ဆောင်းပါး

ငလျင်ဒဏ်ခံ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာနိုင်မလား

Want create site? Find Free WordPress Themes and plugins.

နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိလာပြီ ဖြစ်သည့် ပုဂံဒေသ သမိုင်းအမွေအနှစ်များကို မပျောက်ပျက်စေရေး စနစ် တကျ ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးသည် များစွာလိုအပ်လာပြီ ဖြစ်သည်။

“ငလျင်လှုပ်တာကတော့ မကောင်းဘူး ဒါပေမယ့် ပုဂံအတွက်တော့ ဒီ ငလျင်က ဆိုးကျိုးထဲက ကောင်းကျိုး တခုလို့ ပြောရမယ်။ ကမ္ဘာမှာ တခုပဲရှိတဲ့ နေရာက သမိုင်းအမွေအနှစ်တွေကို နိုင်ငံသား အားလုံးက ထိန်းသိမ်းရမယ်ဆိုတာ သိသွားတာပဲ”ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံ ဌာနခွဲ) တွင် ညွှန်ကြားရေးမှူး ရာထူး နှင့် နှစ် ၄၀ ကျော် တာဝန် ထမ်းဆောင်ခဲ့သည့် ဦးအောင်ကြိုင်က ပြောသည်။

ပြီးခဲ့သည့် စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်က တကြိမ် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အတွက် အဆိုပြုလွှာ တင်သွင်းခဲ့ဖူးသည်။

သို့သော် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း နှစ်လမ်းသွား လမ်းမကြီးနှင့် ဂေါက်ကွင်း ပါဝင်မှုသည် ဆီလျော် ခြင်း မရှိသည့်အတွက် အနာဂတ်တွင် မြန်မာအစိုးရ၏ စီမံဆောင်ရွက်သွားမည့် အစီအစဉ်၊ ယဉ်ကျေးမှု အမွေအနှစ် များ စောင့်ရှောက်ရေး ဥပဒေ ပြဌာန်းရေး စသည့်အချက်များကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) က ပြန်လည် တောင်းခံခဲ့သည်။

ယင်းတောင်းခံချက်များကို မြန်မာစစ်အစိုးရ လက်ထက်က ထပ်မံတင်ပြနိုင်ခြင်း မရှိခဲ့ပေ။

စစ်အစိုးရ လက်ထက်က အကောင်အထည် မဖော်နိုင်ခဲ့သည့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရန် အစီအစဉ်ကို ဦးသိန်းစိန် အစိုးရ တာဝန်ယူထားသည့် ၅ နှစ်အတွင်း အဆိုပြုလွှာ အသစ် တင်သွင်းရန် ဆက်လက် ကြိုးစားခဲ့သော် လည်း မလုပ်ဆောင်နိုင်ခဲ့ပေ။

ယခု NLD အစိုးရသစ် လက်ထက်တွင် မအောင်မြင်သေးသည့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ဆက်လက်ကြိုးစား နေဆဲ အချိန်တွင် ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် သြဂုတ်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆိုတင်သွင်းမည့် အချိန်သည် အနည်းငယ် ပိုမို ကြန့်ကြာ နိုင်သော်လည်း ငလျင်ကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး လမ်းကြောင်းပေါ်ကို ရောက်ရှိရန် ပိုပြီး တွန်းအား ဖြစ်စေခဲ့ကြောင်း ပညာရှင်များက ပြောဆိုကြသည်။

အကယ်၍သာ ငလျင်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသကို အစိုးရဘက်က အကောင်းမွန်ဆုံး စီမံခန့်ခွဲနိုင်ကြောင်း ပြသ နိုင်လျှင် ယင်းအချက်သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် အကောင်းဆုံး ဥပမာ တခုအနေနှင့် များစွာ အထောက်အကူ ပေးလာနိုင်မည် ဖြစ်ကြောင်း UNESCO မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒေါ်ဥမ္မာမျိုးကလည်း ပြောကြား သည်။

