ဆောင်းပါး

မလေးရောက် မြန်မာများ လုံခြုံမှု ကင်းမဲ့နေပြီလား

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာတန်းအရပ်၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားတချို့ အလုပ်မှ အိမ် ပြန်ချိန်တွင် လူတစုက လမ်းထိပ်နှစ်ဘက်အား ပိတ်ဆို့၍ ဓားများဖြင့် အကြမ်းဖက် တိုက်ခိုက်ကြရာ မြန်မာ ၄ ဦး ထို နေရာ ၌ပင် ပွဲချင်းပြီး သေဆုံးမှု မကြာသေးခင်က ဖြစ်ပွားခဲ့သည်။

ထိုအကြမ်းဖက်မှုကြောင့် လူ ၃ ဦး အတွင်းလူနာအဖြစ် ဆေးရုံ တင်ခဲ့ရပြီး တဦးသည် ထိုနေ့၌ပင် ထပ်မံ သေဆုံးခဲ့ရသည်။ ၎င်းတို့အား တိုက်ခိုက်သည့် အချိန်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီကျော် အချိန် ဖြစ်သည်။

ညအချိန် ဖြစ်ခြင်း၊ မျက်နှာဖုံးစွပ်ထားခြင်းတို့ကြောင့် အကြမ်းဖက်သမားများသည် မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေး ဟု မလေးရှား အာဏာပိုင်များ က ပြောဆိုထားသည်။

သို့သော် သံသယရှိသူ လူ ၁၅ ဦးအား ဖမ်းဆီး စစ်ဆေးနေကြောင်း၊ မလေးရှား ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း၊ တရားခံ အစစ် ဟုတ်မဟုတ် မသိရသေးပေ။

မလေးရှား အာဏာပိုင်များသည် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်နိုင်ရန် ကြိုးပမ်းအားထုတ်နေသည်ဟု အ မှုနှင့် ပတ်သက်၍ ဘာသာပြန် လုပ်ပေးနေသူ၊ သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) မှ ဦးသီဟ မောင်မောင် က ပြောသည်။

ဦးသီဟမောင်မောင်က “ဒီအမှုကို အမှုမှန်ပေါ်ပေါက်ဖို့ မြန်မာသံရုံးကလည်းပဲ မလေးရှား အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက်နေပါတယ်၊ အခင်းဖြစ်တဲ့ အရပ်က ရဲတပ်ဖွဲ့တွေကလည်းပဲ ဒီတခါတော့ အတော်ကြီး အားစိုက် လုပ်နေတာ တွေ့ရ ပါ တယ်၊ ကျနော်က ဘာသာပြန် တောက်လျှောက် လုပ်ပေးနေတော့ မြင်တဲ့အတိုင်း ပြောပြတာပါ”ဟု ဆိုသည်။

မလေးရှား၏ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ကလည်း တရားခံများအား အမြန်ဆုံး ဖော်ထုတ်နိုင်ရေး အတွက် လုပ်ဆောင် ပေးမည်ဟု ကတိပေးထား၍ တရားခံ အစစ်မှန် ပေါ်ပေါက်မည်ဟု ယုံကြည်ကြောင်းလည်း ဦးသီဟမောင်မောင် က ပြော သည်။

မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများသည် ၂၀၁၂- ၂၀၁၃ ခုနှစ် မှစတင်၍ မကြာခဏ အ ကြမ်းဖက် ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယနေ့ အထိ သေဆုံးသူ ဦးရေသည် လူ ၇၀ နှင့် ၈၀ ကြား ရှိကြောင်း မလေးရှိ မြန်မာ လူမှုအဖွဲ့များ က ပြောဆိုသည်။

သို့သော် လူသတ်မှု အများစု၏ တရားခံ အစစ်အမှန်အား ဖော်ထုတ်နိုင်ခြင်း မရှိဟုလည်း မလေးရောက် မြန်မာများ က ဆိုသည်။

မလေးရှားနယ်စပ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခု၌ လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ၄ ဦးသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလက ပြန်ပေးဆွဲခံရပြီးနောက် အသတ်ခံခဲ့ရသေးသည်။

ထိုအမှု၏ လူသတ်တရားခံ များကိုလည်း ယနေ့ အထိ ဖမ်းဆီး ဖော်ထုတ်နိုင်ခြင်း မရှိသေးဟု ပီနန်း အရပ်ရှိ ဒါနကုသလ နာရေးကူညီမှု အသင်းမှ ကိုရဲ က ပြောသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လတွင်လည်း ပီနန်းအရပ်တွင် ဓားမြတိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ ၃ ဦး အသတ်ခံခဲ့ရသည်။ ထို့အတူ ဆာလာရန်း အရပ်တွင်လည်း ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသား ၉ ဦး အသတ် ခံခဲ့ရသည်။ တဦးချင်း၊ နှစ်ဦးချင်း အသတ်ခံရသည့် အမှု အများအပြားလည်း ရှိခဲ့သည်။

အကြမ်းဖက် တိုက်ခိုက်မှု၊ လူသတ်မှုများအား အုပ်စုဖွဲ့ ကျူးလွန်နေကြသော်လည်း တရားခံ အစစ်အမှန်ကို ဖော်ထုတ်နိုင်မှု မရှိခြင်းကပင် မလေးရှားရောက် မြန်မာများ၏ လုံခြုံရေးအတွက် အာမခံချက် ကင်းမဲ့သကဲ့သို့ ဖြစ်နေသည်။

မြန်မာများသည် လုပ်ငန်းခွင်၌ ဖြစ်စေ၊ မိမိတို့နေထိုင်ရာ နေအိမ်တွင် ဖြစ်စေ ကျီးလန့်စာစား ဘဝဖြင့် နေထိုင်နေကြ ရ ကြောင်း၊ မလေးရှားနိုင်ငံသည်လည်း မြန်မာနိုင်ငံသားများ အတွက် မနေသင့်၊ မနေအပ်သော အရပ်ဒေသ တခုကဲ့သို့ ဖြစ် လာနေကြောင်း မလေးရောက် မြန်မာများ က ပြောဆိုကြသည်။

မလေးရှား၌ ယခုအခါ လုံခြုံရေး စိတ်မချရသည့် အပြင် အလုပ်အကိုင်ရှားပါးလာနေပြီး ကုန်ဈေးနှုန်းများလည်း တက်နေ ကြောင်း၊ ထို့ကြောင့် တချို့သည် မိခင်နိုင်ငံသို့ ပြန်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

မလေးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အပါအဝင် မလေးရှားနိုင်ငံ၏ စီးပွားရေး ကျဆင်းနေမှု၊ ကုန်ဈေးနှုန်း မြင့်မားနေခြင်းတို့ကြောင့် မလေးရှားသို့ လာရန် ပြင်ဆင်နေသည့် မြန်မာများအနေဖြင့် မလာသင့်ကြောင်း ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှု အသင်း ဥက္ကဌ ဦးဆန်းဝင်း က ပြောသည်။

၎င်းက “မလေးရှားကို လာမယ့်အစား ဂျပန်တို့ ကိုးရီးယားတို့ကို သွားလုပ်စေချင်တယ်၊ လစာလည်း ပိုရမယ်၊ လုံခြုံရေးအ တွက်လည်း စိတ်ချရတယ်၊ အစိုးရ အနေနဲ့လည်းပဲ ၁၉၉၃-၉၄ တို့တုန်းကလိုမျိုး အဲဒီနိုင်ငံတွေကို စေလွှတ်ပေးတာ မျိုးတွေ ကို ကိုယ့်နိုင်ငံသားတွေ အတွက် လုပ်ပေးစေချင်တယ်”ဟုလည်း ဆိုသည်။

အကယ်၍ မလေးရှားသို့ သွားရောက် အလုပ်လုပ်ရန် ငွေကြေး အကုန်ခံ၍ ပြင်ဆင်ပြီးနေပြီ ဆိုပါကလည်း ရွှေ့ဆိုင်းလို့ ရပါ က အချိန် အတိုင်းအတာ တခုအထိ ရွှေ့ဆိုင်းထားခြင်းသည် မြန်မာများအတွက် အကောင်းဆုံး ဖြစ်မည်ဟု မလေးရောက် မြန်မာများ က ပြောဆိုကြသည်။

ဦးသီဟမောင်မောင်ကလည်း “ကျနော့် အမြင်အရ ပြောရမယ်ဆိုရင် လက်ရှိ နိုင်ငံရေး အခြေအနေ မတည်ငြိမ်တဲ့ အချိန် မျိုးမှာ လုံး၀ မလာသင့်ပါဘူး၊ ဖြစ်နိုင်ရင်တော့ မလာပါနဲ့ဦးလို့ ကျနော်ကတော့ တိုက်တွန်းချင်ပါတယ်”ဟု ပြောသည်။

မလေးရှားရောက် မြန်မာများအနေဖြင့် ညအချိန်မတော် အပြင်မထွက်ကြရန်၊ သွားလာရာတွင်လည်း တဦးတည်း မသွားဘဲ အုပ်စုဖွဲ့ သွားလာရန် သတိပေးမှုများ လုပ်ဆောင်ထားသည်။

ထို့အတူ မြန်မာသံရုံးသို့ အကြောင်း ကိစ္စတခုခုဖြင့် လာရောက်ရာတွင် အမြန်ဆုံး အဆင်ပြေစေရေး အတွက်လည်း သံရုံး က ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက သတ်ဖြတ်ခံရသည့် မြန်မာနိုင်ငံသားများ၏ အမှုသည် လူမျိုးရေး၊ ဘာသာရေးနှင့် တိုက်ရိုက် ဆက် စပ်မှု မရှိဟု ပြောဆိုမှုများလည်း ရှိသည်။

သေဆုံးသွားသူများ အလုပ်လုပ်နေသည့် စက်ရုံ၌ ပစ္စည်းပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းပစ္စည်း ခိုးယူသူများကို သေ ဆုံးရာတွင် ပါဝင်သူတချို့က မြင်တွေ့လိုက်ရသည့်အတွက် ၎င်းတို့အား နှုတ်ပိတ်လိုသည့် သဘောဖြင့် သတ်ဖြတ်လိုက် ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

သေဆုံးသူများသည် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ လူငယ်များဖြစ်ပြီး ဇေယျာအောင်၊ မျိုးနိုင်ဦး၊ မိုး တက်ဦး၊ ထွန်းထွန်း၊ မိုးကျော် စသည်တို့ဖြစ်သည်။

၎င်းတို့၏ ရုပ်အလောင်းများကို မြန်မာ သံရုံးမှ ဦးဆောင်၍ ဇန်နဝါရီလ ၁၈ ရက်နေ့က သဂြီၤုဟ်ခဲ့သည်။

ဒါနကုသလ အဖွဲ့မှ ကိုရဲ က “အမှု တခုနဲ့ တခုရဲ့ ဖြစ်ရပ်တွေက မတူတော့ ဘာကြောင့် အသတ်ခံရတယ်ဆိုတာက ပြောဖို့ ခက်ပါတယ်၊ ဘာပဲဖြစ်ဖြစ် သတိထား သွားလာနေထိုင်တာတော့ အကောင်းဆုံးပါ၊ မလေးရှားကိုလာဖို့ ပြင်နေသူတွေ ရှိ ရင် လည်းပဲ ကိုယ့်နိုင်ငံမှာပဲ အလုပ်လုပ်ကြစေချင်တယ်၊ ဖြစ်နိုင်ရင်တော့ မလာစေချင်ဘူး”ဟု ပြောဆိုသည်။

မကြာခဏ ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် မလေးရှားရောက် မြန်မာအများစုသည် ထိတ် လန့်နေကြဆဲ ဖြစ်သည်ဟု မလေးရောက် မြန်မာများ က ပြောသည်။

ဦးဆန်းဝင်းက “အခုသတ်သွားတဲ့ လူတွေကလည်း ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မဖော်ထုတ်နိုင်သေးတော့ အားလုံး ကတော့ ကြောက်လန့်နေဆဲပါပဲ၊ သတိထားသွားလာ နေထိုင်ကြဖို့ အတွက်လည်းပဲ သံရုံးက အသိပေးနေတယ်”ဟု ပြော ဆိုသည်။

လူမှုရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသူများ ပင်လျှင် ညဘက်တွင် အရေးကိစ္စ ပေါ်ပေါက်ပါကလည်း လုံခြုံရေး စိတ်မချ၍ မသွားကြတော့ဘဲ မိုးလင်းမှသာ လုပ်ကိုင် ဆောင်ရွက်နေရကြောင်းလည်း ဦးဆန်းဝင်း က ပြောသည်။

မလေးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် ဖြစ်ရပ်များကြောင့် မလေးရှားသို့ အလုပ်သမား စေလွှတ်မည့် အစီအစဉ်ကိုလည်း မြန် မာ အစိုးရ က ၂၀၁၆ ခုနှစ် ဒီဇင်လမှ စတင်၍ ပိတ်ထားခဲ့သည်။

ထို့သို့ လုပ်ဆောင်ရခြင်းသည် မိမိနိုင်ငံသားများ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး အခြေအနေ တည် ငြိမ်သွားပါက ပုံမှန်အတိုင်း ပြန်လည် ခွင့်ပြုပေးသွားမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင် က ပြောသည်။

မြန်မာနိုင်ငံမှ မလေးရှားသို့ ပို့ဆောင်ပေးနေသည့် လူဦးရေသည် ယခင်ထက် ထက်ဝက်ခန့် ကျဆင်းသွားကြောင်း မ လေးရှား သို့ အလုပ်သမားများ စေလွှတ်ပေးနေသည့် လူထိပ်မိုး အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ မန်နေဂျင်း ဒါ ရိုက်တာ ဦးကျော်ဇင် က ပြောပြသည်။

၎င်းက “အစိုးရ ပိတ်ထားကတည်းက အလုပ်သမားစေလွှတ်တာ လျော့ကျသွားတာပါ၊ အရင်က တလ ၄၀၀၀ လောက် ပုံမှန် ရှိတာ၊ အခုဆိုရင် ၂၀၀၀ လောက်ပဲ ရှိတော့တာပေါ့၊ အသစ်တွေ ချမပေးတော့တဲ့အတွက် လာမယ့်လဆိုရင်တော့ လုံး၀ ပြတ်သွားမယ့် အနေအထား ရှိပါတယ်”ဟုလည်း ဆိုသည်။

မလေးရှားသို့ သွားရောက် လုပ်ကိုင်ရန် ပြင်ဆင်နေသူ တချို့သည်လည်း မလေးရှားတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု များအပေါ် စိုးရိမ်သည့် အတွက် ခရီးစဉ် ဖျက်သိမ်းသူများရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ အလုပ်သမား စေလွှတ်သည့် အေဂျင်စီပေါင်း ၂၆၀ ကျော်ရှိသည့်အနက် ၁၀၀ ဝန်းကျင်သည် မလေး ရှားနိုင်ငံသို့ ပို့ဆောင်ပေးသည့် အေဂျင်စီများ ဖြစ်သည်။

မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာနိုင်ငံသား ၂ သိန်း ဝန်းကျင်ရှိကြောင်း အလုပ်သမား ဦးစီးဌာန က ပြောသည်။

တရားမဝင် တသိန်းကျော် ရှိကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading