ဆောင်းပါး

စစ်ရှောင်တွေကို စာနာပါ

Want create site? Find Free WordPress Themes and plugins.

ရဲရဲနီတောက်နေတဲ့ မီးပုံကလေးရဲ့ ဘေးနားမှာ ထိုင်နေတာတောင်မှ ဦးလဖိုင်ဇောင်ရာ တကိုယ်လုံး ခိုက်ခိုက်တုန်အောင် ချမ်းနေပါတယ်။

အေးလွန်းလို့ ကျင်နေတဲ့ သူ့လက်တွေကို အားပြုပြီး ဘယ်ဘက်ခြေထောက်ကို နှိပ်လိုက်၊ ပါးတွေကို လက်ဆစ်တွေနဲ့ ခေါက်လိုက်နဲ့ နှုတ်ခမ်းအစုံကလည်း “ကျွတ်၊ ကျွတ်”နဲ့ ညည်းတွားနေပါတယ်။

အနွေးဓာတ်နဲ့ ထမင်းဟင်းချက်ဖို့ ထင်းရှာကြသူတွေ (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

အသက် ၆၀ ကျော်ပြီဖြစ်တဲ့ ဦးလဖိုင်ဇောင်ရာက “ဒီကို လာတုန်းက ကောင်းသေးတယ်။ ဒီရောက်ပြီး ကျနော့်ခြေ ထောက်တွေ ကျင်လာတာ။အခု ဘယ်ဘက်က လှုပ်မရသလိုပဲ။ မေးရိုးတွေလည်း ကျင်နေတယ်။ လေဖြတ်ချင်သလို မျိုး”လို့ သူ့မေးရိုးတွေကို လက်နဲ့နှိပ်နှယ်ရင်း ပြောပြပါတယ်။

ဆက်ပြီး ဦးလဖိုင်ဇောင်ရာက သူ့မှာ နွေးနွေးထွေးထွေးနေဖို့ ကိုယ်မှာ ဝတ်ထားတဲ့ အနွေးထည်တထည်သာ ရှိတယ်လို့ သူ့ကိုယ်မှာ ဝတ်ထားတဲ့ အပြာရောင်ခပ်နွမ်းနွမ်းဆွယ်တာကို လက်ညှိုးထိုးရင်း “အကျီႌတွေ ဇိုင်းအောင်မှာ ကျန်ခဲ့တယ် ” လို့လည်း သူက ပြောပါတယ်။

ဦးလဖိုင်ဇောင်ရာက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဇိုင်းအောင်စစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည်တဦးပါ။ သူအ ပါအဝင် ဒုက္ခသည်တွေ ၃၀၀၀ ကျော်နေထိုင်နေတဲ့ ဇိုင်းအောင်နဲ့ ခေါင်ရှောင် စစ်ဘေးရှောင်စခန်းတွေအနီးမှာ တပ်မ တော်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲတွေ ၂၀၁၆ ခုနှစ်၊ သြဂုတ်လက စပြီး ဖြစ်ပွားခဲ့ပါတယ်။

အအေးဒဏ်က ခလေး၊ လူကြီး အားလုံးကို ဒုက္ခပိုစေတယ် (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

ဇိုင်းအောင်နဲ့ ခေါင်ရှောင်စစ်ရှောင်စခန်းတွေက KIA တပ်မဟာ (၅) လက်အောက်ခံ၊ တပ်ရင်း (၃) နယ်မြေဖြစ်တဲ့ လိုင် ဖောင်တောင်ကြောတလျှောက်မှာ ရှိတာပါ။ ဒီဇင်ဘာ ၁၉ရက်မှာတော့ တပ်မတော်က KIAရဲ့ လိုင်ဖောင်စခန်းကို သိမ်းပိုက်လိုက်ပြီး ဇိုင်းအောင်နဲ့ခေါင်ရှောင်စခန်းတွေအနီးကိုလည်း  လက်နက်ကြီးတွေကျပြီး လေယာဉ်တွေ ပျံဝဲလာတာ ကြောင့် ည ၉ နာရီဝန်းကျင်မှာ စစ်ရှောင်တွေ ကမန်းကတန်း ထွက်ပြေးလာကြရတာပါ။

စခန်းတွေအနီးမှာ လက်နက်ကြီး ၈ ချက် ကျတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေက ညအမှောင်ထဲပြေးရင်း ပစ္စည်း တွေ သယ်သူကသယ်ကြ၊ မသယ်နိုင်သူက ပြေးနဲ့ အချို့ကတော့ ကြောက်လန့်ပြီး ပစ္စည်းတွေကတဖက်နဲ့ လသား ကလေးငယ်တွေကို လက်မှာ ဇောက်ထိုးဆွဲပြေးတဲ့သူတွေလည်း ရှိတယ်လို့ စစ်ရှောင်ဒုက္ခသည်တွေဆီက သိရပါတယ်။

ဇိုင်းအောင်၊ ခေါင်ရှောင် စစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၃၀၀၀ ကျော်က ထွက်ပြေးရင်း တရုတ်နိုင်ငံနယ်စပ်ကို ရောက်သွားကြပါတယ်။ တရုတ်စစ်တပ်တွေက ၎င်းတို့နယ်မြေထဲကို အဝင်မခံဘဲ စစ်ဘေးရှောင်အချို့ကို ရိုက်နှက်၊ ကန်ကျောက်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဒုက္ခသည်တွေက တရုတ်-မြန်မာ နယ်စပ်၊ တောလမ်းတွေထဲမှာ ၁၀ ရက် ကျော် သောင်တင်နေခဲ့ပါတယ်။

အအေးဒဏ်ကြားက အသက်အရွယ်ကြီးရင့်သူတဦး (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

ဇန်နဝါရီ ၂၀ ရက်မှာတော့ စစ်ရှောင်စခန်းတာဝန်ခံတွေရဲ့ဦးစီးမှုနဲ့ ဘေးအကင်းဆုံး၊ ပြေးဖို့ အနီးဆုံးနေရာက KIA ထိန်းချုပ်နယ်မြေထဲက ရှအိယန်ဒေသဖြစ်တာကြောင့် ပြေးလာကြတယ်လို့ သိရပါတယ်။

ရှအိယန်ကို ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီဖို့ ရောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးကော်မတီ (IRRC)က တာဝန်ခံ ဦးခရော်တူးဒန်က “ဟိုမှာနေလို့ မဖြစ်တော့ဘူးဆိုတော့ ဒီကနေ ကျ နော်တို့ ကားနဲ့ကြိုပေးတယ်။ ရောက်လာကြတာ ည ၂ နာရီ ၊ ၃နာရီတွေ ၅ ရက်ဆက်တိုက်ပဲ လူမမြင်အောင် ညတွေ ပဲ ရောက်လာကြတာ။ ရောက်စက သူများနွားတင်းကုတ်ကို ငှားပြီး သူတို့ကို အိပ်ဖို့ နေရာပေးရတယ် ”လို့ ပြောပြပါ တယ်။

IRRC က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကချင်စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီပေးဖို့ ဖွဲ့ပေးထားတဲ့ ကော် မတီပါ။

ရှအိယန်ဒေသက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေ၊ လိုင်စင်ဒေသထဲက ကျေးရွာတခု ဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်ပါတယ်။ တောင်တွေပတ်လည်ဝိုင်းထားတဲ့ ချိုင့်ဝှမ်းမြေပြန့်ဒေသ လေးလို ဖြစ်နေပါတယ်။ ရှအိယန်နဲ့ ယူနန်ပြည်နယ်ကိုတော့ နမ့်တဘတ်အမည်ရတဲ့ ချောင်းကလေးတခုက ပိုင်းခြား ထားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေတိုက်ပွဲဖြစ်တိုင်း စက်ကွင်းမလွတ်တဲ့ ဒေသခံတွေက ပြေးကြလွှားကြရပေမယ့် ရှအိယန်ကို ရောက်လာတဲ့သူတွေကတော့ ဒီတကြိမ်ဟာ ပထမဆုံးအကြိမ် အဖြစ် စစ်ဘေးရှောင်ဖြစ်ကြရတာ မဟုတ်ပါဘူး။

ရှအိယန် စစ်ရှောင်ဒုက္ခသည်စခန်း (ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)

၂၀၁၁ ခုနှစ်ကတည်းက ဝိုင်းမော်မြို့နယ်၊ ဒင်ဂါရွာမှာ တိုက်ပွဲဖြစ်လို့ ဇိုင်းအောင်ဒေသမှာ စစ်ရှောင်နေကြရသူတွေပါ။ အခုတော့ ဇိုင်းအောင်မှာလည်း သြဂုတ်လကတည်းက စဖြစ်နေတဲ့ တိုက်ပွဲမီးလျှံတွေ ကူးစက်လာပြီး လက်နက်ကြီး တွေကျ၊ လေယာဉ်ပျံတွေပျံဝဲလာတာကြောင့် ရှအိယန်ကို ထပ်မံပြေးလာရတဲ့ နှစ်ထပ်ကွမ်း စစ်ဘေးရှောင်တွေပါ။

ရှအိယန်ဒေသက ပင်လယ်ရေမျက်နှာပြင် ၇၀၀၀ ကျော်အထက်မှာရှိပြီး နှစ်တနှစ်ရဲ့ဇန်နဝါရီလတိုင်းက ဒီဇင်ဘာလ တွေထက် အအေးပိုပြီး နေအလင်းရောင် ကွယ်ပျောက်သွားတာနဲ့ အပူချိန် ၀ ဒီဂရီဆဲစီးယပ်ကနေ – ၄ ဒီဂရီဆဲစီးယပ် အထိ ထိုးကျသွားပါတယ်။

ဇိုင်းအောင်ကနေ အသက်လုပြေးလာရတဲ့ ဦးလဖိုင်ဇောင်ရာလို ခပ်နွမ်းနွမ်းဆွယ်တာ တထည်တည်းရှိတဲ့သူအတွက် ကတော့ -၄ ဒီဂရီဆဲစီးယပ် ရှိတဲ့ အအေးဒဏ်ကို မီးလှုံရုံနဲ့ အန်မတုနိုင်ပါဘူး။

ရှအိယန်ကို ပြောင်းလာတာ ရက်သတ္တပတ်ပဲရှိသေးတဲ့ ဒေါ်ကော့မိုင်ကလည်း “ ညရောက်မှာကိုတောင် ကြောက် တယ်။ ဒီလောက်အေးတာ မကြုံဖူးဘူး။ ညမှောင်သွားတာနဲ့ မိုးလင်းဖို့ကို စောင့်ရတာ အရမ်းကြာသလိုပဲ ခံစားရတယ် ” လို့ ပြောပါတယ်။

ဒေါ်ကော့မိုင်ကတော့ ပြောဆိုရင်း နေဝင်ချိန်ကို အန်တုနိုင်ဖို့ မီးဖိုရင်း ရေနွေးကြိုရင်း မြေစိုက် ပလတ်စတစ်မိုးကာတဲ ထဲက သုံးထပ်သားပြားပေါ်မှာထိုင်နေတဲ့ အသက် ၇၀ အရွယ် မိခင်အိုကြီးကိုလည်း နွေးနွေးထွေးထွေးနေဖို့ စောင်ခြုံ ထားဖို့ ပြောနေပါတယ်။

ဒေါ်ကော့မိုင်က ပြေးလာတဲ့အချိန်မှာ သားအမိ ၂ယောက်တည်းရှိပြီး သူတို့မှာ ဆိုင်ကယ်လည်း မရှိတာကြောင့် ဆိုင်ကယ် ဓာတ်ဆီ ဝယ်ထားပြီး မိခင်ကို ဆိုင်ကယ်နဲ့ တင်ပြေးပေးဖို့ အသိတွေဆီမှာ အကူအညီတောင်းခဲ့ရင်း ပြေးလာရတယ်လို့ ပြောပါတယ်။

ထွက်ပြေးလာကြတဲ့ စစ်ရှောင်ဒုက္ခသည် ၁၈၀၀ ကျော်ထဲမှာ အသက် ၆၀ နဲ့အထက်၊ အသက် ၉၀ နှစ်၊ ၁၀၀ နှစ်အထိ သက်ကြီးရွယ်အိုတွေက ၁၀၀ ဦးရေ ဝန်းကျင် လောက်ရှိပြီး လှုပ်ရှားမသွားလာနိုင်တဲ့ သက်ကြီးရွယ်အိုက ၁၀ ဦးနဲ့ အထက်ရှိတယ်လို့ ဦးခရော်တူးဒန်က သူ ပြုစုထားတဲ့စာရင်းကို ရွတ်ပြပါတယ်။

ရှအိယန်ကို ရောက်လာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေကို IRRC က ပလတ်စတစ်မိုးကာ ယာယီရွက်ဖျင်တဲတွေ ဆောက်လုပ်ပေးထားတာ အလုံး ၄၀၀ ကျော်ရှိပါတယ်။ ဇန်နဝါရီ ၂၁ ရက်ကနေ ၂၆ ရက်ထိကတော့ ဒုက္ခသည်တွေ က တဲအတွင်းက မြေကြီးပေါ်မှာ ပလတ်စတစ်စတွေကို ပြန်ခင်းပြီး အိပ်ကြရပါတယ်။

ဇန်နဝါရီလ ၂၆ ရက်မှာတော့ KIO က သုံးထပ်သား သစ်သားပြားတွေ ထောက်ပံ့ပေးတာကြောင့် သစ်သားပြားတွေ ခင်းပြီး အိပ်ကြပါတယ်။

ညပိုင်းမှာ နှင်းတွေ တစက်စက်ကျပြီး ယာယီရွက်ဖျင်တဲထဲကိုပါ နှင်းစက်တွေက ယိုကျပါတယ်။ နှင်းစက်တွေကြောင့် မနက် ၃ နာရီ ၄ နာရီခန့်ဆိုရင် တဲအတွင်းမှာ အိပ်နေတဲ့သူတွေရဲ့ ဂွမ်းစောင်တွေက စိုစိစိ ဖြစ်သွားပါပြီ။ နှင်းစက်တွေ ကြားမှာ ကောင်းကောင်းအိပ်လို့ မရတော့ပါဘူး။

ညတချိန်လုံး မီးဖိုထားဖို့ ဆိုတာကလည်း ရှအိယန်ဒေသပတ်ဝန်းကျင်က တောင်တွေမှာ ဒေသခံလီဆူ တိုင်းရင်းသား တွေရဲ့ ထင်းရှုးစိုက်ခင်းတွေပဲ ရှိတာကြောင့် ထင်းရဖို့လည်း အခက်အခဲရှိနေပါတယ်။

ဒုက္ခသည်တွေ မီးဖိုဖို့ ထင်းတွေကိုတော့ ကချင်နှစ်ခြင်းအသင်းတော် (KBC) က လုပ်အားပေးလူငယ်တွေက ထင်းခွေ ပေးပြီး ၄မိုင်လောက် ဝေးတဲ့ တောင်တွေမှာ ခုတ်ယူပြီး သယ်လာပေးကြပါတယ်။

မနက် ၆ နာရီဝန်းကျင်ဆိုရင်တော့ နေအလင်းရောင် အနည်းငယ်ထွက်တာနဲ့ ရှအိယန်ပတ်ဝန်းကျင်တခုလုံးက ရေခဲ မှုန်တွေနဲ့ ဖြူဖွေးနေပါပြီ။ နေ့လယ်ခင်းက စိမ်းခဲ့တဲ့ မြက်ခင်းတွေနဲ့ တောင်တန်းတွေက ရေခဲတွေနဲ့ အဖြူရောင် အတိ ဖုံးလွှမ်းသွားပါပြီ။

ညအိပ်ချိန် တဲအပြင်မှာ ထားခဲ့တဲ့ ရေပုံးထဲက လက်ကျန်ရေတွေနဲ့ နမ့်တဘတ်ချောင်းက ရေကို သုံးဖို့ သွယ်တန်းထား တဲ့ ပိုက်တွေက ရေခဲဖြစ်သွားလို့ ရေသုံးမယ်ဆို နေပူလာတဲ့ အချိန်ကို ပြန်စောင့်ရပါတယ်။ အချို့ကတော့ မီးဖိုမှာ ခဲနေ တဲ့ ရေတွေကို အရည်ပျော်အောင် လုပ်ပြီး မနက်စာအတွက် ထမင်းဟင်းချက်ကြပါတယ်။

မနက်နေရောင် အားကောင်းလာလို့ မြေပြင်က ရေခဲမှုန်တွေ ပျော်လာပြီဆိုရင်တော့ စစ်ရှောင်ဒုက္ခသည်တွေက ညက နှင်းစိုထားတဲ့ ဂွမ်းစောင်တွေကို ထုတ်လှမ်းကြပြီး အေးလွန်းလို့ ညအိပ်မပျော်တဲ့ အဘိုးအဘွားတွေကတော့ နေပူထဲ မှာ အခင်းခင်းပြီး အိပ်ကြပါတယ်။

ဧရာဝတီသတင်းဌာနက ရှအိယန်ဒေသကို ရောက်တဲ့အချိန်မှာ အအေးဒဏ်ကြောင့် ခြေလက်လှုပ်ရှားဖို့ ခက်ခဲပြီး လေ ဖြတ်မလို ဖြစ်နေတဲ့ အဘိုးအဘွား ၅ ဦးထက်မနည်း တွေ့ခဲ့ရပါတယ်။

ဒုက္ခသည်တဦးဖြစ်တဲ့ ဒေါ်နန်ရာကလည်း “ကျမတို့က ဇိုင်းအောင်က အခြေကျနေပြီ။ အခုထပ်ပြောင်းလာရတယ်။ အားလုံး အစကနေ ပြန်စရတော့မယ်”လို့ အဝေးကို ငေးပြီး ညည်းညူပါတယ်။

ဒေါ်နန်ရာက ယခင်အစိုးရလက်ထက်မှာ တိုက်ပွဲဖြစ်တာတွေကို ကြုံဖူးခဲ့ပေမယ့် လေယာဉ်ပျံနဲ့ ဗုံးကျဲတာမျိုးတွေ မရှိ တာကြောင့် ဖြည်းဖြည်းချင်း ပြောင်းရွှေ့တိမ်းရှောင်နိုင်ပေမယ့် ယခုအစိုးရလက်ထက်မှာတော့ တပ်မတော်က လေ ယာဉ်တွေကိုပါ အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် အသက်ရှင်နိုင်ရေးကို ဦးစားပေးပြီး အသည်းအသန်ပြေးရတယ်လို့ သူကြုံခဲ့ရတာတွေကို ပြန်ပြောပါတယ်။

“ကျမတို့က ဒေါ်အောင်ဆန်းစုကြည်ကို အများကြီးမျှော်လင့်ထားတာ။ သူက ကမ္ဘာမှာတောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရ ထားတာလေ။ အခုတော့ သူတက်လာမှ ပိုတောင် ဆိုးလာသလားလို့။ ကျမတို့တော့ ဒီလိုပဲ ခံစားရတယ်”လို့လည်း ဒေါ်နန်ရာက ပြောပါတယ်။

ဆက်လက်ပြီး ဒေါ်နန်ရာက သူ့ရဲ့ ၄နှစ်အရွယ် သားငယ်က လေယာဉ်မမြင်ဖူးတာကြောင့် ဇိုင်းအောင်မှာနေတုန်းက လေယာဉ်ပျံလာပြီဆို မိုးပေါ်ကို မော့မော့ကြည့်ပြီး “မေမေ လေယာဉ်ပျံကြီး”လို့ ပျော်ပျော်ရွှင်ရွှင် အော်ပြောခဲ့ပေမယ့် တိုက်ပွဲတွေ ဖြစ်ပြီး လူကြီးတွေက လေယာဉ်နဲ့ လက်နက်တွေ ပစ်တယ် ဗုံးတွေ ကျဲချတယ်လို့ ပြောတဲ့ နောက်ပိုင်းမှာ တော့ လေယာဉ်သံကြားတာနဲ့ ပုန်းနေတော့တယ်လို့ ပြောပြပါတယ်။

ဒေါ်ကော့မိုင်ကလည်း ၁၉၉၀ခုနှစ်ကတည်းက စစ်ဘေးရှောင်ခဲ့ရဖူးသူ ဖြစ်ပြီး ယခင်က တိုက်ပွဲများ ဖြစ်ရင် တပ်မ တော်က တိုက်ပွဲဖြစ်ထားတဲ့ အနီးက ရွာတွေကို မီးရှို့ပြီး ပြန်လည်ထွက်ခွာသွားပေမယ့် အခုတခေါက်မှာတော့ မြေ နေရာကို ရသမျှ ရှေ့တိုးလာတာကြောင့် ပြေးစရာမြေ ကျဉ်းလာသလို ခံစားရတယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်ဒုက္ခသည်တွေက သူတို့ အခါခါ ပြေးလွှားရပေမယ့် အစိုးရက ဘာအကူအညီမှမပေးဘဲ စာနာတဲ့စကား တစုံ တရာ ပြောတာမရှိလို့လည်း ဝမ်းနည်းမိတယ်လို့ ပြောကြပါတယ်။
စစ်ရှောင်အများစုကတော့ NLD အစိုးရအဖွဲ့ တတ်လာရင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပိုအဆင်ပြေပြီး နေရပ်တွေကို ပြန်ရဖို့ မျှော်လင့်ထားခဲ့တာလို့လည်း ဆိုပါတယ်။

ဒေါ်ကော့မိုင်က “တခါတလေ စဉ်းစားမိတယ်။ ကျမတို့ကချင်တွေကို အပြတ်များ အကုန်သေအောင် လုပ်နေသလား လို့။ တကယ်ဆို ကျမတို့ကလည်း ဒီနိုင်ငံသားတွေပါ။ ကျမတို့ အဖြစ်တွေကို ကြည့်ပါဦး။ ငဲ့ပါဦးလို့ မှာချင်တယ် ”လို့ လည်း ပြောပါတယ်။

စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး KIA ကို မေးမြန်းကြည့်တဲ့ အခါမှာတော့ ဗိုလ်ချုပ်ဂွန်မော်က ယခုဖြစ်ပွားတဲ့ တိုက်ပွဲ တွေမှာ တပ်မတော်ဘက်က အင်အားအလုံးအရင်းနဲ့ တိုက်ပွဲတွေကို ဆင်နွဲနေတာ ဖြစ်ပြီး ပြည်တွင်းစစ်တွေမှာ တား မြစ်ထားတဲ့ လက်နက်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။

“KIO ကို တိုက်နေတဲ့ တိုက်ပွဲတွေဟာ အစိုးရရဲ့ မူဝါဒတခုအောက်မှာ ရည်မှန်းချက်ကို ရောက်အောင် တိုက်နေတဲ့ ပုံစံမျိုး မဟုတ်တော့ဘူးလို့ နားလည်တယ်။ အငြိုးအတေးနဲ့ အမြစ်ပြတ်အောင် တိုက်မယ်ဆိုတဲ့ပုံစံမျိုး တွေ့နေရပါ တယ်။ ဒါဟာ မကောင်းတဲ့ အလားအလာပါ”လို့ ဗိုလ်ချုပ်ဂွန်မော်က သုံးသပ်ပါတယ်။

လက်ရှိမှာ အစိုးရက ခေါ်ယူဆွေးနွေးဖို့ ကြိုးစားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကလည်း တန်းတူရည်တူ မရှိကြောင်း၊ အစိုးရအနေဖြင့် တိုက်ပွဲများကို ရပ်တန့်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ဆွေးနွေးခွင့် ပေးသင့်တယ် လို့လည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း ဝိုင်းမော်မြို့နယ်မှာ စစ်ရေးအခြေအနေတွေ ငြိမ်သက်သွားပေမယ့်လည်း KIA တပ်ရင်း (၆) ရှိတဲ့ ဖားကန့်မြို့နယ်၊ တပ်မဟာ(၁) ရှိတဲ့ ပူတာအိုမြို့တွေမှာတော့ တပ်မတော်က စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေ တာကို သိရတယ်လို့လည်း KIA က ပြောပါတယ်။

တပ်မတော်ကတော့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး KIA အကြမ်းဖက်သောင်းကျန်းသူများက ကချင်ပြည်နယ်ထဲက အဓိ က မြို့ကြီးတွေကို ခြိမ်းခြောက်နိုင်တဲ့ နေရာတွေမှာ တပ်စခန်းတွေ အခိုင်အမာတည်ဆောက်လာတာကြောင့် တိုက်ပွဲ တွေ ဖြစ်ပွားရတယ်လို့ အစိုးရကို ပြောဆိုထားကြောင်း သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားစဉ်မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့သလို KIA က မိုင်းထောင်ပြီး တပ်မတော်သားများနဲ့ အရပ်သားတွေကို တိုက်ခိုက်တယ်လို့လည်း သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒုက္ခသည်များနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ဟာ KIA မိသားစုဝင်တွေ ဖြစ်ပြီး KIA က လူသားဒိုင်းအဖြစ် ပြုလုပ်နေတယ်လို့လည်း ပြောဆိုခဲ့ကြတယ်။

စစ်ရှောင်ဒုက္ခသည်တွေကတော့ သူတို့အနေနဲ့ တိုက်ပွဲဖြစ်တဲ့အခါ အစိုးရဘက်ကို မပြေးဘဲ KIA ထိန်းချုပ်နယ်မြေထဲ ကို ပြေးရတာက လုံခြုံရေး၊ နေထိုင်ရေးတွေမှာ ကူညီပေးတာက တကြောင်း၊ စစ်ဆေးမေးမြန်းတာ ရိုက်နှက်တာတွေ မရှိတာကတကြောင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဇိုင်းအောင်နဲ့ ခေါင်ရှောင်စစ်ရှောင်စခန်းကပြောင်းလာကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေမှာ ၅ တန်းအောက် ကျောင်းသား အယောက် ၄၀ နဲ့ ၅ တန်းအထက် ကျောင်းသား အယောက် ၆၀၀ ကျော်တို့ ပါလာကြပါတယ်။

KIO ပညာရေးဌာနက ၅ တန်းအထက် ကျောင်းသား အယောက် ၆၀၀ ကိုတော့ လိုင်ဇာမြို့က ဘော်ဒါကျောင်းကို ပို့လိုက်ပြီး ဖေဖော်ဝါရီနဲ့ မတ်လမှာ စာမေးပွဲအမီ ဖြေနိုင်ဖို့ စာကျက်မှတ်လေ့လာခိုင်းထားတယ်လို့ သိရပါတယ်။

၅တန်းအောက် ကလေးငယ်တွေကိုတော့ ရှအိယန်ဒေသမှာပဲ ကျောင်းဆောင် ဆောက်ပေးပြီး စာဆက်လက်သင်ယူ နိုင်ဖို့ စီစဉ်ပေးမယ်လို့ ဦးခရော်တူးဒန်က ပြောပါတယ်။

ဇိုင်းအောင်စစ်ရှောင်စခန်းကလည်း KIA ထိန်းချုပ်နယ်မြေထဲမှာ ရှိတာကြောင့် ဇိုင်းအောင်မှာ နေစဉ်ကတည်းက စစ် ရှောင်ဒုက္ခသည် အားလုံးက KIO က ပေးတဲ့ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနဲ့ လုံခြုံရေးကို အကူအညီယူထား ကြတာပါ။

စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဆားနဲ့ ကျောင်းသူကျောင်းသားတွေအတွက် ဗလာစာအုပ်တွေကိုလည်း ကချင်နှစ် ခြင်းအသင်းတော် (KBC) က အဓိက ထောက်ပံ့ပေးတယ်လို့လည်း စစ်ရှောင်တွေက ပြောပါတယ်။

ဇိုင်းအောင်နဲ့ ခေါင်ရှောင်စစ်ရှောင်စခန်းကပဲ ရှအိယန်ဒေသကို မပြေးဘဲ လိုင်ဇာမြို့နဲ့နီးတဲ့ ဂျေယန်းစစ်ရှောင်စခန်းနဲ့ ဖုန်လုန်ယန် စစ်ရှောင်စခန်းတို့ကို ပြောင်းရွှေ့သွားသူတွေလည်း ရှိပါတယ်။ ဂျေယန်းမှာတော့ စစ်ရှောင် ၂၀၂ ဦးတိုး လာပါတယ်။

ဖုန်လုန်ယန်စစ်ရှောင်စခန်းမှာလည်း ဇိုင်းအောင်က ပြေးလာကြတဲ့ စစ်ရှောင် ၁၈၀ ကျော်ရှိတယ်လို့ စခန်းတာဝန်ခံ ဦး တန်ဂွန်းက ပြောပါတယ်။ ဖုန်လုန်ယန်စခန်းကို သွားကြည့်တဲ့အခါမှာတော့ ပြေးလာကြသူတွေထဲမှာ အသက် ၁၀၅ နှစ်ရှိပြီတဲ့ အဘွားအိုတဦး ပါဝင်နေတာကို တွေ့ရပါတယ်။

အသက် ၁၀၅ နှစ် အဘွားအိုကို စစ်ရှောင်ဖို့အတွက် အသက် ၂၀ ကျော် မြေးတွေက ကျောမှာပိုးလိုက် ကားငှားလိုက် နဲ့လိုင်ဇာမြို့ကို ရောက်အောင်ပြေးလာခဲ့တာလို့ သိရပါတယ်။

အဘွားရဲ့သမီးဖြစ်သူ ဒေါ်ရွယ်ဂျီက “အမေက ပြေးလာရလို့ ပင်ပန်းပြီး ထမင်း ၅ရက်လောက် မစားနိုင်တော့ဘူး။ အာ ဟာရ ရှိတာလေး ပြုတ်တိုက်ရတယ်”လို့ စောင်အထပ်ထပ်ကြားမှာ လှဲပြီး အိပ်မောကျနေတဲ့ အဘွားအိုကို လက်ညိုး ထိုးပြီး ပြောပါတယ်။

ဂျေယန်းနဲ့ဖုန်လုန်ယန်စစ်ရှောင်စခန်းကို ပြောင်းရွှေ့လာတဲ့သူတွေကိုတော့ စခန်းအတွင်းမှာပဲ အိမ်နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ တာဝန်ခံတွေက ပြောပါတယ်။

ရှအိယန်ဒေသက စစ်ရှောင်ဒုက္ခသည်တွေအတွက်ကိုတော့  ဦးခရော်တူးဒန်က “သူတို့ကို ဒီမှာပဲ ရွာတည်ပေးဖို့ KIO အစိုးရနဲ့ ကျနော်တို့ ညှိနေတယ်။ ဒီဒေသခံ လီဆူတွေဆီက မြေတွေ ကျနော်တို့ပေါက်ဈေးပေးပြီး ဝယ်မယ်။ အကုန် လုံးကို အိမ်ဆောက်ပေးမယ်။ စိုက်ပျိုးမြေလည်း တဧကစီ ပေးမယ်။ အဲလို စီစဉ်နေတယ်”လို့ ပြောပြပါတယ်။

ရွာတည်ပေးဖို့ စီစဉ်ရခြင်းက ဒုက္ခသည်တွေအနေနဲ့လည်း ကိုယ့်ဝင်ငွေပေါ်ကိုယ်ရပ်တည်ပြီး ထူထောင်ရေးပြန်လုပ်နိုင် သလို IRRC အနေနဲ့လည်း ရေရှည်ဒုက္ခသည် လုပ်ပေးရန် မလိုတော့ဘဲ နှစ်ဦးနှစ်ဖက် ပြေလည်စေဖို့ ဖြစ်တယ်လို့ သိ ရပါတယ်။

လက်ရှိမှာ ယာယီရွက်ဖျင်တဲတွေနဲ့ သုံးထပ်သားပြားအခင်းတွေအတွက် IRRC က KIO ထံက တရုတ်ယွမ် ၂သိန်းကို ဘတ်ဂျက်အဖြစ် တောင်းယူသုံးစွဲထားပြီးပြီလို့ သိရပါတယ်။

စစ်ရှောင်ဒုက္ခသည် ၁၈၀၀ ကျော်ကို အခြေချပေးနိုင်ဖို့အတွက် မြေဝယ်ပေးတာတွေ အိမ်ဆောက်ပေးတာတွေ စိုက်ပျိုး စရိတ် ထုတ်ပေးတာတွေ ကိစ္စအဝဝအတွက် လုပ်အားပေးတွေကို ထောက်ပံ့မယ့် စရိတ်တွေအတွက်လည်း ကုန်ကျ စရိတ် အနည်းဆုံး တရုတ်ယွမ် သိန်း ၁သောင်းနဲ့ အထက် ကုန်ကျဦးမယ်လို့ IRRC က တွက်ချက် ထားပါတယ်။

IRRC က  ကုန်ကျမယ့် စရိတ်တွေကို KIO ကို တင်ပြမှာ ဖြစ်ပြီး KIO ကနေ IRRC ကို ပြန်လည်ချပေးမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကချင်စစ်ရှောင် ဒုက္ခသည် တွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှာ အသုံးပြုဖို့ဆိုပြီး ကျပ်ငွေ သိန်း ၃၀၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံ ပေးလှူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လူအများစုဖြစ်တဲ့ ဗမာတွေကပဲ အခွင့်အရေးရနေတယ်လို့ တိုင်းရင်းသားတွေ နှလုံးသား ထဲမှာ ရှိသွားပြီဆိုရင် ပြည်ထောင်စု စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လွယ်ကူတော့မှာ မဟုတ်ဘူးလို့လည်း အလှူငွေပေးအပ်ပွဲမှာ ပြောဆိုခဲ့ပါတယ်။

တကယ်တမ်း တိုက်ပွဲတွေကြားမှာ အိုးအိမ်စွန့် အသက်လုပြီး ပြေးနေရတဲ့ ဦးလဖိုင်ဇောင်ရာတို့ ဒေါ်နန်ရာတို့ ဒေါ်ကော့ မိုင်တို့လို ဒုက္ခသည်တွေကတော့ အစိုးရဆီက “တိုက်ပွဲတွေ ပြီးဆုံးသွားပါပြီ” ၊ “ ငြိမ်းချမ်းရေး ရပြီ အိမ်ပြန်ကြတော့” လို့ ပြောတဲ့ စကားသံတွေကိုပဲ ကြားချင်တယ်လို့ ဆိုကြပါတယ်။

မိခင်အိုကြီးနဲ့ ရှအိယန်ရဲ့အအေးကဲလွန်းတဲ့ ညတွေကို ကျော်ဖြတ်ရဦးမယ့် ဒေါ်ကော့မိုင်ကတော့ “ ကျမတို့က ဗမာ တွေကို မမုန်းပါဘူး။ ဒါပေမယ့် အစိုးရ ဘယ်သူတက်လာလာ ယုံကြည်လို့ မရဘူးဆိုတာ ကျမတို့ သဘောပေါက်လာ တယ်”လို့ သက်ပြင်းချရင်း ညည်းညူပါတယ်။

ဆက်လက်ပြီး ဒေါ်ကော့မိုင်က “ ဒေါ်အောင်ဆန်းစုကြည်ကို မှာချင်တယ်။ ကျမတို့ကို စာနာပေးပါ။ ကူညီပေးပါ။ အ ချင်းချင်း မပြေလည်ကြရင်တောင် ကျမတို့ကို နိုင်ငံသားတွေလို့ သတ်မှတ်ရင် ကျမတို့မျက်နှာတွေကို ထောက်ပေး ပါ”လို့လည်း ပြောလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading