ဆောင်းပါး

မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍ

Want create site? Find Free WordPress Themes and plugins.

တရုတ်မြန်မာနယ်စပ် အနီးတွင် တိုက်ခိုက်မှုများ လျှော့ချနိုင်ရေးအတွက် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် (NCA)တွင် မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးရန် တရုတ်နိုင်ငံက ဆန္ဒရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ဖေဖော်ဝါရီလ ၅ ရက်နေ့က အစိုးရပိုင် New Light of Myanmar သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။

“NCA မှာ လက်မှတ်ရေးထိုးခြင်းအားဖြင့် တိုက်ပွဲတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကိုလည်း အာမခံချက် ပေးနိုင်ပါလိမ့်မယ်” ဟု တရုတ်သံအမတ်ကြီး Hong Liang က ဆိုပြီး၊ ပဋိပက္ခများကို ရပ်တန့်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးက တဖက်နှင့် တဖက် ကြည်မှုရှိရန် လိုအပ်ကြောင်း လည်း သူက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲများဖြစ်လာရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား “နီးကပ်သော ဆက် သွယ်မှု” ရှိစေချင်ပြီး၊ “နားလည်မှုလွဲမှားခြင်းများ” ကျော်လွှားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။ နားလည်မှုလွဲမှားရခြင်းများသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရ သေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် စာချုပ်လက်မှတ်ထိုးရေးအတွက် လက်တွန့်နေစေသည့် အဓိက အကြောင်း တခု ဖြစ်သည်ဟု တရုတ်သံအမတ်ကြီးက ဆိုသည်။

မြန်မာပြည်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၀ ကျော် ရှိသည့်အနက် ၂၀၁၅ ခုနှစ်က NCA ကို လက်မှတ်ရေး ထိုးသည့် အဖွဲ့ ၈ ဖွဲ့သာ ရှိခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မြန်မာတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အရပ်သား အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကူအညီပေးသွားမည်ဟု တရုတ်နိုင်ငံက ကတိပြုထားသည်။ နိုင်ငံအရှေ့မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့များနှင့် အစိုးရတို့အကြား ဆွေးနွေးမှုများဖြစ်ပေါ်လာရေးအတွက် ကူညီနေသည်ကို တွေ့ရသည်။

ဇန်နဝါရီလအတွင်းတွင် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တပ်မတော်ခေါင်းဆောင်များနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် သီးသန့်တွေ့ဆုံမှုများ ရှိခဲ့ပြီး၊ တရုတ် နှစ်သစ်ကူး ကာလအတွင်းတွင် တရုတ်-မြန်မာ နယ်စပ်မှ တိုက်ပွဲများကို ရပ်နားထားပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်။

တပ်မတော်က အားလုံးပါဝင်ရေးကို လက်ခံပြီလား

“တရုတ်နိုင်ငံရဲ့တွန်းအားက ပဋိပက္ခလျော့ပါးရေးမှာ ကြီးမားတဲ့သက်ရောက်မှုဖြစ်စေပါတယ်။ တရုတ်နိုင်ငံက ဆွေးနွေး ပွဲဖြစ်လာရင် သူတို့ ကူမယ်ပြောတာဟာ ကောင်းမွန်တဲ့ စေတနာတစ်ရပ်ပါ”ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများစုပေါင်းထားသည့် မဟာမိတ်အဖွဲ့တခု ဖြစ်သော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောသည်။ UNFC က NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါ။

UNFC က ၎င်း၏ အဖွဲ့ဝင်များ NCA လက်မှတ်ရေးထိုးနိုင်ရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်ရမည်ဆိုသည့် မူဝါဒကို ဆက်လက်ဆွဲကိုင်ထားကြောင်း နိုင်ဟံသာက ဆိုသည်။ အားလုံး ပါဝင်ရေးဆိုရာတွင် တပ်မတော်မှ ယခင်က လက်မခံသော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်  ကိုးကန့် တပ်ဖွဲ့(MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)၊ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ ပါ ဝင်ရေးကို ရည်ညွှန်းခြင်း ဖြစ်သည်။
ကျနော်တို့ လက်မှတ်ထိုးဖို့အတွက် ကောင်းမွန်တဲ့အနေအထားအခင်းအကျင်းတခု လိုအပ်ပါတယ်” ဟု သူက ပြောသည်။

UNFC က စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ တိကျသော အာမခံချက်များ ရရှိရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးနေဆဲဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ပါ သတ်မှတ်ချက်များနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှုများ ဖြစ်ပေါ်ရေးတို့အပေါ် သဘောတူမှုရရှိရန် တင်ကြိုညှိနှိုင်းကြခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တပ်မတော်ထက်စာလျှင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းက ပိုမိုလွယ်ကူသည် ဟု နိုင်ဟံသာ က ပြောသည်။ “သူတို့ (တပ်မတော်) ရဲ့ အမြင်အတွေးအခေါ်တွေက တင်းမာမှု ရှိနေတယ်။ အဲဒါကြောင့် ညှိရခက်တယ်” ဟု သူက ဆိုသည်။ “တပ်မတော်က အားလုံးပါဝင်ရေးကို လက်ခံပြီလားဆိုတာကို ကျနော်တို့လည်း ရှင်းရှင်းလင်းလင်း သိချင်တယ်” ဟု နိုင် ဟံသာက ထပ်ဖြည့်ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားနိုင်ရေးအတွက် တပ်မတော်၏ သဘောထားသည် သော့ချက်ဖြစ်သောကြောင့် အ ကယ်၍ ပါဝင်လာသေးခြင်းမရှိသော အဖွဲ့များ ပါဝင်လာရေးနှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် ပြောင်းလဲလာ ပါက အပြောင်းအလဲများ အလျင်အမြန် ဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသူများက ဆိုသည်။

တရုတ်နိုင်ငံက မြန်မာအစိုးရနှင့် တပ်မတော်အပေါ်သြဇာသက်ရောက်နိုင်သည့် အနေအထားတွင် ရှိသည့်အတွက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံပါဝင်လာသည်ကို လက်ခံသည်ဟု ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဆိုသည်။ တရုတ်ပါဝင်မှုက ငြိမ်းချမ်းရေးတွင် “ပိုအားကောင်းတဲ့ ဖြစ်စဉ်”တခု ဖြစ်လာနိုင်သည်ဟု သူက ပြော သည်။

ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ လေ့လာရေး စင်တာ (CPCS) မှ ဒါရိုက်တာ ဒေါက်တာ အယ်မာ လက်စလီ က “သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက အခြေခံပြဿနာတွေနဲ့ မြန်မာနိုင်ငံကတိုင်းရင်းသားလူမျိုးစုတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဖြေရှင်းရေးအတွက် စိတ်ဆန္ဒ ရှိကြမယ် ဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုရှိလာ မယ်” ဟု ပြောသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုက သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက သဘောတူညီချက်တခုရယူပြီး အ ချိန်မီ အကောင်အထည်ဖော်နိုင်တဲ့ အပေါ်မှာ မူတည်ပါတယ်” ဟု ဒေါက်တာ အယ်မာလက်စလီ က ဆိုသည်။ “အဲဒါက ပဋိပက္ခကို အဆုံးသတ်ပေးပါလိမ့်မယ်” ဟု သူက ထပ်ပြောသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေးက အစိုးရ၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတခုဖြစ်ကြောင်း နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။ သူမက နိုင်ငံတကာမှ အလှူငွေများကို ငြိမ်းချမ်း ရေး ရန်ပုံငွေဆိုင်ရာ ပူးတွဲညှိနှိုင်းရေးအဖွဲ့ မှတဆင့် စီးဆင်းနိုင်ရန် ပြင်ဆင်ထားသကဲ့သို့် မြန်မာနိုင်ငံသားများထံမှ အလှူကို လက်ခံပေးမည့် ငြိမ်းချမ်းရေး ရန်ပုံငွေတရပ်ကိုလည်း ဖွဲ့စည်းခဲ့သည်။

ငြိမ်းချမ်းရေးတွင် ပြည်ပနိုင်ငံများ၏ လွှမ်းမိုးမှု မရှိစေရေးအတွက် အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ နိုင်ငံတကာမှ ကူညီထောက် ပံ့မှုများကို သတိထား၍ လက်ခံကြောင်း၊ “အလှူရှင် အလိုကျဆောင်ရွက်ရခြင်း”မှ ကင်းလွတ်စေရန် ထိုသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ဧရာဝတီသို့ မကြာသေးမီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ၂၀၂၀ ခုနှစ်အထိ ဒေါ်လာ ၃ သန်း ကူညီရန်လည်း ကတိပြု ထား ပြီး၊ ဇန်နဝါရီလ အစောပိုင်းတွင် အမေရိကန်ဒေါ်လာ ၁ သန်းကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ထည့်ဝင်ခဲ့သည်။

စီးပွားရေး ရင်းနှီးမြှုပ်နှံမှု

တရုတ်နိုင်ငံ၏ အကူအညီက မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ ရှိနှင့်ပြီးသား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာပြည်အတွင်း နောက်ထပ် ရင်းနှီးမြှုပ်နံှမှုများအတွက် မြန်မာအစိုးရနှင့် “ချောမွေ့သော ဆက်ဆံရေး” တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်လိမ့်မည်ဟု ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန် က ပြော သည်။

တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အာရှပူးပေါင်းဆောင်ရွက်ရေး ဗျူဟာတခုဖြစ် သည့်  “အာရှ ပိုးလမ်းမ စီမံကိန်း ခေါ် One Belt, One road” မူဝါဒကို အကောင်အထည်ဖော်ရန် ဆန္ဒရှိနေသည်။ ထိုအစီ အစဉ်၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးတွင် အဓိကနေရာမှ ပါဝင်နေသည်။

စွမ်းအင်လိုအပ်ချက် ပြည့်မီရန်အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းကိုဖြတ်၍ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ ယူနန်ုပြည်နယ် ကူမင်းမြို့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ခဲ့သည်။ ပိုက်လိုင်းက ရခိုင်နှင့်ရှမ်းပြည်နယ် အပါအဝင် ပဋိပက္ခဒေသများကို ကျော်ဖြတ်သွားခြင်း ဖြစ်သည်။

တရုတ်က ရခိုင်ပြည်နယ် ကျောက်ဖြူတွင် အထူးစီးပွားရေးဇုန်တခုထူထောင်ရန် တင်ဒါအောင်မြင်ထားသော်လည်း စီမံ ကိန်း မစတင်ရသေးပါ။ နောက်ထပ်တခုဖြစ်သည့် တရုတ်-မြန်မာ နယ်စပ်မှ မူဆယ်အထူးစီးပွားရေးဇုန်မှာလည်း ဒေသ တွင်း တိုက်ပွဲများကြောင့် ဆိုင်းငံ့ထားရသည်။

အဆိုပါ စီမံကိန်းများ တတ်နိုင်သမျှ အမြန်ဆုံး စတင်နိုင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်းကို သံအမတ်ကြီး Hong Liang က အလေးအနက်ပြောကြားခဲ့သည်။ ထိုစီမံကိန်းများက တရုတ်နှင့် မြန်မာနှစ်နိုင်ငံလုံးအတွက် အကျိုးရှိမည်ဟု ယုံကြည် ကြောင်းလည်း သူက ထပ်လောင်းပြောဆိုသည်။

တပ်မတော်၏ ဒေသအတွင်း ကာလရှည်ကြာ ထိုးစစ်ဆင်မှုများအား လူသိများလာစေရန် ရည်ရွယ်သည်ဆိုသော မြောက် ပိုင်း မဟာမိတ်အဖွဲ့က တိုက်ခိုက်မှုများ စတင်ခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းတွင် မူဆယ်နယ်စပ်ကုန်သွယ် ရေး ၁၀ ရက်ခန့် ရပ်ဆိုင်းသွားခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်အတွင်းတွင် ကုန်သွယ်မှုပမာဏလည်း ကျဆင်းသွားခဲ့ရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအရ ယမန်နှစ်ဘဏ္ဍာရေးနှစ်နှင့်စာလျှင် ၂၀၁၆-၁၇ ဘဏ္ဍာ ရေးနှစ်အတွင်း ၂ နိုင်ငံ ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၂၈ သန်း နီးပါးလျော့နည်းသွားကြောင်း New Light of Myanmar သတင်းစာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖော်ပြခဲ့သည်။

ယခု ဘဏ္ဍာရေးနှစ်၏ ၁၀ လတာကာလ အတွင်းတွင် စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄.၈၄ ဘီလီယံ ရှိပြီး၊ ယ မန်နှစ် အလားတူ ကာလအတွင်းတွင် ဒေါ်လာ ၄.၈၇ ဘီလီယံ အထိရှိခဲ့သည်။

ရခိုင်ပြည်နယ်က ဆင်းရဲ မွဲပြာကျနေသည့် အခြေအနေဖြစ်သောကြောင့် လူမှုရေးအရ တာဝန်ယူမှုရှိပြီး အလုပ်အကိုင် အ ခွင့်အလမ်းများပေးမည့် ရင်းနှီးမြှုပ်နှံမှုမှန်သမျှကို ကြိုဆိုခြင်းဖြစ်ကြောင်း ဦးဘရှိန်က ရှင်းပြသည်။

“လက်ရှိ NLD အစိုးရက အရပ်သား အစိုးရဖြစ်တယ်။ အစိုးရမှာ အရင် စစ်အစိုးရတွေထက်ပိုပြီးတော့ စဉ်းစားပေးတဲ့ အရင်အစိုးရနဲ့ မတူတဲ့ အစီအမံတွေနဲ့ ကူလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading