ဘယ်ဘက်က ချိုင်းထောက်ကို အားပြုပြီး ထော့နဲ့နဲ့ လမ်းလျှောက်လာတဲ့ အဘိုးအိုက သတင်းထောက် ၁၀ ယောက် ဝိုင်းထိုင်နေတဲ့ အခန်းထဲကို ဖြည်းဖြည်းချင်း ဝင်လာပါတယ်။
အခန်းထဲ ရောက်ရောက်ချင်း ထိုင်ခုံမှာ နေရာယူလိုက်ပြီး ဘိန်းပင်ကနေ ခြစ်ယူထားတဲ့ ဘိန်းမည်းကို ပြမယ်လို့ ပြော ရင်း ဆိုရင်းနဲ့ပဲ လက်တဆုပ်စာ စက္ကူနဲ့ ရစ်ပတ်ထားတဲ့ အလုံး တလုံးကို အိတ်ထဲက ထုတ်ယူ လိုက်ပါတယ်။
စက္ကူကို ဖွင့်ဖြည်လိုက်ပြီး အထဲက အမည်းရောင် အနှစ်တွေကို ထုတ်ပြီး တပြိုင်တည်း ချိန်ခွင်တခုနဲ့ အကိုက်အခဲ ပျောက် ဆေးထုပ် လေးတွေကိုလည်း အိတ်ထဲကနေ စားပွဲခုံပေါ် တင်လိုက်ပါတယ်။
“ဘိန်းရောင်းတဲ့ သူတွေဆီမှာ ဒီဘိန်းမည်းကို ချိန်တွက်ဖို့ အကိုက်အခဲပျောက် ဆေးထုပ် အလေးချိန်နဲ့ ချိန်တယ်”လို့ သူက ပြောရင်း လက်ကနေလည်း ချိန်တွယ်ပြနေပါတယ်။
သတင်းထောက်တွေ အားလုံး စိတ်ဝင်စားပြီး သူ့အနား တိုးဝှေ့နေစဉ်မှာပဲ သူက “ကျနော်ပြနေတာ ဘိန်းအစစ်တော့ မဟုတ်ဘူးနော်၊ မန်ကျည်းသီးနဲ့ သူ့ပုံစံဖြစ်အောင် လုပ်ထားတာပါ”လို့လည်း ပြောဆိုလိုက်ပြန်ပါတယ်။
ဂျဖတ်က ဘိန်းကုန်သည်တွေကြား လက်နက်ကိုင်တွေကြား တပ်တွေကြား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို သင်တန်းခန်း တခုထဲက သတင်းထောက်တွေကို လာရောက် ဝေမျှတာပါ။
သူ့ရဲ့ နာမည် အပြည့်အစုံကတော့ ဂျဖတ် ဂျဂွိုင်ပါ။ သူ့ကို သိသူအများကတော့ ဂျဖတ် လို့ ခေါ်ကြပါတယ်။
ဂျဖတ်က လားဟူ တိုင်းရင်းသား ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျိုင်းတုံမြို့မှာ ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့တာပါ။ ဆယ်ကျော်သက် အရွယ်ကစလို့ ဘိန်းခင်းတွေ မူးယစ်ဆေးတွေ သေနတ်တွေ လက်နက်ကိုင်တပ်တွေ စစ်သားတွေနဲ့ ရင်းနှီး ကျွမ်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
“ဘိန်းကုန်သည်တွေ နောက်ကို ကျနော် စလိုက်တုန်းက ၁၈ နှစ်၊ ၁၉၆၄-၆၅ ခုနှစ် ဝန်းကျင်ပေါ့”လို့ ဂျဖတ်က မျက်လုံး အစုံမှိတ်ပြီး အတိတ်ကာလကို ပြန်စဉ်းစား နေသလို ပြောပြပါတယ်။
လက်ရှိမှာ ဂျဖတ်ဟာ အသက် ၇၀ ကျော်နေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် ကာလကို စဉ်းစားဖို့ အတွက် မျက်လုံး အစုံ ကို ခဏခဏ မှိတ်ပြီး သူ့မှတ်ဉာဏ်တွေကို ပြန်လည် ပုံဖော်နေပုံရပါတယ်။
ဂျဖတ်ရဲ့ ခေါင်းတခုလုံးနီးပါးက အဖြူရောင်၊ မီးခိုးရောင် ဆံပင်တွေက နေရာ အပြည့်ယူထားပါတယ်။ ဘယ်ဘက် ခြေတဖက် မရှိရုံကလွဲလို့ အပြင်ပိုင်း ရုပ်သွင်ပြင်ကတာ့ ကျန်းမာသန်စွမ်း နေတဲ့ပုံ မြင်ရပါတယ်။
