ဧပြီ ၁ ရက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ဦးဆောင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ဖို့ အချိန် ၁ လခန့်သာ လိုပါတော့တယ်။
ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ အသီးသီးကလည်း မဲဆွယ်စည်းရုံးမှုတွေ အတွက် ပြင်ဆင်နေကြပါပြီ။
ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အတွက် လစ်လပ် မဲဆန္ဒနယ်တွေက စစ်ကိုင်းတိုင်းမှ မုံရွာမြို့၊ မွန်ပြည်နယ်မှ ချောင်းဆုံမြို့၊ ရခိုင်ပြည်နယ်မှ အမ်းမြို့၊ ရန်ကုန်တိုင်း ဒေသကြီးမှ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ကော့မှူးမြို့နယ်၊ ရှမ်းပြည်နယ်မှ ကျေးသီးမြို့နဲ့ မိုင်းရှူးမြို့တို့ ဖြစ်ကြပါတယ်။
အမျိုးသား လွှတ်တော် အတွက် လစ်လပ် မဲဆန္ဒနယ်များမှာ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)၊ ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) နဲ့ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် (၆) တို့ ဖြစ်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်မှ လစ်လပ် မဲဆန္ဒနယ်များမှာ ကယားပြည်နယ်မှ ဖရူဆို မဲဆန္ဒနယ် (၁)၊ ရှမ်းပြည်နယ်မှ ကျေးသီး မဲဆန္ဒနယ် (၁ နဲ့ ၂)၊ မိုင်းရှူး မဲဆန္ဒနယ် (၁ နဲ့ ၂)၊ ကျိုင်းတုံ မဲဆန္ဒနယ် (၂) နဲ့ ညောင်ရွှေ မဲဆန္ဒနယ်(၁) တို့ပဲ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် လစ်လပ်နေရာက အရေအတွက် နည်းပါးတဲ့အပြင် မဲဆွယ်စည်းရုံးမှု အားနည်း တာကြောင့်လည်း မဲဆန္ဒရှင်ပြည်သူက စိတ်ပါဝင်စားမှု နည်းပါးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ နေထိုင်တဲ့ ဦးကျော်စိုးမိုးက ပြောပါတယ်။
“အရင်က ဒေါ်အောင်ဆန်းစုကြည်ဆိုတော့ အားလုံး အားတက်သရော ရှိတယ်။ အခု ဘာပြောဆိုသံမှတောင် မကြားရ ဘူး။ မဲဆွယ်တာလည်း သိပ်မရှိသေးဘူး” လို့ ဦးကျော်စိုးမိုးက ပြောဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူဦးရေ ၂ သန်း ကျော်ရှိပေမယ့် မဲစာရင်းများ ထုတ်ပြန်ပြီး တပတ်ကျော်သည်အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ အရေအတွက်က မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၆ ရာခိုင်နှုန်းကျော်သာ ရှိတယ်လို့ သိရပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့စာရင်းအရ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စား လှယ်လောင်း ၈၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် အနေနဲ့ ၇ ဦး ပါဝင်ယှဉ်ပြိုင်ကြ မယ် လို့ ဆိုပါတယ်။
ဒီအထဲမှာ ဒေါက်တာ အေးမောင်တို့၊ ဦးခိုင်မောင်ရည် တို့လို လွှတ်တော် အမတ်ဟောင်းတွေလည်း ဝင်ရောက် ယှဉ်ပြိုင် ကြမှာဖြစ်ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်းများနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ အသိုင်းအဝိုင်းက ဝေဖန်ပြောဆို ကြပါတယ်။
အတိုက်အခံ အင်အားကြီး ပါတီတခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ါပတီ (ကြံ့ခိုင်ရေး ပါတီ) က မဲဆွယ် စည်းရုံးတာတွေကို မြို့နယ်အလိုက် ပြုလုပ်လျက်ရှိပြီး အစိုးရ တာဝန်ယူဖူးတဲ့ အတွေ့အကြုံတွေကို အသုံးချကာ ရွေးကောက်ပွဲ အနိုင်ရရေး ကြိုးပမ်းလျက်ရှိနေတယ်လို့ ထိုပါတီက ဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒလှမြင့်က “ကြားဖြတ်မှာ ကျနော်တို့နိုင်လည်း အစိုးရ မဖွဲ့နိုင်ပါ ဘူး။ ဒါပေမယ့် လွှတ်တော်ကို ထိန်းကျောင်းမှု လုပ်ဖို့၊ ပြည်သူ့အရေး ကိစ္စတွေမှာ ဝေဖန်ထောက်ပြ နိုင်ဖို့အတွက် အနိုင် ရမယ်လို့ ယုံကြည်ပါတယ်။ အခုချိန်မှာ သူတို့ရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ့် သူတွေကို မှန်ကန်စွာ ရွေးချယ်ပါလိမ့်မယ်”လို့ ပြောပါတယ်။
လစ်လပ် မဲဆန္ဒနယ်တွေထဲမှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်တုန်းက လုံခြုံရေးအရ ကျင်းပ နိုင်ခြင်း မရှိခဲ့တဲ့ ရှမ်းပြည်နယ် အတွင်းရှိ ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်တွေမှာလည်း ရွေးကောက်ပွဲကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အတွင်း ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ လွှတ်တော်သုံးရပ်ပေါင်း ရလဒ်တွေအရ ကြံ့ခိုင်ရေး ပါတီ က နေရာ ၅၀ ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) က ၃၉ နေရာနဲ့ NLD ပါတီက ၃၆ နေရာ အနိုင် ရရှိ ခဲ့ပါတယ်။
SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “ပြည်နယ် လွှတ်တော်အတွက် ၅ နေရာ ဝင်ပြိုင်မှာပါ။ ၅ နေရာကလဲ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ လူထုကိုယ်စားလှယ်ဆိုတဲ့ ရှုထောင့်ကကြည့်ပြီး ကိုယ့်ဒေသအကျိုးကို ဆောင်ရွက် နိုင်မယ့်သူကို ရွေးချယ်နိုင်ဖို့ လူထုအတွက် ကြားဖြတ် ရွေးကောက်ပွဲလည်း အရေးကြီးတယ်” လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ထံ ကိုယ်စားလှယ်လောင်း လျှောက်ထားမှု စာရင်းတွေအရ အများဆုံးအနေနဲ့ ကြံ့ခိုင်ရေး ပါတီက ၁၉ ဦး ရှိပြီး၊ ဖရူဆို မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ် လျှောက်ထားဖို့ ပျက်ကွက်ခဲ့တဲ့ NLD က ၁၈ ဦးနဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ နဲ့ SNLD ပါတီတို့က ၇ ဦးစီ လျှောက်ထားကြပါတယ်။
NLD ပါတီက လက်ရှိအချိန်မှာ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့ခွင့် ရရှိထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတခန့်အပ်ပိုင်ခွင့်ရှိတဲ့ NLD အစိုးရအဖွဲ့က ဝန်ကြီးဌာနများ လွှတ်တော်များကို ထိန်းချုပ် ထားနိုင်ခဲ့တာကြောင့် လာမယ့်ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်ဟာ NLD ရဲ့ ထိန်းချုပ်ထားမှုကို အကျိုး သက်ရောက်မှု ရှိနိုင်မှာ မဟုတ်ကြောင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။
NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲဟာ ၎င်းတု့ိ အနိုင်ရရှိထားမှုအပေါ် အကျိုးသက်ရောက်မှု မရှိပေမယ့်လည်း ကြာဖြတ်ရွေးကောက်ပွဲ အနိုင်ရရေးကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့ ပါတီဝင်တွေကို တိုက်တွန်းထားတယ်လို့ သိရပါ တယ်။
NLD ရန်ကုန်တိုင်း ဒုဥက္ကဌ ဒေါက်တာ စိုးဝင်းဦး (ခ) Dr.Bio က “NLD က အစိုးရ ဖြစ်လာတော့ မလုပ်နိုင်တာတွေ၊ အရည်အချင်း မရှိဘူးဆိုတာတွေ ဝေဖန်ကြတာရှိမှာပဲ။ မှားတာတွေ ရှိခဲ့ရင်တောင် ကြားဖြတ်မှာ လူထုရဲ့တုံ့ပြန်မှုကို သိခွင့်ရမယ်၊ ပြင်ဆင်နိုင်မယ်” လို့ ပြောပါတယ်။
အလားတူ SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မဲဆန္ဒနယ် ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ရွာ ဒေသအတွက် ကိုယ်စားလှယ်လောင်း တဦး ရွေးချယ်ရမယ့်အရေးက အရေးကြီးပြီး ပြည်သူ့ကိုယ်စား အစိုးရဌာနတွေကို မေးမြန်း ပြောဆို ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မှုနဲ့အတူ ပြည်သူတွေ ရဲ့စိတ်ဝင်စားမှု အပြည့်အဝရှိခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံး ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD အနေနဲ့ ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့ပါတယ်။
အဲဒီလို အနိုင်ရရှိမှုက ကြံ့ခိုင်ရေးပါတီ အသာစီးရထားတဲ့ လွှတ်တော်အတွင်း ဆုံးဖြတ် ဆောင်ရွက်မှုတွေမှာ ထိရောက် စွာ ကန့်ကွက်နိုင်တဲ့အင်အား မရှိပေမယ့် လွှတ်တော်အတွင်း ဝေဖန်ထောက်ပြမှုတွေ၊ ဥပဒေရေးရာ ဆွေးနွေး ငြင်းခုံမှု တွေ လုပ်ဆောင်နိုင်ခဲ့တာကို ပြည်သူတွေ မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့လွှတ်တော် ၄ နေရာနဲ့ အမျိုးသားလွှတ်တော် ၁ နေရာအတွက် မြို့နယ် ၁၁ ခုမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ဒီနေရာတွေက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD ပါတီ အနိုင်ရခဲ့တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုရဲ့မဲပေးမှုအပေါ် ပြီးခဲ့တဲ့ရွေးကောက်ပွဲ ရလဒ်တွေနဲ့ နှိုင်းယှဉ် သုံးသပ်နိုင်မှာ ဖြစ်သလို အာဏာရပါတီ ဖြစ်လာတဲ့ NLD အပေါ် လူထုသဘောထားကို လေ့လာသုံးသပ်ခွင့် ရမှာ ဖြစ်တဲ့ အတွက် ကြားဖြတ်ရွေးကောက်ပွဲဟာ NLD အတွက် အမြတ်ရတဲ့ပွဲသာ ဖြစ်တယ်လို့ ဒေါက်တာ စိုးဝင်းဦးက ပြောဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း က ဦးဘိုကြည် ကလည်း “တန်ဖိုးရှိတဲ့ မဲတပြားကို ပြည်သူ့အကျိုးအတွက် တကယ် လုပ်ပေးနိုင်မယ့်သူကို ရွေးချယ်ပေးရမှာပါ။ ဒီနေရာ မှာ လူကိုရော၊ မူကိုရော၊ ပါတီကိုရော ကြည့်ပြီးမှ သေချာဆုံးဖြတ်သင့်ပါတယ်”လို့ ပြောဆိုပါတယ်။ ။