မြန်မာစာပေလောက ပြန်လည် ဦးမော့လာနိုင်မလားဆိုတဲ့အသံ ကျယ်လောင်လာလို့ မေးစရာ၊ ရေးစရာလေးတွေ ပေါ်လာပါတယ်။ ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကား၊ တို့ပြည်ကို ချစ်ပါ၊ တို့စာ ကို ချီးမြှင့်ပါ၊ တို့စကားကို လေးစားပါဆိုတဲ့ တို့ဗမာအစည်းအရုံးရဲ့ဆောင်ပုဒ်လို စာပေယဉ်ကျေးမှုမရှိတဲ့ တိုင်းပြည်ဟာ ရုပ်ဝတ္ထုတွေ ဘယ်လိုတိုးတက်ပါစေ။ လွမ်းစရာရှိမယ် မထင်ပါ။
ကျနော်တို့ရဲ့လူဦးရေ သန်း ၅၀ ကျော်တဲ့တိုင်းပြည်မှာ အရောင်းရဆုံး စာရေးဆရာဟာ အကြမ်းဖျင်း အုပ်ရေ ၃၀၀၀ ပဲ ကုန်ပါတယ်။ ပုံမှန်စာအုပ်တအုပ်ကတော့ အုပ်ရေ ၁၀၀၀ ထုတ်ထားရင် ပြန်သိမ်းတဲ့အချိန်ကျလို့ ကုန်ရင် သုံး၊ လေးရာပါပဲ။ ဒါဟာ လက်ရှိ မြန်မာစာပေရဲ့ရပ်တည်မှု အခြေအနေပါပဲ။
နိုင်ငံတကာကို ဖြန့်ချိဖို့ဆိုတာ တအုပ်စနှစ်အုပ်စပဲရှိဖူးပါတယ်။ ဝတ္ထု၊ ဆောင်းပါးမှာ လုံးချင်းတအုပ်ရေးရင် အများအားဖြင့် စာမူခ ၁၅ ရာနှုန်းပဲရပါတယ်။ စာအုပ်တန်ဖိုး ၁၀၀၀ ကျပ်မှာ အုပ်ရေ တထောင်ထုတ်ဖို့အတွက် စာမူခ တသိန်းခွဲ ကျပ်ရတယ် ဆိုတဲ့သဘောဖြစ်နေပါတယ်။

မဂ္ဂဇင်းများ အခြေအနေကတော့ ယခင်နာမည်ရ၊ ရောင်းတန်းဝင် မဂ္ဂဇင်းများဆိုရင်လည်း စာပေချည်းသီးသန့်ထုတ်နေရင် ၅ လထက်မကျော်သလို အခြေအနေပါပဲ။
မင်းသားမင်းသမီးပုံများများထည့်မှ ကြော်ငြာရပြီး အသက်ဆက်လို့ရတဲ့ အနေအ ထားမျိုးဖြစ်လို့နေပါတယ်။
မဂ္ဂဇင်း၊ လုံးချင်းများရဲ့အသက်လို့ဆိုရတဲ့ စာအုပ်အငှားဆိုင်ယဉ်ကျေးမှုကတော့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးများမှာ ပျောက်ကွယ်သလောက်ဖြစ်သွားပါပြီ။ ဟိုတလောလေးက လူမှုကွန်ရက်မှာ မန္တလေးမြို့က အငှားဆိုင်သက်တမ်း အနှစ် ၂၀ နှစ်ကျော်ရှိတဲ့ စာအုပ်အငှားဆိုင်တဆိုင် ရင်နာစွာ ပိတ်သိမ်းလိုက်ရကြောင်းလည်း ဖတ်လိုက်ရပါတယ်။
နိုင်ငံတဝန်းလုံးစာကြည့်တိုက် ၇ သောင်းနီးပါး ရှိကြောင်း အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြောသံဆိုသံကြားလိုက် ဖူးပါတယ်။ အကျိုးလည်း ရှိမယ့်စာအုပ်တအုပ်ကို တတိုက်တအုပ်နှုန်းဝယ်ယူသွားမယ်ဆိုရင်တောင် အုပ်ရေအများကြီး လည်းရောင်းရ၊ စာအုပ်စာပေလည်း ပျံ့နှံ့လိမ့်မယ်လို့ ယူဆထင်မြင်ပါတယ်။
စာမတတ်လို့ စာမဖတ်ကြတာလားဆိုတဲ့မေးခွန်းလည်း ခေါင်းထဲရောက်လာတော့ ၂၀၁၄ သန်းခေါင်စာရင်း ပင်မအစီရင် ခံစာမှာ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ ၃၃ ဒသမ ၉ သန်းအနက် ၃၀ ဒသမ ၃၇ သန်းမှာ စာတတ်မြောက်ကြောင်း စာတတ်မြောက်မှု ရာခိုင်နှုန်းမှာ ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်းနှင့် စာမတတ်သူ ဦးရေမှာ ၃ ဒသမ ၅၅ သန်းရှိကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားပါတယ်။
ဒါဆိုရင် စာမတတ်ကြလို့ စာမဖတ်တဲ့ကိစ္စကတော့ ရှင်းသွားလောက်ပါတယ်။ အခြား ဖြည့်စွက်စဉ်းစားမိတဲ့အကြောင်း အရာတွေကတော့ အလုပ်အကိုင်၊ ငွေကြေးနှင့် အားလပ်ချိန် အပန်းဖြေစရာတို့ပဲဖြစ်ပါလိမ့်မယ်။
အလုပ်အကိုင်
တနေကုန်တနေခန်း လုပ်ငန်းခွင်ထဲ အလုပ်လုပ်ကိုင်ရ၊ အိမ်ရောက်ရေမိုးချိုး၊ ထမင်းစားနားနဲ့ အိပ်ချိန်တိုင်သွားသူတွေ လည်း ရှိနေတာလည်း ငြင်းမရပါ။ စာတအုပ်ကောက်ကိုင်ဖို့ကို မအားလပ်ဘူးဆိုတဲ့ အဖြေမျိုးဖြစ်ပါတယ်။
ငွေကြေး
ကိုယ်နှစ်သက်တဲ့ စာအုပ်ဝယ်ယူဖတ်ရှုဖို့ဆိုတာလည်း ကိုယ့်မှာ ငွေပိုငွေလျှံလည်း ရှိမှဖြစ်ပါတယ်။ သင်ဟာ ဝန်ထမ်း တယောက်ဖြစ်နေတယ်ဆိုရင် ရရှိနေတဲ့လစာငွေထဲက နေ့စဉ်ကုန်ကျစရိတ်အပြင် သာရေးနာရေးအထွေထွေကုန်ကျ စရိတ်တွေအပြင် ပိုလျှံမှ စာအုပ်ဘက်လှည့်လာမှာ ဖြစ်ပါတယ်။
အားလပ်ချိန် အပန်းဖြေမှု
ယခုလို နည်းပညာခေတ်ရောက်လာတော့လည်း အင်တာနက်၊ ဖေ့ဘုတ်တို့ကြောင့် ဖုန်းဘေလ်ကုန်ကျငွေက လူတိုင်းနီးပါး ပတ်သက်နေရသလို နေ့စဉ်ကုန်ကျငွေထဲက အကြောင်းတချက်ဖြစ်နေပါတယ်။ ဒါတွေကတော့ ဝယ်ယူဖတ်ရှုမယ့်သူဘက် က မြင်ရတဲ့အခက်အခဲများပဲဖြစ်ပါတယ်။
နည်းပညာ
ယနေ့လူငယ်တိုင်းနီးပါးဟာ နည်းပညာခေတ်ထဲကြီးပြင်းလာကြသလို ဖုန်းကိုယ်စီနဲ့ဖြစ်လို့နေကြပါပြီ။ အင်တာနက်၊ ဖေ့ဘုတ်အစရှိသဖြင့် လူမှုကွန်ရက်ကြီးနဲ့ နေ့စဉ်ပတ်သက်ပြီး အကျိုးရှိရာရှိကြောင်း စာပေနဲ့ပတ်သက်တဲ့ ဝက်ဆိုက် တွေ၊ပေ့တွေဆီသွားနိုင်မယ်ဆိုရင်လည်း စာအုပ်ဈေးကွက်ကျဆင်းခဲ့ရင်တောင် အွန်လိုင်းစာပေကဏ္ဍအနေနဲ့ ထိန်း ထားလို့ရနိုင်မယ်ထင်ပါတယ်။
ဒီကဏ္ဍအတွက်လည်း နည်းပညာနဲ့ပတ်သက်ပြီး တဦးတယောက်တည်းဆောင်ရွက်လို့မရသလို စာရေးသူ၊ အွန်လိုင်း ဖြန့်ချိရေး၊ ဈေးကွက်၊ မူပိုင်ခွင့်၊ အကျိုးအမြတ်အစရှိသဖြင့် ဘက်ပေါင်းစုံစဉ်းစားပြောဆိုကြရမှာဖြစ်ပါတယ်။
စာလည်းရေး၊ ထုတ်ဝေသူလည်းလုပ်တဲ့ မိတ်ဆွေတယောက်ကတော့ “ထုတ်တဲ့စာအုပ်ရောင်းရတော့လည်း ဆိုင်တွေက ငွေကို ခွဲခွဲပေးတော့ ပြန်စုမိဖို့ လုံးထားရတယ်။ ရှုံးတဲ့စာအုပ်ကိုလည်း မြတ်တဲ့စာအုပ်နဲ့ ခုဖို့ကြိုးစားရတယ်။ ဝါသနာပါလွန်း လို့သာ” လို့ ပြောပြဖူးပါတယ်။
စာရေးဆရာ၊ ထုတ်ဝေဖြန့်ချိသူ၊ ရောင်းချတဲ့စာအုပ်ဆိုင်တွေဘက်က အခက်အခဲတွေများစွာ ထွက်လာဦးမှာဖြစ်ပါတယ်။ အဲဒီလို တဦးတယောက်အခက်အခဲကို ဝိုင်းဖွဲ့စဉ်းစားအဖြေရှာမှ လိုချင်တဲ့ပန်းတိုင်ရောက်ရှိမှာပါ။
အစိုးရဘက်က လုပ်ကိုင်ဆောင်ရွက်ပေးမှုတခုအနေနဲ့ နိုင်ငံတော်အဆင့်ပေးတဲ့ အမျိုးသားစာပေဆုလိုမျိုးမှာလည်း ယခု အစိုးရလက်ထက်မှာထိ ပြည်သူလူထုနဲ့ တသားတည်းမကျသေးဆိုတဲ့အသံတွေလည်း ကြားနေရပါတယ်။ ဆုတံဆိပ်ကိစ္စ တွေက ဖန်တီးသူမက်မောမှုနည်းနိုင်ပေမယ့် နိုင်ငံတော်အဆင့်ပေးတဲ့ ဆုတံဆိပ်တွေက ဘယ်သူတွေကိုယ်စားပြုနေသလဲ ဆိုတာ မေးစရာတော့ ဖြစ်နေပါတယ်။
ကျောင်းစာသင်ခန်းတွေမှာ သင်ကြားနေတဲ့ စာပေရေးရာများနဲ့ အပြင်လောကမှာဖြစ်တည်နေတဲ့ စာပေရေးရာများ တမျိုး စီဖြစ်လို့နေတာကလည်း မြန်မာစာပေလမ်းကြောင်း နှောင့်နှေးစေတဲ့တချက်လို့ ဆိုရမှာဖြစ်ပါတယ်။ ယခင်စစ်အစိုးရလက် ထက်များမှာတော့ စာပေသမားများက စာပေကင်ပေတိုင်ဆိုတဲ့ စာပေစိစစ်ရေးရုံးဆိုတာဖွင့်ပြီး တိုးတက်တဲ့ အမြင် ရှိတဲ့ စာအုပ်တွေကို သုတ်သင်ပစ်ခဲ့တာ လူတိုင်းအသိပါ။

စစ်အစိုးရကာလ စာအုပ်တအုပ်ထုတ်ဝေတော့မယ်ဆိုရင် ထုတ်ဝေသူက ထုတ်မယ့်စာအုပ်ကို အုပ်ရေ ၆၀ ထိ ပေးရပါတယ်။ အဲဒီစာအုပ်မှာ ကင်ပေတိုင်တွေက အဘတွေ ငြိုငြင်မယ့်စာသား၊ စာပိုဒ်ပါရင် သွားပေတော့ပဲ။ တင်ထုတ်စနစ်လို့ ခေါ်ကြပါတယ်။ ၂၀၁၀ ဦးသိန်းစိန် လက်ထက်ကျ ထုတ်ပြီးမှတင်ဆိုပြီး ထုတ်မယ့်စာအုပ် ၄ အုပ်ရယ်၊ စာအုပ်ပါအကြောင်းအရာများ ပါဝင်တဲ့ CD တချပ်ရယ် ပေးရပါတယ်။ မိုးပေါ်ကျလာတဲ့ဆုလဒ်လို လက်ရှိအစိုးရအထိ ဆက်လက်ကျင့်သုံးနေတုန်းပါပဲ။
ကျနော်တဦးတည်းအမြင်ကတော့ စာပေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့ရာထူးတွေမှာ ယခင်အစိုးရလက်ထက်က ခန့်ထားတဲ့သူတွေနေရာမှာ တကယ့်စာပေဆိုင်ရာပညာရှင်တွေ ကလောင်ရှင်တွေ ပြောင်းလဲ လွှဲအပ်ရမှာဖြစ်ပါတယ်။
ဟိုးတလောလေးတုန်းက တောင်ကိုရီးယားက ကဗျာဆရာ၊ လစဉ်ထုတ် စာပေမဂ္ဂဇင်းတစောင်လည်း ထုတ်ဝေနေသူ လာတော့ သူတို့ဆီက စာရေးဆရာတွေအခြေအနေနဲ့စာအုပ်ဈေးကွက်မေးကြည့်မိတော့ သူတို့ဆီမှာလည်း သူထုတ်တဲ့ စာပေမဂ္ဂဇင်းက အုပ်ရေတထောင်ပဲ ထုတ်ရပါသတဲ့။
ဒါပေမယ့် သူတို့ဆီမှာ အွန်လိုင်းပေါ်မှာတော့ အဲဒီစာပေမဂ္ဂဇင်းကိုပဲ အခကြေးငွေပေးပြီး ဖတ်ရှုကြပါတယ်တဲ့။ စာမူခအ နည်းဆုံးရနေတဲ့ ကဗျာဆရာတွေရော ဘယ်လိုရပ်တည်ကြသလဲမေးမိတော့ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းပံ့ပိုးနေကြရပါတယ်လို့ ဖြေပါတယ်။
နည်းပညာကြောင့် စာပေရေးရာ နိမ့်ဆင်းသွားတယ်ဆိုရင်လည်း နည်းပညာတတ်ကျွမ်းနားလည်တဲ့ အွန်လိုင်းစာပေဈေး ကွက်တခုအနေနဲ့ ဖြည့်စွက်စဉ်းစားရမယ်လို့ ထင်ပါတယ်။
နိုင်ငံတော်အဆင့်ပေးတဲ့ အမျိုးသားစာပေဆုမှာလည်း ၁၉၉၀ နောက်ပိုင်း (ကဗျာဆုကဏ္ဍ) စစ်အစိုးရက စစ်ပြန်အများစုနဲ့ သူတို့ကို ထောက်ခံရေးသားသူတွေကိုသာ အများဆုံးပေးအပ်ခဲ့ပြီး အခြားလွတ်လပ်လိုတဲ့ စာသမားများကိုတော့ စိစစ်ရေး စာပေကင်ပေတိုင်များနဲ့ ကျကျနန သုတ်သင်ခဲ့တဲ့ အကျိုးအပြစ်လို့ ၈၀ ရာနှုန်း ပြောလို့ရပါတယ်။
တကယ်မြှင့်တင်ချင်တယ်ဆိုရင်တော့ ရေးသူ၊ ဖတ်သူ၊ ထုတ်ဝေဖြန့်ချိသူတို့အပြင် အစိုးရကပါ ပူးပေါင်းပါဝင်ပြီး အခက် အခဲများကို ဖြေရှင်းနိုင်မှရမယ်လို့ မြင်ပါတယ်။
နိုင်ငံတကာထိ ဖြန့်ချိဖို့ဆိုတာလည်း လိုအပ်ပါတယ်။ ဘာသာပြန်မလား ဒါမှမဟုတ် မူရင်းရေးသူကိုယ်တိုင် နိုင်ငံတကာ သုံးနဲ့ ရေးမလား စသဖြင့်ပေါ့။ ဒါပေမယ့် ကိုယ့်ပြည်တွင်းက ကိုယ့်ပြည်သူ အနည်းဆုံး တသိန်းကျော်လောက် ဖတ်ဖို့ဆိုတာ တော့ အရေးပေါ် စဉ်းစားကြစေချင်တယ်။
ယခင်စစ်အစိုးရကာလများက နှိမ်နင်းခဲ့လို့ မြန်မာစာပေကဏ္ဍ မှေးမှိန်ခဲ့ရတယ်။ ဒါဟာ ငြင်းလို့မရတာမှန်ပေမယ့် ယခု အမျိုးသားစာဆိုကြီးရဲ့သား စာရေးဆရာတယောက် သမ္မတဖြစ်နေချိန်မှာတော့ ဝိုင်းဝန်းကြိုးစားသင့်နေပါပြီ။
ကွယ်လွန်သူ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းပြောခဲ့သလို သမိုင်းသင်တာ မအ အောင်လို့ဆိုတဲ့စကား ရှိပါတယ်။ စာပေမြင့်မှ လူမျိုးတင့််မှာဖြစ်တာကြောင့် စာမဖတ်တဲ့အကျိုးဟာလည်း တိုင်းပြည်တခုလုံး အ သွားနိုင်ပါတယ်။