ဂျဖတ် လူငယ်ဘဝ ဖြတ်သန်းခဲ့စဉ် ကာလက ရှမ်းပြည်နယ်၊ မြောက်ပိုင်းတခွင်မှာ အိမ်တိုင်းနီးပါးက ဘိန်းပင်တွေကို စိုက်ပျိုး အသက် မွေးဝမ်းကျောင်း ပြုကြတယ်လို့ ပြောပါတယ်။
သူ ကျင်လည်ခဲ့တဲ့ ဒေသက ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသတွေ အနက် ထိပ်ဆုံးစာရင်းထဲ အပါအဝင်ဖြစ်တဲ့ ရွှေတြိဂံ ဒေသထဲက အစိတ်အပိုင်း တခုပါ။
ရွှေတြိဂံဒေသထဲမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းတောင်တန်းတွေ အပါအဝင် ထိုင်းနိုင်ငံ မြောက်ပိုင်း တောင် တန်း တွေ၊ လာအို ကုန်းပြင်မြင့်ဒေသတွေ ပါဝင်ပါတယ်။
အဲဒီ ဒေသ တခုလုံးရဲ့ အကျယ်အဝန်းက စတုရန်းကီလိုမီတာ ၂၂၅,၀၀၀ လောက် ကျယ်ဝန်းပြီး ဂျဖတ် ကျင်လည်ခဲ့ တာ က မြန်မာနိုင်ငံ အရှေ့ပိုင်းမြောက်ပိုင်း ထဲက ရှမ်းတောင်တန်းတွေနဲ့ ထိုင်း၊ လာအို နယ်စပ်တွေမှာပါ။
ဂျဖတ်က ရွှေတြိဂံဒေသမှာ ကျင်လည်ခဲ့တယ်၊ ဘိန်းကုန်သည်တွေ နောက် လိုက်ခဲ့တယ် ဆိုလို့ ဘိန်းရောင်း ဝယ်မှု တွေမှာ ပါဝင်ခဲ့တယ်လို့ မထင်လိုက်ပါနဲ့။
၁၉၆၅ ခုနှစ်ဝန်းကျင်မှာ ရှမ်းတောင်တန်းတွေကို ဖြတ်ပြီး လာအိုနဲ့ ထိုင်း နယ်စပ်တွေကို လူ အင်အား ၊ လက်နက် အင်အား ရာချီ၊ ဘိန်းထုပ်တွေကို ကျောပိုး ထား တဲ့ လားအကောင်ရေ ရာချီနဲ့ ခရီး သွားခဲ့တဲ့ သူတွေနောက်ကို ဂျဖတ် က နောက်ယောင်ခံ လိုက်ပြီး တပ်မတော်ရဲ့ ရှမ်းပြည်နယ်အခြေစိုက် တပ်ရင်း ၄၁ ကို သတင်းပေး လုပ်ခဲ့ရသူပါ။
ဂျဖတ်က“ကျနော် လိုက်တဲ့အခေါက်က လားအကောင်ရေ ၄၀၀ ကျော်တယ်။ လက်နက်နဲ့ အစောင့်အကြပ်က ၆၀၀ လောက် ပါတယ်။ လားတကောင်မှာ ဘိန်းပိဿာ ၄၀ လောက် တင်တယ်လေ။ ကျနော်က တွက်တတ်တယ်”လို့ ရှင်းပြ ပါတယ်။
ဂျဖတ်က လားဟူ ပြည်သူ့စစ်တွေနဲ့ တပ်မတော် ကြားမှာ ဆက်သွယ်ရေး လုပ်ပေးရတဲ့ တာဝန်ယူထားတာက တကြောင်း၊ ဗမာစကား၊ အင်္ဂလိပ်စကားနဲ့ ရှမ်းစကား အနည်းငယ် တတ်တာကြောင့် တကြောင်း တပ်မတော်က အရာရှိတဦးက သူ့ကို ကူမင်တန်တပ်တွေ ဘိန်းကုန်ကူးတဲ့နောက်ကို တိတ်တိတ်လေး လိုက်စုံစမ်းပေးဖို့ တာဝန်ပေး ခံခဲ့ရတာပါ။
လားတွေနဲ့ ဘိန်းကုန်သည်တွေက ယနေ့ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အုပ်ချုပ် နေတဲ့ မိုင်းမောဝ်၊ ပန်ယန်း ဒေသတွေကို ဖြတ်ပြီး ကျိုင်းတုံ၊ တာချီလိတ် တောလမ်းတွေ တလျှောက်ကို ခရီးနှင်ကြတယ်လို့ လည်း ဂျဖတ်က ဆိုပါတယ်။
၁၉၆၀ ဝန်းကျင်က တရုတ်နိုင်ငံ၊ ယူနန်နယ်အတွင်းမှာ ကွန်မြူနစ်တပ်တွေကို စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ ကူမင်တန် (တရုတ်ဖြူ) တပ်တွေက မြန်မာနိုင်ငံ မြောက်ပိုင်း၊ သံလွင်မြစ်တကြောထိ ဝင်ရောက် နေထိုင် ခဲ့ကြပါတယ်။
ကူမင်တန်တပ်တွေက ရှမ်းတောင်တန်းတကြောမှာ မြန်မာတိုင်းရင်းသားတွေ စိုက်ပျိုးကြတဲ့ ဘိန်းပင်တွေက အစေးခြစ် ထားတဲ့ ဘိန်းမည်းတွေကို ဝယ်ယူပြီး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နယ်စပ်တွေကို တဆင့် ပြန်လည် ရောင်းချကြတာလို့ ဂျဖတ်က ပြောပါတယ်။
ဆက်လက်ပြီး သူက “ထိုင်းက လာတဲ့ ကုန်သည်အဖွဲ့တွေက ရွှေပါလာတယ်။ သေနတ်ပါ လာတယ်။ ရွှေနဲ့ သေနတ် ကို ဘိန်းနဲ့ လဲကြတယ်။ ပိုက်ဆံက လဲတာ နည်းတယ်။ ရွှေနဲ့ သေနတ်က အဓိကပဲ”လို့လည်း ပြောပြပါတယ်။
အဲဒီတုန်းက ဘိန်းမည်း ၁၂ ပိဿရှိရင် M16 သေနတ်တလက်ကို လဲလှယ်လို့ ရပြီး အဲဒီသေနတ်က အမေရိကန် ထုတ် M16 သေနတ်တွေ ဖြစ်တယ်လို့ ဂျဖတ်က ပြောပါတယ်။
ထိုင်းနိုင်ငံက M 16 သေနတ်တွေ ရှိပေမယ့်လည်း ဘိန်းမည်း များများစားစား ကုန်ကူး နိုင်သူတွေက အမေရိကန်လုပ် သေနတ်တွေကိုပဲ ပိုမိုလဲလှယ်ကြတယ်လို့လည်း သူက ပြောဆိုပါတယ်။
အမေရိကန်လုပ် သေနတ်တွေက ၁၉၅၅ ခုနှစ်မှာ စတင်ဖြစ်ပွားပြီး ၁၉၇၅ ခုနှစ်အတွင်းမှာ အဆုံးသတ်ခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက လက်နက်တွေကို မှောင်ခိုကူးလာတာ ဖြစ်တယ်လို့ ယူဆကြောင်းလည်း ဂျဖတ်က ပြောပါတယ်။
“ကျနော် ကိုယ်တိုင်လည်း M16 တလက် ဝယ်ကိုင်ခဲ့ဖူးတယ်။ ၁၉၇၀ ကျော်မှာ တပ် (တပ်မတော်) ကို စာရင်း ပေးတဲ့ အထဲ ပါသွားတယ်”လို့လည်း သူက ဆိုပါတယ်။
ဂျဖတ်က ဘိန်းကုန်သည်တွေ လက်နက်ကိုင်တွေ ကြားမှာ နေထိုင်ရင်း ရှမ်းပြည်နယ်မြောက်ပိုင်းက လားဟူ ပြည်သူ့ စစ် နဲ့ အခြားတော်လှန်ရေး လက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ခဲ့ပြီး မိုင်းနင်းမိရင်း ခြေတဖက် ကို ဆုံးရှုံးခဲ့ရတာပါ။
ဂျဖတ်ရဲ့ အတိတ်ကို ပြန်လည်ပြောပြမှုတွေက လက်ရှိနဲ့ အလှမ်းကွာလွန်းနေပေမယ့် ၁၉၆၀ ခုနှစ် ဝန်းကျင်က ပြင်သစ် နိုင်ငံ ပါရီမြို့ကနေ ရွှေတြိဂံဒေသကို ခရီးနှင်ခဲ့တဲ့ Andre နဲ့ Louis Boucaud တို့ ညီအစ်ကို နှစ်ဦးရေးသားခဲ့ တဲ့ On the Trail Of Opium Warlords အမည်ရှိ စာအုပ်ထဲက အချက်အလက်တွေ အရ ဆိုရင် မှန်ကန်နေတာကို တွေ့ရပါတယ်။
အဲဒီ စာအုပ်ထဲမှာ ၁၉၆၀ ဝန်းကျင်က ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ အပါအဝင် ဗီယက်နမ် နိုင်ငံတွင်းမှာ ဘိန်း ဝယ်ယူမှု ၊ ဘိန်းသုံးစွဲမှု လူဦးရေ များပြားခဲ့ပြီး ကူမင်တန် တပ်တွေက ဂျဖတ် ပြောတဲ့အတိုင်း ဘိန်းနဲ့ လက်နက်တွေ လဲလှယ်မှု လုပ်ခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
Andre နဲ့ Louis Boucaud တို့ ညီနောင်ရဲ့ ရေးသားချက်တွေအရ ဘိန်းကုန်ကူးမှုကို ကူမင်တန်တပ်တွေက လုပ်ဆောင် ခဲ့ပြီး နောက်ပိုင်းတွင် ဘိန်းဘုရင်ကြီး ခွန်ဆာက ဘိန်းကုန်ကူးတဲ့ လမ်းကြောင်းတွေကို လုယက်မှု ပြုလုပ်ခဲ့ပြီး ခွန်ဆာတို့ကလည်း လက်နက်တွေကို ဘိန်းနဲ့လဲလှယ် စုဆောင်းပြီး (မုန်တိုင် တပ်မတော် -Moung Tai Army) တပ် တည်ထောင် ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိခေတ်မှာ ဘိန်းကုန်သွယ်မှုကို လားတွေ လက်နက်အင်အား အစောင့်အကြပ်တွေနဲ့ မသွားတော့ ပေမယ့် ဘိုးဘွား ဘိန်းကုန်သည်တွေက သားစဉ်မြေးဆက်ကို လက်ဆင့်ကမ်းခဲ့တဲ့ အမွေတွေကြောင့် လက်နက်အင်အား အစောင့်အကြပ်တွေ နယ်မြေပိုင်စိုးမှု အာဏာတွေနဲ့ ခေတ်သစ် ဘိန်း ကုန်သွယ်မှု ပုံစံအမျိုးမျိုးကတော့ ရွှေတြိဂံ ဒေသမှာ ရှင်သန်နေဆဲပါပဲ။
ရွှေတြိဂံ ဒေသထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံကလည်း ၂၀၁၅ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ စစ်တမ်းအရ ကမ္ဘာ့ မူးယစ် ဆေးဝါး ထုတ်လုပ်မှု အများဆုံးနိုင်ငံ နေရာမှာ ရပ်တည်နေဆဲပါ။
ဂျဖတ်ကတော့ သူ့ရဲ့ အတိတ်ကို ပြန်ပြောင်းပြောပြရင်း လားတွေ လက်နက်တွေနဲ့ သွားလာနေတဲ့ သူတွေနောက်ကို အကာအကွယ်တခုမှ မပါဘဲ လိုက်စုံစမ်းခဲ့တဲ့ သူ့လုပ်ရပ်ဟာ ရူးသွပ်တယ်လို့ ယူဆပြီး မကျေမနပ်ဖြစ်မိတယ်လို့လည်း ဆိုပါတယ်။
“ပိုက်ဆံတပြားတချပ်မှ မရဘဲ စွန့်စားချင်စိတ်တခုတည်းနဲ့ ဒီဘိန်းကုန်သည်တွေနောက် နောက်ယောင်ခံ ခဲ့တာ။ တကယ်တော့ တပ်မတော်က တားဖို့ မဟုတ်ဘူး၊ ဒီလူတွေဆီက အခွန်ကောက်တဲ့အခါ လား အကောင်ရေ အလိုက် အတိအကျ အခွန်ရဖို့ ကျနော့်ကို အသုံးချခဲ့တာ”လို့လည်း လေသံကို မြှင့်ပြီး မကျေမချမ်း ပြောလိုက်ပါတယ်။
လုပ်ငန်း သဘောသဘာဝ အရသာ ဘိန်းနဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကို ဖမ်းဆီးမယ်လို့ ပြောဆို နေကြပေမယ့် အာဏာပိုင်တွေက နောက်ကွယ်မှာတော့ မူးယစ်ရာဇာတွေနဲ့ အတူတကွ စားသောက် သွားလာမှုတွေ ရှိတယ်လို့ လည်း ဂျဖတ်က ဆိုပါတယ်။
