တရုတ်နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာခြင်းက ဝေးလံခေါင်ဖျားသည့် မြန်မာနိုင်ငံ အရှေ့ မြောက်ပိုင်းမှ ကာစီနိုလောင်းကစားရုံကို ထိခိုက်နစ်နာစေခဲ့ရသည်။
ရာနှင့်ချီသော ဒေသခံကုန် သည်များ၊ လယ်သမားများက အနည်းဆုံး အမေရိကန်ငွေ ၁၀ ဆင့်( မြန်မာကျပ်ငွေ ၁၀၀ ကျော်ခန့်) လောင်းကြေးတင် နိုင်သည့် ကစားဝိုင်းများတွင် ရှိနေသော်လည်း မီးပန်းဆိုင်းများ၊ ရီနေဆန်းစတိုင် ပန်းချီကားများနှင့် တန်ဆာဆင်ထားသည့် လောင်းကစားခန်းမထဲတွင် တချိန်က အရေးကြီးပုဂ္ဂိုလ် (VIP)များ ဖြစ်ခဲ့ကြသည့် တရုတ်နိုင်ငံသားများက အရေအတွက် အနည်းငယ်မျှသာ ရှိနေသည်။
“တရုတ် ခရီးသွားတွေ လာတာ ရပ်သွားတဲ့ အချိန်က စပြီး လုပ်ငန်းက တကယ်ကို အခြေအနေဆိုးလာတယ်” ဟု ကာစီနို ရုံမှ အမျိုးသမီး စားပွဲထိုးတဦးဖြစ်သည့် လင်းလင်းက ပြောသည်။ သူက ဝင်ငွေပိုမိုကောင်းမွန်သည့် အလုပ်အကိုင် ရှာဖွေရန် တရုတ်-မြန်မာ နယ်စပ်ရှိ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်၏ မြို့တော် ပန်ဆန်းကို စွန့်ခွာရန် စဉ်းစားနေ သူဖြစ်သည်။
အထပ် ၃ ထပ်ရှိသည့် လောင်းကစားရုံတွင် အလုပ်သမား ၁၀၀၀ ကျော်က jackpot slot machines (အကြွေစေ့ထည့် ပေါက်ကောင်ဖွင့် လောင်းကစားစက်) မျိုးမှသည် အမေရိကန် ဒေါ်လာ ၁၆၀၀၀ ခန့်အထိ လောင်းကြေးတင်နိုင်သည့် ကြေးကြီး VIP ခန်းများ အပါအဝင် လောင်ကစားနည်း အမျိုးမျိုးကို ဝန်ဆောင်ပေးနေသည်။
ဝတောင်ကုန်းများသည် အာရှ၏ အဆင်းရဲဆုံး ဒေသများထဲတွင် တခု အပါအဝင်ဖြစ်ပြီး ဝတိုင်းရင်းသား လယ်သမား အများစု၏ တနှစ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၁၁၅ ခန့်သာ ရှိသည်။
တရုတ်-မြန်မာနယ်ခြားရှိ ဝ ဒေသကို မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားသည်။
ကြေးကြီးကြီးဖြင့် လောင်းကစားလုပ်သည့် တရုတ်ပြည်မကြီးမှ လောင်းကစားသမားများ အရောက်နည်းသွားခြင်းကြောင့် ထိခိုက်နစ်နာခဲ့ရ သည်မှာ တချိန်က ခေတ်ကောင်းခဲ့သော လောင်းကစား ကဏ္ဍ တခုတည်း မဟုတ်ပါ။ လတ်တလောနှစ်များအတွင်းတွင် တရုတ် အစိုးရက(သမ္မတ Xi Jinping ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှု၏ တစိတ်တပိုင်း အနေဖြင့်) ဝဒေသသို့သွားမည့် လောင်းကစားသမားများကို ဗီဇာကန့်သတ်မှုများ ပြုလုပ်လာခြင်းကြောင့် ဒေသတွင်းမှ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်နစ်နာစေခဲ့သည်ဟု ဈေးဆိုင်ရှင်များမှ တက္ကဆီမောင်းသူများအထိဖြစ်သည့် ဒေသခံပြည်သူများက ပြောကြသည်။
ယခုအခါတွင် ဝပြည်နယ်က ရာဘာနှင့် သံဖြူကဲ့သို့သော သတ္ထုများတင်ပို့ရန် ဈေးကွက်တခု အနေဖြင့် တရုတ်နိုင်ငံ အပေါ်တွင် ကြီးမားစွာ မှီခိုနေရသည့် ၎င်းတို့၏ စီးပွားရေးကို အမျိုးအစား စုံလင်အောင် ကြိုးစားနေသည်။
အောက်တိုဘာလအတွင်းက ဝ ဒေသသို့ ရိုက်တာ သတင်းဌာနက သွားရောက်ခဲ့ပါသည်။ နိုင်ငံတကာ သတင်းဌာနတခု အနေဖြင့် ရှားရှားပါးပါး သွားရောက်ခွင့် ရခဲ့သည့် အဆိုပါ ခရီးစဉ် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ ထိန်းချုပ်မှု အပြင်ဘက်တွင် ရှိနေသော တရုတ်စကားပြောသည့် လူပေါင်း ၆၀၀၀၀၀ ကျော် နေထိုင်သည့်နယ်မြေလေးတခုကို လျှပ်တပြက် မြင်ခွင့်ရခဲ့ပါသည်။
ဘိန်းတိုက်ဖျက်ရေး
ဝခေါင်းဆောင်များ၏ ခွဲထွက်မှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲခဲ့ရပြီးနောက်ပိုင်း ၁၉၈၉ ခုနှစ်တွင် ဝပြည်နယ် စတင်ပုံပေါ်လာခဲ့သည်။ ခွဲထွက်လာပြီး မကြာမီမှာပင် အင်အား ၃၀၀၀၀ ရှိသည့် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က မြန်မာ့တပ်မတော် နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နှစ်ပေါင်းများ စွာ တိုက်ပွဲမရှိဘဲနေခဲ့ကြသည်။
ဘိန်းဖြူ ထုတ်လုပ်နိုင်သော ဘိန်းပင် အမြောက်အများစိုက်ပျိုးခဲ့သည့် ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး လှုပ်ရှားမှု တခုကို လွန်ခဲ့သော ဆယ်စုနှစ် တခုကျော်ကတည်းက အကောင်အထည်ဖော်ခဲ့သည်ဟု ဝ ခေါင်းဆောင်များက ပြောကြသည်။ ဘိန်းခင်းများနေရာတွင် ရာဘာ၊ ကော်ဖီ နှင့် လက်ဖက် စသည့် စိုက်ခင်းများဖြင့် အစားထိုးခဲ့သည်ဟု သူတို့က ဆိုသည်။
စိုက်ခင်းအများစုကို တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၊ ဝ ပြည်နယ်ခေါင်းဆောင်ပိုင်းနှင့် အဆက်အသွယ်ရှိသော စီးပွားရေး လုပ်ငန်းရှင်များက ကျောထောက်နောက်ခံ ပြုထားကြသည်။ “ပြည်နယ်မှ အထောက်အပံ့ပေးထားသည့် ပုဂ္ဂလိက ကုမ္ပဏီများ” ဟု ဝခေါင်းဆောင် အများအပြားက ရည်ညွှန်းသည့် ကုမ္ပဏီများက ဝ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသအတွင်းတွင် ဓာတ်ဆီလုပ်ငန်းမှသည် သတ္တုတူးဖော်ရေးအထိ အရေးပါသည့် စီးပွားရေး လုပ်ငန်းများကို ချုပ်ကိုင်ထားကြသည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ကျနော့် စီးပွားရေးကို အမျိုးအစားပိုပြီး လုပ်နိုင်ပါလိမ့်မယ်” ဟု UWSA တပ်မှူးတယောက်၏ သားဖြစ်သူ C Yang ကပြောသည်။ သူက အကျယ် ၁၃၂ ဧက ရှိ ရာဘာစိုက် ခင်းတခုကို ပိုင်ဆိုင်ထားပါသည်။
အသက် ၂၅ အရွယ်ရှိသော C Yang က ကြံ့ခိုင်သောကိုယ်နေဟန်ရှိပြီး သူ့ပုံစံက ဝ အထက်တန်းလွှာတို့၏ ထုံးစံအတိုင်း ဖြစ်သည်။ ရာဘာစိုက်ခင်း ပိုင်ဆိုင်သည့်အတွက် ပန်ဆန်းမြို့တွင် အိမ်ကြီးရခိုင် နှင့်နေနိုင်သည်။ နောက်ဆုံးပေါ် အိုင်ဖုန်း နှင့် အကောင်းဆုံး တန်ဆာဆင်ထားသည့် တိုယိုတာ ဟိုင်းလက်ကားကဲ့သို့သော ခေတ်မီ အသုံး အဆောင်များ ရှိသည်။
ထိုပစ္စည်းများ အားလုံးက ဝဒေသမှ သာမန်ပြည်သူများ မပိုင်နိုင်သည့် အရာများ ဖြစ်သည်။ ဒေသ၏ ပျမ်းမျှ လူ့သက်တမ်းက ၆၀ သာရှိသည့် အတွက် မြန်မာနိုင်ငံ၏ ပျမ်းမျှ နှုန်းထက် ၅ နှစ် နည်းနေပြီး အိမ်နီးချင်း တရုတ်နိုင်ငံထက် ၁၆ နှစ် ပို နည်းနေပါသည်။ ဝ တောင်သူလယ်သမား အချို့မှာ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ထောက်ပံ့မှုကို မှီခိုနေရသည်။
ဝ ဒေသအတွင်းတွင် ကူညီထောက်ပံ့ရေး အစီအစဉ်များ တက်တက်ကြွကြွ ဆောင်ရွက်နေပြီး တီဘီရောဂါကာကွယ် ဆေးထိုးပေးနေသည့် WFP က ပြီးခဲ့သည့် နှစ်အတွင်းတွင် အစားအစာ ၁၅၂ မက်ထရစ်တန်ကို လူမှုအသိုင်းအဝိုင်း အထောက်အကူပြု အစီအစဉ်များမှတဆင့် ပို့ဆောင်ပေးရန် စီစဉ်ထားခဲ့သည်။
“ကျနော်တို့မှာ ဆရာဝန် လုံလုံလောက်လောက် မရှိဘူး။ ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီလိုအပ်ပါတယ်” ဟု ဝ ကျန်းမာရေးစောင့်ရှောက်မှု ဗျုရိုကို ကြီးကြပ်ဦးဆောင်နေသည့် ဦး ထွန်းကြည်က ပြောသည်။
အခွင့်အလမ်းမဲ့
ဝဒေသ၏ ပညာရေး အစီအစဉ်ကလည်း ကျန်းမာရေးနှင့် အလားတူပင် ဆိုးရွားနေသည်။ စာမတတ်သူ အရေအတွက်က ၉၀ ရာခိုင်နှုန်း ရှိသည်။ အရွယ်ရောက်ပြီးသူများ၏ ၈၃ ရာခိုင်နှုန်းမှာ တနှစ်ပြည့်အောင်ပင် ကျောင်းမတက်ဖူးသူများ၊ သို့မဟုတ် လုံးဝ ကျောင်းမနေခဲ့သူများ ဖြစ်ကြသည်ဟု Health Poverty Action ၏ ၂၀၀၈ ခုနှစ်ထုတ် အစီရင်ခံစာ တစောင်က ဆိုသည်။
ကုလသမဂ္ဂ၏ ကိန်းဂဏန်း အချက်အလက်များအရဆိုလျှင် မြန်မာနိုင်ငံ၏ စာမတတ်သူ ၅ ရာခိုင်နှုန်းနှင့် ယှဉ်လျှင် ဝ ဒေသ ၏ အခြေအနေက သိသိသာသာ ကွာခြားနေသည်။
ဝ နိုင်ငံရေး ခေါင်းဆောင်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များက မူ သူတို့၏ သားသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်၍ ပညာ သင်ကြားစေသည်။
“သူတို့ မိဘတွေက ကလေးတွေကို တရုတ်ဘာသာသင်ပြီး တရုတ်နိုင်ငံမှာ အလုပ်လုပ်စေချင်ကြတယ်။ ဘာကြောင့်လဲ ဆို တော့ ဝ ကျောင်းတွေမှာ သင်လာတဲ့ ကလေးက တရုတ်ပညာရေးစနစ်ကို မလိုက်နိုင်ဘူး။ အခွင့်အရေးမရှိဘူး” ဟု မူလတန်းပြ ဆရာမတဦး ဖြစ်သည့် ဒေါ်ဝေဝေမြင့် ကပြောသည်။
ပန်ဆန်းမြို့လယ်ကို ပြန်သွားမည်ဆိုလျှင်တော့ တရုတ်နိုင်ငံနယ်စပ်ကို လမ်းလျှောက်သွားပါက မိနစ် အနည်းငယ်သာ ကြာမြင့်မည့် ပန်ဆန်း၏ အဓိက လမ်းမကြီးတွင် ဈေးပေါသည့် ဟိုတယ်များ၊ အနှိပ်ခန်းများ နှင့် အရက်ဘားများဆီမှ တွဲလောင်းကျနေသည့် တောက်ပသော နီယွန် ဆိုင်းဘုတ်များကြောင့် လင်းထိန်နေသည်။
ရောမ ဘုရားကျောင်း ပုံစံဆောက်လုပ်ထားသည့် အထပ် ၂ ထပ်ပါ ကာရာအိုကေ ခန်းမတခုမှာတော့ မွေးနေ့ပါတီပွဲ တခုကို ဆူဆူညံညံ ကျင်းပနေသည်။ အဝင်ဝက ပန်းပုရုပ်များက သက်ရှိလူ အရွယ်အစား အတိုင်းပင်ဖြစ်သည်။
VIP ခန်းတခု အတွင်းမှ ကြီးမားသည့် TV ဖန်သားပြင်တွင် တရုတ် ပေါ့ပ် သီချင်းများဖွင့်ထားသည်။ ကျောက်စိမ်း နားဆွဲ နှင့် ပတ္တမြား လက်စွပ် ဝတ်ဆင်ထားသည့် ဝ အမျိုးသမီးတဦးက သူ၏ ဧည့်သည်များကို တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ဘီယာ၊ ဝိုင်နီ နှင့် ဒေသထွက် အရက်များ ဖြင့် ဧည့်ခံနေသည်။
ဧည့်သည်များကို သောက်နိုင်သလောက် သောက်ကြဖို့လည်း စားပွဲထိုး အမျိုးသမီးက စိန်ခေါ်လိုက်သေးသည်။ “မမူးဘဲနဲ့ အိမ်ပြန်လို့ မရဘူး။ ကျမတို့ ဆီမှာ (ဝဒေသတွင်) ပါတီလုပ်ရင် ဒီလိုပဲ” ဟု သူက ပြောပါသည်။