သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထု ကြီးသည် စူးစိုက်ခြင်း မရှိ၊ တချို့က ပြုံးရယ်၍ နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခု ကား အချင်းချင်း ခေါင်းချင်း ကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပြက်ရယ်ပြုခြင်းကား မရှိ၊ လေးစားခြင်းသည် အားလုံး၌ တစ်ညီတညွတ်တည်း တည် ရှိ၏။
အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကို နောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံတောတောင်မှ ခြယ်လှယ် ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြ။ သို့သော် မှိုင်းညို့ခြင်းတစ်ခုတည်းကိုသာ ရဲဝံ့စွာဆောင်၍နေသည်။
သူသည် စိမ်းညိုသော ကားကြီး၏ရှေ့ စင်မြင့်ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာပထဝီမြေကြီးမှ ဗမာဝါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွရောင်းရောင်းနှင့် မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတစ်ယောက် မျက်နှာနှင့်လည်း တူ၏။
တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထည်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း တို့သည် သူ့တွင် လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တစ်ဦးနှင့်သာ တူ၏။ လူထုထဲမှသူ တစ်ဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။
သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်း မရှိ။ ချောမွေ့ခြင်း မရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။
သင် ပထမဦးဆုံး တွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်ပေ သည်။
ထိုအခါကား ၁၉၃၆ ခု ပထမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်းကျောင်းတွင် ပညာသင်ကြား လျက်ရှိရာ နယ်မှကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသားညီလာခံသို့တက်ရောက်စဉ် အောင်ဆန်း စကားပြော သည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။
၁၉၃၆ ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ မီးခိုးများ အူနေသည့်အခိုက် ‘အောင်ဆန်း’ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။
သို့သော် ဂျူဗလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင် ကြားနာရသော အခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်းဖြစ်သဖြင့် အတော်အထင်ကြီးထားလေ၏။
တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်၊ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။
ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်း စေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။
နောက်တစ်နှစ်ခန့်ကြာသောအခါ ကျွန်တော်သည် တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈ ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမ ဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်၊ မရင်းနှီးခဲ့ပေ။
သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ရသော လူစားမျိုး မဟုတ်။ နိုင်ငံရေး အတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့် ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တစ်ဖက်သတ်မလိုက်။ စာပေကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက် သက်ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဗဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသ မားသက်သက် မဟုတ်သဖြင့် သူ၏အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ မရောက်သွားခဲ့ပေ။
သခင်ဗဟိန်းနှင့်ကား သည်လိုမဟုတ်။ သခင်ဗဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်၏။ စာပေကဗျာ အလင်္ကာကို နှစ် သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် သူနှင့်ကျွန်တော် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူ ကွန်မြူနစ်ဖြစ်နေသည့် ဘဝအထိ ပင် ရင်းနှီးချစ်ခင်ခြင်း မပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်း မဟုတ်။ သို့သော် ချစ်ခင်ရင်းနှီး၏။ ကိုအောင်ဆန်း နှင့် ကား သည်ကဲ့သို့ မဟုတ်။
ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်း သိ၏။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံ စသော ကဗျာများ၊ ဝတ္ထုတို၊ ဆောင်းပါး စသည့် စာပေများကို သူ အကုန်ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။
သို့သော် တခါက သခင်ဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယမဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော် ၏ ဆောင်းပါးတစ်ခုကိုကား ကျွန်တော့်ရှေ့တွင်ပင် ဖတ်နေသည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။
ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ်-မြန်မာ ဆောင်းပါးရှင်တစ်ဦး ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော သူ၏ ဆောင်းပါးများကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ရဖူးသည်။ သူသည် ဗုဒ္ဓဘာသာတရားတော်နှင့်ပတ်သက်သော ဆောင်း ပါးများကို ရေး၏ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့် နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း၏ ကြွေးကြော်သံ ‘မျိုးညွန့်’ မဂ္ဂဇင်းတွင် ပါသော သူ၏ ‘လောကဝိဟာ’ အမည်ရှိ ဆောင်းပါးတိုကလေးကိုကား သဘောကျခဲ့၏။
ကမ္ဘာလောကကြီးကို ကိုယ်တွေ့ ပညာဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထား သည်။ ကိုအောင်ဆန်းသည် မြန်မာစာအရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တစ်ခါ တစ်ရံ ဟာသဉာဏ်ပါ၏။
ပုသိမ်မြို့တွင်ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ‘ပညာရေး ပူရာမ်ကျမ်းကြီး ပေတကား’ ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။
ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကို ပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့်စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေသည်။
ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား ‘နိုင်ငံရေး အ မျိုးမျိုး’ ဟူသော ဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေထိ ရေး၏။ စာပြောင်၏။ ဖတ်၍ကောင်း၏။
သူလည်း ဒဂုန်တွင် ကြာကြာ မရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုး ရကလည်း ငြိုးထား၍လား မပြောတတ်။ ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေသည်။
သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈-၃၉ ခုနှစ်က သူသည် ဘီအယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင် နေ သည်။ သူ၏အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ အခန်းတွင် စာအုပ်များ ပြည့်နှက်နေ၏။
စာအုပ်များသည် စားပွဲပေါ်တချို့၊ ဗီရိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင်တချို့ ပြန့်ကျဲကာ ရုန်းရင်းဆန်ခတ်ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဖတ်သူတစ်ယောက် ဖြစ်၏။
သူသည် ဒေါသကြီးသူတစ်ဦး ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည်၊ မကြီးသည်ကို မသိ။ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။
နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက်နှစ်လည် အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလား ကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်းမစ္စတာရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သော အပြစ်တွေကို ထုတ်ဖော်ပြော လေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည်၊ မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကို အောင်ဆန်းသည် မစ္စတာရာရှစ်အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ‘ရဲရင် ထွက်’ စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်းဆွဲထားရလေ၏။
သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။
ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဘမော်၏ တက္ကသိုလ်ဥပဒေပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ် လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ညိုမြ အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။
ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကိုဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ညိုမြ အတင်းကို အတော်ပြော လိုက်လေသည်။
သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တစ်ပတ်လောက်ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုတ်ချ သောစကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီးတွင် ထွက်ပေါ်၍ လာ လေသည်။
တက္ကသိုလ်တွင်ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသောမျက်နှာထားကို ထားခဲ၏။
သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါတွေ့ဖူးသောသူကို နောက်တစ်ခါတွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကို သိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ မြန်မာပြည်၏ လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။
သူ စကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးကလူများ၏စကားကို သူ မကြား၊ သူပြောချင်တာတွေကိုသာ စွတ်၍ ပြောနေတတ်သည်။
တခါက ရန်ကုန်ကို ဂျပန်သိမ်းပိုက်စ အချိန်၊ ဝိတိုရိယရိပ်သာရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြသည်။ ကျွန်တော်မှာလည်း တောကရောက်ခါစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒရားတွင် ကျွန်တော်က ထိုင်ကာ တီးနေ၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ်ကျောင်းသားအချို့က ဝိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီအိုင်အေသမားများမှာ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံကို တောင့်တသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒရားမှာ အသံတွေ ပျက်နေ၏။
‘ချစ်ခင်မှာလား၊ ကြင်နာမှာလား
ခင်ခင်ရယ် . . .
ချစ်သည်းနွယ်
အဟုတ်ကို ချစ်တော့မယ်
ခင်ရယ် ကြင်မယ် . . .’
ဝိုင်း၍ ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက်ဂေါက်ဂေါက်နှင့် တစ်ဖက်မှ လျှောက်လာကာ စန္ဒရားအပါးတွင် လက်ထောက်ကာ ရပ်လျက် …
“ဟေ့ . . . ရပ်ကြ၊ ခုလိုအခါမျိုးမှာ ရဲစိတ်ရဲမာန်တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီ ချစ်မယ်၊ ကြင်မယ် သီချင်းမျိုးက မဟန်ဘူး”
ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒရားကို ခေတ္တရပ်လိုက်၏။ သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားလေ သည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။
သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်) ၏ လက်ထပ်ပွဲသည် ဘီအိုင်အေခေတ်၌ ရွှေတောင်ကြားတွင်ကျင်းပသည့် သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပထမဆုံး ဖြစ်၏။ လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးလျက် ရှိကြ၏။ စန္ဒရားဆရာတစ်ဦးက တီးကာ ဖျော်ဖြေလျက်ရှိသည်။
သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒရားဆရာကို ရပ်စေကာ ကျွန်တော့်ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်း တစ် ပုဒ်ကို ဇွတ်တီးစေ၏။ သူသည် စန္ဒရားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ၏။ တီးသောသီချင်းမှာ ‘ကဉ္စန’ သီ ချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တစ်ပုဒ် တီးခိုင်းပြန်၏။
တခါက ဂျပန်ခေတ် ဝန်ကြီးတစ်ဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ အစမည်ပြုသောအခါ သူ့ကို စစ်သေနာပတိ ဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့်သည်များကား အဝတွင်ရပ်၍ သူ့အဝင်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ်ကုလားထိုင်တွင် ဝင် ထိုင်လိုက်ပြီး ဆတ်ခနဲ ဗယာကြော်တစ်တုံးကို ယူစားလိုက်လေ၏။
သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း မြန်မာ့ဧည့်ဝတ်ထုံးစံအရ ထမင်းစားပါဦးလားဟု ခေါ်ချင်မှခေါ်သော လူ စားမျိုး ဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ‘ကြောင်’ သည်ဟု အမှတ်ထားကြလေ၏။
သူ့တွင် သိမ်မွေ့ခြင်း မရှိ၊ အလှအပကို သူ မမက်မော။ သူသည် ကြမ်းတမ်းသည် ရိုင်းသည်၊ ဆက်ဆံပေါင်းသင်းရေး တွင် ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာ ရပ်များကို မလိုက်စား။ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲ နေ၏။ သူ့တွင် နိုင်ငံရေးဝိဉာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးတစ်ခုတည်းကိုသာလုပ်သော လူ တစ်ဦးဖြစ်၏။ သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏၊ ကိစ္စမရှိ။
သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်၊ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကို သာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။
၁၉၄၂-၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့ရ၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။
“အနုပညာဆိုတာ ရှိတာပဲ၊ လင်မယားဘဝမှာလည်း အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့၊ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာ ရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေး အစစ်ပဲ”
ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် သုံး၊ လေးရက်အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။
သူသည် ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒရားတွင် လက်ထောက်ကာ “ဒီမယ် အိမ်ထောင်ပြုတယ်ဆိုတာ သိပ်စဉ်းစား တွေဝေနေလို့ မရဘူး။ တစ်ခါတည်း ဇွတ်လုပ်လိုက်ရတယ်” ဟု မမေးဘဲ သူ့ဘာသာသူ ပြောနေ၏။
လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပမ်းမှု စာအုပ်နှင့်ပတ်သက်၍ အင်းလျားကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။
ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင် နေရ၏။
သည့်နောက် သူနှင့်ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွားလည်ကလည်း ဖော်ဖော်ရွေရွေ လောကွတ်ပျူငှာခေါ်မည့် လူစားမျိုးလည်း မဟုတ်။
တခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တစ်ပြုံကြီးကို မြင်လိုက်၏။
‘သြော် . . . သားနဲ့ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ၊ အရင်ကလို ‘ကြောင်’ တော့မည် မဟုတ်၊ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်’ ဟု အောက်မေ့လိုက်၏။ မှန်၊ မမှန်ကား မပြောတတ်။
ဖဆပလ ဥက္ကဋ္ဌ၊ အမျိုးသားခေါင်းဆောင် ဦးဆောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်။ သူ၏ လူအဖြစ်သာ ကျွန်တော်သိသည်အထိ ပြောပြခြင်း ဖြစ်ပေသည်။
တစ်ခုတော့ ထင်သည်။ သူသည် လူထုထဲမှ သူတစ်ဦးဖြစ်၍၊ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။