ဆောင်းပါး

ရေခဲတောင်က ရှာ့ချီ မုဆိုး

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်က ကမ္ဘာကျော် ခါကာဘိုရာဇီ ရေခဲတောင်ရှိတဲ့ အရပ်ကို အလည်သွားကြမယ် ဆိုရင် ပူတာအိုမြို့ကို မဖြစ်မနေ ဝင်ကြရမှာပါ။

ပူတာအိုမြို့မှာ ခရီးတထောက် နားပြီးမှ ဒေသခံတွေနဲ့ ဆက်သွယ်၊ လမ်းပြတွေ ငှား၊ လိုအပ်တဲ့ ရိက္ခာတွေ ဝယ်ယူပြီး သဘာဝ အလှအပတွေ ရှိတဲ့ နေရာတွေဆီကို သွားလိုရာ သွားနိုင်မှာ ဖြစ်ပါတယ်။

ပူတာအိုမြို့ကို ရောက်ပြီဆိုရင်တော့ မြို့နဲ့ ရေခဲတောင်ရဲ့ ဆက်စပ်နေတဲ့ ဒေသအမှတ်အသား တခုဖြစ်တဲ့ ရှာ့ချီ၊ ဂျင်ဆင်း၊ ရှီးပဒီး၊ မချစ်ဥ၊ ခမ်းတောင်မြစ်၊ ရေခဲမှို၊ မတူစီ ၊ ဝက်ဝံဆီ စတဲ့ ကချင်တိုင်းရင်း ဆေးမြစ် ဆေးဥ၊ ဆေးဆီ နဲ့ ဆေးပင် အမျိုးမျိုးကို ပူတာအို အပြန် လက်ဆောင်ရောင်းတဲ့ ဆိုင်ခုံတွေမှာ ပလတ်စတစ် ဘူးတွေ ပလတ်စတစ်အိတ် အကြည် တွေနဲ့ ပက်ကင်ထုတ်ပြီး ရောင်းချနေတာကို မြင်တွေ့နိုင်ပါတယ်။

ခရီးသွားတွေ ဒေသခံမဟုတ်သူတွေက ဆေးမြစ်ဆေးဥ ရောင်းသူတွေကို ဒါတွေက ဘယ်ကရလဲ လို့ မေးမြန်းစပ်စု ကြ တဲ့ အခါ ရေခဲတောင်က လို့ပဲ အလွယ်တကူ ပြန်ဖြေကြပါတယ်။

တကယ်တော့ ဒီဆေးမြစ်ဆေးဥတွေက လွယ်လွယ်ကူကူလေးနဲ့ ဆိုင်ခုံတွေပေါ် ရောက်လာတာ မဟုတ်ပါဘူး။

ဒေသခံ ရဝမ်တိုင်းရင်းသားတွေ အသက်နဲ့ရင်းပြီး ခက်ခက်ခဲခဲ ရှာဖွေထားကြတာ ဖြစ်ပါတယ်။

နောင်မွန်းမြို့မှာ နေထိုင်ပြီး အသက် ၁၀ နှစ်အရွယ်ကတည်းက တောတောင်တွေ ရေခဲတောင်တွေမှာ သားကောင် တွေ ရှာဖွေ ဖမ်းဆီးခဲ့တဲ့ ဦးမာဖလာမ်ဆန်ခင်က “ရှာ့ချီ ရှာရတာ တကယ်ခက်ခဲတဲ့ ကိစ္စတခုပါ ”လို့ ပြောပါတယ်။

ရှာ့ချီပင်

ရှာ့ချီ အပါအဝင် အခြားဆေးမြစ်ဆေးဥ တွေကို ရှာဖွေကြတဲ့ သူတွေက ပူတာအိုခရိုင် နောင်မွန်မြို့နယ် ရွာကလေး တွေဆီက ဒေသခံတွေ ဖြစ်ကြပါတယ်။

ပူတာအိုမြို့နဲ့ နောင်မွန်မြို့က မိုင် ၁၀၀ နီးပါးလောက် ဝေးပါတယ်။

“ဈေးကောင်းတဲ့ ရှာ့ချီရဖို့ ကျနော်တို့ ရေခဲတောင် ၄လုံးကို ဖြတ်ရတယ်” လို့ ဦးမာဖလာမ်ဆန်ခင် က ပြောပါတယ်။

ဦးမာဖလာမ်ဆန်ခင်က တောကောင်တွေကို ဖမ်းပြီး အသက်မွေးတဲ့ အလုပ်လုပ်ခဲ့သလို လက်ရှိမှာတော့ ရေခဲတောင် က ရှာ့ချီ ဆေးမြစ်ရှာတဲ့ ဝင်ငွေနဲ့ မိသားစု ၅ဦးကို ရှာဖွေ ကျွေးမွေးနေတဲ့ အသက် ၄၆ နှစ်အရွယ် အိမ်ထောင်ဦးစီး တယောက်ပါ။

သူ့ရပ်ရွာမှာတော့ ဦးမာဖလာမ်ဆန်ခင်ကို ရှာ့ချီမုဆိုး လို့လည်း အသိအမှတ်ပြုထားကြပါတယ်။

ဦးမာဖလာမ်ဆန်ခင်ရဲ့ မိဘတွေက ရဝမ် မိရိုးဖလာအရ နေထိုင်ကြသူတွေ ဖြစ်ပြီး မေခမြစ်တကြောက တောင်ကုန်း တွေကို ဘိုးဘွားစဉ်ဆက်က ပိုင်ဆိုင်ခဲ့ကြသူတွေပါ။

သူတို့မိသားစုက ဘိုးဘွားစဉ်ဆက် တောတွင်းထဲက သားမင်း၊ ကဒူး ၊ တာကင် စတဲ့ တောကောင်တွေကို ကျော့ကွင်း တွေနဲ့ ထောင် ဖမ်းဆီးပြီး ကချင် တိုင်းရင်းဆေးဆိုင်တွေကို ဆေးဖော်ဖို့အတွက် ပြန်လည် ရောင်းချတဲ့ အလုပ်ကို ၂၀၁၀ ပြည့်နှစ် အထိ လုပ်ကိုင်ခဲ့ကြတာပါ။

အလိုင်းပင်

ဦးမာဖလာမ်ဆန်ခင် က “၂၀၁၀ လောက်မှာ အစိုးရက ဘေးမဲ့ သစ်တောကြိုးဝိုင်းလုပ်လိုက်တော့ ကျနော်တို့ တောင် ကုန်းတွေ ပါသွားတယ်။ သားကောင်တွေ ဖမ်းရင် အချုပ်ကျမယ်တဲ့။ ဒါ့ကြောင့် အခုနောက်ပိုင်း ရှာ့ချီပဲ တစိုက် မတ်မတ် ရှာတော့တယ်”လု့ိ ပြောပါတယ်။

ရှာ့ချီဆေးပင် ရှာဖွေရေးခရီးကို တနှစ်မှာ အနည်းဆုံး ၂ကြိမ်လောက်သွားတယ်လို့လည်း ဆိုပါတယ်။

ဆေးပင်ရှာဖွေရေးခရီး မစတင်ခင်မှာ ဆေးမြစ်ဆေးပင် မုုဆိုးတွေအတွက် အဓိက ပြင်ဆင်ရတာကတော့ အအေးဒဏ် ကို ကြံ့ကြံ့ခံနိုင်မယ့် နွေးထွေးတဲ့ အဝတ်အထည်တချို့၊ ဆာလာအိတ် ၊ ဒူးလေး ၊ ဒဏ်ကြေး လိမ်းဆေး နဲ့ ကြက်သွန် ဖြူ တွေ အလုံအလောက် ပါဖို့ လိုတယ်လို့ ဦးမာဖလာမ်ဆန်ခင် က ပြောပါတယ်။

ရှာ့ချီက တောတောင်တွေထဲမှာ ရှာရတဲ့ အပြင် ရောင်းတဲ့အခါ ဈေးနှုန်းပိုရတဲ့ ရှာ့ချီ အမျိုးအစားတွေကိုတော့ ရေခဲ တောင် ရဲ့ အခြေက နှင်းတွေ ရေခဲမှုန်တွေ ဖုံးလွှမ်းနေတဲ့ နေရာမှာပဲ ရှာတွေ့ နိုင်ပါတယ်။

