“ဆရာမ လူနာရှော့(က်)ရနေပြီ။ ဆေလိုင်းဒရစ်ပုလင်း အမြန်ယူလာပါ။ အိုင်ဗီသွင်းရမယ်။ ခုတင်ခြေရင်းကို မြှင့်နေတယ်” လို့ ပြောခဲ့တာဟာ ၁၉၈၈ ဧပြီလကဖြစ်ခဲ့ပေမယ့် အခုထိပြန်သတိရနေမိပါတယ်။ မြောက်ဥက္ကလာပဆေးရုံကြီး အမျိုးသမီးခွဲစိတ်ဆောင်က နန့်ခီလာရဲ့ ခုတင်ခြေရင်းကနေ သူနာပြု ဆရာမလေးကို လှမ်းပြောလိုက်တာပါ။ ကျနော့်အလုပ်သင်ဆရာဝန်ဘဝရဲ့ ပထမဆုံး တာဝန်ကျတဲ့ည ဖြစ်ပါတယ်။
နန့်ခီလာဟာ ဝမ်းဗိုက်တီဘီရောဂါကြောင့် အစားမစားနိုင်တဲ့အပြင် ပျို့အန်နေရတဲ့အတွက် အင်မ တန်ပိန်ချုံး နေမကောင်းဖြစ်နေတဲ့ အသက် ၁၈ နှစ်သမီးတယောက်ပါ။ အူသိမ်အူမတွေရဲ့ အမြှေးပါးတွေဟာ တီဘီရောဂါပိုးကြောင့် ရောင်ရင်း အရွတ်ဖြစ်လာတာကြောင့် ခွဲစိတ်ဖို့ လိုပေမယ့် တီဘီရောဂါပိုးကို ပထမထိန်းနိုင်ဖို့ ကုသမှုတွေ ပေးနေရတဲ့အချိန်ပါ။
အာဟာရနဲ့ ရေတွေကို အူလမ်းကြောင်းက မစုပ်ယူနိုင်တာကြောင့် နှာခေါင်းနဲ့ သွေးကြောတွေကနေ အာဟာရနဲ့ ဓာတ်ဆားရည်တွေကို ထည့်ပေးရပါတယ်။ တခြား ရောဂါပိုးတွေကလည်း လိုအပ်လို့ထည့် ထားရတဲ့ ဆီးပြွန်ပိုက်က တဆင့်ဝင်လာတတ်ပါတယ်။ အကြောင်းကြောင်းကြောင့် မကြာခဏ သွေးပေါင်ကျပြီး ရှော့(က်)ရတတ်ပါတယ်။ အချိန်မှီ မကုသနိုင်ရင် အသက်ဆုံးနိုင်တာကို သိတဲ့အတွက် အင်မတန် ဂရုစိုက်ရပါတယ်။ မိသားစုက ချို့တဲ့ပေမယ့် နန့်ခီလာကို အတတ်နိုုင်ဆုံး ပြုစုစောင့်ရှောက်နေတာကို သတိပြုမိပါတယ်။
မြောက်ဥက္ကလာပဆေးရုံကြီးဟာ ဝင်ငွေနည်းဒေသခံတွေ အားထားရတဲ့ အဆင့်မြင့်ဆေးရုံကြီး ဖြစ်ပါတယ်။ ပြည်သူ့ဆေးရုံဖြစ်လို့ လိုအပ်တဲ့ဆေးဝါးတွေကို အခမဲ့ပေးရမှာဖြစ်ပေမယ့် မပေးနိုင်တဲ့ဆေးဝါး ပစ္စည်းတွေကို လူနာမိသားစုတွေက ဝယ်ယူရပါတယ်။ မပြည့်စုံတဲ့ဘဝတွေမှာ ဆေးရုံတက်ရတဲ့အထိ ကျန်းမာရေး ချို့တဲ့လာရင် မိသားစုတခုလုံးရဲ့ စားဝတ်နေရေးကို ထိခိုက်လာနိုင်တာကို တွေ့ခဲ့ရပါတယ်။ နန့်ခီလာကို ဆေးရုံမှာ လာစောင့်နေရတာကြောင့် မိသားစုဝင်တချို့တွေ အလုပ်မသွားနိုင်လို့ ဝင်ငွေနည်းလာတာတင်မကပဲ ဆေးကို အပြင်ဆေးဆိုင်တွေက ဝယ်ရတဲ့အခါ အခက်အခဲရှိတာကို သိခဲ့ရပါတယ်။
တနေ့မှာ နန့်ခီလာ ဆီးပိုက်ကတဆင့်ဝင်တဲ့ပိုးကြောင့် အဖျားတက်တာကို ကုဖို့ ပေးရမယ့်ထိုး ဆေးကို ကျနော် ဆေးမှတ်တမ်းမှာ ရေးနေတုန်း သူနာပြုဆရာမက ဆေးရုံမှာ ဆေးမရှိလို့ နန့်ခီလာရဲ့ အမေကို ဆေးရုံရှေ့က ဆေးဆိုင်မှာ တရုပ်ပြည်ကလာတဲ့ဆေးကို သွားဝယ်ဖို့ ပြောနေတာကို ကြားလိုက်ရပါတယ်။ ဆေးက ဈေးသက်သာပေမယ့် နန့်ခီလာ အမေရဲ့ မျက်နှာမကောင်းတာ တွေ့လိုက်ရလို့ ဆရာမကို သူ တတ်နိုင်ရဲ့လား မေးကြည့်တော့ သိပ်မလွယ်ဘူးဆရာရယ်၊ ဆေးရုံမှာကြာပြီဆိုတော့ အခက်အခဲတွေ များရှာတယ်လို့ ကိုယ်ချင်းစာစွာနဲ့ ပြောပါတယ်။
အဲဒါနဲ့ ဆရာမကို ကျနော်ဝယ်ပေးပါရစေလို့ ပြောပြီး ကျနော့်ဂျူတီကုတ်ထဲက ပိုက်ဆံထုတ်ပေးလိုက်ပါတယ်။ ဆရာမက ၅ ကျပ်ကျမယ်လို့ ပြောပါတယ် (အဲဒီအချိန်က မုန့်ဟင်းခါးအကျော်နဲ့ တပွဲက ၁ ကျပ်ပါ)။ နန့်ခီလာ အမေကသိသွားတော့ ဆရာမပေးပါနဲ့ ကျမ ရအောင်ရှာပါမယ်၊ ဆရာက ဂရုတစိုက် ကုပေးနေတာကို ကျေးဇူးတင် မဆုံးပါလို့ ပြောပါတယ်။ ကျနော်က အမိုးရယ် ကျနော် ကုသိုလ်ပြုပါရစေ လို့ ပြောလိုက်တော့ သူ လက်ခံလိုက်ပါတယ်။ ဥစ္စာမပြည့်စုံပေမယ့် သိက္ခာနဲ့ မေတ္တာပြည့်စုံတဲ့ မိသားစုကို လေးစားမိပါတယ်။
ဒီအတွေ့အကြုံရဲ့ သင်ခန်းစာတခုကတော့ ကျနော်တို့ ဘယ်လောက်လုပ်နိုင်နိုင် ဆေးမရှိရင်၊ ပံ့ပိုးနိုင်တဲ့ ကျန်းမာရေးစနစ် မရှိရင် ပြည်သူတွေအတွက် ထိရောက်မှု မရှိနိုင်တာပါပဲ။ ကျနော်တို့ အလုပ်သင် ဆရာဝန်တချို့ လခထဲက ပိုက်ဆံစုပြီး မတတ်နိုင်တဲ့လူနာတွေအတွက် အခမဲ့ ဆေးဘီရိုတခု တည်ထောင် ဖြစ်လိုက်ပါတယ်။ နန့်ခီလာလို လူနာတွေနဲ့ မိသားစုတွေအတွက်ပါ။ လိုအပ်ချက်နဲ့ ယှဉ်လိုက်ရင် ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲရှိပေမယ့် အုပ်တချပ် သဲတပွင့်အဖြစ် ကြိုးစားခဲ့တာပါ။
ဇွန်လတနေ့ကျနော် ဆေးရုံအဝင်မှာ လုံခြုံရေးဝန်ထမ်းတယောက်က ဆရာ နန့်ခီလာလေး ညကဆုံးသွားပြီလို့ ဝမ်းနည်းစွာ ပြောလာပါတယ်။ ကျနော့်တာဝန်က အမျိုးသားခွဲစိပ်ဆောင်မှာ ဖြစ်နေပေမယ့် အမျိုးသမီးဆောင်ကိုသွားပြီး သတင်းမေးမိတော့ နန့်ခီလာလေးမဆုံးခင်မှာ ဆရာ့နာမည်ကိုခေါ် ပြီး စေတနာကောင်းတဲ့ လူနာတွေကို ဂရုစိုက်တဲ့ဆရာလေးလို့ ပြောသွားတယ်ဆိုပြီး သူနာပြုတွေရော လူနာစောင့်တွေကပါ ကျနော့်ကိုမြင်တော့ နန့်ခီလာလေးကို သတိရစွာနဲ့ မျက်ရည်ကျပြီး ပြောပြကြတာကို ဝမ်းနည်းစွာနဲ့ နားထောင်ခဲ့ရပါတယ်။
ကျနော့် အမြင်မှာတော့ ကျနော်တို့ဟာ ကျေးဇူးရှင်တွေ မဟုတ်တာတင်မက နန့်ခီလာလိုလူနာတွေကို တာဝန်မကျေခဲ့တဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်တယ်လို့ စိတ်ထိခိုက် ရင်နာစွာနဲ့ အမှတ်ရမိခဲ့ပါတယ်။ ခွဲစိတ်ကုသရတာကို အင်မတန်ဝါသနာပါ နှစ်ချိုက်မိပေမယ့် ခွဲစိတ်ဆရာဝန်တယောက်အနေနဲ့ မလုပ်နိုင်တဲ့ ကျန်းမာရေးစနစ်ရဲ့ လိုအပ်ချက်တွေကို ပိုမြင်လာခဲ့ပါတယ်။ ထူးအိမ်သင်ရဲ့ “ဆင်းရဲလွန်းတဲ့ဘဝတွေ တကယ်ပဲ ချူချာနေရှာတယ်၊ လူတွေအကုန် ကျန်းမာရေးအတွက် ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်” သီချင်းလေးနဲ့ ဒေါက်တာငွေစိုးရဲ့ “သုံးခွက်တခွက်တင်” ကဗျာတွေကိုလည်း သတိရနေမိပါတယ်။
၁၉၈၈-၈၉ မှာ လှုပ်ရှားကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေအရ မြန်မာပြည် ကျန်းမာရေးစနစ် မြှင့်တင်နိုင် ရေးကို ပိုမို စိတ်ဝင်စားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ပြည်ပကို ထွက်ခွာခဲ့ရချိန်မှာ လူနာကုသရေးထက် ကျန်းမာရေးစနစ်မြှင့်တင်ရေးကို ဦးစားပေးလေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆရာဝန်တယောက်အနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စီးပွားရေးပညာ၊ ကိန်းဂဏန်းပညာ၊ အုုပ်ချုပ်ရေးပညာ တွေကို လေ့လာရတာက ဆေးပညာ ဆက်လက်လေ့လာရတာထက် ပိုခက်ပေမယ့် လိုအပ်တယ်ထင်တဲ့ အခက်လမ်းပညာတွေကိုု ကိုယ့်ဒူးကိုယ်ချွန်ရင်း ရုန်းကန်လေ့လာခဲ့ပါတယ်။
မြန်မာပြည်ပြန်ပြီး ကျေးလက် ပြည်နယ်တွေမှာ ကျန်းမာရေးစနစ် မြှင့်တင်နိုင်ရေးမှာ တတပ်တအား ထိထိရောက်ရောက် ပါဝင် ပေါင်းကူးနိုင်အောင် ကြိုးစားခဲ့တာပါ။ ပြည်ပမှာ အခက်အခဲတွေများလာတဲ့ အခါ ကျနော့်အတွက် ပိုလွယ်တဲ့ ဝင်ငွေပိုရတဲ့ ကုသမှုကို ပြောင်းလဲလေ့လာချင်စိတ်တွေဝင်လာခဲ့ရင် နန့်ခီလာနဲ့တကွ မြောက်မြားတဲ့ အခက်အခဲပေါင်းစုံကို အံကြိတ်ကျော်ဖြတ်ခဲ့တဲ့သူတွေရဲ့ မျက်နှာတွေကို ပြန်မြင်မိပြီး လျှောက်လှမ်းနေတဲ့လမ်းကို နောက်မဆုတ်တမ်း ဆက်လျှောက်ခဲ့ပါတယ်။
ကျနော့်ကို လူဖြစ်လာအောင် မွေးဖွားသွန်သင်ပေးလိုုက်တဲ့ မြန်မာပြည်ကို ပြန်မလာနိုင်သေးတဲ့အချိန်မှာ ပြည်ပမှာ ပညာနဲ့ အတွေ့အကြုံကို အတတ်နိုင်ဆုံး ကြိုးစားရှာဖွေရင်း အာရှတိုက် အာဖရိကတိုက် ဥရောပတိုက် တောင်အမေရိကတိုက် မြောက်အမေရိကတိုက်တို့က နိုင်ငံ တော်တော်များများမှာ အလုပ်လုပ်ခဲ့ရင်း ဝမ်းစာဝင်ငွေ ရယူနေခဲ့ရပါတယ်။ သတိထားမိတာကတော့ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတိုင်းမှာ နန့်ခီလာလို ပြည်သူတွေ အများကြီးရှိနေတာပါပဲ။ နိုင်ငံတိုင်းမှာ ကျန်းမာရေးစနစ် မြှင့်တင်ရေးဟာ အင်မတန် အရေးကြီးတဲ့ လိုအပ်ချက်တခုဖြစ်တာကို ပိုရှင်းလင်းစွာ မြင်လာပါတယ်။
ကျန်းမာရေးစနစ်နဲ့ပတ်သက်တဲ့ ကျနော်လျှောက်ချင်တဲ့လမ်း ကျနော်လျှောက်နေတဲ့လမ်းကို ရောက်အောင် လမ်းပြပံ့ပိုးခဲ့တဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေထဲမှာ နန့်ခီလာ တယောက်ဟာ အင်မတန် အရေးပါခဲ့တဲ့သူတယောက် ဖြစ်ပါတယ်။ ကျနော် နန့်ခီလာနဲ့မိသားစုကို အင်မတန် ကျေးဇူး တင်မိပါတယ်။ ကျနော့်ကို ကျေးဇူးတင်တယ်လို့ မဆုံးခင်က ပြောခဲ့တဲ့ နန့်ခီလာကို ကျနော် အထူး ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။ ကျေးဇူးဆပ်တဲ့အနေနဲ့လည်း ပြည်သူပြည်သားတွေအတွက် ကျန်းမာရေး စနစ်ကောင်းမွန်လာအောင် အားလုံးနဲ့လက်တွဲပြီး အတတ်နိုင်ဆုံး ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုပါတယ်။
တာဗလု ဒိုမလောပါ (ကျေးဇူးအများကြီးတင်ပါတယ်) နန့်ခီလာ။
(ဒေါက်တာ မြတ်ထူးရာဇတ်သည် အာရှနှင့် အာဖရိကအတွင်း HIV/AIDS ဆိုင်ရာ သုတေသနလုပ်ငန်း၊ ကုသ အကူအညီပေးခြင်းနှင့် ကျန်းမာရေးလုပ်သားများ အရည်အချင်းမြှင့်တင်ပေးသော နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဆရာဝန်တဦးဖြစ်သည်။ ၂၀ဝ၉ မှစ၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး လုပ်ကိုင်လျက်ရှိသည်။)