၂၀၁၆ သည် မြန်မာ့နိုင်ငံရေးတွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူထုက ရွေးကောက် တင်မြှောက်သော အရပ်သားအစိုးရကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးစီးသော အရပ်သားတပိုင်း အစိုးရဟောင်းထံမှ ချောမွေ့စွာ အာဏာလွှဲပြောင်း ရယူနိုင်ခဲ့သည်။ ယင်း၏ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် လွှတ်တော်၊ အစိုးရနှင့် အာဏာနိုင်ငံရေးတို့တွင် မျက်နှာသစ်များကို မြင်တွေ့လာခဲ့ရသည်။ ထိုသို့ အရေးပါသော နှစ်အတွင်း ထူးခြားထင်ရှားပြီး လူအများ စိတ်ဝင်တစားဖြစ်ကြသူ ပုဂ္ဂိုလ်များအား ဧရာဝတီသတင်းအဖွဲ့က ရွေးချယ်ဖော်ပြအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကျမ်းကျိန်တဲ့ မတ်လ ၃၁ ရက်အပြီး တပတ်အကြာ “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်” ရာထူး မဖန်တီးခင်အထိ ပြည်တွင်း ပြည်ပရှိ လူများဟာ ဒေါ်အောင်ဆန်းစုကြည် တရားဝင် ဘာတာဝန်နဲ့ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုတာ မသိခဲ့ကြပါဘူး။ ၂၀ဝ၈ ဖွဲ့စည်းပုံကို ဦးသန်းရွှေ ဆွဲခဲ့တုန်းက နိုင်ငံတော် ဦးသျှောင်အဖြစ် ဆက်နေဖို့ ဖန်တီးထားတာလို့ အများက ယူဆခဲ့ကြတဲ့ ပြဌာန်းချက်ကို အသုံးချပြီး ရယူခဲ့တဲ့ ဒီရာထူးဟာ အာဏာပလ္လင် နောက်ကွယ်ကနေ နိုင်ငံခြားရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ နိုင်ငံ့စီးပွားရေး ပြန်လည် ထူထောင်ရေး၊ ရခိုင်ပြည်နယ်က ပဋိပက္ခ ဖြေရှင်းရေးတွေကအစ အများပြည်သူဆိုင်ရာ နေရာတွေမှာ ကွမ်းမစားရေးလိုအဆုံး လုပ်ငန်းကဏ္ဍမျိုးစုံကို စီမံခန့်ခွဲနိုင်ပါတယ်။
နှစ် ၅၀ ကျော် အစိုးရအဆက်ဆက် မဖြေရှင်းခဲ့တဲ့ ဒီဝန်ထုတ်ဝန်ပိုးတွေဟာ အသက် ၇၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လုပ်နိုင်ကိုင်နိုင်စွမ်းကို စိန်ခေါ်နေပါတယ်။ နိုင်ငံရပ်ခြား ခရီးစဉ်များမှာ အကူအညီ အထောက်အပံ့တွေ ရှာဖွေနိုင်တာ၊ ကုန်သွယ်ကူးသန်း ရောင်းဝယ်ရေးမှာ အဓိက အဟန့်အတား ဖြစ်ခဲ့တဲ့ အမေရိကန် ဆန်ရှင်ကို ပြန်ရုတ် သိမ်းသွားစေခဲ့တာတွေ ဆောင်ကျဉ်းနိုင်ပေမယ့် အစိုးရသစ် ၉ လတာ စွမ်းဆောင်မှုက အားရစရာ မကောင်းလှပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တိုင်းပြည်စီးပွားရေး မတိုးတက်လာတာ ဝန်ခံခဲ့ပါတယ်။
တိုင်းရင်းသား အရေးမှာလည်း စိတ်မချမ်းမြေ့စရာပါ။ မြန်မာပြည် မြောက်ပိုင်းမှာ စစ်မီးတွေ ဆက် လောင်ကျွမ်းနေတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးပန်းခင်း မဖူးပွင့် မလန်းဆန်း နိုင်သေးတာကို ပြသနေပါတယ်။ “အမျိုးသား ရင်ကြားစေ့ရေး အစိုးရ” လို့ ကြွေးကြော်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရဟာ တပ်မတော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကြိုးစားနေပေမယ့် အရပ်သားအစိုးရက တပ်ခေါင်းဆောင်တွေကို အမိန့်ပေးလို့ရတဲ့ ဒီမိုကရေစီစနစ်ကို မတည်ထောင်နိုင် သေးတာကတော့ အသေအချာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လောက် ဒေါ်အောင်ဆန်းစုကြည် အစိုးရကနေ ဘယ်သူမှ ပိုပြီး အကျိုးအမြတ် ခံစားရမယ့်သူ မရှိပါ။ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်ခဲ့ရတဲ့ ဆယ်စုနှစ်များ လွန်မြောက်အပြီး ခေတ်မီတဲ့ တပ်မတော်တရပ် ဖြစ်ထွန်းရေး အိပ်မက်ကို မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပိုင်ဆိုင်ထားနိုင်ပါပြီ။
NLD အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး အစိုးရသစ်နဲ့ အတူလက်တွဲလုပ်မယ်လို့ ကတိကဝတ်ပြုကာ များမကြာမီ “စစ်တပ် ၂ တပ်ကြား ပူးပေါင်းဆောင်ရွက်ရေး” ကမ်းလှမ်းလာတဲ့ နိုင်ငံများရဲ့ စစ်သံမှူးတွေ၊ စစ်ဘက် ကိုယ်စားလှယ်တွေနဲ့ ဆက်တိုက်ဆိုသလို လက်ခံ တွေ့ဆုံရင်း အလုပ်များလာနေခဲ့တယ်။ တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေလည်း စီးပွားရေးပိတ်ဆို့မှုက ကင်းလွတ်သွားခဲ့တယ်။ မြန်မာ့တပ်မတော် အရာရှိတွေလည်း နိုင်ငံခြား ပညာတော်သင်တွေ၊ ဆွေးနွေးဝိုင်းတွေကို တက်ရောက်လာနိုင်ခဲ့တယ်။
ဖယ်ဒရယ်စနစ်အတွက် တောင်းဆို တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ခိုက်နေချိန်မှာတောင် တပ်ချုပ်ကိုယ်တိုင်လည်း နိုင်ငံတကာခရီးတွေ ထွက်လာနေနိုင်တယ်။ နိုဝင်ဘာလထဲ ဘယ်လ်ဂျီယန်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ ကာကွယ်ရေး ကော်မတီ (European Union Military Committee) မှာ ပြုပြင်ပြောင်းလဲရေးမှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဟောပြောတင်ပြခဲ့တယ်။ အဲဒီတင်ပြချက်ထဲမှာ ပြုပြင်ပြောင်းလဲရေးကို အစပျိုးသူအဖြစ် သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ဖော်ပြောဆိုသွားတယ်။
ဦးဝင်းထိန်
မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ တွေနဲ့အတူ အဆိုးအကောင်း အပြောဆိုခံရဆုံး ပုဂ္ဂိုလ်တဦးကတော့ ဦးဝင်းထိန်ပဲ ဖြစ်ပါတယ်။ အာဏာရ NLD ပါတီတွင်း ကိစ္စတွေကိုသာမက အစိုးရအဖွဲ့ကိစ္စတွေ အထိပါ ဝင်ရောက် ခြေဆန့်နေလို့ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် လုပ်ပိုင်ခွင့် အာဏာ အရှိဆုံးသူ တဦးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာ ရုံးအဖွဲ့လို ပုံစံမျိုးတောင် ပီပီပြင်ပြင် မရှိပါဘူး။
ဝေဖန်သူတွေက အာဏာရှင်ဆန်တဲ့သူလို့ ပြောဆိုကြသလို အကောင်းမြင်သူတွေက တယောက်တည်း ရှေ့တန်းကနေ ပါတီအတွက် မားမားမတ်မတ်ရပ်ပြီး အမိုက်ခံ ဆောင်ရွက်ပေးနေတဲ့သူလို့ အပြောခံရတဲ့ ဦးဝင်းထိန်ဟာ ညဘက်တွေမှာ ဆိုရင် အောက်ဆီဂျင်ပိုက် အကူအညီနဲ့ အသက်ရှုနေရသူတဦး ဖြစ်ပါတယ်။ စည်ပင် ဧည့်ရိပ်သာအတွင်း သူ့အခန်းမှာ CNN , BBC လို သတင်းရုပ်သံလိုင်းတွေကို အသံအကျယ်ကြီး ဖွင့်ထားလေ့ရှိပြီး အခန်းကို ပုံမှန် ဝင်ထွက်သွားလာ နေသူ တွေကတော့ လွှတ်တော်အမတ်တွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ အစိုးရ ဝန်ကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ မီဒီယာတွေပဲ ဖြစ်ပါတယ်။
စည်ပင်ဧည့်ရိပ်သာ အတွင်းမှာ နေထိုင်ကြသူ လွှတ်တော် အမတ်တွေကတော့ သူတို့ဟာ အရေးကြီးတဲ့ အဆိုတွေ မေးခွန်းတွေကို လွှတ်တော်မှာ မဆွေးနွေးခင် ဦးဝင်းထိန်ဆီမှာ အရင်သွားပြီး NLD ပါတီရဲ့ မူဝါဒတွေနဲ့ ညီ၊ မညီကို ဖတ်ပြရပါတယ်။ လွှတ်တော်တွင်းမှာ ဆောင်ရွက်ချက် တချို့ကြောင့် ပါတီရဲ့မူဝါဒ ထိခိုက်တာ၊ လွှတ်တော် ကိုယ်စားလှယ်တချို့ လူမှုရေးကိစ္စတွေမှာ အမှားအယွင်းတွေ ရှိတာနဲ့ ပါတီစည်းကမ်း မလိုက်နာသူတွေကိုလည်း ဦးဝင်းထိန်က ခေါ်ယူပြောဆိုပြီးနောက် NLD CEC က အရေးယူပါတယ်။ နေပြည်တော် စည်ပင်ဧည့်ရိပ်ထဲက အမတ်တွေဟာ ဦးဝင်းထိန် ခေါ်ပြီဆိုရင် ဘာရယ်မဟုတ်၊ ကျောချမ်းနေကြပါပြီ။
ရှမ်းပြည်နယ် NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့ကို ရာထူးချ ထုတ်ပယ်ပစ်လိုက်တဲ့ ကိစ္စ၊ မြောင်းမြအမတ် ဒေါက်တာ စိုးမိုးသူကို NLD ဗဟိုလူငယ် တာဝန်ခံအဖြစ်ကနေ အထုတ်ခံရတာ၊ ရွှေပြည်သာအမတ် ဦးဉာဏ်လင်း ပါတီ တာဝန်ကရော လွှတ်တော်ကော်မတီ တခုကပါ အထုတ်ခံရတာ၊ စိုက်ပျိုးရေး ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ ထွန်းဝင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ရာထူးကနေ ထုတ်ပစ်လိုက်မှုမှာတွေက ဦးဝင်းထိန်ကိုယ်တိုင် စည်ပင်ဧည့်ရိပ်သာထဲမှာ ထိုင်ပြီး စီမံခန့်ခွဲနေတဲ့ အကောင်းဆုံး ဥပမာတွေပဲ ဖြစ်ပါတယ်။
ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်မှာ အဖွဲ့ဝင် တဦးဖြစ်တဲ့အတွက် တနိုင်ငံလုံးက နိုင်ငံ့ရေးရာ ကိစ္စ တော်တော်များများကိုလည်း ဦးဝင်းထိန် သိနေရတာပါပဲ။ နေပြည်တော်ကို ရောက်လာတဲ့ သံတမန်တွေဆိုရင်လည်း ဦးဝင်းထိန်နဲ့ တွေ့ဆုံလေ့ရှိပြီး NLD ပါတီရဲ့ လစဉ် CEC အစည်းအဝေး တွေကိုတောင် ဦးဝင်းထိန်ရှိတဲ့ နေပြည်တော်မှာ လာကျင်းပရလို့ NLD ပါတီမှာရော၊ မြန်မာ့နိုင်ငံရေးမှာပါ ဦးဝင်းထိန်ကို ကျော်သွားလို့ မရပါဘူး။
ဦးဖြိုးမင်းသိမ်း
တိုင်းနဲ့ပြည်နယ် ၁၄ ခုက ဝန်ကြီးချုပ်များထဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးဖြိုးမင်းသိမ်းက လူငြင်း အများဆုံးပါ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင် ဦးဝင်းထိန်တို့ရဲ့ ယုံကြည်မှုကြောင့် တာဝန်ပေးခြင်း ခံခဲ့ရတဲ့ ဦးဖြိုးမင်းသိမ်းဟာ သင်္ကြန်မှာ စီးပွားဖြစ် ရေပက်မဏ္ဍပ်တွေကို ပိတ်ပင်ကန့်သတ်မှုနဲ့ ပွဲစထွက်ပါတယ်။ ထောက်ခံသူရော ကန့်ကွက်သံတွေပါ မီဒီယာမှာ ဆူညံသွားပါတယ်။
မေလမှာလည်း ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိ ပြန်လည် သုံးသပ်စစ်ဆေးဖို့ အထပ်မြင့်တိုက် ဆောက်လုပ်ရေးတွေကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားခဲ့တာကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်တွေနဲ့ အလုပ်သမားတွေကြား ပွက်လောရိုက်ခဲ့တယ်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက အမေရိကန်ဒေါ်လာ သိန်းချီတန်တယ်ဆိုတဲ့ နာရီလက်ဆောင်ကို လက်ခံခဲ့ကြောင်း ရေးသားမှုနဲ့ Eleven မီဒီယာရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့မှုမှာတော့ ဒီမိုကရေစီ အစိုးရက မီဒီယာကို အာဏာသုံး နှိပ်ကွပ်မှုတခု ဖြစ်တယ်ဆိုပြီး ဦးဖြိုးမင်းသိမ်း ဝေဖန်ခံရပါတယ်။
ဝေဖန်သံတွေကြား ထောက်ခံသံများ ရခဲ့တာကတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူများ အသင်းအပေါ် “မဘသဟာ မလိုအပ်ဘူး” လို့ စင်ကာပူ ခရီးစဉ်အတွင်း ဦးဖြိုးမင်းသိမ်း ပြောခဲ့တာပါ။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် အာဏာပိုင်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူများအသင်းကို မဟာသံဃ နာယကအဖွဲ့က ပတ်သက်ခြင်း မရှိဘူးလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း လမ်းဘေး ဈေးသည်တွေကို ကမ်းနားလမ်း တလျှောက် ပြန်လည် နေရာချထားရေးကလည်း ထောက်ခံသူတွေ များခဲ့ပါတယ်။
ဦးသန်းရွှေ
ကမ္ဘာ့သမိုင်းမှာ အာဏာရှင်တွေဟာ အာဏာကို လက်လွှတ်ခဲပါတယ်။ ဦးသန်းရွှေကတော့ စစ်တပ်အခြေပြု ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်ပြီး ၂၀၁၁ မှာ နောက်ပါတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို အာဏာလွှဲပေးခဲ့တယ်။ နီးစပ်သူတွေက သူဟာ ဘာသာရေးနဲ့ စာဖတ်ခြင်းဖြင့် အငြိမ်းစားဘဝမှာ နေသားကျပြီလို့ ဆိုကြပေမယ့် အစိုးရသစ်ထံ အာဏာအလွှဲအပြောင်းမှာ တွေ့ခဲ့ကြရတဲ့ နိုင်ငံရေးအကွက်တွေက သူဟာ မြန်မာ့နိုင်ငံရေးမှာ ဆက်အရေးပါနေကြောင်း ပြနေပါတယ်။
မနှစ်က ဒီဇင်ဘာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လက်ခံတွေ့ဆုံပြီး “အနာဂတ် တိုင်းပြည်ခေါင်းဆောင်” အဖြစ် လက်ခံလာစေရေး သူ တတ်နိုင်သလောက် ကူညီမယ်လို့ ပြောအပြီး အစိုးရသစ် ဖွဲ့စည်းရေးနဲ့ အာဏာလွှဲပြောင်းရေးတွေ ၂၀၁၆ ထဲ ဆက်တိုက် ဖြစ်ပေါ်လာခဲ့တယ်။ ဩဂုတ်လအတွင်း တရုတ် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန အကြီးအကဲ ဦးသန်းရွှေ အိမ်ကို လာရောက်လည်ပတ်ခဲ့ပြီး နိုဝင်ဘာလထဲမှာလည်း KNU ဥက္ကဋ္ဌ မူတူးစေးဖောနဲ့ တွေ့ပါသေးတယ်။ ဒီ အလည်အပတ်တွေဟာ ပုဂ္ဂိုလ်ရေးသက်သက်လို့ မြန်မာအာဏာပိုင် အသိုင်းအဝိုင်းက ပြောကြပေမယ့် မြန်မာပြည် မြောက်ပိုင်း တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ပြန်အရှိန်မြင့်လာတာနဲ့ တိုက်ဆိုင်နေပါတယ်။
ဒေါက်တာ လဲ့လဲ့မော်
ပြောသင့်တာကို ဘယ်သူ့မျက်နှာမှ မငဲ့ဘဲ ရဲရဲပြော၊ လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်တတ်တဲ့ သတ္တိကြောင့် ဝန်ကြီးချုပ်တွေထဲမှာ နာမည်ကြီးသူက တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ပါ။
သူတက်လာပြီးတဲ့ နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်သလို တဖက်မှာလည်း နယ်စပ်ရေးရာ ပြဿနာတွေ၊ မြေယာ ပြဿနာတွေ၊ ပြည်နယ်အတွင်းက ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ လာဘ်စားမှုတွေကို ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။
တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရဲ့ အသက်မပြည့်ဘဲ လိုင်စင်ထုတ်ပေးနေတာကို မေးခွန်းထုတ်ခဲ့တာတွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းခင်း၊ တံတားဆောက်တာတွေ လုပ်တဲ့အခါ ကွင်းဆင်း စစ်ဆေးမှု လုပ်တာတွေကြောင့် ပြည်သူလူထုအကြား ထောက်ခံမှုတွေ ရခဲ့ပါတယ်။
အရေးယူမှု အပိုင်းတွေမှာလည်း ဘယ်သူ့မျက်နှာမှ မထောက်ဘဲ အရေးယူလေ့ ရှိတယ်ဆိုတာကို ကျူးကျော်တွေဆီက ငွေတောင်းထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး တဦးကို တာဝန်က အနားပေးခဲ့တာ၊ ပြည်သူတွေရဲ့ တိုင်းတန်းချက်ကြောင့် မြိတ်ခရိုင်အတွင်းမှာရှိတဲ့ အနံ့ဆိုးထွက် ငါးအမှုန့်ကြိတ် စက်ရုံတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် လုပ်ငန်း ၆ လ ရပ်နားခိုင်းခဲ့တာတွေ၊ စားသောက်ဆိုင် အမည်ခံ ကာရာအိုကေ KTV အလုံပိတ် အခန်းပါဆိုင်တွေကို ချက်ချင်း ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့တာတွေက သက်သေပြနေပါတယ်။
တနင်္သာရီ တိုင်းအတွင်းမှာ အဓိကဖြေရှင်းရမယ့် ပြဿနာဟာ မြေယာပြဿနာ ဖြစ်လို့ ဒါကို တိတိကျကျ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်သလို စိုက်ပျိုးရေး လုပ်ငန်းအတွက် လျှောက်ထားပေမယ့် တကယ့်မြေပြင်မှာ စိုက်ပျိုးမှုမရှိတဲ့ မြေလွတ်၊ မြေရိုင်းတွေကို တိုင်းအစိုးရက ပြန်လည်သိမ်းယူသွားမယ်လို့ ဒေါက်တာ လဲ့လဲ့မော်က တရားဝင်ထုတ်ဖော် ပြောဆိုထားပါတယ်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် ရှိနေသရွေ့ ဥပဒေကို လက်တလုံးခြားလုပ်ဖို့ မစဉ်းစားကြနဲ့တော့ လို့တောင် ဒေသခံအချင်းချင်း ပြောဆိုသတိပေးရတဲ့ အထိပါပဲ။ တနင်္သာရီတိုင်းအတွင်းက ဒေသခံ ပြည်သူလူထုတွေက သူ့ကို ယနေ့အချိန်အထိ ခြေလှမ်းမှားခြင်း မရှိသေးတဲ့သူတဦးအဖြစ် အသိအမှတ်ပြုကြသလို လူမှန်နေရာမှန် ရွေးနိုင်ခဲ့လို့ ဂုဏ်ယူကြတယ်ဆိုတဲ့ ပြောဆိုသံတွေကိုလည်း ကြားနေရပါတယ်။
ဆလိုင်းအိုက်ဇက်ခင်
တိုင်းနဲ့ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးချုပ်တွေက အရေးကြီးသလို ဝန်ကြီး တယောက်ချင်းစီ တိုင်းကလည်း အရေးကြီးတယ်ဆိုတဲ့ ခံယူချက်နဲ့ အစိုးရအဖွဲ့ထဲကို ဝင်လာသူကတော့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ပါ။
တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးလို့ ပြောလို့ရတဲ့ ချင်းပြည်နယ်မှာ ဒီအစိုးရသက်တမ်း ၅ နှစ်အတွင်း လိုအပ်တဲ့ အခြေခံကောင်းတွေချဖို့ တထောင့်တနေရာကနေ ကြိုးပမ်း ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
ချင်းပြည်နယ် အစိုးရသစ်အနေနဲ့ ချင်းပြည်နယ် အတွင်းမှာရှိတဲ့ ဒေသအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ မျှတစွာ ဖြစ်ထွန်းနိုင်ဖို့ ဦးတည်ချက်ထား ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားသလို လက်တွေ့မှာလည်း အောက်ခြေ ပြည်သူလူထုနဲ့ ထိတွေ့ပြီး တကယ်အလုပ်လုပ်တဲ့ ဝန်ကြီးတပါးအဖြစ် ချင်းပြည်သူလူထုတွေ အတော်များများက အသိအမှတ် ပြုကြပါတယ်။
သဘာဝဘေးဒဏ်ကို နှစ်စဉ်ခံစားနေရတဲ့ ချင်းပြည်နယ်မှာ သဘာဝ ဘေးအန္တရာယ် ဖြစ်လာရင် ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်တဲ့ ပြည်သူတွေ ၂၄ နာရီစလုံး ဆက်သွယ်နိုင်တဲ့ သတိပေးစနစ်တွေ ဆောင်ရွက်ပေးခဲ့သလို ပြီးခဲ့တဲ့ မိုးရာသီအတွင်း မိုးလေဝသ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ သဘာဝ ဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးမှုတွေ၊ ပြန်လည် ထူထောင်ရေး အပိုင်းတွေကို အချိန်နဲ့တပြေးညီ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ဖော်ပြပေးခဲ့သူပါ။
ချင်းပြည်နယ်မှာ အရင်အစိုးရ အဆက်ဆက်က ရင်းနှီးမြှုပ်နှံမှုပမာဏ သုညအဆင့် ရှိခဲ့တာကနေ အစိုးရသစ် လက်ထက်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့၊ ချင်းပြည်နယ်ရဲ့သဘာဝ အလှတရားတွေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက်လည်း တဆင့်ချင်း စတင်နေပြီ ဖြစ်ပါတယ်။
ဆလိုင်းအိုက်ဇက်ခင် ဝန်ကြီးမဖြစ်ခင်က Gender and Development Initiative Myanmar ဆိုတဲ့ အရပ်ဘက် အဖွဲ့အစည်းတခုကို တည်ထောင်ပြီး ကျား/မ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ အရပ်ဘက် အဖွဲ့အစည်းများ အရည်အသွေး မြင့်မားရေးဆိုင်ရာ အသိပညာပေးမှုတွေ၊ သင်တန်းတွေပေးမှုတွေ ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒေါ်ကြည်ပြာ
ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ (ကျောက်တံတားမြို့နယ်) ဟာ NLD လူငယ်ကနေ တိုင်းလွှတ်တော် အမတ်ဖြစ်လာသူပါ။ ငယ်ရွယ်တက်ကြွတဲ့ လွှတ်တော်အမတ်အဖြစ် သူ့မဲဆန္ဒနယ်မှာ ကွင်းဆင်း အလုပ်လုပ်သူအဖြစ် လူသိများပါတယ်။
၂၀၁၆ ခုနှစ်အတွင်း အားရကျေနပ်မှု အရှိဆုံး လုပ်ဆောင်နိုင်မှုကတော့ သူတာဝန်ယူထားတဲ့ ဆူးလေနဲ့ ဗိုလ်အောင်ကျော် ကြား ဧရိယာရှိ လမ်းပေါင်း ၁၁ လမ်းရဲ့ နောက်ဖေးလမ်းကြားများကို ရှင်းလင်းခြင်း၊ သိန်း ၁၀ဝ၀ ဘတ်ဂျက်နဲ့ CCTV များ တပ်ဆင်ပေးနိုင်ခြင်း ဖြစ်တယ်လို့ ဒေါ်ကြည်ပြာက ဆိုပါတယ်။ တာမွေမှာ နေထိုင်ပေမယ့် ကျောက်တံတားမှာ အမတ်အဖြစ် လာအရွေးခံတဲ့ ဒေါ်ကြည်ပြာရဲ့ ကွင်းဆင်းလုပ်ငန်းတွေဟာ အစပိုင်းမှာ ရပ်ကွက်လူထု ပူးပေါင်းမှု နည်းပေမယ့် နောက်ပိုင်းမှာတော့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အားပေးမှုတွေ ရလာပါတယ်။ လမ်းဘေးဈေးသည်များ ပြန်လည် နေရာချထားခြင်း၊ သူတို့ရဲ့ အခက်အခဲများကို ဝိုင်းဝန်း ဖြေရှင်းခြင်းတွေကိုလည်း သက်ဆိုင်ရာ စည်ပင်သာယာ ဌာနနဲ့ ပူးတွဲလုပ်ဆောင်နေပါတယ်။
လွှတ်တော်ကိစ္စ၊ မဲဆန္ဒနယ် ကိစ္စတွေနဲ့ လုံးပမ်းနေပေမယ့် ဒေါ်ကြည်ပြာက ဆောင်းပါးတွေကိုလည်း NLD ရဲ့စာစောင် ဒီလှိုင်း ဂျာနယ်နဲ့ တခြား ပုဂ္ဂလိက စာနယ်ဇင်းတွေမှာ ရေးသားပါသေးတယ်။ အင်္ဂလိပ်စာနဲ့ မဟာဝိဇ္ဇာဘွဲ့၊ MBA ဘွဲ့တွေ ရယူခဲ့တဲ့ ဒေါ်ကြည်ပြာဟာ NLD မှာ သင်တန်းတွေကိုလည်း ပုံမှန် ပို့ချပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရနဲ့ပတ်သက်လို့ လတ်တလောအထိ စီးပွားရေးကဏ္ဍကို အားမရကြောင်း၊ ဒါပေမယ့် အစိုးရသက်တမ်း ၅ နှစ်အတွင်း အခြေခံ အုတ်မြစ်ကောင်းတခု ချနိုင်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးကြဖို့ ဒေါ်ကြည်ပြာက တိုက်တွန်းပါတယ်။
ဦးညီညီ
ယခုနှစ်အတွင်း ဆိုးဝါးစွာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ အိမ်အကူ ကလေးငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေကို အမှုမှန် ပေါ်ပေါက်ရေး ကြိုးပမ်း ဖော်ထုတ်ခဲ့သူတွေထဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးညီညီလည်း တဦးအပါအဝင် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲမှု ကော်မတီမှာ အတွင်းရေးမှူး တာဝန် ယူထားသလို လူထုကြား ဝေဖန်မှုပြင်းတဲ့ BM လိုင်းကားအချို့ရဲ့ စည်းကမ်းမဲ့မှုတွေ၊ အလုပ်သမားတွေအပေါ် ဖိနှိပ်မှု စတာတွေကိုလည်း လွှတ်တော်တွင်း မေးခွန်းတွေ၊ အဆိုတွေနဲ့ တင်ပြဆွေးနွေးခဲ့သလို ၎င်းထံ လူထုရဲ့ ပြောရေးဆိုခွင့်အတွက်လည်း တယ်လီဖုန်း၊ အင်တာနက် စတဲ့ နည်းလမ်းမျိုးစုံနဲ့ လမ်းဖွင့်ထားသူ ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ပညာရေးထက် နိုင်ငံရေးကို ဦးစားပေးခဲ့တဲ့ ဦးညီညီဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးခံခဲ့ကာ NLD ပါတီနှင့်အတူ နိုင်ငံရေးလောကမှာ လှုပ်ရှားရင်း ၂၀ဝ၀ ခုနှစ်မှာ အင်းစိန်ထောင်အတွင်း ၄ လခန့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါသေးတယ်။ ဆံပင်ညှပ်ဆရာ တဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့သူ ဦးညီညီဟာ အောက်ခြေလူထုကြားက နေ့စဉ်ဘဝတွေကို သိရှိနားလည်ခံစားရင်း လွှတ်တော်နိုင်ငံရေး လုပ်ဆောင်သူ ဖြစ်ပါတယ်။ အောက်ခြေလူထုနဲ့ ထိတွေ့ရင်း အမှုတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်ရာမှာ ဌာနဆိုင်ရာတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့သလို ဥပဒေမဲ့ လုပ်ချင်သူတွေကို အခက်တွေ့စေခဲ့တာကြောင့် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)