“လက်ရှိ ပုဂံမှာ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် တဖက်မှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ တွန်းအားဖြစ်စေ ပါ တယ်။ ကျမတို့ သက်ဆိုင်ရာ အစိုးရနဲ့ ပါဝင်ပတ်သက်တဲ့ သူတွေ အကုန်လုံးက ဘယ်လို တာဝန်သိသိနဲ့ အမွေအနှစ် တွေကို အတက်နိုင်ဆုံး မပျောက်မပျက်ရအောင် ထိန်းသိမ်းစီမံခန့်ခွဲ နိုင်သလဲ ဆိုတာကို သေချာပြနိုင်လို့ ရှိရင် ဒီဟာကလည်း ကမ္ဘာ့အမွေအနှှစ် ရရှိရေးမှာ အထောက်အကူတခု ဖြစ်စေပါတယ်”ဟု ဒေါ်ဥမ္မာမျိုးက ဆိုသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် ဝင်ဖြစ်ရေး ဒုတိယအကြိမ်မြောက် အစီရင်ခံစာ တင်သွင်းရန် မြန်မာ အစိုးရ ကြိုးစား နေဆဲ အချိန်တွင် ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးတခု လှုပ်ခတ်မှုကြောင့် အနှစ် ၄၀ ကျော် အတွင်း ပုဂံဘုရားများ ငလျင်ကြောင့် ထပ်မံ ပြိုကျပျက်စီးခဲ့ရသည်။

“ငလျင်လှုပ်တုန်းက ကျနော်တို့ ရှိတယ်။ ဘုရားကြီးက ခါပြီး ဖှုန်တွေ တထောင်းထောင်းထသွားတာ မြင်လိုက်ရတော့ ကျနော်တို့ ကြည့်နေရင်း မျက်ရည်ပါ ကျရတယ်။ ဒီဘုရားမြေမှာမွေး ဒီမှာ ကြီးခဲ့ကြတာဆိုတော့ ကျနော်တို့ နှလုံးသား ကို ကိုင်လှုပ်လိုက်သလိုပါပဲ”ဟု ထီးလိုမင်းလို ဘုရားရင်ပြင် အပြင်ဘက်တွင် ယွန်းထည်ဆိုင် ဖွင့်လှစ်ရောင်းချ နေ သည့် အသက် ၇၀ ကျော် အရွယ် ဦးလုံးက ပြောပြသည်။

ယင်းငလျင်ကြောင့် သမိုင်းတန်ဖိုး၊ ဗိသုကာ တန်ဖိုး များစွာရှိသော စူဠာမဏိဘုရား၊ ထီးလို မင်းလိုဘုရား၊ ဓမ္မရံကြီး၊ လောက နန္ဒာ၊ မြစေတီ၊ အာနန္ဒာ၊ ပြဿဒ်ကြီး၊ တရုတ်ပြေး၊ ရွှေဆံတော်၊ သဗ္ဗေညု၊ ငါးမျက်နှာ၊ ရွှေစေတီ၊ ရွှေစည်းခုံ၊ မနူဟာ စသည့် ထင်ရှားသော ဘုရား ပုထိုးများ အပါအဝင် ပုဂံဘုရားပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့ရကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

ကမ္ဘာတွင် တနေရာတည်းသာ ရှိနေသည့် ပုဂံဒေသရှိ ဘုရားပုထိုး၊ အဆောက်အအုံများသည် သက်တမ်း နှစ်ပေါင်း ၇၀၀ မှ နှစ်ပေါင်း ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

ဗိသုကာ အနုလက်ရာ၊ ယဉ်ကျေးမှု လက်ရာ၊ နံရံဆေးရေး ပန်းချီလက်ရာ များစွာ ရှိနေသည့် ထိုသမိုင်းအမွေအနှစ် များကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနိုင်ရေးသည် ပညာရှင်များအတွက်လည်း စိန်ခေါ်မှုတခု ဖြစ်နေသည်။

“သမိုင်းတန်ဖိုး၊ ဗိသုကာ တန်ဖိုး ကြီးမားလှတဲ့ ပုထိုးတော်ကြီးများထဲမှာ သဗ္ဗေညုဘုရားကြီးဟာ ဒီအတိုင်း ကြည့်လိုက် ရင် တစုံတရာ ပြိုကျမှု၊ ပျက်စီးမှု၊ ထိခိုက်မှု မတွေ့ရပါဘူး။ ဒါပေမယ့်လည်းပဲ ဂျပန်၊ တရုတ်၊ ထိုင်း၊ ကိုရီးယား စတဲ့ ပညာရှင်များနဲ့ ကျနော်တို့ အသေးစိတ် လေ့လာပါတယ်။ ဒရုန်းတွေနဲ့ အကုန်လေ့လာပါတယ်။ အသံသွင်းလွှတ်တဲ့ စနစ်နဲ့ လေ့လာပါတယ်။ X Rayနဲ့ အုတ်တွေကို ရိုက်ပါတယ်။ အဲဒီအခါမှာ မည်သည့် ပဲ့တင်သံမှ ပြန်မလာတာကို တွေ့ရပါတယ်”ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကို က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သဗ္ဗေညုဘုရားကြီး၏ အနေအထားသည် စိုးရိမ်ရသည့်အတွက် ဘုရားကြီး ပြုပြင်နိုင်ရေး ပြည်တွင်း၊ ပြည်ပ ပညာရှင် များက တဆင့်ခြင်း ထပ်မံ စစ်ဆေးခြင်းဖြင့် အဆင့်ဆင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ပုဂံဒေသသည် ၄၂ စတုရန်းမိုင် ကျယ်ဝန်းပြီး ထိုဧရိယာအတွင်း ရှေးဟောင်းဘုရားစေတီပေါင်း ၁၇၄၅ ဆူ၊ အုတ်တိုက် (ဘုန်းတော်ကြီးကျောင်း) ၄၃၂ ကျောင်း၊ အုတ်လိုင်ဂူစသည့် သာသနိက အဆောက်အအုံ ၅၄ လုံးနှင့် အုတ်ကုန်း ပေါင်း ၈၉၂ ကုန်း တည်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ငလျင်ကြောင့် ပုဂံဘုရားပုထိုးများနှင့် အဆောက်အအုံများ ပြိုကျပျက်စီးမှု အဖြစ်အပျက်သည် ယခု တကြိမ်တည်း မဟုတ်ပါ။

၁၉၇၅ ခုနှစ် ဇူလိုင် ၈ ရက်ကလည်း ယခု ငလျင်ထက် အင်အားပိုနည်းသည့် ၆ ဒသမ ၅ ပြင်းအား အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ကြောင့် သမိုင်းလက်ရာ ဘုရားပုထိုး ထပ်ဝက်ခန့် ပျက်စီးခဲ့ရဖူးသည်။

ပြိုကျပျက်စီးသွားသည့် ဘုရားပုထိုးအများစုကို န.ဝ.တ၊ န.အ.ဖ စစ်အစိုးရများ လက်ထက်တွင် ပြန်လည် ပြုပြင်ခဲ့ကြ သည်။

ပြုပြင်ရာတွင်လည်း အများစုုသည် သမိုင်းလက်ရာ မပျောက်ပျက်စေရန် ပြုပြင်ထိန်းသိမ်းခြင်းထက် ခေတ်သစ်လက်ရာ ပုံစံဖြင့် ပြန်လည် ပြုပြင်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်မှုတွင် ပြိုပျက်မှု အများဆုံး ဖြစ်သည့် ဘုရားပုထိုးများသည် ယခင်စစ်အစိုးရ လက်ထက် တွင် ကန်ထရိုက်ပေး လုပ်ဆောင်ခဲ့သည့် ဘုရားပုထိုးစေတီ အများစု ပါဝင်နေကြောင်း သိရသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာနမှ အင်ဂျင်နီယာများက တိုက်ရိုက်ဆောင်ရွက်ခွင့် မရရှိခဲ့သည့် ဘုရားပုထိုးများ ရှိခဲ့ပြီး ယင်းဘုရားပုထိုးများကို နီးစပ်ရာ ကန်ထရိုက်ပေး၍ တည်ဆောက်မှုများ ရှိခဲ့ကြောင်း၊ ယခုပျက်စီးမှုများတွင် ကန် ထရိုက်ပေး မလုပ်ဆောင်သင့်တော့ကြောင်း လက်ရှိတွင် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Bagan Heritage Trust) ၏ ဥက္ကဌ တာဝန်ယူထားသူလည်း ဖြစ်သည့် ဦးအောင်ကြိုင်က ပြောသည်။

“ဘုရားတွေ ပြုပြင်ရာမှာ ကန်ထရိုက်ပေးပြီး လုပ်ငန်းမအပ်သင့်တော့ဘူး။ ရှေးဟောင်းသုတေသန ဦးစီးဌာနက အင်ဂျင်နီယာတွေကို ဆောင်ရွက်ခွင့်မပေးဘဲ ကန်ထရိုက်တွေကို ပေးခဲ့တော့ ယဉ်ကျေးမှု လက်ရာတွေလည်း ပျောက် တယ်။ အဲဒီဘုရားတွေကလည်း မိုးအဆက်မပြတ် ရွာတာနဲ့ ပြိုကျတာတွေ ဖြစ်တယ်”ဟု လက်ရှိတွင် ပုဂံ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Bagan Heritage Trust) ၏ ဥက္ကဌ တာဝန်ယူထားသူ ဦးအောင်ကြိုင်က ဆိုသည်။

သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုရားပုထိုးများစွာနှင့် အဆောက်အအုံများကို နည်းမျိုး စုံ ဖြင့် ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြသော်လည်း ပုဂံဘုရားများစွာတွင် သမိုင်းလက်ရာများ၊ ယဉ်ကျေးမှု လက်ရာများနှင့် နံရံဆေးရေး ပန်းချီလက်ရာများ ကျန်ရှိနေသေးသည်။

UNESCO အဖွဲ့သည် ယခုဆိုလျှင် ငလျင်ကြောင့် ပျက်စီးသွားသည့် ဘုရားများ ပြုပြင်ရေးနှင့် ကမ္ဘာ့အမွေအနှစ် ဝင်ရေး စသည့် အဓိက လုပ်ငန်းကြီး နှစ်ခုကို တပြိုင်တည်း ကူညီနေသည်။

ငလျင်မဖြစ်ခင်က ကမ္ဘာ့အမွေအနှစ် ဝင်ဖြစ်ရေးအတွက် ပုဂံဒေသကို အဆိုပြုလွှာ တင်သွင်းနိုင်ရေး၊ စီမံခန့်ခွဲရေး အပိုင်း များကို စနစ်တကျ လုပ်ကိုင်နိုင်ရေး လုပ်ငန်းများတွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်း ဆောင်ရွက် မှုများ ရှိနေခဲ့ခြင်း ဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး အတွက် အစိုးရအနေနှင့် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် အဆိုပြုလွှာအကြမ်း တင်သွင်းနိုင်ရန် ရည်ရွယ်ထားပြီး အချောသတ် အဆိုပြုလွှာကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တင်သွင်းရန် စီစဉ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ပြောကြားသည်။

အစိုးရဘက်က ဦးစွာဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုအစီအစဉ် (Management Plan) နှင့် ဘက်စုံ လွှမ်းခြုံသော စီမံ ခန့်ခွဲမှု အစီအစဉ်(Master Plan)တို့ ရေးဆွဲနေဆဲ အချိန်တွင် ရုတ်တရတ် ဖြစ်ပေါ်ခဲ့သည့် ငလျင်ကြောင့်် နောက်ဆက် တွဲ စီမံခန့်ခွဲမှုကိုပါ ပူးတွဲ ဆောင်ရွက်နေရကြောင်းလည်း ဆိုသည်။

