ခန္ဒာကိုယ် ပိန်ပိန်ပါးပါး၊ မျက်နှာပါးရေတွန့် နေပေမယ့် လမ်းလျှောက်ရင် အသက်အရွယ် နဲ့ မလိုက်ဖက်အောင် လူငယ်တယောက်လို အမြဲ သွက်လက်နေသူကတော့ အသက် ၆၅ နှစ်အရွယ် စေတနာဝန်ထမ်း သူနာပြု ဆရာမ ဒေါ်အက်စတာ ဖြစ်ပါတယ်။
သူဟာ လက်ရှိ တိုက်ပွဲ တွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် အညိုရောင် နယ်မြေ မုံးပေါ်ဒေသမှာ နေထိုင်ပြီး သေနတ်သံတွေ၊ ဗုံးသံတွေကြားထဲကနေ ဒဏ်ရာ ရရှိတဲ့သူတွေ ကို အသက်ကယ်ပေးတဲ့သူ တယောက် ဖြစ်သလို မူးယစ်ဆေးဝါး နွံထဲရောက်နေတဲ့ မုံးပေါ် ဒေသခံတွေကို ကူညီပေးနေတဲ့ သူတယောက်လည်း ဖြစ်ပါတယ်။
မုံးပေါ် ဒေသဆိုတာ ပန်ဆိုင်း မြို့နှင့် မူဆယ်မြို့ ကြားမှာ တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသ မှာ တပ်မတော် နဲ့ မြန်မာ မြောက်ပိုင်း မဟာမိတ် အဖွဲ့ (Northern Alliance Burma) အဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မုံးကိုး ဒေသခံ ပြည်သူ တွေ ထိခိုက်ဒဏ်ရာ ရရှိသလို သေဆုံးမှု တွေလည်း ရှိခဲ့တယ် လို့ ဒေါ်အက်စတာ က ပြောပြပါတယ်။
ဒေါ်အက်စတာက တိုက်ပွဲမှာ ဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဉ်နဲ့ မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးတာတွေ၊ စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် ရိက္ခာ ပို့ဆောင်ပေးတာတွေ လုပ်ဆောင်နေပါတယ်။
လူနာတွေကို မူဆယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရင်း လမ်းမှာ စစ်ဆေးမှုတွေ မကြာခဏ ကြုံတွေ့ခဲ့ရပြီး တိုက်ပွဲ ဖြစ်ချိန် လူနာကို ပို့ဆောင်ရတဲ့အခါမျိုးမှာ စိုးရိမ်မှုတွေ ရှိပေမယ့် ရောက်အောင် ပို့ဆောင်ခဲ့ရတာတွေ၊ လူနာပို့ဖို့အရေး လုံခြုံမှုမရှိတာတွေကို သူက ပြောပြပါတယ်။
ဒေါ်အက်စတာက “ ကျမ တရက်မှာ လူနာတင်ကားနဲ့ မုံးပေါ်က စစ်ဘေးရှောင် တွေအတွက် ရိက္ခာ သွားယူ နေချိန် လမ်းမှာ တပ်က သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တာခံရတယ်။ လူနာတင် ကားပေါ် လက်နက် ပါ၊ မပါ မေးမြန်းတယ်” လို့ သူက ပြောပါတယ်။
ဒေါ်အက်စတာဟာ သူနာပြု ဆရာမ ဘဝကနေ ပင်စင်ယူခဲ့တာ ၁၅ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဆင်းရဲ နွမ်းပါးတဲ့ မွေးလူနာတွေကို အခမဲ့ မွေးဖွားပေးနေသူ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရသူ တွေကို မူဆယ်မြို့ ပြည်သူ့ဆေးရုံကိုသာ အဓိက ပို့ဆောင်ကုသ ရကြောင်း၊ မုံးပေါ်မှာ တိုက်နယ် ဆေးရုံရှိသော်လည်း ဆေးကုသဖို့ ပစ္စည်းမပြည့်စုံသလို ဆရာမတွေလည်း မရှိဘူး လို့ ဒေါ်အက်စတာ က ပြောပါတယ်။
“တိုက်ပွဲအတွင်း မုံးကိုး ပတ်ဝန်းကျင်မှာ သေဆုံးတဲ့သူကတော့ ၃ ဦး၊ ဒဏ်ရာရရှိတဲ့သူ တွေကတော့ တော်တော်များပါတယ်။ တပ်ရော ပြည်သူတွေရော ပါပဲ” လို့ ဒေါ်အက်စတာ က ပြောပါတယ်။
ဒေါ်အက်စတာ တယောက် ဟာ တိုက်ပွဲအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရှောင် အိမ်ရှေ့ လက်နက်ကြီးကျပြီး ကလေး တယောက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို မေ့မရသလို သေဆုံးသွားတဲ့ ပြည်သူတွေ ကို သဂြိုဟ်မယ့်သူ၊ မြေမြုပ်မယ့်သူ မရှိတဲ့ အဖြစ်အပျက်ကို ပြန်လည် ပြောပြပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့က မုံးပေါ်ဒေသ၊ မိုင်ဖန်ကျေးရွာ၊ စစ်ရှောင်စခန်းမှာရှိတဲ့ အိမ်ရှေ့မှာ လက်နက်ကြီးကျကာ ကလေးငယ်တဦး သေဆုံးသွားပြီး၊ မိခင်၊ ၄ နှစ်အရွယ် ကလေးငယ် နှင့် အဘိုး ၁ ဦး ကျည်ဆန်ထိမှန်ကာ မုံးပေါ် တိုက်နယ် ဆေးရုံသို့ ရောက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ထဲမှာ စစ်ပွဲအတွင်း ဗုံး၊ ကျည်ဆန်မှန်တာကြောင့် သေဆုံးခဲ့တဲ့ ရွာခံ အလောင်းကို စောင့်ကာ သဂြိုဟ်ပေးမယ့်သူ၊ အသုဘ သွားမယ့်သူတောင် ရှိကြောင်း၊ သေနေတဲ့ ရွာခံ အလောင်းကို မြှုပ်ဖို့ ဆွဲယူခဲ့ရတာတွေ ကို သူ ကြုံတွေ့ရတာတွေ ပြန်လည် ပြောပြပါတယ်။
တိုက်ပွဲတွေ ကြားမှာ သေဆုံးသွားတဲ့ လူတွေကို ဆွဲထုတ်ဖို့ အတွက် အရမ်းခက်ခဲတဲ့အတွက် ဘယ်သူမှ မဆွဲထုတ်နိုင်ကာ ပုတ်သိုးသွားတဲ့အထိ ထားခဲ့ရတယ်လို့ ဒေါ်အက်စတာက ထပ်လောင်း ပြောပြပါတယ်။
သူက တိုက်ပွဲအတွင်း ကျည်ဆန်ထိမှန်တဲ့သူတွေကို ဒဏ်ရာ ရသွားတာနဲ့ တပြိုင်နက် နီးစပ်ရာကို အကြောင်းကြားကာ ကယ်ဆယ် စေလိုကြောင်း၊ သေဆုံးသူ အလောင်းကိုလည်း ချက်ချင်းကောက်ရန် အဓိက ပြောလိုကြောင်း နှင့် ကျည်ဆန် ဒဏ်ရာ ရသူများ အများစုမှာ သွေးလွန်ပြီး သေဆုံးသူများကြောင်းလည်း သူက ဆက်လက်ပြောပြပါတယ်။
“လူကို ကျည်ဆန် ထိသွားတဲ့အခါ လူနာကို သယ်ခွင့်မပေးတာတွေ၊ ကျည်ထိပြီး မသေသင့် သေတာတွေ ကို စိုးရိမ်တာတော့ရှိပါတယ်” လို့ သူက ဆိုပါတယ်။
သူက စစ်ဘေးရှောင် ပြည်သူတွေကို ကူညီပေးသလို အမျိုးသမီးတွေ စုပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်တဲ့နေရာမှာလည်း ဦးဆောင်ပြီး ဆောင်ရွက်နေသူ တဦးလည်း ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ ဦးဆောင်ပြုလုပ်တဲ့အတွက် အမြဲတမ်း ခြိမ်းခြောက်မှု တွေခံရသလို သူ့အိမ်ရှေ့မှာ ဗုံးတလုံးလာချိတ်တာ ကြုံခဲ့ရဖူးတယ်လို့ သူက ပြောပြပါတယ်။
“ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့နေရာမှာ ကျမ ဦးဆောင်လုပ်ခဲ့တယ်။ ကျမကို မူးယစ်ဆေးရောင်းတဲ့သူရော၊ သောက်တဲ့သူရော အမြဲတမ်း ခြိမ်းခြောက်တယ်။ အဆိုးဆုံးကတော့ ကျမ အိမ်ရှေ့ ဝင်းတံခါးမှာ ဗုံးလာချိတ်တာ ခံရတယ်။ ပေါက်ကွဲမှု မဖြစ်တာ ကံကောင်းတယ်” လို့ သူက ဆိုပါတယ်။
မုံးပေါ် ဒေသဆိုတာ ယခင်ကတည်းက ဘက်ပေါင်းစုံမှာ ဖွံ့ဖြိုးမှု အားနည်းနေတဲ့ ဒေသ တခုဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲ ဖြစ်ပွားတဲ့အခါ အခြေခံပညာကျောင်းတွေ ပိတ်ထားရပါတယ်။ တိုက်နယ်ဆေးရုံမှာလည်း ကျန်းမာရေးဝန်ထမ်း မရှိတော့သလို အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် အရမ်းကို စိုးရိမ်နေရတဲ့ ဒေသ တခု ဖြစ်နေပါတယ်။
ဒေါ်အက်စတာဟာ မုံးပေါ်ဒေသ က သူ့ဘဝ တလျှောက်လုံး တိုက်ပွဲသံတွေ၊ သေနတ်သံတွေ အမြဲ ကြားနေ ရတယ်။ မူးယစ်ဆေးဝါးတွေ စီးဆင်း ပျံ့နှံ့ရာဒေသ ဖြစ်နေတာကြောင့် ငြိမ်းချမ်းရေး မရသရွေ့ မူးယစ်ဆေးဝါးပြဿနာတွေ နောက်ထပ် ကြီးထွားလာမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် စစ်ပွဲတွေ ရပ်တန့်ကာ ငြိမ်းချမ်းရေး လိုချင်နေပြီလို့ ပြောပါတယ်။ ။