန်နှင့် တရုတ်ကဲ့သို့သော လက်ရှိ မိတ်ဆွေများကို အလွန်အကျွံ မှီခိုနေမည့်အစား အနောက်နိုင်ငံ တပ်မတော်များ နှင့် ထိတွေ့ ဆက်ဆံရန် အခွင့်အလမ်း ဖန်တီးပေးရန် ဟူသည့် ပကတိ အခြေအနေ ဖြစ်သော်လည်း ထိုသို့ သံသယများ ရှိနေကြခြင်း ဖြစ်သည်။
ဤသည်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အပါအဝင် မြန်မာအရာရှိများ ပိုမိုလက်ခံလာကြသော အနေအထား ဖြစ်သည်။
လတ်တလော အားထုတ်မှုများတွင် အပြန်အလှန် လည်ပတ်ခြင်း၊ အကြံပေးခြင်း၊ စစ်တပ်ပီသအောင် ပြုလုပ်ပေးခြင်း၊ ဘက်စုံထိတွေ့ ဆက်ဆံခြင်းတွင် ပါဝင်နိုင်ရန် အထောက်အကူ ပေးခြင်းတိ်ု့အပေါ် အာရုံစိုက်ပြီး အဓိကဖြစ်ပေါ်တိုးတက်မှုများတွင် ထိပ်တန်းအရာရှိများ သွားရောက်လည်ပတ်ခြင်း၊ လူ့အခွင့်အရေး ကဲ့သို့သော နယ်ပယ်များမှ ဆွေးနွေးပွဲများတွင် စစ်ဘက်အရပ်ဘက် အရာရှိများ ပါဝင်တက်ရောက်ခြင်းနှင့် ထိုင်းနိုင်ငံတွင် နှစ်စဉ်ပြုလုပ်သည့် အာရှတွင် အကြီးမားဆုံး နိုင်ငံစုံစစ်ရေး လေ့ကျင့်မှု Cobra Gold တွင် မြန်မာနိုင်ငံက လေ့လာသူအဖြစ် ပါဝင်လာခြင်း တို့ပါဝင်သည်။
သို့သော် မြန်မာနိုင်ငံမှ အရပ်သားများ၏ ကန့်ကွက်ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းအပြီး ၁၉၈၈ ခုနှစ်က အမေရိကန် စစ်ဘက်အကူအညီများ ရပ်စဲခဲ့သည့်မတိုင်မီ ဆက်ဆံရေးအဆင့် ပြန်ရောက်ရန်အတွက်မူ ခရီးဝေးနေဆဲဖြစ်သည်။
ထိုမတိုင်မီက မြန်မာနိုင်ငံသည် အမေရိကန် စစ်ဘက် ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ်တွင် ပါဝင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကဲ့သို့သော နယ်ပယ်များတွင် စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုပင် ရှိခဲ့သည်။
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်လင်းကို နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေးတွင် မည်သည်တို့ကို တွေ့မြင်လိုသနည်းဟု မေးသောအခါ သူ၏တုံ့ပြန်မှုမှာ အချက် ၂ ချက်ပေါ်တွင် မူတည်နေသည်။ ပထမ အချက်မှာ မြန်မာနိုင်ငံ နိုင်ငံတကာ စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ် (International Military Education and Training – IMET) တွင် ပြန်လည်ပါဝင်ရေး ဖြစ်သည်။
ထိုအစီအစဉ်သည် စစ်တပ်ပီသရေး၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ စသော နယ်ပယ်များတွင် နိုင်ငံခြား စစ်တပ်များကို ထိတွေ့ ပညာပေးသော ဝါရှင်တန်၏ အဓိက ကိရိယာ ဖြစ်သည်။ “ဒါဟာ ကျနော်တို့ ပိုတွေ့ချင်တဲ့ အစီအစဉ်ပဲ” ဟု သူက ဆိုသည်။
IMET ကဲ့သို့သော ယခင်အစီအစဉ်များ ပြန်လည် ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျန်ရှိနေသေးသည့် ဖြစ်သင့် ဖြစ်ထိုက်သော စိုးရိမ်စရာများလည်း ရှိနေဆဲဖြစ်သည်။ ထိုစိုးရိမ်စရာများအနက် တချို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် စစ်တပ်၏ အခန်းကဏ္ဍ ကဲ့သို့သော ပိုမိုကျယ်ပြန့်သည် စိုးရိမ်စရာများနှင့် ဆက်စပ်နေပြီး တချို့မှာ ငွေကြေး ပြတ်လပ်နေသော ပတ်ဝန်းကျင် တခုတွင် မူဝါဒယန္တရားအဖြစ် ထိရောက်မှု အပါအဝင် IMET နှင့် တိုက်ရိုက်ပတ်သက်နေသည်။
မြန်မာစစ်တပ်နှင့် ထိတွေ့ဆက်ဆံရေး ပိုကျယ်ပြန့် ထိန်းညှိထားသော သေနင်္ဂဗျူဟာအရ IMET သည် ခူးဆွတ်ခံရန် အသင့်ဖြစ်နေသော အပင်နိမ့်ပိုင်းမှ အသီးမှည့်ဖြစ်သည် ဟူသော အချက်သည်လည်း မှန်သည်။
ဦးအောင်လင်း အလေးထားပြောသော ဒုတိယနယ်ပယ်မှာ အမေရိကန် ကာကွယ်ရေး အလုပ်ရုံ ဆွေးနွေးပွဲများတွင် မြန်မာ နိုင်ငံ ပိုမိုပါဝင် ပတ်သက်လာရေး ဖြစ်သည်။ ဥပမာ တခုအနေဖြင့် သူက မကြာသေးမီကမှ ပြီးစီးသော အမေရိကန်စစ်ဘက် U S. Army Pacific က ကျင်းပသည့် လူသားချင်းစာနာမှုနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ၄ ရက်ကြာ နှစ်စဉ်အလုပ်ရုံ ဆွေးနွေးပွဲကို ထောက်ပြသည်။
မဲခေါင်မြစ်အောက်ပိုင်း ဒေသအစီအစဉ်နှင့် သဘာဝ ဘေးအန္တရာယ်တုံ့ပြန်မှု လေ့ကျင့်ဖလှယ်ရေး (Lower Mekong Initiative and Disaster Response Exercise and Exchange – DREE) ဟု ခေါ်သော ထိုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့က မြန်မာနိုင်ငံတွင် ကျင်းပပြီး အမေရိကန် ဦးဆောင်သည့် မဲခေါင်မြစ် အောက်ပိုင်းဒေသ အစီအစဉ်တွင် ပါဝင်သော အရှေ့တောင်အာရှ ကုန်းမဒေသမှ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။
“ဒါဟာ အနာဂတ်မှာ ဒါမျိုးတွေ ပိုလုပ်နိုင်ဖို့ နိဒါန်းဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။
ထိုကဲ့သို့သော အစီအစဉ်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှိ ကာတာ (Ash Carter) က စည်းမျဉ်းကျ အားလုံး အကျုံးဝင်သော အာရှပစိဖိတ်ဒေသမှ လုံခြုံရေးကွန်ရက်ဟု ခေါ်သော အစီအစဉ်တွင် အမေရိကန်၏ ပါဝင်မှုကို ချောမွေ့စေ သောကြောင့် ဤကဲ့သို့သော ထိတွေ့ဆက်ဆံမှုများတွင် နေပြည်တော်၏ ပါဝင်ပတ်သက်မှုကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးရေးမှာ အမေရိကန်မူဝါဒအတွက် အရေးကြီးသည်။
အမေရိကန် ပြည်ထောင်စုနှင့် မြန်မာအတွက် ကောင်းမွန်သည့်အပြင် လူသားချင်းစာနာမှုနှင့် သဘာဝ ဘေးအန္တရာယ်တုံ့ပြန်မှု HADR ကဲ့သို့သော ဘုံစိန်ခေါ်မှု နယ်ပယ်များတွင် မြန်မာနိုင်ငံက တက်ကြွ အပြုသဘောဆောင်ကာ ပါဝင်လာသောကြောင့် ဒေသတခုလုံးအတွက် ယေဘုယျအားဖြင့် အပေါင်းလက္ခဏာ ဆောင်သည်။
အမေရိကန် စစ်ရေးလေ့ကျင့်မှုများတွင် နေပြည်တော်ကို ထည့်သွင်းခြင်းမှသည် ကုန်သွယ်ရေကြောင်း လုံခြုံရေးကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းအထိ ကာကွယ်ရေးနယ်ပယ်တွင် အမေရိကန်နှင့်မြန်မာ နှစ်ဖက်လုံးက လုပ်ဆောင်ရန်များစွာ ရှိနေသည်မှာ သေချာပါသည်။
သို့သော် ထိုသို့သော ကိစ္စများသည် ထရမ့်အစိုးရ၏ အာရှမူဝါဒ ဦးစားပေး အဆင့်ဆင့်တွင် မြန်မာနိုင်ငံသည် မည်သည့် အဆင့်တွင် မည်သည့် အုပ်ချုပ်ရေးပိုင်း၊ ကွန်ဂရက်၊ အခြားသြဇာကြီးသော လူမှုအခြေပြုအဖွဲများနှင့် ဒီမိုကရေစီအုပ်စုများ အကြား ဆက်ဆံရေးနှင့် ရိုဟင်ဂျာကိစ္စကဲ့သို့သော အမေရိကန်၏အဓိက စိုးရိမ်သော နယ်ပယ်များမှ ဖြစ်ပေါ်တိုးတက်မှုများ စသည့် အချက်များအပါအဝင် အမေရိကန်ဘက်မှ အခြေအနေများ မည်သို့ ဖြစ်ပေါ် တိုးတက်လာသည်ဆိုသည့် အချက်အပေါ် မူတည်နေသည်။
ဤအခြေအနေများ၏ သက်ရောက်မှုများ ကင်းစင်သွားသောအခါ အမေရိကန်-မြန်မာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့ဆက်မည့် ခြေလှမ်းများသည် ၎င်းတို့ကို မြင်လိုသူများအတွက် ပိုမိုထင်ရှားလာမည် ဖြစ်သည်။
(The Diplomat တွင် ဖော်ပြထားသော Prashanth Parameswaran ၏ What’s Next for US-Myanmar Military Relations? ကို ဘာသာပြန်ဆိုသည်။)