ပုဂံဘုရားများ ပြုပြင်ရာတွင် အရေးတကြီး ထိန်းသိမ်းနိုင်ရန် ပထမအဆင့် ပြုပြင်သင့်သည့် ဘုရားပုထိုး ၃၆ ဆူ၊ ဒုတိယအဆင့် ပြုပြင်သင့်သည့် ဘုရားပုထိုး ၅၃ ဆူနှင့် တတိယ အဆင့် ပြုပြင်ရန် အဆူပေါင်း ၃၀၀ ကို ခွဲခြားထားပြီး ပြည်တွင်း၊ ပြည်ပ ပညာရှင် အဖွဲ့နှင့် ရှေးမူမပျက် ပြင်ဆင်သင့်သည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာနေကြောင်း သိရသည်။

ထိုသို့ ငလျင်ကြောင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးရခြင်း အတွက် နိုင်ငံတဝန်းရှိ ပြည်သူများကလည်း နှမြောတသ ဖြစ်ခဲ့ကြရသည်။

ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့သည်များကို စနစ်တကျ ရှင်းလင်းနိုင်ရေးတွင် လူငယ်များစုပေါင်း လုပ်အားပေး ကူညီ ခဲ့ကြခြင်းများရှိခဲ့သလို လုပ်အား မလှူဒါန်းနိုင်သူများကလည်း ပုဂံဘုရားများ ပြုပြင်နိုင်ရန် အလှူငွေ ထည့်ဝင်မှုများ လည်း ပြုလုပ်ခဲ့ကြသည်။

နေပြည်တော်၊ ရန်ကုန် နှင့် ညောင်ဦးတို့တွင် အလှူငွေလက်ခံသည့် နေရာ ၄ ခု ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ရရှိထားသည့် အလှူငွေပေါင်းသည် ကျပ် သန်း ၄၆၀၀ ကျော်နှင့် ဒေါ်လာ ၉၀၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တွင် ဝန်ကြီး သူရဦးအောင်ကိုက ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံကလည်း ဒေါ်လာ ၁ သန်း ထောက်ပံ့ရန် ရှိကြောင်း သိရသည်။

“ပုဂံနဲ့ ပတ်သက်လို့ကတော့ အခုချိန်ထိ အများပြည်သူ ပါဝင်လှူဒါန်းထားတဲ့ ငွေတွေ အများကြီး ရှိပါတယ်။ အဲဒါတွေ နဲ့လည်း ပုဂံဒေသ ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော် အစိုးရ အနေ နဲ့ ကလည်း ဘတ်ဂျက်ကတော့ အများကြီးလိုလိမ့်မယ်လို့ ကျမ မထင်ပါဘူးရှင့်”ဟု UNESCO အဖွဲ့၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် ဒေါ်ဥမ္မာမျိုးကလည်း ပြောကြားသည်။

ပုဂံဒေသခံများ အနေနှင့် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးတွင် ပါဝင်လိုမှုများ ရှိသော်လည်း လက်ရှိ အသားကျနေပြီ ဖြစ်သော နေရာထိုင်ခင်း အခြေအနေမှ ပြောင်းရွှေ့မှုများ ရှိလာမည်ကို စိုးရိမ်မှုရှိနေကြသည်။

“ကျမတို့ ငယ်ငယ်ကတည်းက ဘုရားငယ် ဘုရားကြားတွေမှာ ပြေးလွှားကစားခဲ့ရတာဆိုတော့ ပုဂံနဲ့ ကျမတို့ဟာ တသားတည်းလို ဖြစ်နေပြီ။ ငလျင်လှုပ်တုန်းကလဲ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ဒီလက်ရာတွေ မပျောက်အောင် ဒေသခံတွေပါ ထိန်းသိမ်းရေးမှာ ပါဝင်ရမယ်ဆို ကောင်းတာပေါ့”ဟု ရွှေငါး ယွန်းထည်ဆိုင်မှ ဒေါ်မေက ဆိုသည်။

စိုးမင်းကြီး ဘုရားဘေးတွင် အအေးဆိုင် ဖွင့်ထားသည့် ကိုမင်းမင်း ကလည်း“UNESCO အဖွဲ့ဆိုတာကို ကျနော်တို့ သဘောမကျဘူး။ သူတို့လာရင် ကျနော်တို့ အိမ်တွေကို ပြောင်းပေးရမယ်လို့ ကြားတယ်။ ကျနော်တို့ မြို့ဟောင်းကနေ မြို့သစ်ကို ပြောင်းတာ အခု အနှစ် ၂၀ ကျော်လာပြီ မြို့သစ်မှာ အသားကျနေပြီ။ ထပ်မပြောင်းချင်တော့ဘူး”ဟု ပြောဆိုသည်။

ဒေသခံအများစုသည် ဘုရားပုထိုးများကို အမှီပြုပြီး ဆေးရေး ပန်းချီများ၊ ပန်းပုလက်ရာများ၊ ယွန်းထည်များ၊ ပုဂံဒေသ ထွက်ကုန်များကို ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်း ဖြစ်သည်။

ပုဂံဒေသကို ဒေသခံများ၏ ထိန်းသိမ်းစောင့်ရှောက်မှုနှင့်သာ စီမံခန့်ခွဲသွားရမည် ဆိုသည့် UNESCO ၏ သတ်မှတ် ချက်များကို ဒေသခံများက ရှင်းရှင်းလင်းလင်း မသိရသည့် အတွက်ကြောင့်လည်း ဖြစ်သလို ဒေသခံများ၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုသည် ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ် ပြုခံရမည့် အခြေအနေနှင့် ဆက်စပ်နေ ကြောင်းကို ဒေသခံများအနေနှင့် အမှန်တကယ် မသိရှိကြသေးခြင်းလည်း ဖြစ်သည်။

“ဒေသခံတွေရဲ့ လက်ရှိ အနေအထားကို ဘာမှ ပြောင်းရွှေ့မှာ မဟုတ်ပါဘူး။ ပုဂံဒေသ ဖွံ့ဖြိုးရေးအတွက် Master plan ကို မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းက ဦးဆောင်ရေးဆွဲနေပါတယ်။ လိုအပ်တဲ့ မြေပုံတွေ အထောက် အထားတွေ စုဆောင်းနေပါတယ်။ ဒါတွေ ပြီးသွားရင် ပြည်သူတွေကို ချပြသွားဖို့ ရှိတယ်။ ပြည်သူတွေရဲ့ သဘောထား အပေါ် မူတည်ပြီး ပြင်ဆင်မှု အပိုင်းတွေလည်း လုပ်ဖို့ ရှိပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

လက်ရှိအချိန်အထိ ဒေသခံများကို အသိပညာပေး ရှင်းလင်းခြင်း မလုပ်ဆောင်နိုင်သေးကြောင်း၊ မကြာမီ ဒေသခံများ အတွက် အသိပညာပေး ရှင်းလင်းပွဲများ လုပ်ဆောင်သွားရန် အစီအစဉ်များ ရှိနေပြီ ဖြစ်ကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံ ဗိသုကာ ပညာရှင် အသင်းက ဦးဆောင် ရေးဆွဲနေသည့် ဘက်စုံလွှမ်းခြုံသည့် စီမံကိန်းတွင် လယ်ယာမြေ များ ပြုပြင်သုံးစွဲမှု၊ ဟိုတယ်များ စီမံခန့်ခွဲမှု၊ မြို့သစ်များ အကောင်အထည်ဖော်ခြင်း၊ မြို့ရွာများတွင် ရေစီးရေလာ ကောင်း မွန်မှု အခြေအနေ စသည့် အချက်များစွာကို ဘက်ပေါင်းစုံ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ထိုသို့ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး လုပ်ဆောင်ရာတွင် ငလျင်ကြောင့် ပေါ်ပေါက်လာသည့် အခြေ အနေ အရပ်ရပ်ကို တွန်းအားတခု အနေနှင့် ပြောင်းလဲရန် အစိုးရ၏ စီမံခန့်ခွဲမှု အပိုင်းသည် အရေးကြီးသလို ဒေသခံ ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးလာပြီ ဖြစ်ကြောင်း တွေ့မြင် သိရှိရပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading