ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု ဘာသာရေးထက် နိုင်ငံရေးကြောင့် ပိုဖြစ်ဖွယ်ရှိ
ရန်ကုန်မြို့ မြောက်ဥက္ကလာဆင်ခြေဖုံး ရှိ မွတ်ဆလင်သုဿန် သို့ ဦးတည်နေသည့် လမ်းပေါ်တွင် မြန်မာနိုင်ငံ၏ အထင် ရှားဆုံး ရှေ့နေတဦး နှင် ဒီမိုကရေစီရေး လှုပ်ရှားသူတဦး ဖြစ်သည့် ဦးကိုနီ ကို နောက်ဆုံးဂါဝရ ပြုရန် ရောက်လာသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို တင်ဆောင်လာသည့် ကားများ၊ မီနီဗင်များ၊ ဘတ်စ်ကားများ တန်းစီနေခဲ့သည်။ ဈာပနကို လိုက်ပါ ပို့ဆောင်သူ အများစုမှာ သံပုရာခွံ ဦးထုပ်များ ဆောင်းထားသည် မွတ်ဆလင်များ ဖြစ်သော်လည်း ကြီးမားသော လူစုကြီးထဲတွင် ကိုးကွယ်ရာ ဘာသာ အသီးသီးမှ ပြည်သူများ ပါဝင်နေခြင်းသည် ဦးကိုနီကို လေးစားခြင်းက ဘာသာရေး ကန့်သတ်မှုများကို ကျော်လွန်နေကြောင်း ဖော်ပြနေသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥပဒေရေးရာ အကြံပေးတဦးဖြစ်သည့် ဦးကိုနီကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပြင်ဘက်တွင် သေနတ်သမား တဦးက လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဦးကိုနီက နိုင်ငံခြား ခရီးစဉ်တခုမှ ပြန်လည်ရှိလာခြင်း ဖြစ်သည်။ ဦးကိုနီကို လေဆိပ်ခန်းမဆောင် တံခါးများအပြင် ဘက်တွင် စောင့်ဆိုင်းနေခဲ့သော လုပ်ကြံသူက ပစ်ခတ်ပြီး များမကြာမီ အချိန်တွင် ဖမ်းဆီးရမိခဲ့သည်။ သူ့ကို ဖမ်းဆီးရန် ကြိုးစားခဲ့သည့် အငှားယာဉ်မောင်းတဦးကိုလည်း သူက သတ်ဖြတ်ခဲ့သည်။ တိုင်းပြည်၏ နိုင်ငံရေးကို ဓားသွားပေါ်သို့ တင်ပေးလိုက်သည့် အဆိုပါ သတ်ဖြတ်မှုက နိုင်ငံရေးအရ လုပ်ကြံခြင်းဖြစ်ကြောင်း ထင်ရှားစွာ ပြသခဲ့သည်။
ဦးကိုနီကို မွတ်ဆလင် ဓလေ့ထုံးစံ အရ ကွယ်လွန်ပြီး ၂၄ နာရီ မပြည့်မီ မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။ လုပ်ကြံခံခဲ့ရသည့် ရှေ့နေဦးကိုနီကို သိကြသည့် ရန်ကုန်မြို့ခံများက ယခုလူသတ်မှုသည် ဦးကိုနီ ကိုးကွယ်ယုံကြည်သည့် ဘာသာရေးနှင့် သက်ဆိုင်ကြောင်း ခန့်မှန်း ဖော်ပြကြသည်ကို ငြင်းပယ်ခဲ့ကြသည်။ အချို့ သတင်းများဆိုလျှင် ရည်ရွယ်ချက် ရှိရှိဖြင့် ယခုလို သတ်ဖြတ်ခြင်းက မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများ မြင့်တက်လာရန် ဖြစ်သည်ဟူ၍ ပင် ဖော်ပြခဲ့ကြသည်။
သို့သော်လည်း သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ အဆိုအရ ဦးကိုနီ လတ်တလော အလေးပေး ဆောင်ရွက်နေသည်မှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အစားထိုးရေး ဖြစ်သည်ဟု သိရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲနောက်ပိုင်းတွင် မြန်မာနိုင်ငံက စစ်တပ်က တိုက်ရိုက်အုပ်ချုပ်သည့် စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အ သွင်ကူးပြောင်းနေသော်လည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးတွင် ခိုင်မာသောနေရာမှ ပါဝင်နေ ဆဲ ဖြစ်သည်။ “အစိုးရအုပ်ချုပ်ရေး အဆင့် အားလုံးက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အာဏာအောက်မှာ ရှိနေတယ်” ဟု ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဧရာဝတီသတင်းဌာန နှင့် တွေ့ဆုံရာတွင် ဦးကိုနီက ပြောသည်။ NLD က ယခင် အစိုးရထံမှ အာဏာလွှဲပြောင်းယူရန် ပြင်ဆင်နေချိန် ဖြစ်သည်။
အသွင်ကူးပြောင်းရေး ဖြစ်သော်လည်း မြန်မာနိုင်ငံမှ လက်နက်ကိုင် တပ်ဖွဲ့များက ရွေးကောက်ခံအစိုးရ၏ အမိန့်ကို နာခံရန် မလိုဘဲ ယခင်စစ်အစိုးရ ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေတွင် ဖော်ပြသည့် အတိုင်း ကာကွယ်ရေး ဦးစီးချုပ်၏ အမိန့်ကိုသာ နာခံနေကြဆဲ ဖြစ်သည်။ အရေးကြီးသည့် ဝန်ကြီးဌာနများ ဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာနများအတွက် ဝန်ကြီးများကိုလည်း စစ်တပ်က ခန့်အပ်သည်။ ရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီး လက်အောက်တွင် ရှိပြီး တနိုင်ငံလုံး ရှိ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက် ကျေးရွာများအထိ အစိုးရလုပ်ငန်းများကို ထိန်းချုပ်ထားသည့် သြဇာအာဏာ ကြီးမားသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာလည်း ပြည်ထဲရေး ဝန်ကြီးဌာနတွင် ပါဝင်သည်။
ဦးကိုနီ အားစိုက်ခွန်စိုက် ဆောင်ရွက်ခဲ့သလို စစ်တပ်က လွှမ်းမိုးသည့် အာဏာတည်ဆောက်မှုကို ပြောင်းလဲရန် ကြိုးစား မည့် အားထုတ်မှုမှန်သမျှသည် လွှတ်တော် ၂ ရပ်ပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းကျော်က ပြင်ဆင်ရေးအတွက် ထောက်ခံမဲပေးရန် လိုအပ်မည် ဖြစ်သည်။ လွှတ်တော် ၂ ရပ်လုံးတွင် တပ်မတော်က နေရာ ၂၅ ရာခိုင်နှုန်း ခန့်အပ်ထားခြင်း ဖြစ်သည့်အတွက် ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုနှင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ် ပိုမို ဒီမိုကရေစီဆန်လာစေမည့် အလုံးစုံပြုပြင်ရေး မှန်သမျှတို့ကို ဆုံးဖြတ်ပေးနိုင်သည့် ဗီတို အာဏာရှိနေသည်။
ကချင်ပြည် နယ်မြောက်ပိုင်း နှင့် ရှမ်းပြည်နယ်တွင် တိုက်ပွဲများ မြင့်တက်လာခြင်း၊ ဆန္ဒပြသူများ အပေါ် ရဲအဖွဲ့က ကြမ်းတမ်းစွာပြုမူ ခြင်း၊ ပြည်နယ်နှင့် တိုင်းများတွင် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းမှုများ ရှိသည်ဟု စွပ်စွဲမှုများ ရှိနေခြင်း နှင့် ရခိုင်ပြည်နယ် နှင့် တခြားနေရာများတွင် အာဏာပိုင်များက တရားမဝင် ရောက်ရှိလာသူများဟု ယူဆထားသူများကို ဖြိုခွဲခြင်းများ အပါအဝင် ဆောင်ရွက်မှုများတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိ ရွေးကောက်ခံ အစိုးရသည် သြဇာအာဏာ သက်ရောက်နိုင်ခြင်း မရှိဟု စွပ်စွဲမှုများနှင့် လတ်တလော ရင်ဆိုင် နေကြရသည်။
စာရေးသူနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အချိန်များတွင် ဦးကိုနီက တပ်မတော်၏ အခန်းကဏ္ဍနှင့် သက်ဆိုင်သော ကိစ္စများ နှင့် မြန်မာနိုင်ငံ၏ မပြည့်စုံသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စများကို ပြောလေ့ရှိပါသည်။ ကိုးကွယ်ယုံကြည်မှု အားလုံးက တန်းတူညီမျှမှု ရှိရမည်ဟု သူယုံကြည်သော်လည်း သူ ကိုးကွယ်သည့် ဘာသာတရားကို ကိုယ်ရေးကိုယ်တာ အကြောင်းတခုအဖြစ် သူက သဘောထားသည်။ လူနည်းစု မွတ်ဆလင်များ ကိစ္စနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တောင်းဆိုခြင်း သို့မဟုတ် အတိအလင်း ပြောဆိုခြင်းများ မရှိခဲ့ပါ။ လတ်တလောတွင် ဦးကိုနီက လူငယ်စာနယ်ဇင်းသမား များကို သူတို့ရင်ဆိုင်နေရသည် ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုများကို နားလည်ရန် နှင့် နိုင်ငံရေး အကြောင်းခံရှိသည့် တရားစွဲမှုများမှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် ကူညီပေးနေပါသည်။
“တကယ်လို့ ဒီလုပ်ကြံမှုက ဘာသာရေး အကြောင်းရှိတယ်ဆိုရင် ဒီလုပ်ကြံမှု သို့မဟုတ် သေနတ်သမားရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ လူတစုက ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင် ဘာသာဝင်တွေကြားမှာ ပြဿနာ မီးမွှေးချင်တဲ့ ရည်ရွယ်ချက် ရှိနေ နိုင်ပါတယ်” ဟု ဦးကိုနီ၏ လုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။ အကြောင်းအရာက ထိရှလွယ်သည့် အတွက် သူ၏ အမည်ကို ထုတ်ဖော်ခြင်း မပြုရန်လည်း မေတ္တာရပ်ခံခဲ့သည်။
အကယ်၍ လူသတ်သမား၏ ရည်ရွယ်ချက်က ထိုသို့ဖြစ်မည်ဆိုလျှင် သူ မအောင်မြင်ခဲ့ပါ။ လုပ်ကြံမှုဖြစ်ပွားခဲ့ပြီးနောက် ဦးကိုနီ၏ အလောင်းရှိရာ ဆေးရုံအပြင်ဘက်သို့ ပြဿနာ မီးမွှေးမည့် လူတယောက်ရောက်လာပြီး အော်ဟစ်ဆဲဆို၍ လုပ်ကြံသတ်ဖြတ်ခြင်းကို ကျေးဇူးတင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ သူ့စကားလုံးများက ထိုနေရာတွင် ရှိ နေသော မွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များ၏ အံ့သြတကြီး တိတ်ဆိတ်မှုကိုသာ ပြန်ရခဲ့သည်။
အသက် ၆၃ နှစ် ရှိပြီ ဖြစ်သော ဦးကိုနီကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ကသာတွင် မွေးဖွားခဲ့သည်။ ၁၉၇၅ နှင့် ၁၉၇၆ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ တက္ကသိုလ် ဥပဒေ အသင်း၏ ဒုတိယ ဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းတွင်လည်း စတင်သည့် အချိန်ကထဲက တက်တက်ကြွကြွ ပါ ဝင်ခဲ့သည်။ ဖိနှိပ်ရက်စက်သည့် စစ်အုပ်ချုပ်ရေးကာလ အမှောင်နေ့ရက်များ အတွင်းတွင်လည်း ပြည်ပသို့ ထွက်ခွာသွား မည့်အစား ပြည်တွင်းတွင် ဆက်လက်နေထိုင်ခဲ့သည်။
NLD ၏ အဓိက ဥပဒေ အကြံပေး အနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း နိုင်ငံခြားသား ဖြစ် နေသည့် သား ၂ ယောက်ကြောင့် အခြေခံဥပဒေအရ သမ္မတ တာဝန်ထမ်းဆောင်ခွင့် မရှိသည့် ပါတီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို အကြံပေးခဲ့သူဟု ဦးကိုနီကို သိထားကြပါသည်။ NLD ပါတီက ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ပုံရိပ်နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်သည့် ဂုဏ်သတင်းကို အသုံးပြု၍ အကြီးအကျယ် မဲဆွယ်လှုပ်ရှားခဲ့သည်။
“အဲဒါက စစ်တပ်ကို ဒေါသထွက်စေပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာမှာ ကို တားဆီးချင်ခဲ့ကြတယ်။ ဒါပေမယ့် သူ့ အတွက် သမ္မတရဲ့ အထက်မှာရှိမယ့် ရာထူးသစ်တခုကို ဖန်တီးနိုင်ခဲ့တယ်” ဟု ဦးကိုနီနှင့် နီးစပ်သူ နောက်တဦးက ပြောသည်။
လုပ်ကြံရခြင်း၏ နောက်ခံအကြောင်းက မသဲကွဲပါ။ လုပ်ကြံမှု၏ နောက်ကွယ်တွင် ကြိုးကိုင်သူတဦး ရှိမရှိ ဆိုသည် မှာ လည်း မရှင်းလင်းသေးပါ။ ဦးကိုနီကို သေနတ်နှင့် ပစ်ခဲ့သည့် အသက် ၅၃ နှစ် အရွယ် ကြည်လင်းမှာ ယခင် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ဟောင်း တ ဦး ဖြစ်သည်။ မြန်မာနိုင်ငံသို့ ဦးကိုနီပြန်ရောက်လာမည့် နိုင်ငံတကာလေကြောင်း ခရီးစဉ်ကို သေနတ်သမားက တိတိကျကျ သိနေပြီး လေဆိပ်အပြင်ဘက်တွင် သူ့ကို စောင့်ဆိုင်းနေခဲ့ခြင်းက သတင်း အချက်အလက် ပြည့်စုံစွာဖြင့် စနစ်တကျ စီစဉ်ထားသည့် ကိစ္စတခု ဖြစ်ကြောင်း အရိပ်အယောင်ပြနေသည်။
ဦးကိုနီနှင့် နီးစပ်သူများက လုပ်ကြံမှု၏ နောက်ကွယ်တွင် ရှိနေနိုင်သည့် အကြောင်းရင်းမှာ သူကိုးကွယ်သည့် ဘာသာ တရားကြောင့် မဟုတ်ဘဲ သူ၏ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုကြောင့် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ဦးကိုနီက NLD ခေါင်းဆောင်များကို တိုင်းပြည်၏ နုနယ်၍ မတည်ငြိမ်သော ဒီမိုကရေစီ တောင့်တင်း ခိုင်မာလာစေရေး နှင့် စစ်တပ် ကို နောက်ဆုတ်သွားစေရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရန် လုံလောက်သည့် တွန်းအားပေးမှု မရှိသည့်အတွက် ပုဂ္ဂိုလ် ရေးအရ ဝေဖန်ခဲ့သူလည်း ဖြစ်သည်။
ဦးကိုနီ ကွယ်လွန်သွားခြင်းကြောင့် NLD နှင့် အစိုးရအဖွဲ့အတွက် အရှိန်မြင့်တက်လာနေသော တိုင်းပြည်၏ နိုင်ငံရေး အာဏာနှင့် အပြောင်းအလဲ၏ အန္တရာယ်များသော အဆင့်သစ်တခုတွင် သူ၏ နေရာကို ဖြည့်ဆည်းရေး ကြီးမားသော အခက်အခဲတခု ဖြစ်လာလိမ့်မည်။
( Asia Times ပါ Bertil Lintner ၏ Assassination puts Myanmar on a razor’s edge ဆောင်းပါးကို ဘာသာပြန်ဆိုသည်)