ဆောင်းပါး

အစိုးရသစ် လက်မှိုင်ချနေရသည့် ကချင်ပြည်နယ်က မြေယာသိမ်းမှုများ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမြောက်ပိုင်း ကျေးလက်ဒေသတွင် မြေယာသည် မည်သည့်အရာကို မဆို ဖြစ်စေနိုင်သည်။
လယ်ကွင်းကို အသုံးပြုရသော ကျေးရွာသားများမှသည် ကြီးမားသော စစ်တပ်ကြီး အထိ မြေတလက်မတိုင်းကို ၎င်းတို့၏ ရည်ရွယ်ချက်အလိုက် အသုံးချကြသည်။ မိသားစုကို ရှာဖွေကျွေးမွေးရန်၊ အကြီးအကျယ် ချမ်းသာကြွယ်ဝ စေရန် သို့မဟုတ် ရန်သူကို အင်အားချိနဲ့ သွားစေရန် စသည့် နည်းလမ်းများ ဖြစ်သည်။

သို့သော် ကချင်ပြည်နယ်တွင် နွမ်းပါးသူများနှင့် အင်အားကြီးမားသူများ အကြား ချိန်ခွင်လျှာ ညီမျှမှု မရှိသလောက် ဖြစ်နေသည်။

ပြည်တွင်းစစ်နှင့် စစ်အုပ်ချုပ်ရေး၏ ဆယ်စုနှစ်များစွာ အတွင်း လယ်သမားများ၏ အခွင့်အရေးများ တစတစ ပျောက်ဆုံးကုန်သည်။ မြေယာသိမ်းယူမှု အကြီးအကျယ် ဖြစ်ခဲ့ပြီး ဆက်လက်၍လည်း ဖြစ်ပေါ်နေပြီး ပြည်နယ်အစိုးရ စိုက်ပျိုးရေး ဝန်ကြီးဌာနက ၎င်းတို့သည် ဖြစ်ပေါ်နေသော မြေအငြင်းပွားမှု အများအပြားကို ဖြေရှင်းရန် အာဏာမရှိ သလောက်ပင် ဖြစ်သည်ဟု ဝန်ခံသည်။

လကန်ခေါင်နန်းသည် ကချင်ပြည်နယ် တောင်ပေါ်ဒေသမှ မြစ်ကြီးနားမြို့ပြင်ရှိ နောင်ချိန်သို့ ပြောင်းလာစဉ်က ငယ်ရွယ်သော အမျိုးသမီးတဦး ဖြစ်သည်။ ထိုနေ့မှာ ၁၉၇၈ ခုနှစ် နှစ်သစ်ကူးသည့် ည ဖြစ်ကြောင်းကိုလည်း သတိရနေသည်။

“အဲဒီတုန်းကဆို တောင်စောင်းမှာ စိုက်ပျိုးလိုက်ရုံပဲ။ ကျမတို့က စပါး၊ ပလောပီနမ်နဲ့ နှမ်းစိုက်တယ်” ဟု ယခုအသက် ၆၄ နှစ် ရှိပြီဖြစ်သော လကန်ခေါင်နန်းက ဖုံထူသော ကျေးရွာကလေးရှိ သူမ၏ နေအိမ်တွင် ပြောသည်။

သို့သော် သူမ၏ မိသားစု စိုက်ပျိုးလုပ်ကိုင်သော မြေမှာမူ ရာဘာစိုက်ခင်း တခုနှင့် နီးပြီး လွန်ခဲ့သော ၆ နှစ်က အသိမ်းခံရကာ အဂတိလိုက်စားသော အုပ်ချုပ်ရေးမှုးတဦးက လုပ်ငန်းရှင်သူဌေးတဦးထံ ရောင်းလိုက်သည်ဟု သူမက ပြောပြသည်။ သူမမှာမူ လျှော်ကြေး မရရှိခဲ့ပေ။ ထိုမြေကို ယခုအခါ တရုတ်ကုမ္ပဏီတခုထံ ငှားရမ်းထားသည်။

“ကျမတို့က လယ်ယာပဲ လုပ်တာ၊ ဒီတော့ တခြား ဝင်ငွေ မရှိတော့ဘူးပေါ့။ စားစရာ မရှိဘူး။ ကျွဲတွေ၊ နွားတွေတောင် မပိုင်လို့ ငှားပြီး လုပ်ရတာ။ အရမ်းရုန်းကန်ရတယ်” ဟု ဆက်ပြောသည်။

လကန်ခေါင်နန်းသည် လွန်ခဲ့သော ၆ နှစ်က မိသားစုပိုင်မြေ အသိမ်းခံရသည်။

သူမ၏ အိမ်နီးချင်းများကလည်း အလားတူ မြေသိမ်းခံရသော ဇာတ်လမ်းများ၊ ၎င်းတို့ထက် အင်အားကြီးမားသူများ အကြားတွင် လက်မှိုင်ချခဲ့ရသည့် ဇာတ်လမ်းများကို ပြောပြကြသည်။

“ကျမတို့က အင်အားနည်းတဲ့ သူတွေ လေ။ ဘာလုပ်လို့ ရမှာလဲ” ဟု ဆန်နန်ဂျာငိုင် ဆိုသူကလည်း ပြောသည်။

“အဲဒီတုန်းက ဘာလုပ်ရမှန်းကို မသိတော့တာ။ စကားတောင် မပြောနိုင်ဘူး။ ဆုတောင်းဖို့ပဲ သိတယ်။ ကျမတို့ အရမ်းငိုရတယ်။ တနေ့ကျရင်တော့ ကျမတို့ရဲ့ မြေကို ပြန်ပေးပါလို့ ဘုရားသခင်ဆီမှာ ဆုတောင်းရတယ်” ဟု လကန်ခေါင်နန်းက ပြောသည်။

ထိုနေ့သည် ရောက်မလာသေးပေ။

နောင်ချိန်၏ ရှုခင်း တလျှောက်တွင်မူ တရုတ် ကျောထောက်နောက်ခံပြု ရာဘာနှင့် ငှက်ပျောစိုက်ခင်းများ အခိုင်အမာ ဖြစ်နေကြပြီ ဖြစ်သည်။ သို့သော် ဒေသခံများ အတွက် အလုပ်အကိုင်များ ပေါ်ပေါက်လာခြင်းတော့ မရှိပေ။

အလုပ်သမား အများစုမှာ အခြားဒေသများမှ လာရောက်ကြသူများ ဖြစ်ပြီး အလုပ်ချိန်က ရှည်လျား ရှည်ကြာပေမယ့် လုပ်အားခ နည်းသောကြောင့် တရုတ်အလုပ်ရှင်များနှင့် မပတ်သက်လိုကြ ဟု ဒေသခံများက ပြောသည်။

လက်တွေ့တွင်လည်း တရုတ်တို့ မြေရယူ ထိန်းချုပ်မှုသည် လယ်သမားများ အတွက် သာမက ပြည်နယ်အစိုးရ အတွက်ပါ စိုးရိမ်အမှတ်သို့ ရောက်နေသည်။ တရုတ်စီးပွားရေး လုပ်ငန်းများက လယ်မြေမည်မျှကို အသုံးပြုနေ သည်ကို စာရင်းအတိအကျ မရှိသော်လည်း လေ့လာသူ အုပ်စုများကမူ ဧက ထောင်ပေါင်းများစွာ ရှိသည်ဟု ဆိုကြသည်။ ထိုလယ်မြေများတွင် ပြည်မမှ အလုပ်သမားများကို ငှားရမ်းပြီး ထွက်ကုန်များ ရောင်းချရန် တဖက်နယ်စပ် သို့ ပို့ကြသည်။

နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှုကို မြေတောင်မြှောက်ပေး နေရချိန် ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းများမှာ လွန်စွာ အားနည်းလှသည်။

“မြေသိမ်းမှုတွေကို ကျနော်တို့ စုံစမ်းစစ်ေဆေးနေတယ်” ဟု အမျိုးသားဒီမိုကရေးစီ အဖွဲ့ချုပ် အစိုးရသစ်မှ ကချင်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးမြသိန်းက ပြောသည်။

“စိုက်ခင်းတွေ တရားဝင်လာလုပ်ချင်တယ် လို့ ပြောတဲ့ တရုတ်ကုမ္ပဏီတွေ အများကြီး ရှိတယ်” ဟု ပြောရင်း ပြည်နယ်အစိုးရတွင် မည်သူ့ကို စတင်စိုက်ပျိုးခွင့် ပြုမည်ဟု ဆုံးဖြတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ လုပ်ပိုင်ခွင့် မရှိကြောင်း မှတ်ချက်ချပြောကြားသည်။

“ဒါပေမယ့် အောက်ခြေအဆင့် အရာရှိတွေက တရုတ်ကုမ္ပဏီတွေကို မြေတွေ လက်သိပ်ထိုး ရောင်းထားတာတွေကို ကျနော်တို့ စုံစမ်းစစ်ဆေးလို့ မပြီးသေးပါဘူး” ဟုလည်း ပြောသည်။

သူ ရည်ညွှန်းပြောဆိုသော အရာရှိများမှာ ပြည်နယ်အတွင်း ပြစ်ဒဏ်မခံရဘဲ ပြုမူနေကြသော စစ်တပ်အရာရှိများ ဖြစ်သည်။ လက်တွေ့တွင် ကချင်ပြည်နယ် ပြဿနာမှာ ပြည်တွင်း ပြဿနသာ ဖြစ်သည်။
ဤ အလုပ်သမားအများစုမှာ မြန်မာနိုင်ငံ အခြားဒေသများမှ လာကြသည်။

ရာဇဝတ်ဂိုဏ်း အရင်းရှင်စနစ်

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းဖြစ်ပြီး နိုင်ငံ၏ လုပ်သားအင်အားစု၏ ၃ ပုံ ၂ ပုံခန့်ကို အလုပ်အကိုင် ပေးကာ နိုင်ငံ၏ စနစ်နှင့် မြေအသုံးချခြင်းသည် တပေါင်းတစည်းတည်း ဖြစ်နေသည်။

ကချင်ပြည်နယ်တွင် တိုင်းရင်းသား လူမျိုးစု အခွင့်အရေးများ – မြေသုံးပြုခွင့်နှင့် သဘာဝအရပင် ဆက်စပ်နေသည်။ သည်လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ ဗဟိုချက်တွင် ရှိနေသည်။ မြေသိမ်းဆည်းမှု ပြဿနာကို ဖြေရှင်းပြီး အနာဂတ်တွင် ထိုသို့ ဆက်မဖြစ်စေရန် ကတိပြုထားသည့် ဒီမိုကရေစီ နည်းကျ ရွေးချယ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ရှိသော်လည်း အခြေအနေမှာ ပြောင်းလဲမလာသေးပေ။

ငါတို့ လက်ထဲက မြေ (Land in Our Hands) အမည်ရှိ အခွင့်အရေး ကာကွယ်ရေး အဖွဲ့၏ အဆိုအရ ကချင်ပြည်နယ် သည် ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကြီးဆုံး မြေသိမ်းခံရသော ပြည်နယ် ဖြစ်နေသည်။ အများပြည်သူပိုင် ပစ္စည်းများနှင့် သယံဇာများကို စစ်တပ်က အကြီးအကျယ် သိမ်းယူနေကြောင်း Global Witness အဖွဲ့က၂၀၁၅ ခုနှစ် အစီရင်ခံစာ၌ တင်ပြခဲ့သည်။ စစ်ဘက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသို့ အာဏာ လွှဲပြီးသော အချိန်မှာပင် ရှမ်းပြည်နယ်၏ ကျယ်ပြန့်သော ဒေသအများအပြားတွင် သြဇာနှင့် ဝင်ငွေရရန် မိတ်ဖက် စီးပွားရေးသမားများနှင့် ပူးပေါင်းလုပ်ကိုင်နေသည်ဟု စွပ်စွဲခံရသည်။

ဤ ပြဿနာသည် ဤဒေသတခုတည်းတွင်သာ သီးခြား ဖြစ်နေခြင်း မဟုတ်ပေ။

“မြန်မာနိုင်ငံရဲ့ မြေယာကဏ္ဍမှာ ကျနော်တို့ တွေ့နေရတာတွေက စစ်အုပ်ချုပ်ရေးကနေ ရာဇဝတ်ဂိုဏ်း အရင်းရှင် စနစ်ကို အကူးအပြောင်း ဖြစ်နေတယ်။ ကိစ္စတော်တော်များများမှာ စစ်ဘက်က အရပ်ဝတ် ပြောင်းဝတ်ထားတာပဲ ရှိပြီး တိုင်းပြည်ရဲ့ မြေတွေကို စစ်အရာရှိတွေနဲ့ သူတို့ရဲ့ စီးပွားဘက်တွေကပဲ ဆက်ထိန်းချုပ်ထား ကြတယ်” ဟု Global Witness မှ မြေယာအရေး ဆောင်ရွက်သူ Josie Cohen က ပြောသည်။

ကချင်ပြည်နယ်တွင် မြေမည်မျှသိမ်းထားသည်နှင့် ပတ်သက်၍ တရားဝင်စာရင်း မရှိပေ။

စစ်ဘက်က ယခင်ကကဲ့သို့ပင် မြေသိမ်းနေခြင်းကို ပြောင်းလဲပစ်ရန် သူ၏ အစိုးရသည် လတ်တလောတွင် ဘာမျှလုပ် မပေးနိုင် သလောက် ဖြစ်ကြောင်း ဦးမြသိန်းက ဝန်ခံသည်။ အလားတူစွာပင် သူ၏ အစိုးရသည် ကချင်ပြည်နယ် အစိတ်အပိုင်းများတွင် စစ်ဖြစ်နေသည့် အချိန်တွင် ကြီးမားသော စစ်ရေးလှုပ်ရှားမှုများကိုလည်း ကြီးကြပ်နိုင်ခြင်း မရှိသလောက်ပင် ဖြစ်သည်။

“ကျနော်တို့ အာဏာရတယ်။ ဒါပေမယ့် လက်တွေ့ကျတော့ ခက်ခဲနေတယ်။ ဥပမာ -စစ်တပ်က မြေသိမ်းပြီး ပြန်မပေးချင်ရင်၊ အဲဒီမြေကို ပြန်ပေးပြီးသွားပြီ လို့ ပြောတယ်။ ကျနော်တို့က အခက်အခဲဖြစ်ရော” ဟု သူက ဆက်ပြောသည်။

“တကယ်လို့ ကျနော်တို့က ဒီဗိုလ်ချုပ်တွေကို ပြောင်းဖို့ပြောရင် ဘာများဖြစ်မယ် မသိဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း ဖြစ်နေပြီး၊ လက်တွေ့ကလည်း လက်တွေ့ အတိုင်း ဖြစ်နေတာ” ဟုလည်း ဆိုပြန်သည်။

မြန်မာနိုင်ငံတွင် မြေကို အစိုးရက ပိုင်ပြီး လယ်သမားများကို အသုံးချပိုင်ခွင့်သာ ပေးသည်။ ထိုပိုင်ဆိုင်ခွင့် အတွက် စာရွက်စာတမ်းများမှာလည်း ရှေ့နောက် ညီညွတ်ခြင်း မရှိပေ။ တခါတရံစိတ်ရှုပ်ထွေးစရာ ဖြစ်ပြီးတခါတရံတွင် လျှစ်လျှူရှုထားသောကြောင့် မြေအသိမ်းခံရသော အခါ လယ်သမားများ မည်သို့မျှ မတတ်နိုင်ဘဲ အခြေအနေ ပိုဆိုးကုန်ကြရသည်။

လယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်သည် လယ်သမားများကို မြေမှ မောင်းထုတ်ခံရခြင်းမှ အကာအကွယ် ပေးရန်နှင့် မြေယာ ဥပဒေကြောင်းနှင့် ဥပဒေရေးရာ ဗဟုသုတပေးရန် ကြိုးစားနေသော အဖွဲ့တခု ဖြစ်သည်။

“တချို့နေရာတွေမှာဆို လယ်သမားတွေမှာ စနစ်တကျ လုပ်ထားတဲ့ စာရွက်စာတမ်းတွေ မရှိကြဘူး။ အရင်ကဆို ဒါတွေကို တရားဝင်လည်း မရနိုင်ကြဘူး။ အဲဒီလိုလူတွေ အခု အရမ်း စိတ်ပူနေကြရပြီ” ဟု ထိုအဖွဲ့၏ အဖွဲ့ဝင် လဖိုင်ဇိုင်က ပြောသည်။

“စီးပွားရေးသမားတွေက လယ်သမားတွေ ဆီကနေ ဧက ၁၀၀၊ ၂၀၀ ဝယ်ကြတာ။ ဒါပေမယ့် ဒါက ပြဿနာ မဟုတ်ဘူး။ ပြီးတော့ သူတို့က ဧကထောင်ချီ ယူလိုက်ကြတယ်။ လယ်သမားတွေမှာ ဘာစာရွက်စာတမ်းမှ မရှိတော့ ဘယ်သူမှ မပိုင်တဲ့မြေကို တိုင်းပြီးယူသလို ဖြစ်နေရော” ဟုလည်း သူက ဆက်ရှင်းပြသည်။

သို့သော် လယ်သမားများသည် အကာအကွယ်ရရန် တရားဥပဒေစနစ်ကို အားထားလာသောအခါ တိုက်ပွဲမှာ တဖက်သတ် မဟုတ်တော့ပေ။

လောဘန်တန်ဂန်းသည် ကုမ္ပဏီတခု သိမ်ထားသော မြေပေါ်တွင် ကျူးကျော်နေထိုင်ပြီး အဆောက်အအုံကို ပျက်စီးစေသောကြောင့် ၈ လ ကြာ ဖမ်းဆီးထောင်ချခံခဲ့ရသည်။ သူကမူ ထိုမြေသည် သူတို့ရပ်ရွာက ထွန်ယက် စိုက်ပျိုးနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီး အုပ်ချုပ်သူတဦးက ဒေသခံများအား ခြိမ်းခြောက် ဖိအားပေးကာ ထိုမြေကို ကုမ္ပဏီသို့ ပြန်လည် ငှားရမ်းခဲ့သည်ဟု ဆိုသည်။

“ဒီလူရဲ့ ရည်ရွယ်ချက်က ကျနော်တို့ အားလုံးကို ထောင်ထဲ ထည့်မလို့ဗျ။ သူက မြေကို ရအောင်ယူမယ်လို့ ခြိမ်းခြောက်တယ်ဗျ” ဟု အသက် ၄၂ နှစ်ရှိပြီ ဖြစ်သော လောဘန်တန်ဂန်းက ပြောသည်။ “ရွာသားအားလုံးက မုဆိုးမတွေချည်းပဲ။ ဒါကြောင့်ကျနော်က သူတို့အတွက် ရပ်တည်ပေးတာ။ ကျနော်က အရာရှိအားလုံးကို စကားပြော တယ်။ ဒါ့ကြောင့်လည်း ထောင်ထဲပို့လိုက်တာ” ဟုဆိုသည်။

နောက်ဆုံးတွင် သူသည် စွဲချက်ရုပ်သိမ်း လွတ်မြောက်လာပြီး သူ၏မြေကို ပြန်ရကာ ပြန်၍ပင် တရားစွဲခဲ့သည်။ ဤသည်မှာ အောင်ပွဲဖြစ်သော်လည်း ရှားရှားပါးပါးအောင်ပွဲသာ ဖြစ်သည်။

မြစ်ကြီးနားမြို့ ပတ်ဝန်းကျင်ရှုခင်းကို ရာဘာစိုက်ခင်းများကသာ လွှမ်းမိုးထားသည်။

အစိုးရ၏ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဤကဲ့သို့သော ကိစ္စများကို ကူညီစစ်ဆေးသည်။ သို့သော် မည်သည့် အရေးယူ ဆောင်ရွက်မှုကို မဆို မြို့တော် နေပြည်တော်ကို ဖြတ်သန်းရသည်။ ထိုနောက် သမ္မတ ဦးထင်ကျော် လက်အောက်မှ အုပ်ချုပ်ရေးအဖွဲ့တခု ဖြစ်သော နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမျိုးအောင်က မြေသိမ်း ယာသိမ်း ကိစ္စများကို ၆ လအတွင်း ဖြေရှင်းမည်ဟု ကတိပြုခဲ့သော်လည်း ထိုကိစ္စမှာ စိတ်ကူးယဉ်မှုသာ ဖြစ်ပြီး ဒေသအစိုးရများ၏ ဆောင်ရွက်မှုများ နွံနစ်ကြရသည်။

မြေသိမ်းယာသိမ်းကိစ္စများ ဖြေရှင်းရန် တာဝန်ပေးထားသော ကချင်ပြည်နယ်အစိုးရ၏ ဝန်ကြီးချုပ် ပါဝင်သော ဆပ်ကော်မတီမှာ လစဉ်စည်းဝေးရန် ရည်ရွယ်ခဲ့သော်လည်း လွန်ခဲ့သော မတ်လ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရချိန်မှစ၍ အစည်းအဝေး တကြိမ်သာ ခေါ်နိုင်ခဲ့သည်ဟု ဦးမြသိန်း၏ အဆိုအရ သိရသည်။

“သူတို့ ခဏခဏ အစည်းအဝေး မလုပ်နိုင်ကြဘူး။ အစိုးရထဲမှာ အလုပ်များနေကြတယ်။ တကယ်လို့ သူတို့ကိုသာ ဒီတာဝန် ပေးခဲ့တာ ဆိုရင် ဒီကိစ္စတွေ အားလုံး ပြီးအာင် သူတို့ လုပ်သင့်တယ်” ဟုလည်း ဦးမြသိန်းက ပြောသည်။

တိုးတက်မှု မရှိဘဲ ပြည်နယ်တခုလုံးတွင် လယ်သမားများ ဒုက္ခရောက်နေသည်မှာ သေချာနေသည်။
“လယ်သမားတိုင်းအတွက် အဆိုးဆုံးကိစ္စကတော့ သူတို့မှာ နိုးကြားတက်ကြွမှု မရှိတာပဲ။ ကျနော်တို့က အရင်ကတည်းက အစိုးရကို ကြောက်နေရတာ။ ပဋိပက္ခတွေကြောင့်လည်း ဘဝက ဘယ်မှာမှ မတည်ငြိမ်ဘူး” ဟု လောဘန်တန်ဂန်းက ပြောသည်။

“သူတို့ဟာ သူတို့မြေကို ချစ်ကြတယ်။ ကျနော် ဘာလုပ်ပေးရမလဲ မသိသေးဘူး” ဟု သူက ဆက်ပြောသည်။ ။

(channelnewsasia.com တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Jack Board ၏ New government ‘powerless’ to overhaul rampant land grabbing in northern Myanmar ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading