ရန်ကုန်မြို့မြောက်ဘက်ရှိ အခန်းတခုတည်းသာရှိသော တဲအိမ်တခုတွင် အသက်အရွယ် အလယ်အလတ် အမျိုးသမီးတဦးတွင် ငွေနှင့်ဆန်မရှိဘဲ ကလေးများကလည်း ဆာလောင်ကြောင်း ပူဆာနေသည်။ ထိုသို့သော ညနေခင်းများအတွက် သူမမှာ နည်းလမ်းတခုသာ ရှိသည်။
“ကျမကတော့ သူတို့ကို ရေပိုသောက်ဖို့ ပြောပြီး အိပ်ခိုင်းထားတယ်၊ ကျမယောင်္ကျားပြန်လာလို့ ငွေပါလာရင် ကျမတို့ ထမင်းစားကြတယ်” ဟု မိခင်ဖြစ်သူ ဒေါ်လွင်အေးက ပြောသည်။
မြန်မာနိုင်ငံ၏အကြီးဆုံးမြို့သည် ဘဝကို သင့်တင့်ရုံမျှဖြင့် နေကြရသူအများအပြား၏ နေထိုင်ရာနေရာ ဖြစ်နေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော် အလုပ်သမားမိသားစုများ နေ့တိုင်းနီးပါး ရင်ဆိုင်နေကြရသည့် အခက်အခဲများမှာ အစိုးရနှင့် မူဝါဒချမှတ်သူများ အနေဖြင့် ဖြေရှင်းရတော့မည်ဖြစ်ကြောင်း ပြသနေသည်ဟု မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတစောင်အရ သိရသည်။
ရန်ကုန်တွင် လွန်စွာ နိမ့်ကျသောဝင်ငွေဖြင့် နေထိုင်ရသောဘဝမှာ ငွေကြေးအကျပ်အတည်းများ၊ ကျန်းမာရေးပြဿနာများနှင့် စိတ်ဖိစီးမှုများနှင့် ပုံမှန်တိုက်ပွဲဝင်နေရခြင်းပင်ဖြစ်သည်ဟု ထိုအစီရင်ခံစာက တွေ့ရှိခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်မှ တဲငယ်တခုတွင် နေထိုင်ကြသော မိသားစုအတွက် သံဘူးခွံများသည် သင့်တင့်ရုံမျှသော ဘ၀ ကိုပေးသည်။
Save the Children နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ကောက်ယူခဲ့သည့် အကြွေးများပေါ်မှဘဝများ၊ ရန်ကုန်တွင် အလွန်အမင်း ဆင်းရဲနွမ်းပါးခြင်း – Lives on Loan, Extreme Poverty in Yangon အမည်ရှိစစ်တမ်းတွင် သုတေသီများသည် ရန်ကုန်မြို့နယ် ၃ ခုမှ အဆင်းရဲဆုံးသောအလွှာအချို့မှ မိသားစု ၃၀၀ မျှ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၅ နှစ်အတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီတွင် တွေ့ဆုံမေးမြန်းခဲ့သည့် ဈေးသည်များ၊ အစားအစာရောင်းချသူများ၊ ကျပန်းလုပ်သားများ၊ ဆိုက်ကားဆရာများနှင့် စက်ရုံလုပ်သားများသည် စီးပွားရေးမြို့တော် သို့သွားရောက်ရန် အကြီးအကျယ် အားထုတ်ကြရသည်။
ဒေါ်တင်တင်လွင်သည် ဘတ်စ်ကား ၃ ဆင့်ဝေးသောနေရာတခုတွင် ထမင်းရောင်းရန် များသောအားဖြင့် နံနက် ၂ နာရီတွင် အိပ်ရာမှ ထရပြီး ထိုမှဝင်ငွေ တနေ့ ၃၀၀၀ ကျပ်ရရှိသည်။