သူကျင်လည်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေ အပြင် တပ်မတော်ကလည်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ သံသရာမှာ ပါဝင်လည်ပတ်နေတယ်လို့လည်း ထပ်မံ ပြောပါသေးတယ်။
၁၉၉၀ နောက်ပိုင်းမှာတော့ ဂျဖတ် ကိုယ်တိုင်ကလည်း ရှုပ်ထွေးလှတဲ့ ဘိန်းကုန်သည်နဲ့ လက်နက်အင်အား အာဏာ တည်ဆောက် ကြသူတွေ ကြားက ထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခြေချ နေထိုင်ခဲ့ပါတယ်။
သူက ချင်းမိုင်မြို့မှာ နေထိုင်ရင်း လားဟူအမျိုးသား ဖွံ့ဖြိုးရေး အဖွဲ့ (LNDO)မှာလည်း ဦးဆောင်သူ တဦး အဖြစ် ပါဝင်ပြီး သူ့ဘဝ တလျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ ၊ မှတ်တမ်းတွေကို အရင်းခံပြီး လက်ရှိမှာ ပြည်တွင်းက ဘိန်း စိုက်ပျိုးမှု ၊ ဘိန်းရောင်းဝယ်မှု ၊ တိုင်းရင်းသား လက်နက်ကိုင်၊ ပြည်သူ့စစ် ၊ တပ်မတော်တို့ တပ်တွေ တိုးချဲ့လာမှု နဲ့ ဘိန်းရောင်းဝယ်မှုတွေမှာ ပတ်သက်နေမှု စတဲ့ အချက်အလက်တွေကို စာတမ်းတွေ ထုတ်ပြန်လျက် ရှိပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာ လကလည်း “မူးယစ်ဆေးမှ အာဏာ- ရွှေတြိဂံတွင် မြန်မာစစ်တပ် ကျင့်သုံးသည့် မူးယစ် ဆေးရောင်းဝယ်မှု ဗျူဟာ”လို့ အမည်ရတဲ့ စစ်တမ်း တစောင်ကို ထုတ်ပြန် ထားပါတယ်။
သူပါဝင် ထုတ်ပြန်ခဲ့တဲ့ စာတမ်းတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ရဲ့ မူးယစ် ဆေးဝါး အပေါ် ပါဝင် ပတ်သက်မှုတွေ အပြင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း ရွေးချယ်စရာ မရှိတာကြောင့် ဘိန်း ကိုပဲ ဆက်လက် စိုက်ပျိုးနေရတဲ့ တိုင်းရင်းသားတွေ အကြောင်းလည်း အသားပေး ဖော်ပြထားပါတယ်။
ဂျဖတ်က “ ကျနော်တို့ တိုင်းရင်းသားတွေက ဘိန်းစိုက်ပြီး မချမ်းသာကြပါဘူး။ သူတို့ကိုလည်း အခုလို ဘဝက ကျွတ် စေချင်တယ်”လို့ ပြောဆိုပါတယ်။
သူ့ရဲ့လူငယ်ဘဝ တလျှောက်လုံးမှာ လုပ်ခဲ့ရတဲ့ အလုပ်တွေဟာ အကျိုးမရှိဘူးလို့ ယူဆ ထားတာကြောင့် ပြန်တွေးမိ တိုင်း နောင်တရတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် သူရရှိခဲ့တဲ့ အတွေ့အကြုံတွေကနေတဆင့် လက်ရှိ အခြေအနေတွေနဲ့ ပြန်ပေါင်းစပ်ပြီး မူးယစ်ဆေးဝါးနဲ့ ဆိုင်တဲ့ ထုတ်ပြန်ချက်တွေ အစီရင်ခံစာတွေ ထုတ်ပြီး သူ့ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်က လူတွေကို လမ်းမှန်ပေါ် တင်ပို့ နိုင်ဖို့ တထောင့်တနေရာက ကြိုးစားနေတယ်လို့ ခံယူထားတာကြောင့် လက်ရှိရောက်နေတဲ့ ဘဝကိုတော့ ကျေနပ်တယ်လို့လည်း ဂျဖတ်က ပြုံးရယ်ရင်း ပြောလိုက်ပါတယ်။ ။