ပင်းယက ပုဂံခေတ်နှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့မြို့ပြနိုင်ငံတော်ဖြစ်တယ်။ တချိန်က ဘုန်းမီးနေလ တောက်ပပြီးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ပင်းယက ယခုအခါ တံတားဦးမြို့နယ်ထဲက ကျေးရွာတရွာအဖြစ် တိတ်ဆိတ်ငြိမ်သက်နေပါ တယ်။
တံတားဦးမြို့နယ်အတွင်းမှာ အခြားထင်ရှားတဲ့ မြို့ဟောင်းတခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အင်းဝဖြစ်ပြီး ပင်းယ ခေတ်နှောင်းမှာ တည်ခဲ့တာပါ။ အင်းဝမြို့ဟောင်းမှာ နန်းတော်ရာ၊ ကျူံး၊ မြို့ရိုး၊ ပဟိုရ်စည် နေရာတွေ ရှိနေသေးပေမယ့် ပင်းယမှာတော့ နန်းတော်နဲ့ ကျူံးမြို့ရိုးတွေ မရှိတော့ပါဘူး။
အင်းဝက ဒုဌဝတီနဲ့ ဧရာဝတီမြစ်ဆုံရာနေရာမှာ မြို့ကို တည်ခဲ့ပြီး တံတားဦးမြို့ရဲ့မြောက်ဘက်မှာ ရှိတယ်။ ပင်းယမြို့ပြက ပန်းလောင်မြစ်အနီးမှာ တည်ရှိပြီး တံတားဦးမြို့ရဲ့ အရှေ့တောင်ယွန်းယွန်းမှာ တည်ရှိပါတယ်။ မက္ခရာမြို့ဟောင်းကိုလည်း ဇော်ဂျီနဲ့ ဒုဌဝတီမြစ်ဆုံရာမှာ မြို့တည်ထားပါတယ်။ ရှေးမင်းတွေရဲ့ရေအရင်းအမြစ် စီမံခန့်ခွဲမှုကို သတိပြုစရာပါ။
ပင်းယက တံတားဦးမြို့ရဲ့ အရှေ့တောင်ဘက် ၂ မိုင်အကွာ တံတားဦး-ကျောက်ဆည် ကားလမ်းပေါ်မှာ တည်ရှိတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းပြီး ရွာခံအများစုက တောင်သူလုပ်ငန်း လုပ်ကိုင်ကြတယ်။ ပင်းယက အတိတ်ကာလမှာ မင်းနေပြည်တော်ဖြစ်ခဲ့ပေမယ့် အခုအိမ်ခြေ (၂၀၀) မပြည့်တဲ့အညာရွာလေးတရွာအဖြစ်သာ တည်ရှိတော့တယ်။
ပင်းယမှာ အထက်တန်းကျောင်းပင်မရှိ။ အနီးအနားက စကားအင်းကျေးရွာက အိမ်ခြေ ထောင်ဂဏန်းရှိပြီး အထက်တန်း ကျောင်းလည်းရှိတယ်။ ပင်းယသူ ပင်းယသားတွေ အထက်တန်းပညာ ဆက်လက်ဆည်းပူးချင်ရင် တံတားဦးမြို့ကို ဖြစ်စေ စကားအင်းကျေးရွာကို ဖြစ်စေ သွားတက်ကြရပါတယ်။
ပင်းယက အခုအခေါ် ပင်းယျကျေးရွာမှာ ရပ်/ကျေးနိုင်ငံရေး ပါတီရုံးတွေရှိတယ်။ တယ်လီဖုန်း တာဝါတိုင်တွေရှိတယ်။ လူ မှုကူညီရေး အသင်းရှိတယ်။ လက်ဖက်ရည်ဆိုင်၊ ဆီစက်လုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ ဆံပင်အလှပြင်ဆိုင်၊ တယ်လီဖုန်းဟန်း ဆက်ဆိုင်တွေ ရွာလယ်လမ်းမတလျှောက်မှာ ရှိနေပါတယ်။ ဘိလိယက်ခုံသည်ပင် ရွာလယ်လမ်းမနံဘေးမှာ ရှိနေတယ်ဆို ရင် မအံ့သြပါနဲ့။
ပင်းယမှာ သွားရောက်လေ့လာလည်ပတ်စရာ အနည်းငယ်တော့ ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ ကျော်က တည်ထားခဲ့တဲ့ ပင်းယခေတ်လက်ရာ ဂူကြီး ၃ လုံးက တံတားဦး-ကျောက်ဆည် ကားလမ်း နံဘေးမှာ ဖိုခနောက်ဆိုင် တည်ရှိတယ်။
ဂူကြီးတွေက အရွယ်အစားကြီးမားလွန်းတော့ လမ်းမပေါ်ကနေ လှမ်းမြင်နိုင်တယ်။ ဂူကြီးတွေအတွင်းထိ ဝင်ရောက်ဖူး မှျှော်လို့ ရပါတယ်။ ဂူကြီး ၃ လုံးအနီးမှာ သစ်သားနဲ့ဆောက်ထားတဲ့ တထပ်ကျောင်းသင်္ခမ်းလေးရှိပြီး လှေကား ၃ ထစ် တက်ရုံနဲ့ ကျောင်းဆောင်ပေါ်ကို ရောက်ပါတယ်။
ပျဉ်ကာပျဉ်ခင်း သွပ်မိုးကျောင်းသင်္ခမ်းလေးဖြစ်ပြီး ၁၅ ပေ ပတ်လည်မျှသာ ကျယ်ဝန်းပါတယ်။ ဝရန်တာလေးထုတ်ပြီး ဆောက်လုပ်ထားပြီး ဆရာတော် ၂ ပါး သီတင်းသုံးပါတယ်။ ထနောင်းပင်တွေက ကျောင်းဆောင်အနီးမှာ အုပ်မိုးနေပြီး ဘုရားပရဝုဏ်အပြင်ဘက်မှာ ယာခင်းတွေက ဝန်းရံထားတယ်။
နေ့လယ်နေ့ခင်းတွေမှာပင် ငြိမ်သက်တိတ်ဆိတ်နေပြီး သန္တရသ ပေးစွမ်းနိုင်ပါတယ်။ ဂူကြီး ၃လုံး အတွင်းမှာ ထိုင်တော်မူ ကျောက်ဆင်းတုတော်ကြီးတွေ ရှိပါတယ်။ ဂူကြီး ၃ လုံး အပြင်ဘက်နံရံမှာ ပင်းယခေတ် သဲကျောက် ပန်းပုလက်ရာတွေကို အနီးကပ်လေ့လာလို့ရတယ်။
အချို့နေရာတွေမှာ ပြိုပျက်မှုတွေရှိနေပေမယ့် စနစ်တကျ ထိန်းသိမ်းထားတယ်။ အစွန်ဆုံး ဂူကြီးအနီးမှာ ရှေးဟောင်း အုတ်ရေကန်ရှိပါတယ်။ အုတ်ရေကန်ပေါ်ကို ထနောင်းပင်က အုပ်မိုးထားတယ်။ အညာကျေးလက်သဘာ၀ ရှုခင်းတွေကို ဂူကြီး ၃ လုံးမှာ ကြည့်ရှုနိုင်ပါတယ်။
တံတားဦးသား ကဗျာဆရာကြီး ကိုလေး(အင်း၀ ဂုဏ်ရည်)က သူ့ဇာတိရပ်ရွာနဲ့ ပတ်သက်လို့ အခုလို ဂုဏ်ယူပြီး ပြော တယ်။ “ပင်းယမှာ ဘုရင် ၆ ဆက် မင်းနေပြည်တော်ဖြစ်ခဲ့သဗျာ။ သက္ကရာဇ် ၆၇၄ ကနေ ၇၂၆ အထိ မင်း ပြုခဲ့တာပေါ့။
လောကနီတိကို ပါဠိလိုရေးတဲ့ စတုရင်္ဂအမတ်ဆိုတာ ထွက်ပေါ်ခဲ့တယ်။ (လောကနီတိ မြန်မာပြန်ကိုတော့ ဆရာတော် ဦးဗုဓ်က ရေးခဲ့တာပါ။) ဗုဒ္ဓသာသနာတော်မှာ ငယ်စဉ်က ဆူးတွင်းထဲ ပစ်ချခံခဲ့ရတဲ့ ဆူးတွင်းပစ် ဆရာတော်ဆိုတာ ပင်း ယခေတ်မှာ ပေါ်ခဲ့တာတွေပေါ့”
ပင်းယက အတိတ်မှာ မြို့ပြနိုင်ငံတော်အထိ ထူထောင်နိုင်ခဲ့ပေမယ့် အခုတော့ အေးဆေး တိတ်ဆိတ်ငြိမ်သက်လို့ နေ တယ်။ ပင်းယရဲ့မင်းလမ်းမပေါ်မှာ တရုတ်ဆိုင်ကယ်တွေ တရုတ်ထော်လာဂျီတွေ တဝူးဝူး ခုတ်မောင်းနေတယ်။
ကောက်ရိုးတွေ အပြည့်တင်ထားတဲ့ နွားလှည်းက လေးတိလေးကန် တအီအီ မောင်းနှင်နေကြတယ်။ ကျောင်းသူ ကျောင်းသားတွေက စက်ဘီးကိုယ်စီ လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသွားကျောင်းပြန် မြင်ကွင်းတွေကို ပင်းယရဲ့မင်း လမ်းမပေါ်မှာ ဥဒဟိုသွားလာနေတာ မြင်တွေ့နိုင်ပါတယ်။ တချိန်က ဒီ မင်းလမ်းမကြီးပေါ်မှာပဲ ဆင်တပ်၊ မြင်းတပ်တွေ စစ်သည်ရဲမက်တွေ ခြေချင်းလိမ်အောင် သွားလာနေကြမှာပဲ။
ပင်းယခေတ်ဘုရင်တွေထဲမှာ ဆင်ဖြူတော်ကြိုက်နှစ်သက်တဲ့ဘုရင်တွေလည်း ပါဝင်ခဲ့တယ်။ ပင်းယခေတ် ဘုရင်သီဟသူ မင်းလက်ထက်မှာ ပန်းလောင်မြစ်အတွင်း ဆင်ဖြူအသေတကောင် မျောပါလာတယ်။ ဘုရင်သီဟသူ သိတော့ မင်းချင်း တွေကို ဆယ်ယူခိုင်းတယ်။ ဆင်ဖြူအသေကို မြစ်ထဲက ဆယ်၊ ထောက်တိုင်တွေနဲ့ ထူမတ်ပြီး တစီးရှင် ဘွဲ့ခံယူပါသတဲ့။ ဆင်ဖြူတော် ပိုင်ရင် သယံဇာတ ပေါကြွယ်ဝမယ်၊ ဆန်ရေစပါး ပေါများမယ်လို့ ဘုရင်တွေက ယုံကြည်ခဲ့ကြတယ်။
ပင်းယမှာ အထူးလေ့လာစရာနေရာတွေ ရှိနေပါသေးတယ်။ ပင်းယရဲ့စည်းခုံ ၃ ဆူအဖြစ် ထင်ရှားတဲ့ ရွှေစည်းခုံ၊ အောင် စည်းခုံ၊ မြစည်းခုံ စေတီတော်တွေနဲ့ ရွှေတောင်တော်ကို သွားရောက်ဖူးမြော်နိုင်ပါတယ်။ ပင်းယ ပတ်ဝန်းကျင်တခွင်ကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားပြီး ရှေးဟောင်းသုတေသနက ကျောက်စာတိုင်တွေ စိုက်ထူထား တယ်။
တချို့ကျောက်စာတိုင်တွေက ဆောက်လက်စ အဆောက်အဦတွေ အနီးဝန်းကျင်မှာ ရှိနေပါတယ်။ ရွှေတောင်တော်က
ပင်းယနဲ့ အနည်းငယ်လှမ်းပြီး ကားနဲ့ ၁၅မိနစ်မျှ မောင်းနှင်ရတဲ့ ခရီးမှာရှိတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းက ရွှေ တောင်တော် တောင်ခြေအနီးက ဖြတ်သန်းသွားတယ်။ တောင်ပေါ်မှာ ဘုန်းတော်ကြီးကျောင်းရှိပြီး ကားနဲ့ မောင်းတက် နိုင်ပါတယ်။
ပင်းယက သွားရောက်လည်ပတ်ဖို့ကောင်းတဲ့ နေရာတခုဖြစ်ပါတယ်။ ရှေးဟောင်းလက်ရာတွေက ပင်းယခေတ် စေတီ ပုထိုးတွေမှာသာ ကျန်ရှိတော့ပေမယ့် ကျေးလက်လူမှုဘဝကိုလည်း ခရီးသွားဟန်လွှဲ လေ့လာနိုင်ပါသေးတယ်။
သွားရေးလာရေး မခက်ခဲပေမယ့် အရောက်အပေါက်နည်းသေးတဲ့ မြို့ပြအနီးမှာရှိတဲ့ ရှေးဟောင်းနယ်မြေဖြစ်ပါတယ်။ သက်တမ်းရင့် မကျည်းပင်ကြီးတွေ အုပ်မိုးထားတဲ့ တံတားဦး-ကျောက်ဆည် ကားလမ်း နံဘေးက ပင်းယရွာမှာ မြင်း လှည်းလေးဂေါက်ဂေါက် ဂက်ဂက် စီးပြီး အညာရှုခင်းတွေ ခံစားနိုင်တယ်။ မြင်းလှည်းလေးစီးပြီး အေးအေးလူလူ လည် ပတ်နိုင်တဲ့ အခွင့်အရေးက အဲဒီလို ဒေသတွေမှာပဲ ရနိုင်ပါတယ်။
ပင်းယရွာလယ်က စာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ အညာဆန်တဲ့ တောလက်ဖက်ရည် ဆိုင်လေးရှိတယ်။ ပလတ်စ တစ်ပိတ်ထားတဲ့ မြို့ပြသရေစာတွေ မှာစားနိုင်ပါတယ်။ နွားနို့ စစ်စစ်နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်က တောရနံ့ ကြိုင်လှိုင် လှပါတယ်။ လက်ဖက်ရည်ဆိုင်က တထပ် အဆောက်အဦလေးဖြစ်ပြီး ခုံတန်းလျားရှည်တွေ ခင်းထားတယ်။
ဆွေရင်းမျိုးရင်း တယောက်အိမ် အလည်သွားတဲ့ ခံစားမှုမျိုး အဲဒီတောလက်ဖက်ရည်ဆိုင်လေးက ပေးစွမ်းနိုင်ပါတယ်။ တောလက်ဖက်ရည်ဆိုင်လေးမို့ တောင်သူတွေ၊ ပွဲရုံလုပ်သားတွေ၊ တောဈေးသည်တွေဆီက တောသံ တောစကားတွေ နားမထောင်ဘဲ ကြားရနိုင်ပါတယ်။ မိတ်ဆွေတို့ စိတ်အားလက်အားရှိတဲ့ခါ ပင်းယကို အရောက်လာခဲ့ကြပါ။