အမျိုးသမီးစံပြပုဂ္ဂိုလ်များကို မြန်မာအထက်တန်းကျောင်းသင်ရိုုးများမှ ထုတ်ပယ်ထားသောကြောင့် ကျောင်းသူများ၏ အမြင်အပေါ် ဆိုးကျိုးများ သက်ရောက်စေပြီး ၎င်းတို့ကို ၎င်းတို့ ဒုတိယတန်းစားနိုင်ငံသားများသာ ဖြစ်သည်ဟု ထင်သွား စေနိုင်ကြောင်း အစိုးရမဟုတ်သော အဖွဲ့တခု၏ထုတ်ပြန်ချက်သစ်တခုအရ သိရသည်။
ကျားမခွဲခြားဆက်ဆံမှုလေ့လာရေးအဖွဲ့တခုဖြစ်သော Rainfall Gender Studies Organization က ၎င်းတို့၏သုတေ သနတွေ့ရှိချက်များက ရန်ကုန်ရှို Myanm art Gallery ပန်းချီပြခန်းတွင် ထုတ်ပြန်ကြေညာပြီး သင်ရိုးညွန်းတမ်းများတွင် ကျားမတန်းတူညီမျှရေး Gender Fairness in Curriculum အမည်ရှိ အစီရင်ခံစာတစောင်ကို ထုတ်ဝေခဲ့သည်။
“ပညာရေးစနစ်က ကျောင်းသူတွေကို မိန်းမပီပီသသဖြစ်အောင် လေ့ကျင့်ပေးနေတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုး သမီးတွေကို တာဝန်ကျေတဲ့ ဇနီးတွေနဲ့ မိခင်တွေဆိုတဲ့မြင့်မားတဲ့အဆင့်နှစ်ခုကိုပဲ ထမ်းဆောင်ခွင့်ပြုတယ်” ဟု သုတေ သီများက ဖော်ပြခဲ့ကြသည်။
သုတေသီများသည် အထက်တန်းကျောင်း သင်ခန်းစာများ၊ ပုံပြင်များ၊ ကဗျာများကို လေ့လာသောအခါ ထိုသင်ခန်းစာ များမှာ ယေဘုယျအားဖြင့် ကျောင်းသူများကို မိခင်ကောင်းဇနီးကောင်းဖြစ်ရန် ဖွင့်ဆိုလေ့ကျင့်ပေးနေကြောင်းသိရှိခဲ့ ရသည်။ သို့သော် ကျောင်းသားများအတွက်မှာမူ ထိုအချက်နှင့်မတူဘဲ ရဲရင့်ရန် သင်ကြားပေးသည်ဟု ဆိုသည်။
အထူးသဖြင့် မြန်မာသမိုင်းမှ မျိုးချစ်အမျိုးသမီးသူရဲကောင်းများကို ကျောင်းသင်ခန်းစာမှ ဖယ်ထုတ်ထားခြင်းသည် ကျောင်း သားကျောင်းသူများ၏တွေးခေါ်မှုအပေါ် ရိုက်ခတ်မှုရှိသည်။
“အမျိုးသမီးတွေဟာ ဒုတိယတန်းစား နိုင်ငံသားဖြစ်တယ်ဆိုတဲ့အမြင်ကို ချိုးဖျက်ဖို့ သင်ရိုးညွှန်းတမ်းမှာ အမျိုးသမီး သူ ရဲကောင်းတွေအကြောင်း၊ အမျိုးသမီးတွေရဲ့ခိုင်မာတဲ့အရည်အသွေးတွေ၊ တီထွင်ဖန်တီးမှုရှိတဲ့ အမျိုးသမီးတွေရဲ့အတွေး အခေါ်တွေကို ပေါင်းထည့်သင့်တယ်” ဟု Rainfall အဖွဲ့ဝင် ဦးနိုင်မင်းက ပြောသည်။
ဆရာအတတ်သင်ကောလိပ်များသည် ပိုမိုဆွေးနွေးရန် အားပေးသင့်ပြီး ကျားမတန်းတူမှုနှင့် ပတ်သက် ပြီး ပြောကြားကြရန် ဆရာများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသင့်သည်ဟုလည်း သူက ဆက်ပြောသည်။
