ကမ္ဘာ အရပ်ရပ်မှာ ရောင်းချနေတဲ့ လမ်းပေါ်ဈေးတန်းက အစားအစာဆိုင်တွေ အတွက် စားသုံးသူတွေကို အန္တရာယ် မဖြစ်ပွားစေဖို့ ကာကွယ်တဲ့ အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန် အသိပေးထားတာ ရှိပါတယ်။
ရောဂါဘယ ကူးစက်ပျံ့ပွားခြင်း၊ အစာအဆိပ်သင့်မှု ဖြစ်ပွားခြင်းကစပြီး အသက်အန္တရာယ် ထိခိုက်နိုင်ခြင်း အထိ မဖြစ် ပွားစေဖို့ အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) က လိုက်နာကျင့်သုံးရမယ့် အခြေခံ အချက်တွေကို အဆင့်လိုက် တဆင့်ခြင်း အဖြစ် Basic steps to improve safety of street vendor food ကို တရားဝင် ထုတ်ပြန် အသိပေး ထား ပါတယ်။
ထုတ်ပြန်တဲ့ ပညာရှင်တွေ အဖွဲ့ကတော့ International Food Safety Authority Network (INFOSAN) ဖြစ်ပါ တယ်။
လမ်းဘေး အစားအစာရဲ့ ကဏ္ဍဟာ လွယ်ကူစွာ ရရှိပြီး ဈေးနှုန်း သင့်လျော်စွာနဲ့ အမျိုးအစား စုံလင်စွာ ရရှိနိုင်တာ ကြောင့် မြို့ပြနေ အခြေခံ လူတန်းစားတွေနဲ့ အလုပ်ခွင်ကအပြန် ချက်ချိန်မရလိုက်တဲ့ ဝင်ငွေနည်းပါးသူတွေ အတွက် အလွန် အရေးပါတာ တွေ့ရပါတယ်။
အထူးသဖြင့် ဖွံ့ဖြိုးမှု နည်းပါးတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုပြီး အရေးပါပါတယ်။ လမ်းဘေး အစားအစာတွေက တဆင့် ဓာတု ပစ္စည်း နဲ့ ဇီဝ ပိုးမွှားဆိုင်ရာ ကူးစက်မှု၊ ညစ်ညမ်းမှုဟာ အစားအစာကြောင့် ဖြစ်ရတဲ့ ရောဂါမျိုးစုံတွေရဲ့ အရင်းခံ တွေ ဖြစ်တာ တွေ့ရပါတယ်။
ညံ့ဖျင်းတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ သန့်ရှင်း စင်ကြယ်မှု နည်းပါးခြင်း၊ မပြည့်စုံတဲ့ အခြေခံ အဆောက်အအုံ၊ ရေ၊ စစ်ဆေး ကြပ်မတ်မှု၊ တရားဥပဒေ စိုးမိုးမှုနဲ့အတူ အစားအစာတွေကို စနစ်တကျ မကိုင်တွယ် မစီမံခြင်းကြောင့် လမ်း ဘေး အစားအစာတွေဟာ ဘေးအန္တရာယ် ကြီးမားတဲ့ အစားအစာတွေအဖြစ် စားသုံးသူတွေကို စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ် စေပါတယ်။
အဲဒီလို မရှိစေရအောင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ဆိုင်ရာ လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို အသိပညာပေးပြီး လက်တွေ့ လုပ်ဆောင်မှု ရှိ မရှိ အစဉ်မပြတ် စစ်ဆေးကြပ်မတ်ခြင်း၊ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်းနဲ့ လိုအပ်ချက်တွေကို ပံ့ပိုးကူညီ လက်တွဲခေါ်ယူ စည်းရုံး သိမ်းသွင်းခြင်း တို့ဟာ လမ်းဘေး အစားအစာတွေရဲ့ ဘေးအန္တရာယ် ဖြစ်စေမှုကတဆင့် အများပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်စေမှုကို လျှော့ချ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
အခြေခံ လူတန်းစားတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ကြိုက်နှစ်သက်စွာ လာရောက် စားသုံးတတ်သူ လူတန်းစား ပေါင်းစုံ တို့အတွက် ယုံကြည်စိတ်ချစွာနဲ့ အာဟာရ ပြည့်ဝစွာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဈေးနှုန်း သက်သာတဲ့ အစား အစာတွေကို စားသုံးနိုင်ရေး အတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ စီမံ ပြုပြင် ချက်ပြုတ်ပြီး တည်ခင်း ရောင်းချ နေသူတွေ၊ စားသုံးသူ ပြည်သူတွေက အပြန်အလှန် ကူညီ လုပ်ဆောင်သွားကြဖို့ WHO နဲ့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ် ရိက္ခာ အဖွဲ့(FAO) ဆိုင်ရာ အစားအစာ စည်းမျဉ်း စည်းကမ်းတွေ ပြဌာန်း ထုတ်ပြန်ရေး အဖွဲ့ (FAO/WHO Codex Alimentarius Commission) က တိုက်တွန်း အကြံပြုထားပါတယ်။
လမ်းဘေး အစားအစာတွေမှာ ပါဝင်တဲ့ ပစ္စည်းတွေ (Ingredients) ၊ ရောင်းချ ဖြန့်ချိခြင်း (Method of Marketing) ၊ စားသုံးမှု ပုံစံ အလေ့အကျင့် (Consumption behavior) တို့ကြောင့် မတူကွဲပြား ခြားနားမှုတွေ ရှိကြပါတယ်။
အဲဒီလို ကွဲပြားမှုကြောင့် အသေးစား အိမ်တွင်းမှု လုပ်ငန်းမှ ထုတ်လုပ်သော အစားအစာများ၊ နေအိမ် မီးဖိုချောင်မှ တပိုင်တနိုင် ထုတ်လုပ်ရန် စီမံသော အစားအစာများ၊ ဈေးဆိုင်ပေါ်မှာပဲ လက်ငင်း ချက်ပြုတ် ပြင်ဆင် ရောင်းချသော အစားအစာများ နဲ့ လမ်းပေါ် တနေရာမှာပဲ ချက်ပြုတ် စီမံပြီးမှ ဆိုင်တွေကို ပို့ဆောင်ပေးပြီး ရောင်းချစေတဲ့ အစားအစာ များ ဆိုပြီး ကွဲပြားတဲ့ အစားအစာ အမျိုးအစားတွေ ရှိလာပါတယ်။
WHO က အဲဒီလို စီမံ ချက်ပြုတ် ရောင်းချတဲ့ အစားအစာတွေဟာ သင့်လျော်တဲ့ ကိုင်တွယ်စီမံ ချက်ပြုတ်နည်းတွေကို အသုံးပြုဖို့ Healthy Food Market Initiative ဆိုတဲ့ ဈေးကွက် အခြေခံ စည်းမျဉ်းတွေကို ပညာပေး လှုံ့ဆော်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။
ဥပမာ – အစားအစာတွေကို ၇ဝံ C စင်တီဂရိတ် အထိ ချက်ပြုတ် ကြဖို့၊ အသုံးပြုတဲ့ အများသုံး ရေပိုက်က ရေတွေဟာ သန့်ရှင်းပြီး ရောဂါပိုးမွှားတွေနဲ့ တခြား အညစ်အကြေးတွေ ကင်းရှင်းရေး သက်ဆိုင်ရာက အစဉ်မပြတ် စစ်ဆေးဖို့ နဲ့ စားပြီး အစားအစာများ သိမ်းဆည်းခြင်း၊ သွန်ပစ်ခြင်း နဲ့ ဆေးကြောခြင်း အဆင့်တွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု နဲ့ ညီညွတ်စွာ လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။
စင်္ကာပူ နိုင်ငံမှာ Ministry of Environment and Water Resource (MWER) ဝန်ကြီးဌာန လက်အောက်ရှိ National Environment Agency(NEA) ဌာနရဲ့ ညွှန်ကြားချက်နဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းချက်တွေ အတိုင်း ဆိုင် ခန်း တည်ဆောက် ပြင်ဆင်ခြင်း၊ ရေနှင့် ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်း၊ အမှိုက်နှင့် အကြွင်းအကျန် များ စွန့်ပစ် ခြင်း၊ ဆေးကြောရာတွင် အသုံးပြုမယ့် ဆပ်ပြာရည် ဒါမှမဟုတ် Chemical (ဓာတု ပစ္စည်း) ရဲ့ အရည်အသွေး သတ်မှတ်ချက် နဲ့ မီးဖိုချောင် တည်ဆောက်မှု၊ ကုန်ကြမ်းနဲ့ ကုန်ချော သိုလှောင် သိမ်းဆည်းမှု၊ ချက်ပြုတ်သူတွေ ရဲ့ တကိုယ်ရည် သန့်ရှင်းမှု နဲ့ ကူးစက်ရောဂါ ကင်းစင်မှု တို့ကို စားသောက်ဆိုင်တန်းတွေ Food Court နဲ့ Hawker Center တွေက အတိအကျ လိုက်နာ လုပ်ဆောင် ရပါတယ်။
ဆိုင်ဖွင့်ခွင့် လိုင်စင် မပေးခင် သက်ဆိုင်ရာ ဆိုင်ရှင် နဲ့ ဝန်ထမ်းတွေဟာ ဌာနက ဖွင့်လှစ် သင်ကြားပေးတဲ့ Food Handeling Method Course အစားအစာတွေကို သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိစေဖို့ ကိုင်တွယ် စီမံခြင်း သင်တန်း ၃ ပတ် (၂၁ ရက်) ကို တက်ရောက်ရပြီး အောင်မြင်မှ ဆိုင်ဖွင့်ခွင့် ရပါတယ်။
ဆိုင်ဖွင့်ပြီးတဲ့ နောက်မှာလည်း သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေရဲ့ လိုုအပ်သလို ရှောင်တခင် စစ်ဆေးခြင်း၊ ပုံမှန် စစ်ဆေးခြင်းကို ခံယူရပါတယ်။
ထိုင်းနိုင်ငံမှာတော့ ကျန်းမာရေး ဌာန က လမ်းဘေးဈေးဆိုင်တွေ အတွက် လိုက်နာရမယ့် အချက် ၁၀ ချက် Ten Points Code of Practice for Vendors ကို မြို့ပြ အာဏာပိုင် အဖွဲ့အစည်းက FAO ရဲ့ ၁၉၉၄ ခုနှစ် ပြဌာန်းချက်ကို ချမှတ်ပြီး စနစ်တကျ တင်းတင်းကျပ်ကျပ် စစ်ဆေး လုပ်ကိုင်ပါတယ်။
နိုင်ငံ အများအပြားမှာလည်း လမ်းဘေး အစားအစာတွေ အတွက်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် ဥပဒေ ပြဌာန်းကြတာ ရှိပါတယ်။ Laws covering food safety and environmental hygiene ခေါင်းစဉ် အောက်မှာ ဖြစ်ပါတယ်။
လမ်းဘေးမှာ ရောင်းချတဲ့ အစားအစာတွေထဲမှာ ပမာဏ များပြားတဲ့ အဆိပ်သင့်စေတဲ့ အန္တရာယ်ပစ္စည်းတွေ များစွာ ပါဝင် နေတတ်ပါတယ်။
ဥပမာ – ပိုးသတ်ဆေး အကြွင်းအကျန်၊ သတ္တု လေး(Heavy metals) လို့ ခေါ်တဲ့ ကက်ဒ်မီယံ (Cadmium) ၊ အာဆင်း နစ် ၊ မာကျူရီ၊ ခဲဓာတ်၊ အလူမီနီယံတွေ ပါဝင်တတ်ပါတယ်။ ဘက်တီးရီးယား၊ သန်ကောင်၊ ဗိုင်းရပ်စ် နဲ့ အခြား ရောဂါ ပိုးမွှားတွေများစွာလည်း ပါဝင်နေနိုင်ပါတယ်။
ပြီးတော့ ခွင့်ပြုမထားတဲ့ ဆိုးဆေးတွေ Textile dyes ၊ အရသာကဲ ဆေးတွေ Food additives နဲ့ တရားမဝင် တာရှည်ခံ ဆေးတွေ Illegal food preservatives လည်း ပါဝင်နေတတ်ပါတယ်။
လမ်းပေါ်မှာ မောင်းနှင်သွားလာနေတဲ့ ကားတွေ၊ လူတွေ၊ ပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေးနဲ့ အဆောက်အအုံ မွမ်းမံ ပြင်ဆင်ရေးမှ ဖုံမှုန့်တွေ၊ သုတ်ဆေး အမှုန့်တွေ၊ ကြွေပြားနဲ့ ကျောက်ပြား အမှုန်တွေလည်း ကူးစက်တတ် ပါတယ်။
WHO နဲ့ FAO အဖွဲ့တွေက အဲဒီလို ဘေးအန္တရာယ်မှ ကင်းရှင်းစေဖို့ အတွက် လိုအပ်ချက်နဲ့ စည်းကမ်းချက်တွေကို Codex Alimentarius Commission အစားအစာဆိုင်ရာ စည်းကမ်းနဲ့ ဥပဒေပြဌာန်းခြင်း အဖွဲ့ကတဆင့် Codex 1999 and 2001 ကို အပြည့်အစုံ ပြဌာန်းပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးက အာဏာပိုင် အဖွဲ့အစည်းတွေဆီ ဖြန့်ဝေ အသိ ပေးပြီး ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းထား ပါတယ်။
လမ်းဘေး ဈေးဆိုင် ရောင်းချသူ အများအစုဟာ ကျောင်းနေ ပညာသင်ကြားမှု နည်းပါးခြင်းနဲ့ အစားအစာ ဘေး အန္တရာယ် ကင်းရှင်းမှု Food Safety ဆိုင်ရာ လေ့ကျင့် ပညာပေးရေး နဲ့ ဝေးကွာခြင်းတို့ကြောင့် အထက်ပါ အချက်တွေ ကို ကာကွယ်မှု နည်းပါးကြပါတယ်။
လိုအပ်တဲ့ သန့်ရှင်းတဲ့ ရေ၊ ပတ်ဝန်းကျင်နေရာ၊ အစားအစာ ကုန်ကြမ်း၊ စနစ်တကျ အမှိုက်စွန့်ပစ် နိုင်မှုနဲ့ တကိုယ်ရည် သန့်ရှင်းမှု အတွက်လည်း ပံ့ပိုး ကူညီပေးမှုတို့ကို အလုံအလောက် ရတတ်လေ့ မရှိတတ်ကြပါဘူး။ တပိုင်တနိုင် လောက်ပဲ သိသလို၊ ဖြစ်သလို အခြေအနေ ပေးသလောက် လုပ်ကိုင် ရောင်းချနေကြရတာ ဖြစ်ပါတယ်။
သုတေသန ပြုလုပ် လေ့လာချက်တွေ အရ အစားအစာနဲ့ ဆက်စပ် ဖြစ်ပေါ်တတ်တဲ့ ရောဂါဝေဒနာ အများစုဟာ အစားအစာ တွေကို စနစ်တကျ မှန်ကန်သင့်လျော်စွာ ကိုင်တွယ်ခြင်း နည်းစနစ် Proper food handeling ကို သိထား လိုက်နာခြင်းဖြင့် ကာကွယ် နိုင်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် လမ်းဘေး အစားအစာ ဈေးဆိုင်တန်း လုပ်ကိုင်သူတွေကို သင့်လျော်တဲ့ လေ့ကျင့် ပညာပေးခြင်း၊ ပတ်ဝန်းကျင် နဲ့ သန့်ရှင်း စင်ကြယ်ရေး လိုအပ်ချက် ဖန်တီးပေးခြင်း၊ ကျန်းမာရေး ပုံမှန် စစ်ဆေးနိုင်ဖို့ အစိုးရက စီစဉ် ဆောင်ရွက် ပေးခြင်းတို့ကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေတဲ့ နှုန်းထားနဲ့ ကူညီဆောင်ရွက် ပေးသင့်ပါတယ်။
အစားအစာတွေ သန့်ရှင်းရေး အတွက် အခြေခံ အချက် ၅ ချက် Five keys of safety food ကို နိုင်ငံတော်တော် များများမှာ အောင်မြင်စွာ လေ့ကျင့် သင်ကြားပေးပြီး လက်တွေ့ လုပ်ဆောင်အောင် စိစစ် ကြပ်မတ် နေကြတာ တွေ့ရ ပါတယ်။
အဲဒီအခြေခံ အချက်တွေကတော့ (၁) အရာရာကို သန့်ရှင်းစွာ ထားဖို့ Keep clean ။ (၂) လက်တွေကို အမြဲ စင်ကြယ် စွာ ဆေးကြော သန့်စင်ဖို့ Hand hygiene ။ (၃) အသုံးအဆောင် ပန်းကန် ခွက်ယောက်တွေ၊ အစားအစာ ကုန်ကြမ်းနဲ့ ချက်ပြုတ်ပြီး အစားအစာတွေကို သီးသန့် ခွဲခြားထားရှိဖို့၊ ဟင်းသီးဟင်းရွက်၊ အသားစိမ်း၊ နွားနို့၊ ကြက်ဥနဲ့ ဖြည့်စွက် ပစ္စည်းတွေ (ဟင်းခတ် အမွေးအကြိုင်၊ အရောင်တင်ဆေး၊ သကြား၊ ဆား၊ ငရုတ်သီး) ကို ခွဲခြားထားရှိ သိမ်းဆည်း သိုလှောင်ဖို့။ (၄) သန့်ရှင်း စင်ကြယ်တဲ့ ရေ နဲ့ အစားအစာ ကုန်ကြမ်းတွေကိုသာ အသုံးပြုကြဖို့။ (၅) ချက်ပြုတ်ပြီး အစားအစာ တွေကို သာမန် အပူချိန်မှာ အချိန် ၂ နာရီထက်ကြာအောင် မထားရှိဖို့၊ လိုအပ်သလို ၅ ဒီဂရီ စင်တီဂရိတ် အောက်မှာ သိမ်းဆည်း ထားရှိဖို့၊ ၅ ဒီဂရီ စင်တီဂရိတ် နဲ့ ၆ ဒီဂရီ စင်တီဂရိတ် ကြားမှာ ရောဂါ ပိုးမွား ပေါက်ပွားမှုကို နှေးကွေးစေခြင်း ဒါမှမဟုတ် လုံးဝ ရပ်စဲ ထားနိုင်ဖို့ ဖြစ်ပါတယ်။
တခြားအချက်တွေကတော့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာသာ ရောင်းချဖို့၊ ရေမြောင်း ၊ အမှိုက်ပုံ၊ ဆောက်လုပ်ရေး လမ်း တံတား လုပ်ငန်းခွင် အနီးမှာ မရောင်းကြဖို့ နဲ့ ရောင်းချ ချက်ပြုတ်သူတွေရဲ့ တကိုယ်ရည် သန့်ရှင်း စင်ကြယ် ကူးစက် ရောဂါ ကင်းရှင်းမှုကို အမြဲ ဂရုစိုက်ကြဖို့ ဖြစ်ပါတယ်။
ဒီလို နိုင်ငံတနိုင်ငံရဲ့ အဓိက လူတန်းစားတွေ ဖြစ်တဲ့ အခြေခံ လူတန်းစားတွေ၊ ကမ္ဘာလှည့် ခရီးသည်တွေ၊ ရုံးသူ ရုံးသား၊ ကျောင်းသူ ကျောင်းသားတွေ၊ စက်ရုံ အလုပ်သမားတွေ အားထား စားသုံးရာ လမ်းပေါ် အစားအစာတွေ Street Food ရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အာဟာရဓာတ် ကြွယ်ဝရေးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်ရေးကို ဝိုင်းဝန်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ။
ဒေါက်တာ စိုးခိုင်သည် အစားအစာ ဘေးကင်းလုံခြုံရေး(Food Safety) နှင့် ပတ်သက်ပြီး အကြံပေး လုပ်ကိုင်နေသူ (Food Safety Consultant and Management) တဦး ဖြစ်ပါသည်။
(ပထမပိုင်း ဖတ်ရှုရန်)
လမ်းပေါ် စားသောက်ဆိုင်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး