ဆောင်းပါး

ကမ္ဘာကြီးကို ပြောင်းလဲခဲ့သော စာအုပ်များ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲနိုင်ခဲ့ကြသလဲ၊ ဂျင်ဂစ်ခန်လို၊ နလိုပီယံလို စစ်ခေါင်းဆောင်တွေက ကမ္ဘာ့နယ်မြေ အများ အပြားကို သိမ်းပိုက် အုပ်ချုပ်ခဲ့သည်နှင့် ကမ္ဘာကြီးသည် အပြောင်းအလဲဖြစ်ခဲ့သလား။

သူတို့၏ လက်အောက်တွင် နိုင်ငံအများအပြား ရောက်ရှိသည်နှင့် သူတို့မျှော်လင့်သလို အပြောင်းအလဲများ ဖြစ်ခဲ့ပါ သလား။

သိပ္ပံပညာရှင်များ၏ တီထွင်မှု၊ ဆေးပညာရှင်များ၏ ရောဂါ တိုက်ဖျက်နိုင်သော ဆေးဝါးကို တွေ့ရှိမှုကြောင့် ကမ္ဘာကြီး ပြောင်းလဲခဲ့သလား။ ကပ်ရောဂါများ ပျောက်ကင်းနိုင်သောဆေးဝါးများ၊ ဥပမာ ကျောက်ရောဂါ၊ ပလိပ်ရောဂါ၊ တီဘီ ရောဂါ၊ ငှက်ဖျား ရောဂါ စသော လူအများကိုသေစေသည့် ရောဂါများကိုပျောက်အောင် ကုသနိုင်သော ဆေးဝါးများ ကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားခဲ့ပါသလား။

ထို့အပြင် ဘာသာရေး ခေါင်းဆောင်များ၊ ဒဿနိက ပညာရှင်များ၊ ဘာသာရေး အယူဝါဒ အတွေးအခေါ်များကြောင့် ကမ္ဘာကြီး ပြောင်းလဲသွားခဲ့ပါသလား။

ယေရူခရစ်လို၊ မိုဟာမက်လို၊ ပလေတိုလို၊ ကွန်ဖြူးရှပ်လို၊ ဗုဒ္ဓ လို ပုဂ္ဂိုလ်များ၏ အတွေးအခေါ် အယူအဆများကြောင့် ကမ္ဘာကြီး အမှန်တကယ် ပြောင်းလဲသွားခဲ့ပါသလား။

ထိုသို့ပြောင်းလဲနိုင်သည့် အကြောင်းအခြင်းအရာများကို စဉ်းစားဆုံးဖြတ်ရန် လိုအပ်လာပါသည်။

ဖော်ပြပါအချက်များက ကမ္ဘာကြီးကို ပြောင်းလဲချင် ပြောင်းလဲနိုင်မည်။ ပြောင်းလဲချင်မှလည်း ပြောင်းလဲနိုင်မည်။ သို့သော် ကမ္ဘာကြီးကို ပြောင်းလဲခဲ့သော အကြောင်းအရာများတွင် စာအုပ်များ ပါဝင်သည်ကိုကား ငြင်းကွယ်၍ မရ နိုင်ပေ။

ဓားသွားထက် ကလောင်သွားထက် ဆိုသော စကားအရ စာအုပ်များသည် ကမ္ဘာကြီးကို ပြောင်းလဲရုံမက၊ လူ့သမိုင်း တခုလုံးကိုလည်း ပြောင်းလဲစေခဲ့ပါသည်။

ဘီစီ ၅ ရာစုလောက်က ရေးခဲ့သော ဟီရိုဒိုးတပ်စ်၏ “သမိုင်းများ” ကဲ့သို့သော စာအုပ်မျိုး၊ ဘီစီ ၈ ရာစု လောက်က ရေးခဲ့သော ဟိုးမား၏ “အီးလီးယက်” လို မော်ကွန်း ကဗျာရှည်များက ယနေ့အထိ လူသားများအပေါ် သြဇာ လွှမ်းမိုး ပြီး လူသားများ၏ အသိဉာဏ်ပညာကို ပြောင်းလဲစေခဲ့ပါသည်။

ချားလ်စ်ဒါဝင်၏ “မျိုးစိတ်များ၏ မူလအစ” ဆိုသော စာအုပ်က လူ၏မူလကို ဖော်ပြသလို သတ္တဝါများ၊ တိရစ္ဆာန်များ၏ မူလဘူတကို ဖော်ပြခဲ့ပါသည်။ ယူကလစ်၏ “ဒြပ်စင်” လိုစာအုပ်မျိုး၊ သောမတ်စ်မိုး၏ “ယူတိုးပီးယား”လို စာအုပ်မျိုးက လူ့သမိုင်းကို ပြောင်းလဲခဲ့သလို “စာအုပ်နီလေးများ” ဟုခေါ်သော မော်စီတုန်း၏ သြဝါဒ စာအုပ်ကလည်း တရုတ်ပြည် ၏ လူ့သမိုင်းကို ပြောင်းလဲခဲ့သည်။

ထို့ကြောင့် အင်ဒရူး တေလာ(Andrew Taylor) က ကမ္ဘာကြီးကို ပြောင်းလဲခဲ့သော စာအုပ်များ Books that changed the world ဆိုသော စာအုပ်ကို ရေးသားခဲ့၏။

ထိုစာအုပ်ထဲတွင် ကမ္ဘာကြီးကို ပြောင်းလဲခဲ့သည် ဆိုသော စာအုပ် ၅၀ ကို ဖော်ပြသည်။ သူက ထိုစာအုပ် ၅၀ သည် လူ့သမိုင်းကိုလည်း ပြောင်းလဲခဲ့သည်။ ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး စာအုပ်များ ဖြစ်သည်ဟုလည်း ဆို၏။ ယခု ထိုစာအုပ်များကို တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဘာကြောင့် ထိုစာရင်းပါ စာအုပ်များက ကမ္ဘာကို ပြောင်းလဲစေခဲ့သလဲ ဆိုသည်မှာ ထိုစာအုပ်ပါ အကြောင်းအရာများ သည် သာမန် ပြီးစလွယ်၊ ပွဲပြီးမီးသေ အကြောင်းအရာများ မဟုတ်ဘဲ ဆေးပညာစာအုပ် ဆိုလျှင်လည်း ခေတ်သစ် ဆေးပညာကို ရောက်အောင် ပြောင်းလဲစေခြင်း၊ ခေတ်ဟောင်း ဆေးပညာနှင့် လုံးဝကွာခြားခြင်းတို့ကြောင့် ဆေးပညာ စာအုပ် ထွက်ပေါ်လာပြီးသည့်နောက် ဆေးပညာသမိုင်းကိုလည်း ပြောင်းလဲသွားစေသည်။

ဥပမာ အဗီဆင်းနား၏ “ဆေးပညာကျမ်း” (၁၀၂၅) Canon of Medicine (1025) Avicenna ဆိုပါစို့။

ယင်း ဆေးပညာ ကျမ်းတွင် ခန္ဓာဗေဒ၊ ဇီဝ ကမ္မဗေဒ၊ အထွေထွေ ရောဂါဗေဒများ အကြောင်း တခန်းစီ ဖော်ပြထားပြီး ရောဂါတခုချင်းစီ၏ အကြောင်းများကိုလည်း အသေးစိတ် လေ့လာရေးသား ထားသည်။ ထိုရောဂါများကို ကုသရန် နည်းများနှင့် ဆေးပေါင်းစပ် ကုသနည်းများကိုလည်း ဖော်ပြထား၏။ အဗီဆင်းနားက သူ၏ ဆေးပညာကျမ်းကို စနစ် တကျ အမျိုးအစား ခွဲခြားစုစည်းထား၏။ ဥပမာ အားဖြင့် ဝေဒနာခံစားရမှုကို ၁၅ မျိုး ခွဲခြား ဖော်ပြထားသည်။

မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ငြီးငွေ့ခြင်း၊ ဒေါသထွက်ခြင်း၊ ယားယံခြင်း၊ တဆစ်ဆစ် ကိုက်ခဲခြင်း၊ လေးလံ ထိုင်း မှိုင်းခြင်း၊ မျက်ရည်ကျခြင်း စသဖြင့် ဖြစ်သည်။ သူသည် သူ၏ ဆေးပညာကျမ်းကို အသေးစိတ် စုစည်းပေါင်းချုပ်ရန် ဖော်ပြထားခြင်း ဖြစ်၏။ သူနားလည်သမျှကို စေ့စေ့ပေါက်ပေါက် ဖော်ပြထားသလို လက်တွေ့ ကုသပျောက်ကင်းသော ကုထုံးများ၊ ဆေးပညာ ဗဟုသုတများကို ထည့်သွင်း ရေးသားထားသည်။

ကျူပင်ကို အသုံးပြု၍ အသက်ရူလမ်းကြောင်းနှင့် ပတ်သက်သော ကုထုံး၊ လည်ချောင်းဝတွင် ရွှေ သို့မဟုတ် ငွေဖြင့် ပြုလုပ်သော ပြွန်ကိုထည့်သွင်းခြင်း၊ အသက်ရှုမဝလျှင် လေပြွှန်ကိုခွဲစိတ်ကုသ၍ အဆုတ်ထဲ လေရအောင် ပြုလုပ် နည်း များကို ထည့်သွင်း ရေးသားထား၏။

အဗီဆင်းနားသည် ဝေဒနာခံစားနေရသော လူနာများကို ထုံဆေး၊ မေ့ဆေးပေး၍ ကုသခြင်းကိုလည်း ထောက်ခံ ရေးသား ခဲ့သည်။ ထိုဆေးများဖြင့် မန်းဒရိတ်ခေါ် အိပ်မပျော်စေသော ဆေးပင်အမြစ်နှင့် ဘိန်းကို အသုံးချပုံကိုလည်း ရေးသားထား၏။

ထို့အပြင် ပဲနီလေးကို ဆေးအဖြစ် အသုံးချပုံကိုလည်း ရေးသားထား၏။ ခြေလက်များကို ဖြတ်တောက် ကုသရာတွင် အိပ်ပျော်အောင်လုပ်ပြီးမှ ကုသပုံ၊ ကင်ဆာဖြစ်နေသော အကြိတ်ကို ဖြတ်ထုတ် ကုသပုံများလည်း ရေးထား၏။ သူ သည် ဘိန်းကိုနာကျင်သော ဝေဒနာပျောက်ကင်းအောင် ကုသသည့်ဆေးအဖြစ် အသုံးပြုခဲ့လေသည်။

ယခင်က သစ်ရွက်၊ သစ်မြစ်၊ သစ်ခေါက် စသည်တို့ကို ဆေးဝါးကုသရာတွင် အသုံးမပြုခဲ့သော်လည်း အဗီဆင်းနားက ထိုဆေးဘက်ဝင် အပင်များကို ဆေးဝါး ကုသရာတွင် အသုံးပြုခဲ့၏။

ထို့အပြင် အနာတခုဖြစ်လျှင် ဝိုင်အရက်ဖြင့် ဆေးကြောခြင်း ပြု၏။ ရောဂါပိုးကို သေစေနိုင်သည်။ အထူးသဖြင့် အယ်လ်ကိုဟော ဆိုသောအရက်က ရောဂါပိုးမွှားကို သုတ်သင်နိုင်စွမ်းရှိ၏။ သူက ဆေးဝါး စမ်းသပ်မှု ဥပဒေများ ကိုလည်း ရေးထားသည်။

ဆေးကို စမ်းသပ်ရာတွင် ဖြစ်သလို စမ်းသပ်သည်ထက် သန့်သန့် ရှင်းရှင်းဖြင့် စနစ်တကျ စမ်းသပ်မှုပြုရန်၊ အကျိုး သက်ရောက်မှုနှင့် ကာလများကို မှတ်သားထားရန်လည်း သူ့ကျမ်းထဲမှာ ရေးသားထား၏။

အဗီဆင်းနား၏ ဆေးကျမ်းသည် ယခင်ကမရှိခဲ့ဘူးသော ဆေးပညာကို အံ့မခန်းဖော်ပြလိုက်သော ကျမ်းဖြစ်သည်။

သွေးခုန်နှုန်းနှင့် နှလုံးခုန်နှုန်း၊ သွေးစီးဆင်းမှုတို့ကို သူကဆေးကျမ်းထဲတွင် ရေးသားထားသည်။ အဗီဆင်းနားက လူနာ ၏ သွေးခုန်နှုန်းကို ထိုလူ၏ လက်ကောက်ဝတ်ကို စမ်းလျှင် သိရှိနိုင်ကြောင်း ဖော်ပြထားရာ ထိုသွေးကြောစမ်းသပ်ခြင်း အကြောင်းကို တခြားဆေးဆရာများက သူ့နည်းအတိုင်း လက်တွေ့ကျင့်သုံး၍ ကုသကြလေသည်။

ထိုဆေးပညာကျမ်း ကဲ့သို့ပင် တခြားစာအုပ်များမှာလည်း ကမ္ဘာကိုပြောင်းလဲစေခြင်း ဟုတ်မဟုတ် သိသာပါသည်။ ဥပမာ – တရုတ်ပြည်တွင် စောင်ရေအများဆုံးလည်း ရောင်းရ၊ တရုတ်ပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု တို့ကို ပြောင်းလဲသွားစေသော တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီး မော်စီတုန်း၏ “ဥက္ကဋ္ဌ မော်၏ အဆို အမိန့် များ” (၁၉၆၄) ဆိုလျှင် သိသာ ထင်ရှား၏။

ထို့အတူ ကမ္ဘာတွင် စောင်ရေအများဆုံး ရောင်းရပြီး ကလေး၊ လူကြီး အားလုံးကို ယခုထက်ထိ လွှမ်းမိုးထားဆဲ ဖြစ်သော ဂျေကေရိုးလင်း၏ ဟယ်ရီပေါ်တာ စာအုပ်များအနက် ပထမဆုံး ရေးသား ထုတ်ဝေသော “ဟယ်ရီပေါ်တာ နှင့် မှော်ကျောက်တုံး” (၁၉၉၇) Harry Potter and the philosopher’s stone (1997) J.K.Rowling ဆိုလျှင် အလွန်ပင် သိသာထင်ရှား လှပေသည်။

လူသည် မျောက်က ဆင်းသက်သည် ဆိုသော လူ၏မူလအစကို ပြောဆိုနေရာတွင် လက်တွေ့ကျကျ၊ အထောက် အထား ခိုင်ခိုင် လုံလုံ၊ ကမ္ဘာကြီး၏ မူလအယူအဆ ဖြစ်သော လူကို ဘုရားသခင်က ဖန်ဆင်းသည် ဆိုသော အမြင် အယူအဆကို လုံးဝ ပြောင်းလဲစေလိုက်သော စာအုပ်မှာ ချားလ်စ်ဒါဝင်၏ “မျိုးစိတ်များ၏ မူလအစ” (၁၈၅၉) On the origin of species (1859) Charles Darwin ဆိုသော စာအုပ်ဖြစ်သည်။

ကမ္ဘာကြီး၏ စီးပွားရေး သဘောတရား၊ စီးပွားရေးအမြင်ကို ပြောင်းလဲစေသော စာအုပ်မှာ အဒမ်စမစ်၏ “နိုင်ငံများ၏ ဓန” ဆိုသော စာအုပ်ပင် ဖြစ်ပါသည်။

အဒမ်စမစ်က သူ့စာအုပ်ထဲတွင် ဤကဲ့သို့ ရေးထားလေသည်။ သူကစာအုပ်ထဲတွင် အလုပ်တာဝန် ခွဲဝေမှုနှင့် ပတ် သက် သည့် သူ၏ သီအိုရီသဘောတရားကို ရှင်းလင်းထားပါသည်။ သူက စက်ရုံများတွင်လည်း လုပ်ကိုင်သော အလုပ် သမားများအား အလုပ်တာဝန်ပေးရန် လုပ်ကိုင်သည်ကို ဥပမာပေးထားသည်။

ပင်အပ် ထုတ်လုပ်သော စက်ရုံတရုံကို ဥပမာပေးပြီး ရှင်းပြပါသည်။ လူ တယောက်တည်းသာ အလုပ်လုပ်လျှင် တနေ့ လျှင် ပင်အပ် ၁ ချောင်းသာ ထုတ်လုပ်နိုင်မည် ဖြစ်၏။ သို့သော် ထိုသို့မဟုတ်ဘဲ အလုပ်သမား ၁၀ ယောက် အလုပ် လုပ် လျှင် တနေ့လျှင် သူတို့ တာဝန်ယူသည့် ပင်အပ်များကို ထုတ်နိုင်ပေမည်။

စက်ရုံက တနေ့လျှင် ပင်အပ်အချောင်း ၄၈၀၀၀ ထုတ်လုပ် နိုင်မည်ဆိုလျှင် အလုပ်သမား တယောက်လျှင် ပင်အပ် ၄၈၀၀ ထုတ်လုပ်နိုင်ပေမည်။ ထိုသို့တာဝန်ခွဲဝေပြီး လုပ်သဖြင့် အလုပ်သမားများ ပိုမိုကောင်းမွန်စွာ ထုတ်လုပ်နိုင်ပြီး သူ့အတွက်လည်း ကောင်းပါသည်။

အလုပ်သမားအများစု လုပ်သည့်အတွက် အချိန်လည်းမကုန်၊ အလုပ်တခုမှ တခုပြောင်းရွှေ့ မလုပ်ရသည့်အတွက် အလုပ်လည်း တွင်ကျယ်ပါသည်။ စက်ပစ္စည်းအသစ်များ ပေါ်ပေါက်ပြီး စက်မှုဖွံ့ဖြိုးလာပါက ပို၍ အားရှိလာကာ ကုန်ထုတ်လုပ်မှုလည်း ပို၍ ထုတ်လာနိုင်ပါသည်။

စာအုပ်၏ နောက်တပိုင်းတွင် စမစ်က သူ၏ထင်ရှားသော လေ့လာတွေ့ရှိချက်ကို ရေးသားထားပါသည်။

ယခုတင်ပြချက်မှာ သားသတ်သမားထံမှ ရရှိသောတွေ့ရှိချက် မဟုတ်သလို အရက်ချက်သူ၊ မုန့်ဖုတ်သူထံမှ ရရှိ သည်လည်း မဟုတ်ပါ။ ယခုတွေ့ရှိချက်မှာ ကျနော်တို့၏ ဘဝထဲမှ ကျနော်တို့ အကျိုးစီးပွားနှင့် ယှဉ်၍ တွေ့ရှိလာခြင်း ဖြစ်ပါသည်ဟု ရေးသားထားပါသည်။

စာအုပ်ထဲတွင် လူများသည် အလုပ်လုပ်ပြီး မိမိတို့ဘာသာ ငွေကိုရှာဖွေကြရသည်။ သူတို့သည် ပစ္စည်းတခုခုကို ထုတ် လုပ်ပြီး ထိုပစ္စည်းကို လူများအတွက် တန်ဖိုးရှိအောင် ပြုလုပ်ကြသည်။ ထိုသို့ ထုတ်လုပ်သော ပစ္စည်းများက လူ့အဖွဲ့ အစည်းကို အကျိုးပြုခဲ့လေသည်။

သူက ဈေးကွက်ဆိုသည်မှာ မိမိဘာသာ အမှန်ကို ပြင်ပြီး ပြုလုပ်သော စက်ယန္တရားတခု ဖြစ်သည်။ ဤသည်ကို “မမြင်ရသောလက်” ဟု ခေါ်ထားလေသည်။

ထိုစာအုပ် ၅၀ မှာ ကမ္ဘာကြီးကို အမှန်တကယ် ပြောင်းလဲသလား၊ မပြောင်းလဲဘူးလား ဆိုသည်မှာ စာအုပ်များကို သုံးသပ်ကြည့်လျှင် သိနိုင်ပါသည်။

အဘယ်ကြောင့် ဆိုသော် အစ္စလမ် ဘာသာဝင်တို့ အတွက် ထွက်ပေါ်ခဲ့သော ကုရ်အာရ်(ကိုရန်)ကျမ်း (အေဒီ ၇ ရာစု) ဆိုပါစို့။

“ကုရ်အာရ်(ကိုရန်) ကျမ်းသည် အစ္စလမ် ဘာသာဝင်တို့အတွက် အမြင့်မြတ်ဆုံးသော ဘာသာရေး ကျမ်းဖြစ်၏။ အစ္စလမ္မစ် ယုံကြည်မှုကို ရေးသားထားသော ကျမ်းလည်းဖြစ်သည်။ နှိုင်းယှဉ်မှုမရှိသော၊ အပြောင်းအလဲ ကင်းသော၊ ဆုံးခန်းတိုင်အောင် ဘာသာပြန်ဆိုနိုင်စွမ်း မရှိသော ကျမ်းတစောင်ဖြစ်သည်။

ခရစ်ယာန် ဘာသာဝင်များက ဓမ္မသစ်ကျမ်းကို “ဘုရားသခင်၏ တရားတော်များ” အဖြစ် ညွှန်းဆိုကြသော်လည်း ထိုကျမ်းမှာ ယေရှုခရစ်၏ တပည့်သားမြေးများက အေဒီ ပထမ ရာစုနှစ်တွင် ရေးသားခဲ့သောကျမ်းဖြစ်သည်။

အစ္စလမ် ဘာသာဝင်များကမူ ခရစ်ယာန် ဘာသာဝင်များလက်ခံ ယုံကြည်ထားသည်နှင့် လုံးဝကွာခြားသည်။ ကုရ်အာရ်(ကိုရန်) ကျမ်းသည် ဘုရားသခင်က တိုက်ရိုက်ပြောဆို ဆုံးမသောကျမ်းဖြစ်သည်ဟု ယုံကြည်ကြလေသည်။

အေဒီ ၆၁၀ ခုနှစ် နှင့် ၆၃၂ ခုနှစ်ကြားကာလတွင် အာချိန်ဂဲလ်ဂါဘရီယံလ်မှ တဆင့် တမန်တော် မိုဟာမက်ကို ဗျာဒိတ် ပေးခဲ့သော ကျမ်းဖြစ်သည်ဟု ဆိုသည်။”

ကိုရန်ကျမ်းကဲ့သို့ပင် ကမ္ဘာကြီးအား လုံးဝပြောင်းလဲစေခဲ့သော ကျမ်းမှာ သမ္မာကျမ်းစာ (ဘီစီ ၂ ရာစု – အေဒီ ၂ ရာစု) ဖြစ်သည်။

“သမ္မာကျမ်းစာ” ၏ လွှမ်းမိုးမှုမှာချဲ့ကားပြောဆိုနေစရာ အကြောင်းမရှိပေ။ ဓမ္မဟောင်း ကျမ်းသည် ဂျူးဘာသာနှင့် ဂျူး လူမျိုးတို့၏ အကြောင်းကို အဓိကဖော်ပြထားသည်။ ဓမ္မသစ်ကျမ်းမှာ ခရစ်ယာန်ဘာသာကို ဗဟိုပြုရန် ဖော်ပြထားခြင်း ဖြစ်သည်။

ထို့အပြင် အနောက်တိုင်း သမိုင်းကိုလည်း ကျောထောက်နောက်ခံ ပြုထားလေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ လောက်က ရှိခဲ့သော လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုကို ဖော်ညွှန်းထားခြင်းလည်း ဖြစ်လေသည်။

သမ္မာကျမ်းစာကို အမျိုးမျိုးသော ရေးသားပြန်ဆိုချက်များ ရှိလေသည်။ သို့သော် အားလုံးစာအုပ်အတွဲပေါင်း ၆၆ အုပ် အပေါ် အခြေခံ၍ ရေးသားထားခြင်းသာ ဖြစ်သည်။

ထိုအတွဲများတွင် ၃၅ တွဲမှာ ဓမ္မဟောင်း ကျမ်းဖြစ်ပြီး ရှေးခေတ် ဂျူးလူမျိုးများ၏ ဘာသာရေး၊ စာပေ၊ သမိုင်းတို့ကို ထို စာအုပ်များထဲတွင် ရေးထားသည်။

ကျန် ၂၇ တွဲမှာ ဓမ္မသစ်ကျမ်းဖြစ်ပြီး ယေရှုခရစ်၏ ဘဝကို ဖော်ပြထားသလို ရှေးဦးခရစ်ယာန် ဘာသာဝင်တို့၏ ကြိုးပမ်း အားထုတ်မှုများ၊ စွမ်းဆောင်ချက်များကို ရေးသားထားလေသည်။

ထို့ကြောင့် ထိုစာအုပ် ၅၀ မှာ အမှန်တကယ် ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ကြောင်း မည်သူမျှ ငြင်းပယ်၍ ရမည် မဟုတ်ပေ။  ။

ထက်မြက် သည် ရန်ကုန် အခြေစိုက် စာရေးဆရာ တဦး ဖြစ်ပြီး လက်ရှိ ပြည်တွင်းတွင် ထုတ်ဝေနေသည့် စာနယ်ဇင်း မီဒီယာများ တွင် နိုင်ငံရေး စာပေများကိုလည်း ရေးသားနေသော စာရေးဆရာ တဦးဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading