တဖက်တွင်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး၂၀၁၆ မတ်လကုန်တွင် အာဏာလွှဲ ပြောင်း ယူသည်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ခံ အရပ်သားအစိုးရနှင့်တပ်မတော်တို့ကြားတွင် လုပ်ပိုင်ခွင့်ကိုယ်စီရှိ နေကြပြီး တပ်၏အခန်းသည် အလွန်အရေးပါသည်ကို အားလုံးသိကြပြီးဖြစ်သည်။
စစ်ဗိုလ်ချုပ်ဟောင်းများဖြစ်ကြသော သမ္မတဦးသိန်းစိန်နှင့် ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်တွင် ထိုပြဿနာသည် သိပ် မကြီးလှဟု ဆိုနိုင်သော်လည်း အရပ်သားစစ်စစ် NLD အစိုးရလက်ထက်တွင်မူ ထိုပြဿနာသည် အတိမ်းအစောင်း မခံ သည့်ပြဿနာဖြစ်လာသည်။
မြန်မာပြည်နှင့်ဆက်ဆံသော သံတမန်အားလုံးသည် NLD အစိုးရအားလည်းကောင်း တပ်မတော်အားလည်းကောင်း ဆက်ဆံမှုပြုကြရသည်မှာ ရှောင်လွှဲ၍မရသည့် လက်တွေ့ကျသည့် ဖြစ်ရပ်ဖြစ်နေသည်။
ဤသို့သောအခြေအနေအောက်တွင် တရုတ်တို့အနေနှင့်လည်း အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနချင်း ဆက်ဆံရေးသာမက တရုတ်စစ်တပ်၏ဆက်ဆံရေးပါ လိုအပ်နေသည့်အချိန်တွင် တရုတ်နှင့်မြန်မာပြည်ကြား ၂+၂ ဆက်ဆံရေးကို ထူထောင်ခဲ့သည်ကို တွေ့ရသည်။
၂+၂ ဆက်ဆံရေး
တရုတ်အစိုးရဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ၂ ခုနှင့် မြန်မာအစိုးရဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ၂ ခုပေါင်းတို့ နှစ်နိုင်ငံကြား ပုံမှန်တွေ့ဆုံဆွေးနွေးသည့်အစီအစဉ်တရပ်ကို NLD အရပ်သားအစိုးရ တက်ပြီးသည့် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်၌
၂+၂ ပထမဆုံးအကြိမ်တွေ့ဆုံမှုကို ပြုလုပ်ခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးပြဿနာက ရှေ့တန်းရောက်ခဲ့သည်ဟု ဆိုပါသည်။
၂၀၁၇ အတွင်းတွေ့ဆုံမှုကို တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်မြို့၌ဖေဖဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့သည်။ ထိုဆွေးနွေး ပွဲတွင် နှစ်ဖက်စလုံးမှ ဒုနိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ခဲ့သကဲ့သို့ တရုတ်စစ်ဘက်မှ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိ ယညှိနှိုင်းကွပ်ကဲရေးမှူး တက်ရောက်ပြီး မြန်မာစစ်ဘက်မှ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး တက်ရောက်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲတွင် တရုတ်မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်ကို သုံးသပ်ခဲ့ကြပြီး မြန်မာပြည်မြောက်ပိုင်း ဒေသ ပြဿနာကို ကောင်းမွန်စွာဖြေရှင်းရန် လိုအပ်ကြောင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ခေတ်သစ်ကို တွန်းအားပေးရန် အလွန်အရေးပါကြောင်း နှစ်နိုင်ငံမြောက်ပိုင်းအခြေအနေများနှင့် ပတ်သက်၍ နှစ်နိုင်ငံအနီးကပ်ဆက်သွယ်မှုများထား ရှိပြီး နယ်စပ်ဒေသထိန်းသိမ်းရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ ပြောကြားသည်မှာ မြန်မာပြည်၏အရေးကိစ္စတွင် ဆိုင်ရာဘက်အသီးသီးက ထိန်းချုပ်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးကို အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပြီး တရုတ်မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းအောင် အမြန်အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှုများကို ထောက်ခံကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှတဆင့် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးကို အမြန်ဆုံးရရှိစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာဘက်မှ ပြန်လည်ပြောကြားသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်မှုနှင့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်အတွက် ပြင်ဆင်ထားမှုများအား ရှင်းပြခဲ့ပြီး လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် မြန်မာပြည်မြောက် ပိုင်းတည်ငြိမ်အေးချမ်းမှုရအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား
ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံမှ ပြီးခဲ့သောကာလတလျှောက် ထောက်ခံကူညီခဲ့သည်ကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်မှ အပြုသဘော ဖြင့် ဆက်လက်ပါဝင်စေလိုကြောင်း ဆင်ဟွာ Xinhwa သတင်းဌာနမှ အကျယ်တဝင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ နှစ်နိုင်ငံ၏ ၂+၂ တွေ့ဆုံမှုအား ၂၀၁၇ ခုနှစ်အတွင်းနောက်တကြိမ် တရုတ်ပြည်တွင် ပြုလုပ်ရန် သဘောတူခဲ့ကြသည်ဟုဆိုပါသည်။ ၂၀၁၇ နှစ်ဆန်းတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ ၂+၂ တွေ့ဆုံမှုတွင် တရုတ်နယ်စပ် တည်ငြိမ်အေးချမ်း ရေး၊ မြန်မာပြည်မြောက်ပိုင်းအရေး၊ မြန်မာပြည်ငြိမ်းချမ်းရေးဆွေးနွေးပွဲအရေးတို့ ရှေ့တန်းရောက်နေသည်ဟု ဆိုရမည်။
တရုတ်အထူးသံတမန်
တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးတည်ချက်သည် နှစ်နိုင်ငံ ချစ်ကြည်စွာ ဆက်ဆံသည့်အခြေခံပေါ်မှ တရုတ်မြန် မာကုန်သွယ်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံတရုတ်ရင်းနှီးမြှုပ်နှံများအား ကာကွယ်ခြင်းတိုးမြှင့်ခြင်း တရုတ်၏သေနင်္ဂဗျူဟာ စီမံကိန်းဖြစ်သည့် မြန်မာပြည်ဖြတ်မည့် အနောက်ဘက် ပိုးလမ်းခါးပတ်တို့တွင် အာရုံစိုက်ထားခဲ့သည်။ သို့သော်လည်း
ထိုစီးပွားရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် အဟန့်အတားဖြစ်နေသည်မှာ တရုတ်မြန်မာနယ်စပ်တ လျှောက် မတည်ငြိမ်မှုများဖြစ်သည်။
လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအရ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းတွင် KIA၊MNDAA၊TNLA ၊AA အဖွဲ့၄ ဖွဲ့နှင့် ဖြစ်ပွားနေသော စစ်မီးအား ငြိမ်းသတ်ရန် လိုအပ်နေသကဲ့သို့ ထိုမီးစမှတဆင့် လက်ရှိမြန်မာပြည် နိုင်ငံရေး ပြ ဿနာကို ကောင်းမွန်စွာ ဆွေးနွေးဖြေရှင်းနိုင်ခြင်းမရှိပါက ဝ ဒေသနှင့် မိုင်းလားဒေသသို့ စစ်မီးတောက်ကူးစက်နိုင်သည်ကိုလည်းကောင်း ကောင်းစွာ သဘောပေါက်ထားသည်ဖြစ်ရာ တရုတ်တို့သည် မြန်မာပြည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အာရုံစိုက်လာခဲ့ကြသည်။
ယခင် ဦးသိန်းစိန်လက်ထက် မြန်မာပြည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် တရုတ်မှ အထူးသံတမန်တဦး ခန့် အပ်ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးသံတမန် အမည်ဖြင့် ခန့်အပ်ခဲ့သော်လည်း ထိုသံ တမန်၏အဓိက အာရုံစိုက်မှုမှာ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းကို အထူးအာရုံစိုက်ခဲ့သည်ကို တွေ့ရသည်။
ဦးသိန်းစိန်လက်ထက် မြန်မာပြည်တွင်းရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုင်းရင်းသားများပြုလုပ်သည့် လိုင်ဇာ၊ လော်ခီးလာ ညီလာခံများတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ်နှင့် အတူတကွ ပါဝင်တက်ရောက်ခဲ့သည် ကို တွေ့ရသည်။
၂၀၁၆ ခုနှစ်ထဲတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ အထူးကိုယ်စားလှယ် သက်တမ်းပြည့်သွားပြီး ထပ်မံခန့် အပ်ခြင်းမရှိတော့သော်လည်း တရုတ်သံတမန်ကတော့ တက်ကြွစွာ လှုပ်ရှားဆဲဖြစ်သည်။ လက်ရှိ တရုတ်အထူး သံတ မန်မှာ မစ္စတာဆွန်ကော့ရှန် Mr Sun Guoxiang ဖြစ်ပါသည်။
မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၆ ခုနှစ် NLD အစိုးရတက်ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပပြုလုပ်သည့် မိုင်ဂျာယန်ညီလာခံသို့လည်းကောင်း သြဂုတ်လကုန်ပိုင်းတွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံပထမအကြိမ်အစည်းအဝေးသို့လည်းကောင်း တက်ရောက်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ထို့နောက် ၂၀၁၆ ခုနှစ် နိုဝင် ဘာလကုန်ပိုင်းတွင် ဖြစ်ပွားသော မြောက်ပိုင်းမဟာမိတ်တို့နှင့် ဖြစ်ပွားသည့်စစ်ပွဲအပြီးတွင် ပို၍ သိသိသာသာသွက်သွက် လှုပ်ရှားလာသည်ကိုတွေ့ရသည်။
ထိုမြောက်ပိုင်းစစ်ပွဲသည် တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိခိုက်စေသည်သာမက တရုတ်တို့၏ အနာဂတ် စီးပွားရေးရည်မှန်းချက်များကို ထိခိုက်စေနိုင်သည့်အပြင် တရုတ်နယ်စပ်တလျှောက် စစ်မီးပိုမိုကြီးထွားလာနိုင်သည့် အခြေ အနေဖြစ်ပွားမလာစေရန် တားဆီးလို၍ ဖြစ်ကြောင်း သုံးသပ်ရပါသည်။
တရုတ်အထူးသံတမန်၏တွေ့ဆုံမှုများ
၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်တွင် ဖြစ်ပွားသော မြောက်ပိုင်းစစ်ပွဲစတင်ပြီးနောက်ပိုင်း တရုတ်တို့၏လှုပ်ရှားမှု ပိုမိုသွက် လက်လာခဲ့တော့သည်။ ၂၀၁၆ နိုဝင်ဘာလအတွင်း တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိနေသော ဒေါက်တာတင်မျိုး ဝင်းခေါင်းဆောင်သည့် ငြိမ်းချမ်းကော်မရှင်နှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော KIA၊ TNLA၊ MNDAA၊ AA၊ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၊ UWSA နှင့် မိုင်းလားအဖွဲ့ ၂၊ စုစုပေါင်း ၆ ဖွဲ့နှင့် ကူမင်မြို့၌ ၂၀၁၆ ဒီဇင်ဘာ ၁ ရက်၊၂ ရက်နေ့များတွင် တွေ့ဆုံရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ စီစဉ်ပေးခဲ့သည်။ UWSA နှင့် မိုင်း လားအဖွဲ့တို့နှင့် ငြိမ်းချမ်းရေးကော်မရှင်တွေ့ဆုံခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံရေး မအောင်မြင် ခဲ့ပေ။
သို့သော်လည်း တရုတ်တို့ လက်လျှော့မသွားဘဲ ၂၀၁၆ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မစ္စတာဆွန်ကော့ရှန်နှင့် မြောက် ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ငြိမ်းချမ်းရေးကိစ္စ ထပ်မံတွေ့ဆုံခဲ့ကြပြီး ၂၀၁၆ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း မြောက်ပိုင်းမဟာမိတ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
၂၀၁၇ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မစ္စတာဆွန်ကော့ရှန်သည် တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် Mr. Hong Liang လိုက်ပါ၍ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့လည်း တွေ့ဆုံရာတွင် ပါဝင်ခဲ့သည်ဟု ဆို သည်။ အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ့ငြိမ်းချမ်းရေးကိစ္စရပ်များအား အဓိကထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၇ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဝ နယ် ပန်ဆန်းသို့ သွားရောက်ပြီး ဦးပေါက်ယူချမ်း ခေါင်း ဆောင်သော UWSA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ တဖန် ၂၀၁၇ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တရုတ် ပြည် ခွင်းမင်မြို့၌ မစ္စတာဆွန်ကော့ရှန်နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စများအား ဒုတိယအကြိမ် ထပ်မံဆွေးနွေးခဲ့ပြန်သည်။ ဤသို့ တရုတ်သံတမန်၏ လွန်းပြန်ခရီးများကို တွေ့ မြင်ခဲ့ရသည်။
လက်ရှိ တရုတ်ပေါ်လစီ
လက်ရှိတရုတ်ပေါ်လစီမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရှေ့ဆောင်ပြီး တရုတ်စစ်ဘက်က နောက်မှ ရံပေးနေသည်ဟု ဆိုရမည်။ တရုတ်သံတမန်သည် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ပါဝင်သွားရေးကို ရှေ့ရှုလုပ်ဆောင်နေသည်ကို တွေ့ရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် တရုတ်လွတ်မြောက်ရေးတပ်မတော် အနောက်ဘက်စစ်နယ်ဝန်းတပ်မှူး Western Theatre Command ဗိုလ်ချုပ်ကြီးကျောက်ဇုံးချိ Zhao Zongqi နှင့်အဖွဲ့သည် မြန်မာပြည်သို့ ရောက်ရှိခဲ့သည်။
တရုတ်ပြည်တွင် စစ်နယ်ဝန်း ၅ ခုခွဲခြားသတ်မှတ်ထားပြီးအနောက်ဘက်စစ်နယ်ဝန်းသည် ယခင် ချန်တူးစစ်ဒေသနှင့် လန်ကျိုးစစ်ဒေသကို ပေါင်းထားခြင်းဖြစ်ပြီး ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ တိဘက်တို့ ပါဝင်သည်ဟု ဆိုပါသည်။ တရုတ်စစ်ဘက် ဗိုလ်ချုပ်ကြီးကျောက်ဇုံးချိနှင့် မြန်မာစစ်ဘက်မှ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ သည်၂၀၁၆ ဒီဇင်ဘာ ၁၂ ရက်နေ့၌ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး တရုတ်နယ်စပ်တည်ငြိမ်ရေးနှင့် ရှမ်းမြောက် ပဋိပက္ခတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုပါသည်။
လက်ရှိအချိန်တွင် တရုတ်စစ်ဘက်သည် တရုတ်နိုင်ငံခြားရေးသံတမန်၏ ဆောင်ရွက်ချက်အောင်မြင်နိုင်ရေးအတွက် နောက်မှနေ၍ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းစစ်ပွဲအတွင် နယ်စပ်လုံခြုံရေး ထိပါးသည့်ပြဿနာများအား ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲကာလကကဲ့သို့ တင်းတင်းမာမာ တုံ့ပြန်ခြင်းမပြု ခဲ့ပေ။
မြောက်ပိုင်းစစ်ပွဲကာလအတွင်း ၎င်း၏နယ်နိမိတ်အတွင်း မြန်မာဘက်မှ ဗုံးဆံကျခြင်း အရပ်သားထိခိုက်ခြင်းများအား ထိန်းသိမ်းကိုင်တွယ်ခဲ့သည်ကို တွေ့ရသည်။ တရုတ်နှင့် ချောင်းသာခြားသည့် မုံးကိုး၌ ပြင်းထန်စွာတိုက်ပွဲဖြစ်နေသည့် ကာလ၌ တရုတ်ပိုင်နက် မန်ဟိုင်းရှိ တရုတ်နိုင်ငံသားများရော မြန်မာဘက်မှပြေးလာသည့် စစ်ဘေးဒုက္ခသည်များကိုပါ နယ်စပ်နှင့်ဝေးသည့် ကျယ်ဖန့်၊ မန်စီမြို့များဆီသို့ ပို့ဆောင်အကာကွယ်ပေးခဲ့ပြီး မြန်မာအစိုးရနှင့် တပ်မတော်အား ပြင်း ထန်သည့်ကန့်ကွက်မှုမပြုခဲ့ပေ။
တရုတ်စစ်တပ်က ၂၀၁၅ ခုနှစ် ကိုးကန့် စစ်ပွဲကာလထက် များစွာ ပျော့ပျောင်းမှုပြသနေခြင်းသည် တရုတ်နိုင်ငံခြားရေး သံတမန်၏လုပ်ဆောင်မှုအောင်မြင်နိုင်ရေးအတွက် တရုတ်တို့၏ ပျော့ပျောင်းမှုကို ပြသနေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ တဖက်တွင်လည်း တရုတ်သံတမန်သည် မြန်မာစစ်ဘက်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့အား တရုတ်ပြည်တွင်းသို့ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်နိုင်ရေးကြိုးပမ်းနေ သည်ကို တွေ့ရပေသည်။ ဤကား လက်ရှိ တွေ့မြင်နေရသည့် တရုတ်ပေါ်လစီအခင်းအကျင်းဟု ဆိုရပေမည်။
ထို့ပြင် တရုတ်အထူးသံတမန် မစ္စတာဆွန်ကော့ရှန်၏ လှုပ်ရှားမှုများအားလည်းဆက်လက်၍ မြင်တွေ့ရပါက အံ့သြဖွယ် ရှိမည်မဟုတ်ပေ။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မစ္စတာဆွန်ကော့ရှန်သည် UWSA အပါအဝင် မြန်မာပြည် မြောက်ပိုင်းတရုတ်နယ်စပ်မှ အဖွဲ့အားလုံးအား ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ပါဝင်နိုင်ရေး NCA လက်မှတ်ထိုး ရေးတို့အတွက် တွန်းတွန်းတိုက်တိုက်လုပ်နေမည်ဆိုပါက အံ့အားသင့်စရာရှိမည် မဟုတ်ပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပေါ်လစီသည် တရုတ်နယ်စပ်တည်ငြိမ်ရေးနှင့် တရုတ်အမျိုးသားအကျိုးစီးပွားကို ရှေ့ ရှုသည် မဟုတ်ပါလော။
တချိန်တည်းတွင် မြန်မာအစိုးရနှင့်တပ်မတော်အနေနှင့်လည်း မြန်မာပြည်အရှေ့မြောက်ပိုင်းရှိ UWSA နှင့်မိုင်းလားအား NCA လက်မှတ်ထိုးစေရေးအတွက် UWSA အပေါ် တရုတ်တို့ တိုက်တိုက်တွန်းတွန်းဖိအားပေးမှုကို လိုလားနေသည်။
တရုတ်တို့၏ ဖိအားပေးမှုဖြင့် UWSA နှင့် မိုင်းလားတို့ NCA ထိုးရေးကို လိုလားနေပုံရသည်။ ထို့ကြောင့်လည်း နှစ်နိုင်ငံ၂+၂ အစည်းအဝေး၌ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့အပြုသဘောဖြင့် ဆက်လက်ပါဝင်စေလိုကြောင်း မြန် မာဘက်က ပြောဆိုခဲ့ခြင်းဖြစ်ဟန်တူသည်။ တရုတ်အစိုးရ၏စီးပွားရေးရည်မှန်းချက်နှင့် မြန်မာအစိုးရ၏နိုင်ငံရေး ရည်မှန်း ချက် အစပ်အဟပ် တည့်နေပုံရသည်။
မည်သို့ဆိုစေကာမူ မြန်မာပြည်ပေါ်၌ မည်သို့ပေါ်လစီကျင့်သုံးမည်ဆိုသည်ကို အဓိက အဆုံးအဖြတ်ပြုနိုင်သည်ကတော့ တရုတ်ပြည်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာနကြီးဖြစ်သည်ဆိုခြင်းကိုတော့ သတိမူထားရန် လိုအပ်ပေလိမ့်မည် ဖြစ် ပေသည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာ့ငြိမ်းချမ်းရေး (အပိုင်း- ၁)