“ကျနော် အရမ်းလေးစားတဲ့ ဆရာတဦးက WY ဆေးတွေ အလွန်အကျွံ သုံးပြီး သေဆုံးခဲ့ရလို့ မူးယစ်ဆေးဝါးကို မုန်းတီးတဲ့စိတ်နဲ့ အကြောက်အလန့်မရှိဘဲ ဒါတွေကိုလုပ်ခဲ့တာပါ” လို့ ကိုရာဇာဟိန်းက ပြောပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ဥသျှစ်ပင်မြို့မှာ နေထိုင်တဲ့ ကိုရာဇာဟိန်းဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွက် ချီးကျုးဂုဏ်ပြုထိုက်သူ အဖြစ် ရွေးချယ်ခံရသူ ဖြစ်ပါတယ်။
သူဟာ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေး စခန်းကို ဖြတ်သန်း ပြီးတော့ ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့ကို တင်ပု့ိမယ့် WY စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄ သန်း အမှုအတွက် ရခိုင် ရိုးမတော အတွင်း ၈ ရက်ကြာ စောင့်ကြည့်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေ လက်ရဖမ်းဆီးရမိတဲ့အထိ အကူအညီပေးခဲ့သူ ဖြစ်ပါတယ်။
ချီးကျူးဂုဏ်ပြုထိုက်သူ အဖြစ် မှတ်တမ်းတင်ခံခဲ့ရသူ ကိုရာဇာဟိန်းရဲ့ ဖခင်ကတော့ အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးမြဝင်း ဖြစ်ပြီး အစ်မ တယောက်၊ ညီတယောက်ရှိပါတယ်။ ဇနီး၊ သားနဲ့ သမီးတို့နဲ့အတူ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ နေအိမ်ဝင်း အတွင်း မှာ အိမ်တလုံး သီးသန့်ဆောက်လုပ်နေကြပါတယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ဆိုင်ကယ်ပြင်ဆင်တဲ့ လုပ်ငန်းကို လုပ်ကိုင်တယ်လို့ သိရပါတယ်။
အစ်မဖြစ်သူရဲ့ အမျိုးသားဟာ ဥသျှစ်ပင်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးက ရဲအုပ်ကျော်စိုးဦး ဖြစ်ပါတယ်။ အင်မတန်များပြားတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိဖို့ဆို အတွက် ယောက်ဖဖြစ်သူနဲ့ တိုင်ပင်ပြီး သူ့ရဲ့ စီမံညွှန်ကြားမှုတွေနဲ့ အတူ ဒီအမှုကို ဖော်ထုတ်ခဲ့ကြတာပါ။
အမှုကို စတင်စုံစမ်းဖြစ်တဲ့ အကြောင်းအရင်းကတော့ ပြည်- တောင်ကုတ် ကားလမ်းဘေး၊ ဥသျှစ်ပင်မြို့နဲ့ ၉ မိုင်လောက် အကွာအဝေးမှာ ရှိတဲ့ ရခိုင်ရိုးမ တောစပ်က စမ်းပက်လက်ဆိုတဲ့ရွာက ဘုန်းကြီးကျောင်းမှာ ယောက်ဖဖြစ်သူ ရဲအုပ် ကျော်စိုးဦးရဲ့ တရား အားထုတ်နေတဲ့ ဦးလေးဖြစ်သူကို ဒီဇင်ဘာ ၂ ရက်နေ့မှာ လှူဖွယ်ပစ္စည်းတွေ သွားလှူခဲ့ပါတယ်။
