အကြမ်းဖက် ခြောက်လှန့်သတ်ဖြတ်ခြင်းဆိုသည့် လုပ်ရပ်များသည် ကမ္ဘာတွင် ယခင်ကတည်းက ရှိခဲ့သည်ဟု ဆိုရမည်၊ သြစတြီးယား အိမ်ရှေ့မင်းသားကို ဆာဘ့်လူမျိုးတဦးက ဆာရာဂျေဗိုတွင် လုပ်ကြံသတ်ဖြတ်မှု ကြောင့် ပထမကမ္ဘာစစ်ကြီးပင် စတင်ဖြစ်ပွားခဲ့ရပေသည်။
အလားတူ ငြိမ်းချမ်းရေးခေါင်းဆောင် ဂန္ဒီ၊ အမေရိကန်သမ္မတ အီဘရာဟမ်လင်ကွန်း၊ အေမေရိကန် လူမည်းခေါင်းဆောင် မာတင်လူသာကင်း၊ ဖိလစ်ပိုင်နိုင်ငံရေး ခေါင်းဆောင် ဘင်နစ်တို အကွီနို၊ အစ္စရေးဝန်ကြီးချုပ် ယစ်ဇတ်ရာဘင် တို့သည်လည်း လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရသည်။
မြန်မာ့လူ့အဖွဲ့အစည်းတွင်လည်း ပြိုင်ဘက်တဦးနှင့်တဦး၊ အဖွဲ့အစည်း တဖွဲ့နှင့် တဖွဲ့အကြား လုပ်ကြံသတ်ဖြတ် မှုများသည် ရှေးဦးမဆွ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်ကတည်းကပင် ရှိသည်ဟု ဆိုရပေမည်။
ပဒေသရာဇ်ခေတ် အာဏာလုကြရာမှ ဖြစ်ပေါ်ခဲ့သည် လုပ်ကြံသတ်ဖြတ်မှုကို ပြပါဆိုလျှင် မြင်းကွန်း မြင်းခုန်တိုင် အရေးကြောင့် ကနောင်မင်းသားကြီး လုပ်ကြံသတ်ဖြတ်ခံရသည်က အနီးစပ်ဆုံး ဥပမာပင်ဖြစ်၏။
အလားတူ သီပေါမင်းနန်းတက်ခါစ ထီးမွေနန်းမွေ ဆက်ခံနိုင်မည်ထင်သည့် ပြိုင်ဘက်မင်းသား ၄၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းမှာလည်း ထင်ရှားသည့် အစုလိုက်အပြုံလိုက် ဖမ်းဆီးလုပ်ကြံသတ်ဖြတ်မှုပင် ဖြစ်ပေသည်။
အဲဒီနောက် အင်္ဂလိပ်ကိုလိုနီခေတ်မှာတော့ အာဏာအတွက် တဦးနှင့် တဦးသတ်ဖြတ်ခြင်းမှာ နည်းပါးသွား သည်။ အဘယ်ကြောင့်ဆိုသော နယ်ချဲ့အင်္ဂလိပ်များကသာ အုပ်ချုပ်နေသည့်အတွက် အာဏာနှင့် ပတ်သက်၍ ပြိုင်စရာမရှိ၍ ဖြစ်၏။
သို့သော် စီးပွားရေးအတွက် ဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှုများတော့ ရှိခဲ့သည်။ ထင်ရှားသည်မှာ မြန်မာ့အလင်းသတင်းစာမှ ဆရာသင်ကို ပြိုင်ဘက်က လူမိုက် ဗိုလ်တထောင်ငမိုးကို ငှားရမ်းသတ်ဖြတ် မှုပင်ဖြစ်သည်။
ကိုလိုနီခေတ်တွင် အကြမ်းဖက်ခြောက်လှန့်သတ်ဖြတ်သည့်ဝါဒသည် အိန္ဒိယကျောင်းသားတချို့မှ တဆင့် မြန်မာလူငယ်များထဲသို့ ရောက်ရှိခဲ့သော်လည်း နိုင်ငံရေးမှတပါး လက်သင့်ခံခြင်းမရှိသည့်အတွက် ပြန့်ပွားသွား ခြင်းမရှိပေ။ ကွန်မြူနစ်ဝါဒကို လက်ခံခဲ့သော်လည်း အကြမ်းဖက်ဝါဒကို လက်မခံခဲ့ပေ။
စစ်ပြီးခေတ် အထင်ရှားဆုံးလုပ်ကြံသတ်ဖြတ်ခြင်းကတော့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကြီးများ ကို နိုင်ငံရေးပြိုင်ဘက် ဂဠုန်ဦးစောက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က တတိုင်းပြည်လုံး ယူကျူံးမရ ပူဆွေးခဲ့ကြသည်။
နောက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလို ရဲဗိုလ်ချုပ် ဂုဏ်ထူးဆောင်ဗိုလ်မှူးကြီး ဦးထွန်းလှအောင် ရန်ကုန်မြို့ထဲ မှာပင် လက်ပစ်ဗုံးဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြန်သည်။ တရားခံဘယ်သူမှန်းမသိ။
ဖဆပလခေတ်မှာတော့ ထိပ်သီးအတိုက်အခံနိုင်ငံရေးခေါင်းဆောင်များ လုပ်ကြံခံရခြင်းမရှိပေမယ့်၊ နယ်ဘက် ဒေသများတွင် အုပ်စိုးသူ ဖဆပလ၏ လက်ကိုင်တုတ် ပျူစောထီးကဲ့သို့ အဖွဲ့များက အလုပ်သမား၊ လယ်သမားအရေး လုပ်ကိုင်သည့် ဒေသခံနိုင်ငံရေးသမား အများအပြား လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
အထင်ရှားဆုံး ဥပမာပြရလျှင် မင်းလှလူသတ်မှုဟု ဆိုရမည်၊ ရွှေဘိုနယ်တွင်လည်း အတိုက်အခံ ပမညတ များ အသတ်ခံရသည်။
အဲဒီနောက် တော်လှန်ရေးကောင်စီလက်ထက် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်သန်းထွန်း ပဲခူးရိုးမ မြရာပင်ကျောတွင် ရဲဘော်မြကြီး(ခ) ကြုံတိတ်၏ လက်ချက်ဖြင့် လုပ်ကြံခံခဲ့ရသည်။
မြန်မာဆိုရှယ်လစ်လမ်းစဉ်လက်ထက်မှာတော့ သမ္မတကြီး ဦးနေဝင်းနှင့် ခေါင်းဆောင်တချို့ကို စစ်တပ်အရာရှိ ငယ်တစုက လုပ်ကြံကာ အာဏာသိမ်းရန် ကြိုးပမ်းမှုတရပ်ဖြစ်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိပေ။
အဲဒီနောက်မှာတော့ ငုတ်လျှိုးနေသည့် လုပ်ကြံသတ်ဖြတ်မှုသည် အာဏာသိမ်း စစ်အစိုးရ နအဖခေတ်မှာ ပြန် လည်ပေါ်ထွက်လာပြန်သည်။
နအဖ ခေါင်းဆောင်တဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး တင်ဦးကို ဗုံးခွဲလုပ်ကြံရန် ပြုလုပ်ခဲ့သော်လည်း လွတ်မြောက် သွားခဲ့သည်၊ နအဖက ပြည်ပရောက်အဖွဲ့များ လက်ချက်ဟု စွပ်စွဲပြောဆိုသော်လည်း လွတ်လပ်သော စုံစမ်းစစ်ဆေးမှု မရှိခဲ့သောကြောင့် အတိအကျမဆိုနိုင်ပေ။
၂၀၀၈ခုနှစ်မှာလည်း ကရင်တော်လှန်ရေးခေါင်းဆောင် ဖဒိုမန်းရှာသည်လည်း သေနတ်ဖြင့် လုပ်ကြံခံရခြင်း ကြောင့် ကွယ်လွန်ခဲ့ရပြန်လေသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် ဦးဆောင်သော အာဏာရအစိုးရသစ် လက်ထက်မှာတော့ လုပ်ကြံသတ်ဖြတ်မှုများ မရှိခဲ့ပေ။
ယခု အတိုက်အခံပါတီဖြစ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီး တနှစ်နီးပါး အကြာ NLD ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်မှာ သေနတ်ဖြင့်ကာ လုပ်ကြံခဲ့ရသည်။
မည်သည့်အတွက် မည်သည့်အဖွဲ့အစည်းက လုပ်ကြံသည်ကို မသိရသေးသော်လည်း ဤသည်မှာ မြန်မာ့နိုင်ငံ ရေးအတွက် အမည်စက်တကွက် တိုးလာခြင်းဟု ဆိုနိုင်သည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ငြိမ်သက်ပျောက်ကွယ်နေသည့် လုပ်ကြံသတ်ဖြတ်ခြင်း အလေ့အထသည် တဖန်ပြန်လည် ခေါင်းထောင်လာခြင်းလော။