Rainfall သည် အမျိုးသမီးအခွင့်အရေးနှင့် ကျားမတန်းတူညီမျှရေးတို့အတွက် လုပ်ဆောင်နေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည်။ မြန်မာအမျိုးသမီး ၄ ဦးတို့ ၂၀၁၁ တွင် စတင် ထူထောင်သောထိုအဖွဲ့သည် မြန်မာ့လူ့အဖွဲ့အစည်းမှ ပုရိဿအလေးပေးသောတန်ဖိုးများကို စိန်ခေါ်ရန်၊ ယဉ်ကျေးမှုတွင် အမြစ်တွယ်နေသော အမျိုးသမီးများအပေါ် ဖိနှိပ်မှုများ ကိုဖယ်ရှားရန်နှင့် အမျိုးသမီးများအပေါ် လိင်အရ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရန် ရည်ရွယ်သည်။ ထိုအဖွဲ့သည် မြန်မာ အမျိုးသမီးမဂ္ဂဇင်း Myanmar Feminist Magazine ကိုလည်း ထုတ်ဝေသည်။
ပညာရေး၊ အလုပ်အကိုင်နှင့် နေ့စဉ်ဘဝတွင် ကျားမခွဲခြားဆက်ဆံခြင်းသည် မြန်မာ့လူ့အဖွဲ့ အစည်းတွင် နက်ရှိုင်းစွာ အမြစ် တွယ်နေသော မညီမျှမှုများ၏အကြောင်းရင်းဖြစ်သည်ဟု ထိုသုတေသနစာတမ်းက ဖော်ပြသည်။
Rainfall ၏သင်ရိုးညွှန်းတမ်းဆိုင်ရာ အစီရင်ခံစာတွင် သုတေသီများသည် ကျောင်းသင်ရိုးညွန်းတမ်း စာအုပ်များက အမျိုး သမီးများကို အိမ်ထောင်ထိန်းများ၊ အိမ်အလုပ်သမားများ၊ အမိန့်နာခံတတ် သူများအဖြစ် တူညီစွာသရုပ်ဖော်ကြသည်ကို ခွဲခြမ်းစိတ်ဖြာလေ့လာသည်။ ထိုသင်ရိုးစာအုပ်များကပင် အမျိုးသားများကို ယောင်္ကျားပီသသူ၊ တောင့်တင်းကြံ့ခိုင်သူနှင့် မွေးရာပါ ခေါင်းဆောင်များအဖြစ် သရုပ်ဖော်ကြသည်။
“ဒီအထက်တန်း သင်ရိုးတွေမှာ ကိုယ်ကျင့်နီတိတွေလည်း သင်တယ်။ အဲဒီသင်ရိုးတွေက အမျိုးသမီးဖြစ်ရတာဟာ နိမ့်ကျ တယ်၊ နိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံဖို့ရမယ်၊ အမိန့်နာခံဖို့တွေ သင်ပေးတယ်” ဟုလည်း သုတေသီများက ပြောသည်။
Rainfall သည် ရန်ကုန်၊ နေပြည်တော်နှင့် မွန်ပြည်နယ်မှ ကျောင်းသားနှင့်ဆရာ ၃၀၀ ကို စစ်တမ်းကောက်ယူခဲ့ပြီး ဖြေ ကြားသူများ၏ မြန်မာစာပေ၊ သမိုင်းနှင့် ပထဝီအပေါ် နားလည်မှုနှင့် ပတ်သက်သော မေးခွန်းများ မေးခဲ့သည်။
Rainfall သည် နယ်ပယ်အများအပြားမှ ကျောင်းသားများ၊ ဆရာများနှင့်လည်း ဆုံချက်အုပ်စုဆွေးနွေးပွဲများ focal group discussions လည်း ကျင်းပခဲ့ပြီး ထင်ရှာသောကျောင်းသားလှုပ်ရှားမှုဆောင်ရွက်သူများနှင့် ပညာရေးဝန်ကြီးဌာနမှ အရာရှိ များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့သည်။
မြန်မာ့ပညာရေးစနစ်သည် အချို့သောအမျိုးသားများလွှမ်းမိုးသည့်ဘာသာရပ်များကို လေ့လာကြသည့် ကျောင်းသူများကို လည်း ခွဲခြားဆက်ဆံသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ဥပမာဆိုရပါက အကောင်းဆုံး ဆေးတက္ကသိုလ်များဝင်ခွင့် ရရေးအတွက် ကျောင်းသူများသည် ကျောင်းသားများထက် ပိုမိုအမှတ်မြင့်မားသော အမှတ်ရရှိရန် လိုသည်။ ထိုအချက် သည် အမျိုးသမီးများအသက်မွေးဝမ်းကျောင်းရွေးချယ်ရာတွင် ပြင်းထန်သော သက်ရောက်မှုရှိသည်။
“ကျနော်တို့ရဲ့ပညာရေးစနစ်က ကျောင်းသားဖြစ်ဖြစ် ကျောင်းသူဖြစ်ဖြစ် ကျောင်းသားတွေရဲ့ စွမ်းရည်နဲ့ ဉာဏ်ရည်ဉာဏ် သွေးကို ထည့်မတွက်ဘဲ ကျားမကွဲပြားမှုကို အခြေခံပြီး သူတို့တွေရဲ့အနာဂတ်ကို ဆုံးဖြတ်နေတုန်းပဲ “ ဟု ဦးနိုင်မင်း က ပြောသည်။
အမျိုးသမီးဖြစ်ရခြင်း၏အဓိပ္ပာယ်နှင့် ပတ်သက်သော မြန်မာ့လူ့အဖွဲ့အစည်း၏အမြင်ကို ပြောင်းလဲပစ်ရန် သူကြိုးစားနေပြီး ကျားမခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်လာသော၊ စတင်ငြင်းခုန်လာသော၊ ဆွေးနွေးလာသောသူ အရေအ တွက်မှာ တိုးတက်လာနေသည်ဟု သူပြောသည်။
“ဥပမာပြောရရင် ဘုရားတွေက တချို့နေရာတွေဆို အမျိုးသမီးတွေကို ဝင်ခွင့်မပြုဘူး။ ဒီလိုအခြေအနေတွေမှာ အမျိုး သမီးတွေက ဒါကို မေးခွန်းထုတ်သင့်တယ်။ လူ့အဖွဲ့အစည်းက မေးခွန်းထုတ်သင့်တယ်။ ဘာမှမေးခွန်းမထုတ်ဘဲနေမယ့် အစား ဒါဟာ လိုအပ်လား၊ မှန်လားဆိုတာ မေးခွန်းထုတ်သင့်တယ်” ဟုလည်း ဆိုသည်။
“တန်းတူညီမျှတဲ့လူ့အဖွဲ့အစည်းတခု တည်ထောင်တဲ့နေရာမှာ ဥပဒေတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဘာသာရေးတွေ၊ ကျနော်တို့ရဲ့ပညာရေးစနစ်တွေ အားလုံးဟာ အရေးကြီးတယ်။ဒါတွေအားလုံးကလည်း လူ့အဖွဲ့အစည်းမှာ ကျားမခွဲခြား ဆက်ဆံမှုနဲ ပတ်သက်ပြီး စိုးရိမ်အာရုံစူးစိုက်သင့်တယ်”ဟုပြောသည်။
ကျောင်းများသည် ပညာရေးတွင် ကျားမအခွင့်အရေးတန်းတူညီမျှရေးကို အားပေးသင့်ကြောင်း Rainfall အစီရင်ခံစာက ခိုင်မာစွာ ထောက်ခံတင်ပြသည်။ ကျားမတန်းတူမှု ပိုမိုမြင့်မားလာစေရန် မြန်မာကျောင်းသင်ရိုးများတွင် အမျိုးသားလွှမ်း မိုးသောယဉ်ကျေးမှုနှင့် တန်ဖိုးများကို ချိုးဖျက်ရန်လည်း အစီရင်ခံစာက အလေးအနက်ပြုသည်။
Rainfall အဖွဲ့သည် အစိုးရကျောင်းများတွင် ကျားမတန်းတူမှု လေ့ကျင့်ရေး “Gender Training in Government Schools” ကို မတ်လတွင် စတင်လုပ်ဆောင်ရန် စီစဉ်ထားသည်။
“လူ့အဖွဲ့အစည်းမှာ ကျာမတန်းတူညီမျှမှုနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဆွေးနွေးတင်ပြချက်တွေ ကို ကျနော်တို့ စတင်လုပ်ဆောင်တော့မယ်။ အစိုးရကျောင်းတွေရော၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ဆရာ၊ ဆရာမတွေနဲ့ပါ ပညာရေးအကြောင်း ပိုမို ဆွေးနွေးမယ်” ဟု ဦးနိုင်မင်းက ပြောသည်။