အဲဒီအချိန်မှာ ဘုန်းကြီးကျောင်း အနီးက ဒေသခံ ခင်ဇော်ဦးရဲ့ အိမ်မှာ ဆီဘောက်ဆာ တစီးရောက်ရှိနေပြီး ကားအတွင်း ထဲက မသင်္ကာဖွယ်ရာ စက္ကူထုတ်တွေ ထုတ်ယူနေတာကို တွေ့မြင်ခဲ့ရာကနေ စတင်ခဲ့တာလို့ ကိုရာဇာဟိန်းက ပြောပါတယ်။
“ဆီဘောက်ဆာထဲကနေ ပစ္စည်း အဖြူထုတ်တွေ ထုတ်လိုက်တဲ့အတွက် မသင်္ကာလို့ ကြည့်လိုက်တယ်။ ဘာပစ္စည်းတွေ မှန်းတော့ မသိဘူး။ တယောက်က ကားထဲကိုဝင်ပြီး ဆီဘောက်စာထဲက ပစ္စည်းတွေထုတ်တယ်။ တယောက်က သယ်တယ်။ အဲဒါနဲ့ ကျနော်အစ်ကို (ယောက်ဖ ရဲအုပ်ကျော်စိုးဦး)ကို ဖုန်းဆက်ပြီး ဆီဘောက်ဆာထဲက ဆီတွေမထွက်ဘဲ အထုတ်အဖြူတွေ တထုတ်ပြီး တထုတ် အပြင်ကို သယ်နေတာတွေ့တယ် အစ်ကိုရေဆိုတော့ အဲဒီလိုဆိုရင် ညီလေး၊ အဲဒါကို မင်းစောင့်ကြည့်ထားလိုက် ဆိုလို့ ကျနော်စောင့်ကြည့် ဖြစ်ခဲ့တာပါ” လို့ ကိုရာဇာဟိန်းက ပြောပြပါတယ်။
ဆီဘောက်ဆာကားဟာ ညနေပိုင်းမှာ ဘယ်လမ်းကနေ ဘယ်လိုထွက်သွားမှန်း မသိဖြစ်ခဲ့ကြောင်း၊ အဲဒီကားရပ်ခဲ့တဲ့ေ နေအိမ် ပိုင်ရှင်တွေကို မျက်ခြေမပျက် စောင့်ကြည့်ဖို့ လိုအပ်လာတဲ့ အတွက် ကိုရာဇာဟိန်းဟာ ယောက်ဖဖြစ်သူနဲ့ တိုင်ပင်ခဲ့ကြောင်း၊ ဆီဘောက်ဆာရပ်ခဲ့တဲ့ ကိုခင်ဇော်ဦးတို့အိမ်အတွင်း သူတယောက်ထဲ ဝင်ရောက်ပြီး အကဲခတ် စုံစမ်းတဲ့ အချိန်မှာတော့ နေအိမ်ခြံဝင်းအတွင်း မသင်္ကာဖွယ်ရာ အရိပ်အယောင်တွေ မတွေ့ရတော့တဲ့ အပြင် သင်္ကာမကင်းတဲ့ အကြည့်တွေနဲ့ အကြည့်ခံခဲ့ ရတယ်လို့ ကိုရာဇာဟိန်းက ပြောပြပါတယ်။
အဲဒီကိစ္စက ကွင်းဆက်ပြတ် ခဲ့ပေမယ် ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ ကိုခင်ဇော်ဦးရဲ့ နေအိမ်ရှေ့မှာ SKAT အမျိုးအစား မြေသယ်ကား ပေါ်က ဆီပေပါ တွေချတာကို ထပ်မံမြင်တွေ့ခဲ့တာကြောင့် ဆီပေပါတွေ လာချတဲ့ ကားရဲ့နောက်ကို ခြေရာခံ လိုက်ခဲ့ပါတယ်။ မျက်ခြေမပြတ် စောင့်ကြည့်နေပေမယ့် စနစ်တကျ ခြေရာဖျောက်တာကို ခံလိုက်ရတဲ့အတွက် ကိုရာဇာဟိန်းတယောက် ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်ခြားအထိ လိုက်ရှာခဲ့ပေမယ့် မြေသယ်ကားဟာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပါတယ်။
သူက “တောထဲမှာပဲ သူတို့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတော့ အိမ်ပြန် မအိပ်ဖြစ်ဘူး။ ဇနီးသည်က သံသယဝင်တာ ခံရတယ်။ ဒါပေမယ့် ကျနော့်ညီနဲ့ ယောက်ဖကလွဲပြီး ဘယ်သူ့ကိုမှ ဖွင့်မပြောဘဲ စိတ်ရှည် လက်ရှည်နဲ့ မျက်ခြေမပျက် စောင့်ကြည့်တယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ဆီပေပါလာချသွားတဲ့ မြေသယ်ကားကို ညောင်ခြေထောက်ရွာက ကျော် ကျော်တို့ဆီမှာ တွေ့တော့ သေချာသွားကြည့်ပြီး ယောက်ဖကို သတင်းပို့လိုက်တယ်။ ပြီးတော့ တောထဲကို ပြန်ဝင်နေခဲ့တယ်” လို့ ပြောပြတယ်။
စမ်းပက်လက်နဲ့ ညောင်ခြေထောက် ကျေးရွာဟာ ၈ မိုင်ခန့်ဝေးပြီး စမ်းပက်လက်ရွာက ကိုခင်ဇော်ဦးရဲ့ အိမ်နောက်ဘက်မှာ မူးယစ်ဆေးဝါးတွေကို သယ်ယူဖို့ ထုတ်ပိုးနေတာဖြစ်နိုင်လို့ သူတို့ လှုပ်ရှားမှုတွေကို လှမ်းမြင်နိုင်မယ့် အနီးဆုံးက တောင်ကုန်း ပေါ်ကို ခဲရာခဲဆစ် တက်ပြီး နေ့ရောညပါ စောင့်ကြည့်ခဲ့ရတယ်လို့ သိရပါတယ်။
“ပေပါတွေဖွင့်တယ်။ ပစ္စည်းတွေထည့်တယ်၊ သေချာမမြင်ရပေမယ့် ညဘက်ဆို မီးစက်နှိုးပြီး ဝရိန်စက်နဲ့ တိုင်ကီတွေကို ပြန်ပိတ်နေတယ်။ ဝရိန်တို့တဲ့အခါ မီးက တဝင်းဝင်း ထနေတာကိုး ကျနော်စောင့်ကြည့်နေတဲ့ တောင်ကုန်းပေါ်က လှမ်းမြင်နေရတယ်။ ဒီဇင်ဘာ ၄ ရက်ကနေ့ ၇ ရက် ၈ ရက်အထိ လှုပ်ရှားမှုက အဲဒါတွေပဲရှိတယ်” လို့ သူကဆက်ပြောပါတယ်။
အဲဒီရက်ပိုင်းတွေက ရခိုင်ရိုးမပေါ်မှာ အအေးဓာတ် ပိုလာလို့ ယူလာတဲ့စောင်နဲ့ အနွေးထည်ကလည်း အအေးဒဏ်ကို မကာကွယ်နိုင်ပေမယ့် မီးဖိုပြီး မီးလှုံနေတာမြင်ရင် မူးယစ်ဆေးဝါး လုပ်ကိုင်နေသူတွေ မြင်တွေ့မှာ စိုးရိမ်လို့ အအေးဒဏ်ကို အံတုခဲ့ရပါတယ်။ စားဖို့ သောက်ဖို့ ရိက္ခာနဲ့ ရေတွေကုန်ပြီ ဆိုရင် ညီဖြစ်သူကို ဖုန်းဆက်ပြီး သူစောင့်ကြည့်နေတဲ့ တောင်ကုန်းနဲ့ အနီးဆုံး တနေရာရာမှ အချိန်းအချက် လုပ်ပြီး ရိက္ခာတွေ ထားခိုင်းရပါတယ်။
သူ စောင့်ကြည့်နေတဲ့ အိမ်ရဲ့ လှုပ်ရှားမှုဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ သိသိသာသာ ပြောင်းလဲလာပါတယ်။ မူးယစ် ဆေးဝါး ထည့်ထားတဲ့ ဆီပေပါတွေကို သယ်ဖို့ ညောင်ခြေထောက်ရွာမှာ ခြေရာဖျောက်ထားတဲ့ မြေသယ်ကားဟာ စမ်းပက်လက်ရွာကို ညနေ ၄ နာရီလောက်မှာ ရောက်လာပြီး လူခြေတိတ်ချိန် ည ၉ နာရီလောက်မှာတော့ မြေသယ်ကား ပေါ်ကို ဆီပေပါတွေ လှိမ့်တင်ဖို့ မျောတိုင်တွေ ခုတ်တဲ့အသံတွေ၊ ဆီပေပါ တင်တဲ့အသံကို ကြားနေရတဲ့အတွက် ရဲအုပ်ကျော်စိုးဦး ဆီကို ဖုန်းနဲ့ဆက်သွယ်ပြီး လမ်းကြောင်းတွေ ပိတ်ဖို့ ပြောလိုက်တယ်။ ဆီပေပါတွေ တင်ထားတဲ့ ကား ထွက်သွားတာနဲ့ ကားနောက်ကနေ ဆိုင်ကယ်ကို မီးပိတ်ပြီး နောက်ယောင်ခံပြီး လိုက်ခဲ့ရပါတယ်။
“ဖမ်းမယ့်မနက် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၃ နာရီလောက်မှာ ဆီပေပါကားက ဥသျှစ်ပင်ဘက်ကို ဆင်းသွားတယ်။ ကျနော်နဲ့ ကျနော်ညီနဲ့ ဆိုင်ကယ်ကို မီးပိတ်ပြီး စောင်ကို ခေါင်းမြီးခြုံပြီး အဲဒီကား နောက်ကိုလိုက်တယ်။ တောင်ကုန်း ၂ ကုန်းလည်း ကျော်ရော အဲဒီကားက နောက်ကြောင်း ပြန်လှည့်ပြီးတော့ တောင်ပေါ် ပြန်တက်လာတယ်” လို့ သူက ပြောတယ်။
“ အဲဒီကားကို ပြန်ကျော်တက်ပြီးတော့ ညောင်ကျိုး လဝကဂိတ်ကို ရောက်တော့ ဂိတ်က ရဲတွေကို ညီလေးရေ ငါ့နောက်မှာ အပြာရောင် FAW ကားတစီး ပါလာတယ်။ မောင်းတံဂိတ်ကို ဖွင့်မပေးနဲ့ဆိုတော့ ရဲတယောက်ကတော့ မောင်းတံဂိတ်ကို ကိုင်ပြီး ပိတ်ပေးထားတယ်။ ကျန်တဲ့ရဲတွေကတော့ ကျနော်ပြောတာကို ထင်လည်း ထင်မထားဘူး။ ဒါပေမယ့် ကားက ရပ်တဲ့ အချိန်မှာ ဖမ်းလိုက်တော့ မိတယ်။ ကျနော့်ယောက်ဖ (ရဲအုပ်ကျော်စိုးဦး) ရောက်လာပြီး အားလုံးပူးပေါင်းပြီး ဖမ်း လိုက်တယ်” လို့ ကိုရာဇာဟိန်းက မူးယစ်ဆေးဝါး တင်ဆောင်လာတဲ့ ကားကို လိုက်ဖမ်းခဲ့တဲ့နေ့က အဖြစ်အပျက် အသေးစိတ်ကို ရှင်းပြပါတယ်။
အဲဒီကားကို မောင်းနှင်းတဲ့ ယာဉ်မောင်း ကျော်ကျော်၊ ချစ်ဖွယ်၊ သက်ဝင်းအောင်တို့ကို နေရာမှာဘဲ ဖမ်းဆီးရမိခဲ့ပြီး ပစ္စည်းတွေကို စုဆောင်းသူ ခင်ဇော်ဦးကိုတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
မြို့နယ်၊ ခရိုင် နဲ့ တိုင်းဒေသကြီးအဆင့်တွေက သူ့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ ပတ်သက်လို့ တစုံတရာ မေးမြန်းတာ၊ ဂုဏ်ပြုတာတွေ မပြုလုပ်ခဲ့ပေမယ့် နိုင်ငံတော်အဆင့်ရဲ့ ဂုဏ်ပြုခံရတဲ့အတွက် သူနဲ့ သူ့မိသားစုက တော်တော်လေး စိတ်လှုပ်ရှား နေကြတာကို တွေ့ရပါတယ်။
ဂုဏ်ပြုဆုတွေကို မမျှော်လင့်ထားခဲ့ပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ထိုးထားတဲ့ ဂုဏ်ပြုလွှာ ရရှိတဲ့ ကိစ္စကို ၂၃ ရက်နေ့ ည ၉ နာရီကျော်မှာ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်နှင်းသစ်က တဆင့် လူလွှတ်ပြီး သတင်းပြောပြခဲ့တော့ အတိုင်းမသိ ဝမ်းသာခဲ့ရတယ်လို့ သူက ဆက် ပြောပါတယ်။
“တကယ်တော့ ဒီလိုလုပ်ဖြစ်တာ ကျနော်ရဲ့ အစ်ကို ရဲအုပ်ကျော်စိုးဦးရဲ့ စွမ်းဆောင်မှုတွေ အများကြီး ပါပါတယ်။ သူနဲ့ တိုင်ပင်ပြီး သူညွှန်ကြားတဲ့ အတိုင်း လုပ်ခဲ့လို့ အောင်မြင်တာပါ။ နောက်ပြီး ကျနော်တို့ နောက်မျိုးဆက်သစ် ကလေးတွေ ကိုလည်း မူးယစ်ဆေးဝါးတွေနဲ့ မပတ်သက်စေချင်တော့တဲ့ စိတ်လည်းပါတယ်။ အမေစုကိုယ်တိုင် လက်မှတ်ထိုး ဂုဏ်ပြုတယ် ဆိုတော့ အတိုင်းမသိ ဝမ်းသာခဲ့ရပါတယ်” လို့ ကိုရာဇာဟိန်းက ရှင်းပြပါတယ်။
ကိုရာဇာဟိန်း နေထိုင်ရာ ဥသျှစ်ပင်မြို့ဆိုတာ ပန်းတောင်းမြို့နယ် ထဲက မြို့ငယ်လေး တမြို့ အဖြစ် လွန်ခဲ့တဲ့ တနှစ်ကျော်ကမှ တရားဝင် သတ်မှတ်ပေးခဲ့တာပါ။ မြို့ငယ်လေးလို့ ပြောပေမယ့် ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ရဲ့ ဆုံချက်ဖြစ်နေတဲ့အတွက် ဖွံ့ဖြိုး တိုးတက်မှုနဲ့ စည်ကားမှုတွေကတော့ ပန်းတောင်းမြို့ထက် အရှိန် အဟုန် ပြင်းထန်ပါတယ်။
ဖွံ့ဖြိုး တိုးတက်မှုနဲ့ အတူ ပါလာတဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းတွေနဲ့ သစ်မှောင်ခိုသမား တွေအတွက် မျက်စိကျစရာ နေရာတခု အဖြစ်လည်း ဒေသခံ အရပ်ဘက်လူမှု အဖွဲ့အစည်း တချို့က စိုးရိမ်မကင်း ပြောဆိုနေကြတာတွေ ရှိပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားဖို့ ကြိုးစားသူတွေကို သတင်းပေးတဦး အဖြစ် လုပ်ဆောင်ပေးခဲ့တဲ့ ကိုရာဇာဟိန်းကို ဓာတ်ပုံနဲ့ တကွ ဖော်ပြခဲ့တာကြောင့် သူ့လုံခြုံရေးကို စိုးရိမ်သူတွေလည်း ရှိပါတယ်။
လက်ရှိမှာတော့ ကိုရာဇာဟိန်းနဲ့ မိသားစုရဲ့ လုံခြုံရေးကို ပြည်ထဲရေးက တာဝန်ယူပေးထားပါတယ်။
ကိုရာဇာဟိန်းက တာဝန်သိ သာမန်ပြည်သူ တယောက် အနေနဲ့ သန်းနဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်အောင် ဖော်ထုတ်ပေးနိုင်ပေမယ့် ဒီအမှုနဲ့ ပတ်သက်တဲ့ လက်ငုတ်လက်ရင်း သမားတွေကို ဖမ်းဆီးနိုင်မရှိသေးပါဘူးလို့ သိရပါတယ်။ ။