အိုင်ဗန်ကာ ထရမ့် (Ivanka Trump) သည် သမ္မတ၏ထိုင်ခုံတွင် ထိုင်နေသည်။ သမ္မတထရမ့်က သူ၏ သမီးကြီးနောက်တွင် မတ်တပ်ရပ်ရင်း လက်တဖက်ကို သူမ၏ကျောပေါ်တွင် တင်ထားသည်။
ယာဘက်တွင်မူ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် အမျိုးသမီးများကိစ္စ ပြောရန် ဝါရှင်တန်သို့ ရောက်နေသော ကနေဒါဝန်ကြီးချုပ် Justin Trudeau ရှိနေသည်။
အမျိုးသမီးစီးပွားရေးသမားဟူသော ဂုဏ်ပုဒ်မှာ အိုင်ဗန်ကာထရမ့် ကြွေးကြော်ထားသည့် အကျွမ်းကျင်ဆုံး အရည်အချင်းဖြစ်ပြီး ယခုအကြိမ် အိမ်ဖြူတော်သို့ ရောက်လာခြင်းမှာလည်း သူမသည် အဝတ်အထည် ကုမ္ပဏီမှ ခွင့်ယူပြီး ဝါရှင်တန်သို့ သွားမည်ဟု အထင်ရှားဆုံး ကြေညာခဲ့သောကြောင့်ဖြစ်သည်။
လွန်ခဲ့သောအပတ်က သမ္မတ၏ထိပ်တန်းအကြံပေး Kellyanne Conway သည် Ivanka Trump ၏ကုန်အမှတ်တံဆိပ်ကို ရုပ်သံမှ ကြေညာပေးပြီး ကျင့်ဝတ်ချိုးဖောက်သည်ဟု စွပ်စွဲခံရစဉ်ကပင် သူမသည် နှုတ်ဆိတ်နေခဲ့သည်။
ထရမ့်၏အကြီးဆုံးသမီးအိမ်ဖြူတော်သို့ ရောက်လာရောက်လာသော်လည်း သူမအနေဖြင့် ထရမ့်အစိုးရတွင် မည်သည့်အခန်းမှ ပါဝင်မည်ကိုမူ ရှင်းရှင်းလင်းလင်း မရှိပါ။
အိုင်ဗန်ကာထရမ့်သည် လုပ်ငန်းခွင်မှ အမျိုးသမီးများ၏ဘဝကို အားပေးခြင်းဖြင့် သူမ၏ကုန်အမှတ်တံဆိပ်ကို တည်ဆောက်ကာ အမျိုးသမီးများမိသားစုကို ပျိုးထောင်ရင်း ဘဝအသက်မွေးမှုကို မည်သို့ တည်ဆောက်ရမည်နှင့် ပတ်သက်သော အကြံဉာဏ်များကို စာအုပ်ထုတ်ဝေသည်။ မေလတွင် ထုတ်မည့် သူမ၏ စာအုပ်သစ်အမည်မှာ “အမျိုးသမီး အလုပ်သမားများ”ဖြစ်သည်။
သူမသည် လွန်ခဲ့သော ဇူလိုင်လက နိုင်ငံလုံးဆိုင်ရာ ရီပတ်ဗလစ်ကန်ညီလာခံတွင် ပါတီ၏မူဝါဒနှင့် ကွဲလွဲသည့်မိန့်ခွန်းဖြင့် ထရန့်ကို မိတ်ဆက်ပေးပြီး ဥပဒေပြုအမတ်များသည် အမျိုးသမီးအိမ်ထောင်ဦးစီးများကို ပိုမိုကောင်းမွန်စွာ ထောက်ခံပံ့ပိုးရမည်ဟု ပြောခဲ့သည်။
ထို့နောက် ထရန့်ကလည်း လစာရ မီးဖွားခွင့်ဖန်တီးရန်နှင့် မိဘများ၏ အခွန်မှ ကလေးစောင့်ရှောက်စရိတ်ကို လျှော့ချပေးရန် သူ၏အစီအစဉ်မှာ သမီးဖြစ်သူက သူ့အပေါ် လွှမ်းမိုးမှုမကင်းသောကြောင့် ဖြစ်ကြောင်း ပြောသည်။
သို့သော် ယခုအချိန်အထိ ထရမ့်သည် စက်တင်ဘာလက သမီးဖြစ်သူနှင့် သူ ကြေညာခဲ့သော မူဝါဒကို ထုတ်ဖော်ပြောခြင်း မရှိဘဲ အမျိုးသမီးများကို ဆွဲတင်ရန် ပြောနေပြီး သမီးဖြစ်သူကလည်း အိမ်ဖြူတော်တွင် ရှင်းလင်းသော အခန်းကဏ္ဍမရှိ သေးဘဲ လုပ်ကိုင်ဆောင်ရွက်နေသည်။
အိုင်ဗန်ကာထရမ့် တွစ်တာတွင် တင်ခဲ့သော ပုံမှာ ရင်းနှီးသော မိသားစု သံယောဇဉ်နှင့် လွန်စွာမြင့်မားသော နိုင်ငံရေး လုပ်ပိုင်ခွင့်ကို ပြသနေသည်။
“အမျိုးသမီးတွေကို နေရာပေးဖို့ အရေးပါကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အတော်ကြီးကျယ်တဲ့ဆွေးနွေးပွဲပဲ” ဟု သူရေးခဲ့သည်။
ဂျော့ဝါရှင်တန်တက္ကသိုလ်မှ မီဒီယာနှင့် ပြည်သူ့ရေးရာဌာနမှ ပါမောက္ခတဦးဖြစ်သူ Patricia Phalen ကမူ အခြေအနေမှာ ထူးခြားနေသည်ဟု ပြောသည်။ ယခင်သမ္မတများတွင် ဝါရှင်တန်၌ နေသော အရွယ်ရောက်ပြီး သားသမီးမရှိကြ ဟု သူက ပြောသည်။
“ဒီလိုမျိုး အရင်က တခါမှ မဖြစ်ဖူးဘူး”ဟု သူက ပြောသည်။ သမ္မတမိသားစုတွေဟာ ပြည်ပခေါင်းဆောင်တွေနဲ့ တွေ့ဆုံကြပေမယ့် အိုင်ဗန်ကာထရမ့်ဟာ ငါးနှစ်သမီးလေးသာဆို လူတိုင်းက ချစ်စရာကောင်လိုက်တာလို့ ဝိုင်းပြောကြမှာပေါ့။ သူက သူ့အဖေ ထိုင်ခုံမှာ ထိုင်နေတာလေ”ဟု သူက ပြောသည်။
အိုင်ဗန်ကာထရမ့်၏အဝတ်အထည်ကို လက်လီအရောင်းလုပ်ငန်း Nordstorm က အဆက်ဖြတ်သောကြောင့် ထရမ့်က ထိုလုပ်ငန်းကို ဝေဖန်သည်မှာ တပတ်ပင် မပြည့်သေး အိုင်ဗန်ကာထရမ့် အခု အိမ်ဖြူတော်သို့ ရောက်လာသည်။
ထိုသို့ ဝေဖန်သောကြောင့်လည်း သမ္မတသည် နိုင်ငံကို ဦးဆောင်နေစဉ် မိသားစု၏စီးပွားရေးကို ကာကွယ်သင့်သလောဟု အငြင်းပွားစေခဲ့သည်။
“ကျနော့်သမီး အိုင်ဗန်ကာအတွက် အရမ်းဂုဏ်ယူတယ်။ မီဒီယာတွေက သူ့ကိုဆိုးဆိုးရွားရွား ဆက်ဆံတာတောင်မှ ခေါင်းကို အရမ်းမော့ထားနိုင်တာ အရမ်းအံ့ဩစရာပါ” ဟု ထရမ့်က ဆိုခဲ့သည်။
အုပ်ချုပ်ရေးပိုင်းရာထူးများတွင် မိသားစုဝင်များကို ခန့်အပ်ခြင်းကို အမေရိကန်ဥပဒေက တားမြစ်ထားသည်။ သမ္မတထရမ့်က အိုင်ဗန်ကာထရမ့်၏ခင်ပွန်း Jared Kushner ကို အထက်တန်းအကြံပေးခန့်ခြင်းဖြင့် ထိုဥပဒေကို သွေးတိုးစမ်းပြီးဖြစ်သည်။ အိုင်ဗန်ကာထရမ့်သည်လည်း အနည်းဆုံး ပြည်ပခေါင်းဆောင်နှစ်ဦးနှင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အခြား ပြည်ပ ခေါင်းဆောင်တဦးနှင့် ဖုန်းပြောခဲ့ပြီးဖြစ်သည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က သူမသည် စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်မှ အတားအဆီးများကို အမျိုးသမီးများ ကျော်လွှားနိုင်ရန် ကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည် ( မှတ်တမ်းတင်ထားခြင်းမရှိ)။ တနင်္လာနေ့ ကမူ သူမသည် ထရမ့်-ကနေဒါဝန်ကြီးချုပ်တို့နှင့်အတူ ထိုင်ခဲ့ပြီး အမျိုးသမီးစီးပွားရေးလုပ်ငန်းခေါင်းဆောင်များအတွက် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့သည် (မှတ်တမ်းတင်ထားခြင်းမရှိ )။
တရားဝင် ပြောရပါက အိုင်ဗန်ကာထရမ့်သည် ထရမ့်အဖွဲ့၏ စီးပွားရေးအမှုဆောင်အဖြစ်မှ နှုတ်ထွက်ထားပြီးဖြစ်ကာ သူမ၏အမည်ဖြင့်ပြုလုပ်သော စီးပွားရေးလုပ်ငန်း၏စီမံခန့်ခွဲမှုကိုလည်း လွှဲပြောင်ပေးပြီး ဖြစ်သည်ဟု သူမက ပြောခဲ့သည်။
“ကျမခင်ပွန်းသည် ဂျရက်နဲ့ ကျမတို့မိသားစုနဲ့ ပြန်နေဖို့ ဝါရှင်တန်ဒီစီကို ပြောင်းတော့မယ်။ ကျမတို့ရဲ့ကလေး ၃ယောက်ကို လည်း အိမ်အသစ်ကျောင်းအသစ်မှာ အသားကျအောင် အချိန်ယူပြီး လုပ်ပေးဖို့စီစဉ်ထားတယ်” ဟု သူက ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။
ထရမ့်ကတော် Melania သည် သူတို့၏ ဆယ်နှစ်အရွယ်သား Baron ကို ကျောင်းဆက်ထားရန် နယူးယောက်တွင် ဆက်နေမည်ဖြစ်သောကြောင့် အိုင်ဗင်ကာသည် သမ္မတကတော် လုပ်ရမည့် အခန်းကဏ္ဍကို ယူမည်ဟု ကောလာဟလများ ထွက် နေသည်။
ဇန်နဝါရီလက တွေ့ဆုံမေးမြန်းရာတွင်လည်း အိုင်ဗန်ကာထရမ့်က မှားသည်ဟု အေဘီစီသတင်းဌာန မှ Deborah Roberts အား ပြောခဲ့သည်။ Deborah Roberts က သူမ မည်သည်ကို ဆက်လုပ်မည်ကို အတင်းမေးသည်။
“ရှင်က အရှေ့ဘက်ခန်းမဆောင်မှာ ရုံးခန်းဖွင့်မှာလား။ ကိုယ့်ကိုယ်ကိုယ် ဘယ်အခန်းကဏ္ဍက ပါရမယ်ဆိုတာ နားလည်လား” ဟု တွေ့ဆုံမေးမြန်းသူ Deborah Roberts က မေးသည်။
သမ္မတသမီးက ယောင်ဝါးဝါးဖြစ်နေသည်။
“ကျမ ဒီနေ့အာရုံစိုက်တာက တနိုင်ငံလုံး ခရီးသွား၊ အများပြည်သူတွေရဲ့ စကားတွေ နားထောင်ပြီး ဝါရှင်တန်ကို ပြောင်းဖို့ပဲ” သာ အိုင်ဗန်ကာထရမ့်က ဖြေသည်။
ပြည်သူလူထုမှာ ထို့ကြောင့် သူ အိမ်ဖြူတော်မှာ ဘာလာလုပ်တာလဲဟု ဆက်လက် မေးခွန်းထုတ်နေကြရသည်။
(The Washington Post ပါ Danielle Paquette ၏ What exactly is Ivanka Trump doing? ကို ဘာသာပြန်ဆိုသည်)