နဝမမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတားရက်စ် (Antonio Guterres) သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ တာဝန်ယူသည်။
အမေရိကန်သမ္မတ အဖြစ် အရွေးခံထားရသူ ဒေါ်နယ်ထရန့်နှင့် သူ၏ တွစ်တာသတင်းစကားများကို အာရုံစိုက်နေကြချိန်တွင် “ဤကမ္ဘာပေါ်တွင် မဖြစ်နိုင်ဆုံးသော အလုပ်”ဟု တချိန်က သတ်မှတ်ထားခဲ့သည့် ရာထူးနှင့် စပ်လျဉ်း၍မူ အာရုံစိုက်မှု မများပြားလှပေ။
ကုလသမဂ္ဂ ပထမဆုံး အတွင်းရေးမှူးချုပ် နော်ဝေမှ ထရီးဂဖ်လိုင်း (Trygve Lie) က သူရာထူးမှ နှုတ်ထွက်မည်ဟု ကြေညာပြီး ၅ လမျှ အကြာ ၁၉၅၃ ခုနှစ် ဧပြီလတွင် ကုလသမဂ္ဂ အတွင်းရေးမျူးချုပ်ရာထူးအား ဆက်ခံသူ ဆွီဒင်မှ ဒဂ်ဟမ်းမားရှိုး (Dag Hammarskjold) ကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထရီးဂဖ်လိုင်းသည် ကုလသမဂ္ဂ သမိုင်းတွင် အတွင်းရေးမှူးချုပ်ရာထူးမှ တဦးတည်းသော နုတ်ထွက်ခဲ့သူ ဖြစ်သည်။ ထရီးဂဖ်လိုင်းသည် လက်ဝဲ ဆိုဗီယက် ပြည်ထောင်စုနှင့် လက်ယာ အမေရိကမှ ထိုစဉ်က အထက်လွှတ်တော်အမတ် ဂျိုးဇက်ဖ်မက်ကာသီ (Joseph McCarthy) တို့၏ ပြင်းထန်သော ဝေဖန်တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ ရပြီးနောက်ပိုင်း ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ထရီးဂဖ်လိုင်းကို ဆက်ခံသူများကမူ ထိုရာထူးနှင့် ပတ်သက်ပြီး ကွဲပြားသော ယူဆချက်များကို ပြောကြားခဲ့ကြသည်။ သတ္တမမြောက် အတွင်းရေးမှူးချုပ် ကိုဖီအာနန် (Kofi Annan) က ထိုရာထူး သက်တမ်း ၂ ကြိမ် ထမ်းဆောင်အပြီးတွင် ကုလသမဂ္ဂ အကြီးအကဲ ရာထူးသည် “ကမ္ဘာပေါ်တွင် ကျေနပ်စရာ အကောင်းဆုံး အလုပ်ဖြစ်နိုင်သည်” ဟု ဆိုသည်။
အဋ္ဌမမြောက် အတွင်းရေးမှူးချုပ် ဘန်ကီမွန်း Ban Ki-moon ကလည်း သူ၏ ရာထူးသက်တမ်း ၂ ကြိမ် မကုန်ဆုံးမီ ရက်အနည်းငယ်အလို တွေ့ဆုံမေးမြန်းမှု တခုတွင် “မဖြစ်နိုင်သော အလုပ်ကို ဖြစ်နိုင်အောင် ပြုလုပ်ရေးမှာ သူ၏ တာဝန်ဖြစ်သည်”ဟု ယူဆကြောင်း ပြောခဲ့သည်။
ဘန်ကီမွန်း၏ ၁၀ နှစ် ရာထူးသက်တမ်းသည် ကုလသမဂ္ဂ ခေါင်းဆောင်တဦး သက်တမ်း ၂ ကြိမ်ထက် ပိုမို တာဝန်မယူသင့်ဟူသော အစဉ်အလာကို လိုက်နာခဲ့ခြင်း ဖြစ်သော်လည်း ကုလသမဂ္ဂ ပဋိညာဉ်တွင် ထိုသို့လုပ်ရန် မည်သို့မျှ ပြဋ္ဌာန်းထားခြင်း မရှိပေ။
ကုလသမဂ္ဂ၏ တတိယမြောက် အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံမှ ဦးသန့်မှာမူ ၁၀ နှစ်ထက် ရက်သတ္တပတ် အနည်းငယ် ပို၍ တာဝန်ထမ်းဆောင်ခဲ့သည်။ ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ယာယီ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ပြီးနောက် ထိုမှစ၍ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အတွင်းရေးမှူးချုပ် ဖြစ်လာကာ ထိုရာထူးတွင် စုစုပေါင်း သက်တမ်း ၁၀ နှစ်နှင့် ၇ ပတ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကျူးဘားဒုံးပျံအရေး၊ ကွန်ဂိုပြည်တွင်းစစ်၊ အရှေ့အလယ်ပိုင်းမှ အကျပ်အတည်းများနှင့် ဗီယက်နမ်စစ်တို့ အပါအဝင် ရုတ်ရုတ်သဲသဲ ဆယ်စုနှစ်တခု အပြီးတွင် ဦးသန့်သည် ထိုရာထူး၏ ဝန်ထုတ်ဝန်ပိုးများမှ ကင်းလွတ်လိုကြောင်းမှာ ထင်ရှားလှပေသည်။
ဒုတိယသက်တမ်း မကုန်ဆုံးမီ ၁ နှစ်ခန့် အလို ၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် ဦးသန့်က မည်သို့သော အခြေအနေတွင်မျှ သူသည် တတိယ သက်တမ်း တာဝန် ထမ်းဆောင်မည် မဟုတ် ဟု ကြေညာသည်။ ကုလသမဂ္ဂက သူ့အား ဆက်ခံမည့်သူ ရှာမတွေ့သေးလျှင် သက်တမ်း ကျော်လွန်ပြီး လအနည်းငယ် ဆက်လက် တာဝန်ထမ်းဆောင်မည်လား ဟု ၁၉၇၁ ခုနှစ် စက်တင်ဘာလ သတင်းစာ ရှင်းလင်းပွဲတခုတွင် မေးမြန်းသောအခါ ဦးသန့်က ပြတ်ပြတ်သားသား ငြင်းသည်။ ဒီဇင်ဘာလလယ်ပိုင်း အထိ သူ့အား ဆက်ခံမည့်သူ ရှာမတွေ့သေးသောအခါ ဦးသန့်သည် လွန်စွာစိတ်ပျက်ခဲ့သည်ဟု နောင်တွင် သူ၏ ပြန်ပြောင်းသတိရမှု View from the UN စာအုပ်တွင် ရေးသားခဲ့သည်။
ဦးသန့် ကံကောင်းသည်မှာ သူ၏ ရာထူးသက်တမ်း ကုန်ဆုံးရန် ၁၀ ရက် အလိုတွင် သြစတြီးယားမှ ကုဝါးဟိမ်း (Kurt Waldheim) ကို ကုလသမဂ္ဂ၏ စတုတ္ထမြောက် အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်နိုင်ခဲ့ကြသည်။
၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသော သူ၏ နှုတ်ဆက် မိန့်ခွန်း၌ ဦးသန့်က “အတွင်းရေးမှူးချုပ် ရာထူးတာဝန် ထမ်းပိုးကို လွှတ်ချနိုင်ခဲ့သည့်အတွက် လွတ်မြောက်မှု (Liberation) ၏ နယ်စပ်သို့ ရောက်ရှိလုနီးဖြစ်သော ကြီးစွာသော စိတ်သက်သာရာရမှုကို ခံစားရသည်”ဟု ပြောကြားခဲ့သည်။
နောင် ၂ ရက်ကြာသော အခါ နယူးယောက်တိုင်းမ် သတင်းစာက ရေးသားသော “ဦးသန့်၏ လွတ်မြောက်ခြင်း” ခေါင်းစဉ်ဖြင့် အယ်ဒီတာ့ အာဘော်၌ “ဘဝကို မြှုပ်နှံလုပ်ကိုင်သော ဤ ငြိမ်းချမ်းရေးမြတ်နိုးသူ၏ ပညာ အကြံဉာဏ်များကို သူ အငြိမ်းစား ယူပြီး နောက်ပိုင်းတွင်ပင်လျှင် ဆက်လက်လိုအပ်နေပေဦးမည်”ဟု ရေးသားခဲ့သည်။
ဦးသန့်နှင့် ပဉ္စမမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပီရူးနိုင်ငံသား ဟာဗီးယာ ပဲရက်စ် ဒီကွေးလျား (Javier Perez de Cuellar) တို့သာလျှင် တတိယ အကြိမ် သက်တမ်းအတွက် ဆက်လက် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခံကြရပြီး နှစ်ဦးစလုံးတို့က ပယ်ချခဲ့ကြသည်။
ကုဝါးဟိမ်း တဦးသည်သာလျှင် တတိယသက်တမ်း ထမ်းဆောင်နိုင်ရန် ကွယ်လွန်သူ စာရေးဆရာ စတန်လေ မီဆာ (Stanley Meiser) ၏ အသုံးအနှုန်းအရ “အရှက်မဲ့စွာ (Unashamedly)” ကြိုးပမ်းခဲ့သည်။ လုံခြုံရေးကောင်စီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၆ ကြိမ်တိတိ ဗီတိုအာဏာသုံး ပယ်ချခဲ့သဖြင့် ကုဝါးဟိမ်း၏ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။ ၁၉၆၁ နှောင်းပိုင်း အတွင်းရေးမှူးရာထူးကို မရှာဖွေ မတပ်မက်ခဲ့သော ဦးသန့်ကဲ့သို့ပင် ပီရူးနိုင်ငံမှ ပဲရက်စ် ဒီကွေးလျားသည် ကုလသမဂ္ဂ၏ ပဉ္စမမြောက် အတွင်းရေးမှူးချုပ် ရာထူးကို ရရှိခဲ့သည်။
ဦးသန့်၏ ရာထူးသက်တမ်း ကုန်ဆုံးသောအခါ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက မတ်တပ်ရပ် လက်ခုပ်တီး ဩဘာပေး ချီးကျူးဂုဏ်ပြုမှု ခံရသည်။ မတ်တပ်ရပ် ချီးကျူးဂုဏ်ပြု ခံရခြင်းကို ၎င်းတို့၏ ပြန်ပြောင်းသတိရမှု မှတ်တမ်းများတွင် မဖော်ပြကြခြင်းမှာ ဦးသန့်နှင့် ပဲရက်ဒီကွေးလျားတို့၏ နှိမ့်ချသော သဘောသဘာဝပင်တည်း။
သူတို့ကဲ့သို့ နှိမ့်ချခြင်း မရှိသော ကုဝါးဟိမ်း၊ ဆဋ္ဌမမြောက် အတွင်းရေးမှူးချုပ်နှင့် ၁၉၉၆ တွင် အမေရိကန် ဗီတိုကြောင့် တဦးတည်းသော ဒုတိယသက်တမ်း ငြင်းပယ်ခံရသူ ဘူးထရော့စ် ဘူးထရော့စ် ဂါလီ (Boutros Boutros-Ghali) တို့ကမူ ၎င်းတို့၏ မှတ်တမ်းများတွင် ထိုသို့ ဂုဏ်ပြုခံရခြင်းကို ဖော်ပြခဲ့ကြသည်။
သူ၏ View from the UN စာအုပ်တွင် ဦးသန့်က သူသည် “မျက်လုံးအစုံကို မှိတ်၍ တရားမှတ်ကာ သူ့ရာထူးဆက်ခံသူ မစ္စတာ ဝါးဟိမ်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်း တရပ်လုံး အောင်မြင်စေရေး ဆုမွန်ကောင်းတောင်း မေတ္တာပို့သပေးသည်”ဟု ရေးသားခဲ့သည်။ ဦးသန့်ကဲ့သို့ ကုလသမဂ္ဂမှ လောလောလတ်လတ် အနားယူသွားသော အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့်တကွ ကမ္ဘာ့အရေး စိတ်ဝင်စားသူများကလည်း အသစ်စက်စက် အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ကုလသမဂ္ဂကို အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းကြပေလိမ့်မည်။
(ဒေါက်တာမြင့်ဇံသည် မလေးရှား၊ ဩစတြေးလျနှင့် တောင်ပစိဖိတ် တက္ကသိုလ်များတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေအပါအဝင် ဥပဒေပညာရပ်များကို ပို့ချခဲ့သူ မြန်မာပညာရှင်ဖြစ်သည်။)