နာဂတောင်တန်းတွေကြားထဲမှာ လဟယ်မြို့လေးဟာ တိတ်တိတ်ဆိတ်ဆိတ် ရှိလှပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေကြောင့် ချွတ်ခြုံကျနေတဲ့ နိုင်ငံမှာ အမှန်တကယ် ပြောင်းလဲမယ် လို့ ကြွေးကြော်ခဲ့တဲ့ အတိုက်အခံပါတီ အစိုးရ ဖွဲ့နိုင်ခဲ့တာကြောင့် ပြည်တွင်းပြည်ပက စောင့်ကြည့်နေကြပါတယ်၊ ဒါပေမယ့် အစိုးရသစ် တက်လာပြီး ၁ နှစ်ပြည့်ခါနီး အချိန်မှာတော့ နိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသ နာဂတောင်တန်း အခြေအနေက အရင်အတိုင်း ပါပဲ။
“အခုထိတော့ ဘယ်လို အပြောင်းအလဲမှ မတွေ့သေးဘူး” လို့ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးသိန်းဇော်က ဆိုပါတယ်။
အိန္ဒိယ နယ်စပ်က နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဟာ လဟယ်၊ လေရှီး၊ နန်းယွန်း မြို့နယ် သုံးခုကို ပေါင်းထားတာ ဖြစ်ပြီး လူဦးရေ ၁၂ဝ,ဝဝဝ ကျော် ရှိပါတယ်။ ၂ဝ၁၄ ခုနှစ် စက်တင်ဘာက စလို့ လဟယ်ဟာ လျှပ်စစ်မီး ၂၄ နာရီ ရရှိခဲ့ပါတယ်။
ဆက်သွယ်ရေး
မပြောင်းလဲသေးတဲ့ လဟယ်ကို ရောက်ဖို့ ဆိုရင် လမ်း တလမ်းပဲ ရှိပါတယ်။ အဲဒီလမ်းက ခန္တီးမြို့နဲ့ ဆက်သွယ် ထားတာပါ။ ဒီလမ်းဟာ မိုးရာသီ ဖြစ်တဲ့ ဇွန်ကနေ စက်တင်ဘာအတွင်းမှာ သွားလာလို့ မရပါဘူး။ ကျန်တဲ့ အချိန်တွေ မှာတော့ ဒေသတွင်း သွားလာဖို့ အတွက် မော်တော်ဆိုင်ကယ်တွေကိုသာ အားကိုးနေရတာပါ။ လမ်းအခြေအနေဟာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေနဲ့ စိတ်ကူးနဲ့တောင် နှိုင်းယှဉ်လို့ မရအောင် ဆိုးဝါးပါတယ်။ မြေပြို၊ တောင်ကြားလမ်း တလျှောက် လမ်းချော်မှုတွေနဲ့ ကြုံရင် နာရီနဲ့ချီ ကြာအောင် ပိတ်နေတတ်တဲ့ လမ်းပါ။ နွေရာသီမှာ လေးဘီးယက် အမြင့်ကားတွေ၊ ပစ်ကပ်ကားတွေ သွားလို့ ရနိုင်ပေမယ့် မော်တော်ဆိုင်ကယ်ကို သုံးခြင်းဟာ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွက် လက်တွေ့ပိုကျပါတယ်။
လဟယ်ကနေ ခန္တီးကို သွားတဲ့ ခရီးလမ်းဟာ အဲဒီလို ခက်ခက်ခဲခဲ သွားလာရတာကြောင့် တရက်နီးပါး ကြာတတ် ပါတယ်။ စီးပွားရေးမြို့တော် ရန်ကုန်ကနေ သွားမယ် ဆိုရင်တော့ ၂ ရက် ကြာပါမယ်။ ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ ခန္တီးထိ လေယာဉ် ၂ ဆင့် စီးရမှာ ဖြစ်ပြီး၊ ခန္တီးကနေ ချင်းတွင်းမြစ်ကို တရက်ကြာ ဖြတ်ကျော်ရမှာပါ။ ချင်းတွင်း မြစ်တွင်းခရီး ပြီးရင်တော့ လမ်းခရီးလည်း အဆင်ပြေမယ်ရင် ဆိုင်ကယ် ၃ နာရီလောက် စီးရုံနဲ့ လဟယ်ကို ရောက်နိုင် ပါပြီ။
၂၄ နာရီ လျှပ်စစ်မီးလာတဲ့ လဟယ်မှာ အစိုးရသစ်လက်ထက် အပြောင်းအလဲ တခုအနေနဲ့ ဆိုရင်တော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း စတင် အသုံးပြုနိုင်တဲ့ 3G ဖုန်းလိုင်း ပေါ်ပေါက်လာခြင်း ပါပဲ။ ဒီအခြေအနေ ဖြစ်ပေါ်မလာခင် ကတော့ အင်တာနက် ချိတ်ဆက် မရနိုင်တဲ့ 2G ဖုန်းတွေကိုပဲ သုံးခဲ့ရတာပါ။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ အစီရင်ခံစာမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ လက်အောက် နာဂဒေသဟာ လဟယ်ရဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ အချက်ကို ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာရေးဖို့ အချက်အလက်တွေကို လဟယ်၊ ကလေးဝ၊ ကန့်ဘလူနဲ့ မုံရွာမြို့ ဒေသခံတွေဆီ ကနေ ၂ဝ၁၄ မှာ ကောက်ယူခဲ့တာ ပါ။ ၃ နှစ် အတွင်း သူတို့ရဲ့ ဝင်ငွေ အကြောင်း မေးမြန်းရာမှာ လဟယ်ဒေသခံတွေရဲ့ ၁၈ ရာခိုင်နှုန်း ကပဲ သူတို့ဝင်ငွေ တိုးလာတယ် လို့ ဖြေဆိုပါတယ်။ ကျန်တဲ့ ၃ မြို့မှာတော့ ဝင်ငွေတိုးလာတယ်လို့ ပြောတဲ့သူက ၄ဝ ရာနှုန်း ဝန်းကျင် ရှိနေပါတယ်။
နာဂရိုးရာ စာပေနဲ့ ယဉ်ကျေးမှု ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအေးဇတ်ကလည်း အလားတူ သုံးသပ်ပါတယ်။
“ဒီဒေသက ဖွံ့ဖြိုးရေးအတွက် အစိုးရသစ်အနေနဲ့ လုပ်စရာတွေ အများကြီး ရှိနေတယ်။ အခုချိန်အထိ သူတို့ ဘာမှ မလုပ်ပေးသေးဘူး” လို့ ခန္တီးမြို့မှာ တွေ့ရတဲ့ ဦးအေးဇတ်က ညင်ညင်သာသာ စီးဆင်းနေတဲ့ ချင်းတွင်းမြစ် အနီးက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရင်း ပြောပါတယ်။ ဒေသခံတချို့ကတော့ ဆိုင်နားမှာ ခြင်းခတ်နေကြပါတယ်။
ခန္တီးဟာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲ မပါဝင်ပေမယ့် ဒေသတွင်း အဓိက မြို့ကြီးပါ။ ခန္တီးလူဦးရေ ၄၇ဝ,ဝဝဝ ကျော်မှာလည်း အများစုက နာဂတိုင်းရင်းသားတွေ ပါပဲ။ ဒေသတွင်းမှာ လေယာဉ်ကွင်း ရှိတဲ့ တခုတည်းသော မြို့ ဖြစ်ပြီးတော့ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်တစား လာရောက်လေ့ ရှိတဲ့ နာဂရိုးရာ နှစ်သစ်ကူးပွဲကျင်းပရာ လဟယ်မြို့ကို သွားနိုင်တဲ့ တခုတည်းသော ဂိတ်ဝမြို့လည်း ဖြစ်ပါတယ်။
ခန္တီးမှာ လျှပ်စစ်မီးကို ညနေ ၆ နာရီမှာ ရနိုင်ပြီး ည ၁ဝ နာရီကျော်ရင်တော့ တမြို့လုံး မှောင်သွားပါပြီ။ ညဘက်လမ်း တွေမှာတော့ မော်တော်ဆိုင်ကယ် မီးရောင်တွေပဲ ရှိတတ်ပါတယ်။
ဒေသခံတွေကတော့ အစိုးရသစ် လက်ထက်မှာ ဆေးရုံဆေးခန်းတွေ ထပ်ပြီးဆောက်ပေးဖို့၊ လမ်းပမ်းဆက်သွယ်ရေး ပိုမို ကောင်းမွန်လာဖို့၊ ပညာရေးကဏ္ဍ မြင့်တက်လာဖို့ မျှော်လင့်ပါတယ်။ လက်ရှိ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တခုလုံးမှာ မြို့နယ်အဆင့် ဆေးရုံ ဆိုလို့ တခုပဲ ရှိပါတယ်။ အဲဒါကတော့ လဟယ်မြို့နယ်မှာပါ။
ကူးစက်ရောဂါ
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရဲ့ တခုတည်းသော အခြေခံပညာ အထက်တန်းကျောင်းက လဟယ်မှာ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်ရဲ့ ပြောကြားချက် အရတော့ နာဂဒေသမြို့တိုင်းမှာ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း တွေ ဖွင့်ထားတယ် လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာတော့ နာဂဒေသ အကြောင်း ဆွေးနွေးမှုတွေ သိသိသာသာ ရှိခဲ့ပါတယ်။
လဟယ်မြို့နယ်ထဲက ကျေးရွာ ၂ ခုရဲ့ လှေကားထစ် ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်ရေး အတွက် ဒေသကို စူးစမ်း လေ့လာခြင်း၊ နည်းပညာ ကူညီခြင်း စသည့် အစီအစဉ်တွေကို လာမယ့် ဘဏ္ဍာနှစ်မှာ ပြုလုပ်ပေးမယ်၊ နယ်စပ်ဈေး တွေ ဖွင့်နိုင်ဖို့လည်း အိန္ဒိယနဲ့ ညှိနှိုင်းနေတယ် လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပြောကြပါတယ်၊ နယ်စပ်ဈေး ပေါ်ပေါက်လာရေး အစီအစဉ် နှောင့်နှေးနေရခြင်းကတော့ “စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ပထဝီနိုင်ငံရေး အခြေအနေများ” ကြောင့် ဖြစ်တယ် လို့ ဆိုပါတယ်။
ဖွံ့ဖြိုးရေး အလှမ်းဝေး နေပေမယ့် ယခင်သမ္မတရော ယခုသမ္မတပါ နာဂဒေသ နှစ်သစ်ကူး ပွဲတော်တွေကို ကိုယ်တိုင် ကိုယ်ကျ တက်ရောက် အားပေးပြီး သူတို့ရဲ့ ခရီးစဉ်တွေကို အစိုးရအာဘော် သတင်းစာ မျက်နှာဖုံးတွေမှာ ဖော်ပြခဲ့ကြ ပါတယ်။
နာဂဒေသဟာ သူ့ရဲ့ ဝေးလံခေါင်သီမှုကြောင့်ပဲ မြူဆိုင်းနေတဲ့ တောင်တွေ၊ သစ်တောတွေ၊ သစ်ပင်တွေနဲ့ လိပ်ပြာတွေ ဟာ မူရင်း သဘာဝအလှ အတိုင်းပဲ ရှိနေဆဲပါ။ နာဂဒေသဟာ ဇွန်လအတွင်းမှာ အင်မတန် ဆိုးဝါးတဲ့ ဝက်သက်ရောဂါ တမျိုး ဖြစ်ပွားခဲ့ပါတယ်။ ကူးစက်မြန်ပြင်းထန်တဲ့ ရောဂါကြောင့် နှစ်လအတွင်း လူ့အသက်ပေါင်း ၈ဝ ကျော် ဆုံးရှုံးခဲ့ရ ပြီး နောက်ဆုံးမှာ ဒေသန္တရအစိုးရ၊ နာဂရိုးရာနှင့် ယဉ်ကျေးမှု ကော်မတီတို့ ဒီရောဂါကို ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ကြ ပါတယ်။ အဲဒီရောဂါ ဖြစ်ပွားတဲ့ ရွာတွေမှာ အခြေခံကျန်းမာရေး ဝန်ဆောင်မှုပေးမယ့် ကျန်းမာရေးမှူးတွေ ဘယ်တုန်း ကမှ မရှိခဲ့ပါဘူး။ ကူးစက်ရောဂါဖြစ်ပွားတဲ့ စက်တင်ဘာလ အတွက်ပဲ သူနာပြု ၅ဝ ကျော် သွားရောက်ဖို့ ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ပေးခဲ့ပါတယ်။
တိမ်တွေကို အပေါ်စီးက လှမ်းမြင်နေရတဲ့ ထန်ကော်လားမားရွာကလေးဟာ တောင်တန်းပေါ်မှာ တည်ရှိပြီး ဒီရွာကို တက်တဲ့ လမ်းကတော့ အင်မတန် မတ်စောက်တဲ့ လမ်း ဖြစ်ပါတယ်။ တိမ်တွေ အဆုပ်လိုက် အဆုပ်လိုက် ဖုံးအုပ် ထားတဲ့ အဲဒီတောင်ပေါ်ရွာကို ရောက်ဖို့ လဟယ်ကနေ မော်တော်ဆိုင်ကယ် ခရီး တရက် နှင်ရမှာ ပါ။ လမ်းမှာတော့ တောတောင်တွေ၊ စမ်းချောင်းတွေ ဖြတ်သန်းရ ပါမယ်။ ဝေးလံခေါင်သီပြီး ငြိမ်သက် အေးချမ်းနေတဲ့ ရွာကိုလည်း ကူးစက်ရောဂါ ရောက်ရှိခဲ့တာကြောင့် ဒေသခံ ၂၆ ယောက် ဆုံးပါးခဲ့ရပါတယ်။
ရွာရဲ့ အကြီးအကဲ တဦး ဖြစ်တဲ့ ဦးချူတိုက်ဟာ ဝင်ပေါက်တံခါး တခုပဲ ရှိတဲ့၊ ပြတင်းပေါက် မပါတဲ့ နာဂရိုးရာ သက်ငယ်မိုး၊ သစ်သားအိမ်ရဲ့ ရှေ့မှာ ထိုင်နေပါတယ်။ ကူးစက်ရောဂါ ကျတဲ့ အချိန်အခါ အကြောင်း သူက ပြောပြတဲ့ အခါ အဲဒီကာလဟာ ဝမ်းနည်းစရာ ကောင်းတဲ့ အခိုက်အတန့်လို့ သူက ဆိုပါတယ်။ အဲဒီအချိန်မှာ တရွာလုံး ကယ်ရာမဲ့ သလို ခံစားခဲ့ရပုံကို ပြန်ပြောပြပါတယ်။
ဒေသရဲ့ စော်ဘွားတယောက်လို ဖြစ်နေတဲ့ ဦးချူတိုက်က နိုင်ငံရဲ့ လတ်တလော အခြအနေတွေနဲ့ ပတ်သက်ပြီး “ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို သိပါတယ်၊ ယုံလည်း ယုံတယ်။ ဒါပေမယ့် အခုချိန်အထိ ကျွန်တော်တို့ အတွက် ဘာ အပြောင်းအလဲမှ မရှိသေးဘူး” လို့ ပြောပါတယ်။ ။