ယခင်က မြန်မာသံစုံတီးဝိုင်းမှ ဂီတသမား ကိုမင်းဇင်သည် သူ၏ကြီးမားလာသော မိသားစုကို ပံ့ပိုးရန်နှင့် အကြွေးများပေး ဆပ်ရန်အတွက် ပုံမှန်ဝင်ငွေရလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ရန်ကင်းမြို့နယ်ရှိ လမ်းများပေါ်တွင် တနေ့ဝင်ငွေ ၅၀၀၀ ကျပ်မျှနှင့် အသုပ်ရောင်းရန် သူ၏ဂီတဘဝကို စွန့်လွှတ်လိုက်ရသည်။
မြောက်ဥက္ကလာပမြို့နယ်မှ တဲငယ်တခု၏လှေခါးထစ်များပေါ်တွင် နာမကျန်းသောအဖွားအိုသည် လူ ၄ ဦးရှိသည့် သူမ၏ မိသားစု ဘူးခွံပုလင်းခွံ စီးပွားရေးကို ကူညီရန် ထောင်နှင့်ချီသောဘီယာဘူးခွံများကို အပတ်စဉ် ဆေးကြောကာ စုပုံထား ရသည်။ သို့သော် သူမ၏အားထုတ်မှုအတွက် အကျိုးမခံစားရဟု အစီရင်ခံစာက ဖော်ပြသည်။
မလုံလောက်သောဝင်ငွေ
ရန်ကုန်မှ တဲအိမ်အများအပြားသည် အရေးပေါ်အခြေအနေအတွက် လူသားချင်းစာနာမှုအဖွဲ့များက ချမှတ်ထားသည့် အနိမ့်ဆုံးစံနှုန်းများနှင့်ပင် ကိုက်ညီခြင်းမရှိပေ။
သစ်၊ ဝါး၊ ပလတ်စတစ်၊ သံပြားတို့နှင့် ပေါင်းစပ်တည်ဆောက်ထားသော တဲအိမ်များတွင် မိသားစုများသည် လူတဦးလျှင် တနေ့တထောင်ကျပ်မျှနှင့် ရှင်သန်ရန် ကြိုးစားနေကြရပြီး ကမ္ဘာ့ဘဏ်၏အလွန်အကျွံ ဆင်းရဲနွမ်းပါးမှုနှုန်း တနေ့ ၁.၉၀ ဒေါ် လာအောက်များစွာ နိမ့်ကျနေသည်။
မိသားစုများ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ လူတဦးတနေ့လျှင် အစားအစာအတွက် ၇၅၀ ကျပ်မျှသာ သုံးကြရသည်ဟု မြောက်ဥက္ကလာပ၊ ရွှေပြည်သာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ ဆင်းရဲသောရပ်ကွက်များမှ တွေ့ရှိချက်တွင် ဖော်ပြသည်။
မိသားစုအနည်းငယ်မှာ ရှင်သန်ရန် အစားအစာအတွက် ရပ်ကွက်ဘုန်းကြီးကျောင်းများကို မှီခိုနေကြရသည်။ အခြားမိသားစု အများစုမှာ ၎င်းတို့ခွဲဝေစားသုံးရသော အစားအစာပမာဏနှင့် အရည်အသွေးကို လျှော့ချနေကြရသည်။
အနည်းငယ်မျှသော ဝင်ငွေဖြင့် အစားအစာ၊ အိမ်လခ၊ သွားလာစရိတ်နှင့် ကလေးကျောင်းစရိတ်ကဲ့သို့သော အခြားကုန်ကျ စရိတ်များကို ပေးရန် မဖြစ်နိုင်သောကြောင့် မိသားစုအများစုမှာ အမျိုးမျိုးသော ငွေချေးသူများနှင့် အပေါင်ဆိုင်များထံသို့ တလှည့်စီ ပြေးနေကြရသည်။
ငွေချေးသူများက ထုံးစံအားဖြင့် ကာလတိုအတွက် အတိုးနှုန်းကို ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ယူကြသောကြောင့် အကြွေးမှာ အလျင်အမြန် တိုးပွားနေကာ အကြွေးပိသည့်အနေအထားအထိ ရောက်နေသည်။
ကလေး ၃ ဦးကို တယောက်တည်းတာဝန်ယူနေရသော မိခင်၊ အကြီးအကျယ် အကြွေးပိနေသော ကျပန်းအလုပ်သမ မအေးအေးမေက မမျှော်လင့်ဘဲ ထီပေါက်သည့်ငွေ ၈၀၀၀ ကျပ်ကို မည်သို့သုံးခဲ့သည်ကို ပြန်ပြောပြသည်။
ပထမဆုံး ၃၀၀၀ ကျပ်ကို ကုန်စုံဆိုင်သို့အကြွေးဆပ်ရပြီး နောက် ၂၀၀၀ ကျပ်ကို အခြားငွေတိုးချေးစားသူသို့ဆပ်ရသည်။ အိမ်သုံးပစ္စည်း ၂ ခုပြန်ရရန်အပေါင်ဆိုင်နှစ်ခုကို ၈၀၀ ကျပ်စီပေးရပြီး ၅၀၀ ကျပ်ကိးဘုရားပန်းနှင့် အချိုရည်ဝယ်ရန် ချန် ထားရသည်။ ကျန် ၁၄၀၀ ကျပ်မှာ မိသားစု၏ ထိုနေ့အတွက် စားစရိတ်ဖြစ်သည်။
“ကျမက အရမ်းတုန်လှုပ်ပြီး ပျော်လည်း ပျော်တယ်” ဟု မအေးအေးမေက သူမသည် လွန်ခဲ့သော ရက်သတ္တပတ်များစွာက အကြွေးရှင်အများအပြားကို တချက်တည်းနှင့် ကျေနပ်အောင် လုပ်ပေးခဲ့သော ရှားရှားပါးပါးနေ့အကြောင်း သုတေသီ များအား ပြောပြခဲ့သည်။
“လူတွေက သူတို့မှာ အကြွေး ဘယ်လောက်တင်နေပြီလဲဆိုတာ စဉ်းစားရမှာ ကြောက်ကြတယ်။ အကြွေးလာတောင်းတဲ့သူ လာမှာကို ကြောက်ကြောက်နဲ့ စောင့်နေကြရတာ” ဟု ထိုအစီရင်ခံစာကို ပြုစုသူ မြို့ပြဆင်းရဲနွမ်းပါးမှု ကျွမ်းကျင်သူ Mike Slingsby က ပြောသည်။
နည်းပါးလှသော ဝင်ငွေကြောင့် ဘဝမှာ ဆက်တိုက်ဆိုသလို အကျပ်အတည်းများကို စီမံခန့်ခွဲနေရပြီး “လူတွေအတွက် တရက်စာထက် ပိုပြီး စဉ်းစားဖို့တောင် ခက်ခဲနေပြီ” ဟု သူ ဆက်ပြောသည်။
ကလေးသူငယ်နှင့် ကျန်းမာရေး
ရန်ကုန်မြို့စွန်မှ ပြုပြင်ထားခြင်းမရှိသော ရေကန်များသည် မကြာခဏဆိုသလို အချို့ရပ်ကွက်များအတွက် တခုတည်း သော သောက်သုံးရေရင်းမြစ်ဖြစ်သည်။ ကလေူငယ်များသည် ရေခပ်ခြင်းဖြင့် မိသားစုအတွက် ဝင်ငွေရနိုင်သည်။
ငွေ၏ဖိအားပေးခံရသောကြောင့် မိသားစုများသည် ၎င်းတို့၏ကလေးများကို ကျောင်းကြာကြာမထားနိုင်ကြပေ။ ၁၁ နှစ်ခန့် အထိငယ်သော ကလေးများသည် ညီငယ်ညီမငယ်များကို စောင့်ရှောက်ရန်အိမ်တွင် နေကြရသကဲ့သို့ ရေခပ်ခြင်း၊ ထင်းခွေခြင်းစသည့် ကျပန်းအလုပ်များမှ ငွေအနည်းငယ်ရရန် လုပ်ကိုင်ကြရသည်ဟု စစ်တမ်းက တွေ့ရှိခဲ့သည်။
ကျန်သူများမှာ စက်ရုံငယ်များ၊ ကျပန်းအလုပ်များ လုပ်ရင်း မိသားစုအတွက် ဝင်ငွေရှာကြရသည်။
စိတ်ဖိစီးစရာ ဘဝအခြေအနေများက အဆင်းရဲဆုံးသူများသည် ကျန်းမာရေးအခြေအနေဆိုးရွားကာ ဆေးကုသမှု မတတ်နိုင်ဆုံးသူများဖြစ်နိုင်ကြောင်းလည်း ထိုအစီရင်ခံစာက ထောက်ပြခဲ့သည်။
နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် တီဘီရောဂါများသည် ဝင်ငွေနည်းသူများသာ အချိုးအစားမမျှတစွာ ခံစားရသည့်ရောဂါများ ဖြစ်သည်။
ရေနှင့် သန့်ရှင်းရေးဝန်ဆောင်မှု မရှိသော ကျူးကျော်ရပ်ကွက်များတွင် လူဦးရေ သိပ်သည်းလာခြင်းသည် အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းရောဂါများ ဖြစ်ပွားမှုနှင့်အတူ အလွန်နိမ့်ကျသော ကျန်းမာရေးအခြေအနေကို ဖြစ်စေသည်။
လူနာအများအပြား၏ ကျန်းမာရေးပြဿနာများသည် အာဟာရချို့တဲ့မှုမှစတင်သည်ဟု မြို့တော်မြောက်ပိုင်းရှိ ရပ်ကွက်ဆေးခန်းမှ ဒေါက်တာ ရည်ဝင်းဦးက သုတေသီများအား ပြောသည်။
မည်သို့ ကူညီမည်နည်း
ကြီးမားကျယ်ပြန့်လာသော ရန်ကုန်သည် ကိုယ်ပိုင်ကားများ၊ ဈေးဝယ်စင်တာများ၊ ဇိမ်ခံပစ္စည်းသုံး လူနေမှုပုံစံများဖြင့် ၎င်း ၏ကြွယ်ဝချမ်းသာမှုကို ပြသလာသောကြောင့် ထိုမြို့တော်သည် ဆင်းရဲသောကျေးလက်ဒေသများမှ ရွှေ့ပြောင်းလုပ်သား များကို ဆွဲဆောင်နေဆဲဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။
အမျိုးသားအဆင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးသည် တောနေဆင်းရဲသားများကို အထူးအလေးထားသည်ဆိုသော်လည်း မြို့ပြအခြေအနေကင်းမဲ့မှု တုန်လှုပ်စရာမြင့်မားလာခြင်းသည် ထိုမူဝါဒကို ပြန်လည်ချိန်ညှိရန် လိုကြောင်း ပြသနေသည်။
လက်ရှိကိန်းဂဏန်များကို လေ့လာမှုအသစ်များအရ ရန်ကုန်၏ဆင်းရဲနွမ်းပါးမှုနှုန်းသည် တနိုင်ငံလုံးအဆင့် ၃၇.၅ ရာခိုင် နှုန်းအောက် အနည်းငယ်သာနိမ့်သော ၃၄ ရာခိုင်နှုန်းရှိနေကြောင်း အချက်အလက်များက ပြသနေသည်ဟု ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်က ဆိုသည်။
လွန်စွာ ခက်ခဲသောအခြေအနေတွင် နေထိုင်ရသည့် မြို့နေဆင်းရဲသားများသည် မူဝါဒချမှတ်သူများ၏ ပိုမိုအာရုံစိုက်မှုနှင့် ထိုက်တန်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော ကြီးမားသော အကူအညီများကိုလည်း ခွဲဝေရသင့်ကြောင်း အကြွေးများ ဖြင့်နေထိုင်ခြင်း စစ်တမ်း၏တွေ့ရှိချက်များသည် ထပ်မံ သက်သေပြနေသည်။
“အခုပြဿနာရဲ့အတိုင်းအတာကို ပိုသိလာပြီဆိုတော့၊ အရေးယူဆောင်ရွက်ရမယ်။ မြို့ပြဆင်းရဲနွမ်းပါးမှု ပိုကိုင်တွယ်ဖို့ အစိုးရနဲ့ လူမှုအခြေပြုအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒီအစီရင်ခံစာက တွန်းအားပေးမယ်လို့ မျှော်လင့်ပါတယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒေါက်တာတိုးအောင်က ပြောသည်။
ဤအစီရင်ခံစာသည် တုန်လှုပ်စရာကောင်းသော်လည်း အချိန်အခါနှင့် ကိုက်ညီသည်ဟု Save the Children မှ Katy Webley က ပြောသည်။
လူသန်းပေါင်းများစွာတို့သည် ဆိုးရွားလှသော ဆင်းရဲသားရပ်ကွက်တွင် နေထိုင်နေကြရသည့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာကဲ့သို့သော အခြားအာရှမြို့ကြီးများနှင့် အလားတူသော ကံကြမ္မာကို ရှောင်ရှားရန်အတွက် ရင်းနှီးမြှုုပ်နှံမှုပြုလုပ်ရန် အတိမ်းအစောင်းမခံသောအမှတ်သို့ ရန်ကုန်ရောက်ရှိနေသည်ဟုလည်း သူမက ပြောသည်။
ကောင်းမွန်သော ကျေးလက်စီးပွားရေး၊ တည်ငြိမ်သော နိုင်ငံရေးအခြေအနေတွင် ပိုမိုကောင်မွန်များပြားသော ကြီးထွားနေသည့် စက်မှုအခြေခံတခုတည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးတို့သည် မြန်မာနိုင်ငံ၏ကြီးမားလှသော ဆင်းရဲနွမ်းပါးခြင်း စိန်ခေါ်မှုအတွက် ရေရှည်ဖြေရှင်းချက်ဖြစ်နိုင်သည်။ သို့သော် ယခုအချိန်တွင် ရန်ကုန်၏ ဤအရေးအပါဆုံးသောပြဿနာကို ချိန်ရွယ်ဟန့်တားမှုများပြုလုပ်ရန် လိုအပ်နေကြောင်း ထင်ရှားသည်ဟု အစီရင်ခံစာက ဆိုသည်။
“အခြေခံကျတဲ့ မေးခွန်းကတော့ ဒီမိသားစုတွေဆီကို ဝင်ငွေ၊ ပုံမှန်ဝင်ငွေ ဘယ်လို ပိုမိုရလာမလဲ။ လက်ရှိကြွေးနွံနစ်နေတာကို ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ” ဟု Slingsby က ပြောသည်။
ကျွမ်းကျင်မှုမဲ့ အလုပ်သမားများနှင့် ကိုက်ညီသော ဝန်ဆောင်မှုများ၊ လူငယ်များအတွက် လုပ်ငန်းပြင်ပ အလုပ်သင်အစီအစဉ်များ၊ အုပ်စုလိုက် ငွေစုဆောင်းမှုအစီအစဉ်များနှင့် ကလေးများကို ကျောင်းဆက်ထားစေရန် မိသားစုများကို အထောက်အကူပြုသော ချိန်ကိုက်အသေးစားငွေကြေးလွှဲပြောင်းမှုများတို့သည် မိသားစုများကို အလွန်အမင်း ဆင်းရဲ နွမ်းပါးမှုမခံစားရစေရန် အထောက်အကူပြုနိုင်သည်ဟုလည်း သူ ဆက်ပြောသည်။
ကလေးငယ်များအတွက် အာဟာရအထောက်အပံ့သည် ၎င်းတို့အတွက် တသက်တာကောင်းမွန်သော ကျန်းမာရေးနှင့် အနာဂတ်အလားအလာဖြစ်စေသည်ဟု Save the Children အဖွဲ့က ထိုအစီရင်ခံစာတွင် ဖော်ပြသည်။ ထိုအစီရင်ခံစာသည် ရုန်းကန်နေရသော အသိုင်းအဝိုင်းများကို အကူအညီဖြစ်စေနိုင်သော အခြားအစီအစဉ်များကိုလည်း ဖော်ပြထားသည်။
မြောက်ဥက္ကလာပမှ သူ၏နေအိမ်မှာ ရွှံ့အိုင်ဘက်သို့ ယိမ်းထိုးနေသဖြင့် အိမ်ကို ဝါးခြမ်းနှင့် ကျားကန်နေစဉ် သုတေသီတို့ နှင့်တွေ့ဆုံခဲ့သော ဆိုက်ကားဆရာ ကိုအောင်နိုင်ကမူ သူ၏အခြေအနေများကို ညည်းညူနေခြင်း မရှိပေ။
၎င်းတို့ထက် အနည်းငယ်မျှ အခြေအနေကောင်းသော အသင့်ပျဉ်ထောင်အိမ်များမှ မိသားစုများနှင့် လမ်းတဖက်တွင် ကျူး ကျော်အဖြစ်နေရသော ရပ်ကွက်တွင် ဘဝသည် အဆင်ပြေသည်ဟု သူ ပြောသည်။
“အကြွေးက လည်ပင်းရောက်နေပြီ”ဟု အားရပါရပြုံးပြီး ပြောသည်။ သူနှင့်အတူ အိမ်ကူပြင်ရန် အလုပ်နားပြီး အကူအညီပေးနေသော သူ၏ဆိုက်ကားဆရာ သူငယ်ချင်းကလည်း ထိုအပြုံးကြည့်ပြီး ပြုံးသည်။
“ဒီမှာက လူတိုင်းတယောက်နဲ့ တယောက်ကူညီကြတာ”ဟု သူ ရှင်းပြသည်။
(စာရေးသူသည် Lives on Loan: Extreme Poverty in Yangon report အစီရင်ခံစာ ရေးသားခြင်းအတွက် Save the Children နှင့်အတူဆောင်ရွက်ခဲ့သည်။ တွေ့ဆုံမေးမြန်းခဲ့သူများ၏အမည်များကို ပြောင်းလဲထားပါသည်။)