ဒါ့ကြောင့် ရှာ့ချီမုဆိုးတွေအတွက် နွေးထွေးတဲ့ အဝတ်အထည်တွေ လိုပါတယ်။ ဆာလာအိတ်ကတော့ ဆေးပင် ရတဲ့ အခါမှာ ထည့်သိမ်းဖို့အတွက်လို့ ဦးမာဖလာမ်ဆန်ခင် က ရှင်းလင်းပါတယ်။

ဒူးလေးကတော့ တောတောင်တွေမှာ သားကောင်တွေ တွေ့ခဲ့ရင် ပစ်ခတ်နိုင်ဖို့အတွက် ဖြစ်ပြီး သားကောင်တွေနဲ့ ကြုံတွေ့ခဲ့ရင် ဒူးလေးကို ပစ်ခတ် ခြောက်လှန့်ပြီး အန္တရာယ် ကာကွယ်ပေးနိုင်သလို သားကောင် ဖမ်းဆီးရရှိရင်လည်း ရိက္ခာအတွက် အသုံးဝင်တယ်လို့ သိရပါတယ်။

ဦးမာဖလာမ်ဆန်ခင် က “ရေခဲတောင်ဘက် သွားတဲ့လမ်းမှာ မြွေတွေ ကင်းမြီးကောက်တွေ အန္တရာယ် ရှိတယ်။ ဝက်ဝံ တွေလည်း ရှိတယ်။ အဓိက ကတော့ မြွေအန္တရာယ်ပဲ။ ကြက်သွန်ဖြူက မြွေဆိပ်ထုတ်တဲ့ အခါမှာလည်း အသုံးဝင် သလို ဟင်းချက်တဲ့အခါမှာလည်း လိုတယ်”လို့ ပြောပါတယ်။

ခေတ်ဆေးပညာအရဆိုရင် ဦးမာဖလာမ်ဆန်ခင် ပြောတဲ့ ကြက်သွန်ဖြူနဲ့ မြွေဆိတ်ထုတ်တဲ့ အလုပ်ဟာ ယုံကြည်စရာ လက်ခံနိုင်စရာ မရှိပေမယ့် သူကတော့ သူ့အတွေ့အကြုံအရ ရှာ့ချီမုဆိုးတွေ မြွေကိုက်ခံရရင် အကိုက်ခံထားရတဲ့ နေရာ ပတ်လည်မှာ ကြက်သွန်ဖြူ ကပ်လိုက်ရင် မြွေဆိပ်တွေက သူ့အလိုလို ထွက်လာပြီး သက်သာလာတယ်လို့ ဆိုပါ တယ်။

ရှာ့ချီ ဆေးပင် ရှာဖို့အတွက် ခရီးတခါထွက်ရင် အနည်းဆုံး ၃ဦးလောက် စုသွားကြပြီး ရက်ကာလအားဖြင့် တလကျော် က နေ နှစ်လအထိ အချိန်ကြာလေ့ ရှိတယ်လို့ ဦးမာဖလာမ်ဆန်ခင် က ပြောပါတယ်။

“သွားတဲ့အခါ လမ်းမှာ အူလိုင်လုပ်ပြီး စားဖို့ သယ်တယ်။ ဆန်က လေးလို့ နည်းနည်းပဲယူတယ်။ ဆန်က မသယ်နိုင် တာ ကြောင့်ရယ်၊ ဈေး အရမ်းကြီးတာကြောင့်ရယ်”လို့လည်း သူ့ရဲ့ လက်တွေကို ခါရမ်းရင်း ရှင်းပြပါတယ်။
အူလိုင်ဆိုတာက အလိုင်း လို့ အမည်ရတဲ့ သစ်ပင် ပင်စည်ကို အမှုန့်ဖြစ်အောင် လုပ်ပြီး မုန့်အဖြစ် ပြန်လည် စားနိုင် အောင် လုပ်ရတဲ့ ရဝမ်ရိုးရာ သရေစာမုန့် တမျိုးပါ။

ရဝမ်မျိုးနွယ်စုတွေ နေထိုင်တဲ့ နောင်မွန်မြို့နယ်အတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလွန်းတာကြောင့် ဆန်၊ ဆီ၊ ဆား က ဈေး အဆမတန် ကြီးမားပါတယ်။

အူလိုင်မှုန့်

ဦးမာဖလာမ်ဆန်ခင်က “ကျနော်တို့ ငယ်ငယ်က ဆန်မရှိတဲ့အခါ အူလိုင်ပဲ စားခဲ့ရတယ်” လို့လည်း ပြောပါတယ်။

အူလိုင်ဆိုတာက ရဝမ်တိုင်းရင်းသားတွေရဲ့ အိမ်ခြံဝင်းတွေမှာ စိုက်ပျိုးထားတာတွေကို တွေ့နိုင်သလို ရေခဲ တောင်ကို သွားဖို့ ဖြတ်သွားရတဲ့ တောတောင်တွေထဲမှာလည်း အစုလိုက် အပြုံလိုက် ပေါက်နေတတ် ပါတယ်။
ရှာ့ချီမုဆိုးတွေက ခရီး စတင်ထွက်ပြီဆိုတာနဲ့ တောထဲကို ဦးစွာသွားပြီး အလိုင်းပင်ကို ရှာဖွေရပါတယ်။

အလိုင်းပင်ရဲ့ ပုံစံက ထန်းပင်၊ အုန်းပင်တွေနဲ့ တူပြီး ပင်စည်ကတော့ ထန်းပင်၊ အုန်းပင် တို့ထက် ၃ဆ လောက် ကြီးမား ပါတယ်။

အလိုင်းပင်ကို တွေ့တာနဲ့ အသီး သီးနေတဲ့ အပင်ကိုပဲ ရွေးပြီး ခုတ်ကြပါတယ်။

ဦးမာဖလာမ်ဆန်ခင် က “အသီးက နှစ်၂၀ကျော်မှ သီးတယ်။ အသီးသီးတဲ့ အပင်ကိုပဲ ခုတ်လို့ရတယ်။ အဲ့ဒါမှ အနှစ် ရှိ တာ။ အသီး မသီးတဲ့ အပင်ကို ခုတ်လို့ မရဘူး။ အူလိုင် လုပ်လို့ မရဘူး”လို့ ပြောပါတယ်။

အလိုင်းပင်ကို ခုတ်ပြီး ပင်စည်ကို အစိတ်စိတ်ခွဲ၊ ခြေထောက်နဲ့ အမှုန့်ဖြစ်တဲ့ထိ နင်း၊ မာကြောတဲ့ သစ်တုံး၊ ကျောက်ခဲတွေနဲ့ ထုထောင်းပြီး တောထဲက စိမ့်စမ်းရေနဲ့ လောင်းရပါတယ်။

အမှုန့်ဖြစ်သလောက် ကြေမွလာပြီဆိုရင် ရေအနည်းငယ်စိမ်ပြီး အူလိုင် အမှုန့်ရဖို့ အနည်ထိုင်တာကို တညအိပ် စောင့်ရပါတယ်။

အူလိုင်အမှုန့်က အဖြူနဲ့ ပန်းဆီရောင် အမှုန့်တွေ ရောနေသလို အရောင်ရှိပြီး အနံ့အရသာ မရှိပါဘူး။

ဦးမာဖလာမ်ဆန်ခင် က “အူလိုင်က ရေနွေးနဲ့လည်း ဖျော်စားတယ်။ သကြားနဲ့လည်း ခေါက်စားတယ်။ အူလိုင်ရပြီ ဆိုတာနဲ့ ကျနော်တို့ ရေခဲတောင်ကို ခရီးဆက်တယ်”လို့ ပြောပါတယ်။

သူနဲ့ အတူ ရှာ့ချီမုဆိုး ၃ဦးနဲ့ ခရီး အတူထွက်တယ်လို့လည်း ဆိုပါတယ်။

သူတို့ ၄ ဦးက ရှာ့ချီပင်တွေကို ရှာဖို့အတွက် နောင်မွန်းမြို့ကနေ တောတောင်တွေ ချောက်ကမ်းပါးတွေကို ဖြတ်ပြီး ရေခဲတောင်ဆီကို ခရီးနှင်ကြပါတယ်။

ခါကာဘိုရာဇီနဲ့ တဆက်တည်း ရှိနေတဲ့ ဒတ်ဗလု၊ ခမ်တောလား၊ မဘန်းခပ် ၊ လုံဖုန်၊ လအဲ့ လို့ အမည်ရတဲ့ ရေခဲတောင် တွေမှာ ရှာ့ချီ ဆေးပင်တွေကို လိုက်ရှာကြတာပါ။

“ရှာ့ချီက ၃မျိုးရှိတယ်။ တမျိုးက ဥရော အပင်ရော အဖြူရောင်၊ နောက်တမျိုးက အနီရောင်၊ ဈေးအကြီးဆုံး ကတော့ ဥရော အပင်ရော အဖြူရောင် သူက သေးသေးလေးတွေ ရေခဲတောင်မှာပဲ ရှိတယ်”လို့ ဦးမာဖလာမ်ဆန်ခင် က ရှင်းပြ ပါတယ်။

သူတို့က ရေခဲတောင်ကို ရောက်တဲ့အခါ ရေခဲတွေကို ဖယ်၊ ကျောက်ခဲတုံးတွေကို ဖယ်ပြီး ရှာ့ချီကို လိုက်ရှာ ကြတယ် လို့လည်း သူက ပြောပါတယ်။

ရှာ့ချီရဲ့ အရွက်က ပိန်းရွက်လို အရင်းမှာ ဝိုင်းပြီး အဖျားမှာ ချွန်သွားတဲ့ ပုံစံ ရှိပါတယ်။ ရှာ့ချီဥ ကတော့ ပိန်းဥနဲ့ ပုံစံ တူပြီး တနှစ်မှာ လက်တဆစ်စာ အရှည် တိုးပါတယ်။ တနှစ်ကြာမှာ တဆစ်တိုးတာလို့ သိရပါ တယ်။
ရှာ့ချီကို တခါတလေမှာ တပင်တည်း ပေါက်နေတာတွေ့နိုင်ပြီး တခါတလေမှာ အစုလိုက် အပြုံလိုက် ပေါက်နေတာ တွေ့ရတယ်လို့ ဦးမာဖလာမ်ဆန်ခင် က ပြောပါတယ်။

နောင်မွန်းမြို့နယ် ကတ္ထုကျေးရွာမှာနေတဲ့ ရှာ့ချီမုဆိုး တဦးဖြစ်တဲ့ ဒေါ်မလောင်မေရမ် ကလည်း “ရှာ့ချီကို သစ်ပင်တွေ ကြား မှာလည်း တွေ့ရတတ်တယ်။ သူနဲ့ ဆင်တူတဲ့ အပင်တွေလည်း ရှိတယ်။ ဒါပေမယ့် ရှာနေကြသူတွေကတော့ မမှားဘူး”လို့ ရှင်းပြပါတယ်။

ဒေါ်မလောင်မေရီ

ဆေးပင်ကို တွေ့တာနဲ့ အမြစ်ကနေ နုတ်ယူပြီး ဆာလာအိတ်နဲ့ ထည့် သယ်လာကြတယ်လို့ သိရပါ တယ်။

ရလာတဲ့ ဆေးပင်တွေကို ခြောက်သွားအောင်လို့ မီးနဲ့ ကျပ်ခိုးရိုက်ပါတယ်။

ရှာ့ချီမုဆိုး တဦးက တခါခရီးထွက်တိုင်း ရှာ့ချီခြောက် ၂ ပိဿာကနေ ၅ ပိဿာ အထိ ရကြပါတယ်။

ရှာ့ချီ ခြောက်တွေကိုတော့ တပိဿာကို ကျပ်ငွေ တသိန်းခြောက်သောင်းကနေ တသိန်း ရှစ်သောင်း အထိ တရုတ် နိုင်ငံ သားတွေ ရဝမ် သူဌေးတွေက ဝယ်ယူကြပါတယ်။

ရေခဲတောင်မှာသာ ပေါက်တဲ့ ရှာ့ချီ အမျိုးအစားကိုတော့ ကျပ် နှစ်သိန်းကျော် အထိ ပေးဝယ်ကြပါတယ်။

ရှာ့ချီကို အာရုံကြောနဲ့ ပတ်သက်တဲ့ အားတိုးဆေးအဖြစ် အသုံးပြုသလို တရုတ် သူဌေးတွေကတော့ အမျိုးသမီး ကိုယ်ဝန် တားဆေးအဖြစ် သုံးဖို့ ဝယ်ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့့် ဘယ်သူကမှ ရှာ့ချီကို ဘယ်အတွက် သုံးတယ်ဆိုတာ အတည်ပြု မပေးနိုင်ပါဘူး။

ဒေါ်မလောင်မေရမ်က “ကျမတို့က ဝင်ငွေရလို့တော့ ရှာတယ်။ ဒီဆေးပင်က ဘာအတွက် သုံးလဲတော့ သေချာ မသိဘူး။ လာဝယ်တဲ့ သူတွေကိုလည်း မမေးမိပါဘူး”လို့ ပြောပါတယ်။

ရှာ့ချီမုဆိုးတွေထဲမှာ ဒေါ်မလောင်မေရမ်တို့လို အမျိုးသမီး မုဆိုးတွေလည်း ရှိပါတယ်။ အမျိုးသမီးမုဆိုးတွေ ကတော့ တောတောင်တွေထဲမှာပဲ ရှာ့ချီကို ရှာကြတာ များပြီး ရေခဲတောင်ဘက်ကိုတော့ အန္တရာယ် များလွန်းလို့ မသွားကြပါ ဘူး။

ရှာ့ချီမုဆိုးတွေက ဆေးပင် ရှာဖွေဖို့အတွက် တောတောင်တွေထဲမှာ သစ်ပင်တွေကို ဓားတလက်နဲ့ ရှင်းရင်း ရှာရင်း ၊ ချောက်ကမ်းပါးတွေကို တွယ်တက်ပြီး ရေခဲတောင်ကို အရောက်သွားရင်း ရှာ့ချီနောက် လိုက်ရင်း အသက်ဆုံးပါး သွား လို့ မိသားစုနဲ့ ပြန်မဆုံနိုင်တော့တဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ရှိတယ်လို့ ဒေါ်မလောင်မေရမ်က ပြောပါ တယ်။

“တချို့အသက်ကြီးတဲ့သူတွေက အေးလွန်းလို့ အိပ်နေရင်း သေသွားကြတာလည်း ရှိတယ်”လို့ ဒေါ်မလောင်မေရမ်က ဆိုပါတယ်။

ဒေါ်မလောင်မေရမ်က သူ့အသိ ရှာ့ချီမုဆိုးတွေ သေဆုံးသွားတဲ့ အကြောင်းပြောရင်း အသံတွေ တိမ်ဝင်လာပါတယ်။

ရှာ့ချီရှာရင်း မြွေကိုက်လို့ အသက် တိမ်းပါးသွားသူတွေ ရှိသလို ချောက်ကမ်းပါးတွေထဲ ပြုတ်ကျသွားပြီး အိမ်ကို ပြန် မလာ နိုင်တော့တဲ့သူတွေလည်း ရှိတယ်လို့ သူက ပြောပြပါတယ်။

ရှာ့ချီမုဆိုးတွေက ဆေးပင် တပင်ရဖို့ အတွက် ထိခိုက်ဒဏ်ရာတွေ ရနိုင်သလို အသက်ကိုလည်း ပေးရနိုင်ပါတယ်။

အသက်မဆုံးရှုံးဘဲ အိမ်ပြန်လာနိုင်ရင် ရှာလာတဲ့ ဆေးပင်တွေကို ရောင်းရတဲ့ ငွေနဲ့ မိသားစုစားရေး သောက်ရေးကို ပြန်ထောက်ပံ့ နိုင်ရုံပါပဲ။

ဒါပေမယ့်လည်း ဦးမာဖလာမ်ဆန်ခင် နဲ့ ဒေါ်မလောင်မေရီ တို့ကတော့ ရှာ့ချီရှာဖွေရေး ခရီးလမ်းက ကြမ်းတမ်းပြီး အသက် အန္တရာယ် ရှိတာကို သိပေမယ့် မိသားစု စားဝတ်နေရေး အတွက် အခြားအလုပ်အကိုင်လည်း မရှိတာကြောင့် တောထဲတောင်ထဲ နဲ့ ရေခဲတောင်တွေမှာ ရှာ့ချီပင်တွေ မကုန်မချင်း ရှာနေဦးမယ်လို့ ပြောဆိုကြပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading