ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့(Northern Alliance Burma) တို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသကို နိုဝင်ဘာ တတိယပတ်မှာ ရောက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲ ဖြစ်တဲ့ နေရာထဲမှာ မုံးကိုးမြို့က အကြီးမားဆုံး အပျက်အစီးများဆုံး လူအသေအပျောက် အများဆုံး ဖြစ်တဲ့ နေရာတခုလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် မုံးကိုးမြို့က တရုတ်နယ်စပ် ဖြစ်ပြီး ရှမ်းမြောက် ကြူကုတ် (ပန်ဆိုင်း) ကနေသွားဖို့ အဆင်ပြေပေမယ့် တိုက်ပွဲ တွေ အဆက်မပြတ် ဖြစ်ပွားနေတဲ့ အတွက် မုံးကိုးမြို့ ဒေသခံတွေ ခံစားနေရတဲ့ သတင်းနဲ့ မုံးကိုးမြို့ တိုက်ပွဲ အခြေအနေ ကို ဘယ်သတင်းမီဒီယာမှ ဆက်သွယ် ဖော်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။
တနည်းအားဖြင့် ပြောရရင်တော့ မုံးကိုးမြို့က တိုက်ပွဲတွေကြားမှာ အမှောင်ချခံရတဲ့ ဒေသတခုလို့တောင် ပြောလို့ ရပါတယ်။
ဒီလို ကြီးမားတဲ့ တိုက်ပွဲတွေကြား အမှောင်ချခံရတဲ့ ဒေသကိုသွားပြီး သတင်းယူဖို့ အကြောင်းကြုံလာတော့ သတင်းသမား တဦး အနေနဲ့ စိန်ခေါ်မှု တခုပါပဲ။
မုံးကိုးမြို့ကို ကြူကုတ်(ပန်ဆိုင်း) ကနေ သွားလို့ မရတဲ့အတွက် တရုတ်ပြည်ကနေ ပတ်သွားရပြီး တရုတ်ပြည် လမ်းကြောင်း တလျှောက် စစ်ဆေးမှု များစွာကိုလည်း ကြုံခဲ့ရပါတယ်။
တရုတ်ပြည်ကနေ သွားရင် ကင်မရာ၊ ကွန်ပျူတာတွေ ယူမသွားဖို့လည်း မုံးကိုးဒေသခံတွေက မှာထားတဲ့ အတွက် လွယ်အိတ်တလုံး၊ ဖုန်း ၂လုံးနဲ့ နယ်စပ်ဖြတ်ကျော် စာအုပ် အနီကိုပဲ ယူသွားခဲ့တယ်။
ဒါကြောင့် တရုတ် ရဲတပ်သားတွေ စစ်ဆေးမှုမှာ အခက်အခဲတွေ မကြုံခဲ့ရပါဘူး။
တရုတ်ပြည် မန်ဟိုင်းနယ်စပ် မြို့အဝင်ဂိတ် ရောက်တဲ့အချိန်မှာတော့ တရုတ်ပြည် ရှမ်း ရဲသားတဦးက “ဟိုဘက်ကမ်း (မြန်မာပြည် မုံးကိုး) ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဘယ်သူကို သွားတွေ့မှာလဲ။ ဘယ်ကလဲ။ သတိထားသွားလာ ပါ”လို့ နယ်စပ်ဖြတ် စာအုပ်ကြည့်ပြီး ရှမ်းဘာသာနဲ့ ပြောပါတယ်။ တရုတ်ပြည် မန်ဟိုင်းမြို့ ရောက်တဲ့ အချိန်မှာတော့ မုံးကိုးမြို့ပေါ် ခေါ်ဆောင်သွားမယ့် ကချင်နှစ်ခြင်း အသင်းတော် သင်ထောက် ဆရာလန်ဂျော် ကမ်ဆိုင်နဲ့ တွေ့ပြီး မုံးကိုးသွားဖို့ အတွက် စီစဉ်စရာရှိတာတွေ ကူညီပေးပါတယ်။
“နယ်စပ်ဖြတ်ဖို့ စာအုပ် အနီပါလား။ မှတ်ပုံတင် နံပါတ်နဲ့ အဘအမည် ပြောပါဦး။ ကျနော် မုံးကိုး မြို့ဒေသခံကတ် သွားလုပ်ပေးမယ်” ဆိုပြီး ဆရာကမ်ဆိုင် က ပြောပါတယ်။
မုံးကိုးသွားဖို့ အတွက်က သတင်းထောက်တဦး အနေနဲ့ စိတ်တွေ လှုပ်ရှားရသလို ရှေ့ဖြစ်လာမယ့် ပြဿနာကိုလည်း စိုးရိမ်စိတ်တွေ ပြည့်နှက်နေပါတယ်။
မုံးကိုးမြို့ကို မသွားခင်ကတည်း က မုံးကိုးမြို့မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး အပျက်အစီး များတာတွေ၊ အိမ် တွေ မီးရှို့ခံရတာတွေ၊ ကက်သလစ် သာသနာပြု ဘုရားကျောင်းနဲ့ စာသင်ကျောင်း တကျောင်း လက်နက်ကြီး ထိမှန် ခဲ့တာတွေ ကြားရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ နေရာဖြစ်ပြီး စစ်မြေပြင်မှာ ပစ်ခတ်ကြတဲ့ မိုင်းတွေ ဗုံးတွေ က မပေါက်ကွဲ သေးတာ တွေ လည်း ရှိသေးကြောင်း၊ လက်နက်ကြီး ထိမှန်တဲ့ အိမ်တွေ မီးရှို့ခံရတဲ့ အိမ်တွေကို သွားရင် ဂရုစိုက် သိပ်အရဲမစွန့်နဲ့ လို့လည်း သတိပေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် မုံးကိုး မြို့အဝင်ဂိတ်မှာ သတင်းထောက်တဦးရဲ့ ရင်ထဲမှာတော့ စိုးရိမ်မှုက တထိတ်ထိတ် ဖြစ်နေပါတယ်။
သတင်းထောက်တွေ သွာလိုတဲ့နေရာ လုပ်ချင်တဲ့ အင်တာဗျူးကို မကြောက်မရွံ့ဘဲ လိုက်ပါ ကူညီပေးတဲ့ ဆရာကမ်ဆိုင် နဲ့ အတူ ဆိုင်ကယ်တစီးနဲ့ မုံးကိုးမြို့ နေရာအနှံ့ ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့ပါတယ်။
မုံးကိုးမြို့ ဂိတ် ဝင်လိုက်တဲ့အခါ တမြို့လုံးက မီးခိုးနံ့တွေ နဲ့ တိတ်ဆိတ်နေပါတယ်။
ဓာတ်ပုံရိုက်နေစဉ်မှာ သတင်းထောက်တဦး အနေနဲ့ ကံဆိုးတယ်လို့ ဆိုရမလား၊ ကံကောင်းတယ်လို့ ဆိုရမှာလား မူဆယ်ခရိုင် စည်ပင်သာယာရေး အင်ဂျင်နီယာဌာနမှူး ဦးရဲထွန်း တို့၊ မုံးကိုးမြို့နယ် အုပ်ချုုပ်ရေးမှူး ဦးငွေဌေးတို့နဲ့ တွေ့ဆုံခဲ့ရပါတယ်။
မူဆယ်ခရိုင် စည်ပင်သာယာရေး အင်ဂျင်နီယာဌာနမှူး ဦးရဲထွန်း က “အရှိကိုအရှိတိုင်း ရေး၊ တွေ့တာမြင်တာ ရေးပါ။ လွတ်လွတ်လပ်လပ်ပဲလေ။ သတင်းထောက်တွေပဲ မကွယ်မဝှက် ရေးရမယ်။ အကူအညီရှိရင် ပြောပါ”လို့ ပြောပါ တယ်။
စကားတွေပြောပြီး လိုအပ်တဲ့ အကူအညီရှိရင် ဖုန်းဆက်ဖို့ ဖုန်းနံပါတ်လည်း ပေးပါတယ်။
သတင်းထောက် တဦးဆိုတော့ ကက်သလစ် သာသနာပြု ဘုရားကျောင်းနဲ့ အထက်တန်းကျောင်း တကျောင်း လက်နက်ကြီး ထိမှန်တဲ့ ကိစ္စကိုု ပိုပြီး သိချင်ဇောနဲ့ ဆိုင်ကယ်နဲ့ ဘုရားကျောင်းဘက်ကို ခြေဦး လှည့်ခဲ့ကြပါတယ်။
ကက်သလစ် သာသနာပြုကျောင်းကို ရောက်တော့ လုံခြုံရေး တာဝန်ယူထားတဲ့ တပ်သားက ဘယ်ကလဲ၊ ဘာလာ လုပ်လဲ စတဲ့ ဘ(၆)လုံး တန်းစီပြီး မေးမြန်းနေလို့ “ သတင်းထောက်ပါ” လို့ ပြန်ဖြေလိုက်တော့ ဓာတ်ပုံ မရိုက်ပါနဲ့ လုံခြုံရေးအရ ဆိုပြီး ပြောလာပါတယ်။
သတင်းထောက် ဆိုတော့ ကိုယ်လိုချင်တဲ့ပုံရဖို့ အတွက် မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်လိုက်ပြီး လှမ်း အကူအညီ တောင်းကာ အထက်တန်းကျောင်းနဲ့ ကက်သလစ် သာသနာပြုကျောင်း လက်နက်ကြီး ထိမှန် ထားတာကို မျက်မြင်ကိုယ်တွေ့ ကြည့်မြင်ခဲ့ရပါတယ်။
ကိုယ်ထင်ထားတာထက် အထက်တန်းကျောင်းနဲ့ ကက်သလစ် သာသနာပြုကျောင်းက တော်တော် အခြေအနေ ဆိုးရွား နေပါတယ်။ ကက်သလစ် သာသနာပြုကျောင်းကိုတော့ အစိုးရတပ်မတော်က ပြန်လည်ပြုပြင်နေတော့ အပျက် အစီး ရုပ်ဆိုးတာ မမြင်ရပေမယ့် ဘုရားကျောင်း အုတ်တံတိုင်းတွေကတော့ ကျည်ဆန်ရာတွေနဲ့ပါပဲ။
ကလေးတွေ စာသင်ကျောင်းထဲမှာလည်း တပ်တွေ နေရာယူထားပေမယ့် စာသင်ကျောင်း တခုလုံးက ကျည်ဆန် ရာတွေ လက်နက်ကြီး ထိခံရတဲ့ ဒဏ်ရာတွေက ဗရပွ ဖြစ်နေပြီး စာသင်ကျောင်းတခုလုံး ရစရာမရှိအောင် ပျက်စီး နေတာတွေကို တွေ့မြင်ရပါတယ်။
နောက်ပြီး မီးရှို့ခံရတဲ့ နေအိမ်တွေ လက်နက်ကြီး ထိမှန်တဲ့ နေအိမ်တွေ စပါးတွေ မီးရှို့ခံရတာတွေကိုလည်း မြင်တွေ့ ရသလို တချို့အိမ်တွေမှာ မီးလောင်တဲ့ မီးခိုးက မတိတ်သေးပါဘူး။
“ကျမတို့ နေအိမ်တွေ မီးရှို့ခံရ။ စပါးတွေ မီးရှို့ခံရတော့ ဘာဆက်လုပ်ရတော့မှာလဲ” ဆိုပြီး မုံးကိုး ရပ်ကွက် (၂) က အမျိုးသမီး တဦးက ပြောပြပါတယ်။
သတင်းထောက်ကို လိုက်ပို့ပေးတဲ့ ဆရာကမ်ဆိုင် ကတော့ “မီးရှို့ခံရတဲ့ အိမ်အများစုက အစိုးရတပ် ဗျူဟာကုန်းနဲ့ နီးတဲ့ အိမ်တွေပါ”လို့ ဆိုပါတယ်။
“မုံးကိုးမြို့ပေါ် အိပ်ဖို့ အဆင်မပြေဘူး။ တရုတ်ပြန်ကို ညနေ ၅နာရီ အမီပြန်ရမယ်။ မုံးကိုးမှာ မီးလည်းမရဘူး။ ဧည့် သည် တွေ အတွက် အဆင်မပြေဘူး”လို့ ဆိုပြီး ဆရာကမ်ဆိုင်က ပြောဆိုကာ မြို့ပေါ် ဆိုင်ကယ်နဲ့ ပတ်ပြီး တရုတ် နယ်စပ်ဂိတ်ကို ပြန်ပို့ပေးခဲ့ပါတယ်။
တရုတ်ပြည် မန်ဟိုင်းဒေသမှာရှိတဲ့ တည်းခိုခန်းရောက်တော့ သတင်းထောက် တယောက်အနေနဲ့ ကိုယ်ရိုက်ခဲ့တဲ့ ပုံတွေ ရုပ်သံတွေ ပြန်ကြည့် ဖုန်းအားသွင်းစရာရှိတာတွေ အားသွင်းပြီး ခဏနားနေပြီး တရုတ်ဖုန်းက ရုတ်တရက် မြည်လာပါတယ်။
မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက စာရေး တယောက် ဖုန်းဆက်လာပြီး “ဘယ်ရောက်နေလဲ၊ မနက်ဖြန် မုံးကိုးကို ပြန်လာဦးမှာလား။ ဘယ်အချိန် လာမှာလဲ” ဆိုပြီး မေးတာတွေ ခံရပါတယ်။
နောက် ၁ နာရီအကြာမှာ မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဌေး ဖုန်းက ထပ်ပြန်ဝင်လာတော့ သတင်းထောက် တယောက် အနေနဲ့ သံသယဖြစ်ပေမယ့် ဖုန်းကို ကိုင်လိုက်ပါတယ်။
သူကတော့ “ဘယ်ရောက်သွားလဲ။ မူဆယ်ပြန်ပြီလား။ ဘယ်သူနဲ့ တွေ့ဆုံခဲ့လဲ။ ဘာတွေ ဗျူးခဲ့လဲ။ မနက်ဖြန် ပြန်လာ မှာလား” လို့ ထပ်မေးတော့ မနက်ဖြန် မနက် မုံးကိုးကို ပြန်သွားဖို့ ချီတုံချတုံ ဖြစ်လာပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးတွေ မကြာခဏ ဖုန်းဆက်မှုကြောင့် မုံးကိုးမြို့ကို မနက် ပြန်မသွားလိုက်ဘဲ မန်ဟိုင်းမြို့ ကနေ အိမ်ပြန်ခဲ့ရပါတယ်။
မန်ဟိုင်းကနေ မူဆယ် အိမ်ပြန်လာမှာတော့ တရုတ်နယ်စပ် ကြူကုတ်(ပန်ဆိုင်း) နယ်စပ် ဖြစ်တဲ့ ဝမ်တိန်လမ်း ဘက် ကနေ ပတ်ပြန်လာခဲ့လိုက်တယ်။
အပြန်လမ်းမှာလည်း တရုတ်ရဲသားတွေ စစ်ဆေးမှုကို ၃ ကြိမ် ခံရပြန်ပါတယ်။
ဒီလိုနဲ့ မူဆယ် အပြန်လမ်းမှာလည်း မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူး က“မုံးကိုးကို ပြန်မလာတော့ဘူးလား။ အခု ဘယ် ရောက်နေလဲ။ ဘုရားကျောင်းပုံတွေ မတင်ပါနဲ့”လို့ ထပ်မံ ဖုန်းဆက်လာပါတယ်။
မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ ကြိမ်ဖန်များစွာ ဖုန်းဆက်ပြီး ဘုရားကျောင်းပုံ မတင်ဖို့ တတွတ်တွတ် မှာကြားတာ ခံခဲ့ရပါတယ်။
သတင်းထောက်တွေ အတွက် အိမ်အပြန်လမ်းကတော့ ဖြောင့်ဖြူးခဲ့ပေမယ့် သတင်းထောက်တွေကို လိုက်ပို့ ပေးခဲ့တဲ့ ဆရာကမ်ဆိုင် နဲ့ သူရဲ့ဦးလေးဖြစ်သူ သင်ထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ် တို့ ဒီဇင်ဘာ ၂၄ ရက် ညနေမှာ ပျောက်ချင်းမလှ ပျောက်သွားတာ ဒီနေ့အထိ ပါပဲ။
ဆရာကမ်ဆိုင် ကတော့ မုံးကိုးဒေသရဲ့ သတင်းအမှန်တွေရရှိဖို့ မုံးကိုးမြို့ပေါ် သတင်းထောက်တွေ သွားလိုတဲ့ နေရာကို စိတ်ရှည်လက်ရှည် လိုက်ပို့ပေးသူလည်း ဖြစ်ပါတယ်။
ဆရာကမ်ဆိုင်က“တိုက်ပွဲတွေ စဖြစ်တဲ့အချိန် လေယာဉ်တွေ ဗုံးကြဲတဲ့အချိန် ဒေသခံပြည်သူတွေ တရုတ် ပြည်ကို ထွက်ပြေးတဲ့အချိန် သတင်းထောက်တွေ ရှိရင် အရမ်းကောင်းမှာပဲ”လို့ ပြောဆိုခဲ့ပါသေးတယ်။
အမှန်တရားကို ချစ်တဲ့ အသင်းတော် ဆရာ ၂ဦး ပျောက်ဆုံးခြင်းက သတင်းထောက်တဦး အနေနဲ့ စိတ်မကောင်း ဖြစ်ပြီး စဉ်းစားစရာတွေလည်း ဖြစ်နေရပါတယ်။
မုံးကိုးခရီးစဉ်ရဲ့ အပြန်လမ်းမှာတော့ သတင်းထောက် တဦးအနေနဲ့ ဒေသခံတွေအတွက် စစ်ပွဲတွေ ချုပ်ငြိမ်းပါစေ၊ ကချင် နှစ်ခြင်း အသင်းတော် သင်ထောက် ဆရာ ၂ဦး အိမ် အမြန် ပြန်ရောက်ပါစေလို့သာ ဆုတောင်း ပေးနိုင်ခဲ့ ပါတယ်။ ။