စာရေးသူ- ယဉ်ထွန်း
စာအုပ်အမည်- အရူးတို့တိုင်းပြည်
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- ယဉ်မျိုး
ထုတ်ဝေသည့်ကာလ-၂၀၁၆၊ ဒီဇင်ဘာ
တန်ဖိုး- ၁၂၀၀ကျပ်
ဘဝတက္ကသိုလ်၊ နရသိန်၊ ကျောင်းတော်ကြီး၊ မော်စကို၊ ဂျေး၊ ဆိတ်ဖလူးနံ့ရတဲ့နေရာအစရှိသဖြင့် အမည်အမျိုးမျိုးနဲ့ ပြည်တွင်းစစ်နဲ့ထပ်တူ ကမ္ဘာသိ မြန်မာ့အကျဉ်းထောင်ဆိုတဲ့ထောင်အကြောင်းကို ဖတ်ရခဲပါတယ်။ ဖတ်ချင်တယ်ဆိုရင်တောင် ထောင်နဲ့ရင်းနှီး ပတ်သက်ခဲ့တဲ့သူတွေ ရေးတဲ့စာအုပ်တွေဖတ်မှသိရတာမျိုးပါ။
မြန်မာ့ဆိုရိုးစကားတွေထဲမှာ ထောင်ဆိုတာ မရောက်အပ်မသွားအပ်နေရာလို့သတ်မှတ်ထားပေမယ့် စစ်အစိုးရကာလတလျှောက် နာမည်ကျော် မြန်မာ့ထောင်တွေကတော့ အပ်တိုတချောင်းတောင် မကိုင်သူတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုသူတွေ နိုင်ငံရေးသမားတယောက်နဲ့ စကားပြောမိတာကအစ ထောင်ချပစ်ခဲ့တာမို့ ပြစ်မှုကျူးလွန်ခြင်းမရှိလည်း နှစ်ရှည်ထောင်ဒဏ် တွေဖြစ်တဲ့ နှစ် ၂၀ တို့ ၄၈ နှစ်တို့ကို တရားသူကြီးမဲ့ အမိန့်ချမှတ်ခဲ့တာ လူတိုင်းအသိဖြစ်ပါတယ်။
နောက်ဆက်တွဲ ထောင်အကြောင်းတွေကိုတော့ ပါးစပ်နဲ့သာပြောခဲ့ကြတာမို့ စာထက်အက္ခရာတင်ထားတဲ့စာအုပ်ကတော့ ၃၊ ၄ အုပ် ကျော်ကျော်ပဲရှိပါတယ်။
ယခုစာအုပ်ကတော့ အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသားအရွယ်ကစ အသက် ၄၀ နားထိ ထောင် ၃ ကြိမ်ကျခဲ့ရတဲ့ သူတယောက် နိုင်ငံရေးလုပ်ဆောင်မှုနဲ့ကျခဲ့တဲ့ ကိုယ်တွေ့ ထောင်တွင်း အခြေအနေများပဲဖြစ်ပါတယ်။
ထောင်နဲ့ပတ်သက်တဲ့ အက်ဆေးဆန်ဆန်ဆောင်းပါးများဖြစ်တဲ့ ၁။ ကျနော်၊ကျနော်တို့မျိုးဆက်နှင့် စစ်အာဏာရှင်၊ အရူးတို့ တိုင်းပြည်၊ မပြီးဆုံးသေးသော ပုံစံပန်းချီကား၊ တိုက်ခန်းတွင်းမှ ကုလားကျမင်း၊ အပိုင်သား၊ အမှန်တရားကျဆုံး အထူးရုံး၊ ကြိုးတချောင်း၏ရာဇဝင်၊ အေးဆေး ကလေးမွေး၊ အသားထဲကလောက်၊ ကြာတော့သည်လည်း ကြောင်၊ ဟိုးဝေးဝေးမှ မောင်းခေါက်သံ၊ သံသရာကြွေး ကျန် ၄၀၀၊ ပြုတ်မနူးဆွဲမရ ဖိုဝင်သား၊ ကိုဗညားနဲ့ မေတ္တာသုတ်၊ ကိုယ့်အိမ်မှတ်ပါ ကိုယ့်ယာ မှတ်ပါ၊ ၁၅ ပုဒ် ပါဝင်ပြီး နိုင်ကျဉ်းရှင်းတမ်းနဲ့ လူငယ်တယောက်၊ ဓားတလက်နှင့် ငြိမ်းချမ်းရေးဆောင်းပါးတို့က လက်ရှိ အခြေအနေများပေါ် ရေးသားထားတာဖြစ်ပါတယ်။
ချုပ်သစ်၊ ဂတ်လှည့်၊ ကျသစ်၊ ဖလိုက်၊ အမြဲဆင်း၊ တလာစီ၊ ကလေးမွေး၊ အိုးစားဆွယ်၊ ရင်ကွဲတိုက်၊ ကြိုးသမား၊ ဟောတိုက်၊ မိန်းဂျေး၊ ဘူးဝ၊ တန်းစီး၊ အထူးရုံး၊ ဘုတ်ကိုင်၊ ဈေးဝယ်ဘုတ်ကိုင်၊ အပိုင်သား၊ ထမင်းဆွဲ၊ ရေချိုးချ၊ တန်းပိတ်၊ မိလ္လာဂန် ဖလား၊ ဂန်ဂျီ၊ တိုက်ဗာရာ၊ ပုံစံကြီး၊ ပုံစံလေး၊ ခြေချင်းခတ်၊ ဖားခုန်၊ ကော်ကျွေး၊ အမှောင်၊ တိုက်ပိတ် အစရှိသဖြင့် ထောင်တွင်း ဘာသာဗေဒတွေနဲ့ ၎င်းဖြတ်ခဲ့ရတဲ့ ဆယ်စုနှစ်စွန်းစွန်းအတွေ့အကြုံများကို ဖတ်ရမှာဖြစ်ပါတယ်။
အင်္ဂလိပ်နယ်ချဲ့လက်ထက်မှာ သခင်အမည်ခံပြီး နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေကို သခင်ပေါက်စ ထောင် ၆ လ ဆိုခဲ့သော်လည်းပဲ မြန်မာဗမာအချင်းချင်းအာဏာသိမ်းခဲ့တဲ့ စစ်အစိုးရကာလမှာတော့ စာရွက်တရွက် ထောင်၇ နှစ်ထိ လက်သံပြောင်ခဲ့ပါတယ်။
အင်္ဂလိပ်အစိုးရလက်ထက်မှာ နိုင်ငံရေးလုပ်လို့ထောင်ကျရင် အေကလပ်၊ ဘီကလပ်ခွဲထားပြီး အေကလပ်မှာထားတယ်လို့ ဖတ်ရှုမှတ်သားရဖူးပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများလည်းပဲ ပြစ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျသူများနဲ့လည်း တွဲထားပြီး ၎င်းတို့ထက်ကို အခွင့်အရေးနည်းနိုင်သမျှထားခဲ့ကြပါတယ်။ ထောင်ဝင်စာလိုမျိုးတောင် ဘယ်လိုက်တွေ့လို့ တွေရမှန်း မသိအောင် တရားရုံးမလို၊ တရားသူကြီးမလို ကမ္ဘာ့ဥပဒေမှာတောင် မကြားဖူးတဲ့ ပြစ်ဒဏ်များနဲ့အမိန့်တော် များပဲဖြစ်ပါတယ်။
ယခုစာအုပ်ရေးတဲ့ စာရေးသူဟာ ပထမအကြိမ်ထောင်ကျစဉ်က အသက် ၁၄ နှစ်၊ ၉ တန်းကျောင်းသား အရွယ်ပဲရှိပါသေးတယ်။ အသက် ၁၄ နှစ်ဆိုတာ ထောင်ချဖို့ အသက်အရွယ်မပြည့်သေးတဲ့အချိန်ဆိုတာ စစ်အစိုးရကာလမှာတော့ မေးမြန်း မေးခွင့်မရှိပါဘူး။ သူ့ကို တပ်ထားတဲ့ ဥပဒေပုဒ်မကတော့ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးသည့်ဥပဒေပုဒ်မ၊ ၅ည၊ ပုံနှိပ် ၂၀၊ တို့နဲ့ အသက် ၁၄ နှစ်အရွယ်မှာ တကြိမ်၊ ၂၁ နှစ်မှာ တကြိမ်၊ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင်း အသက် ၄၀ နားမှာ တကြိမ် ၃ကြိမ် ထောင်တွင်းစံခဲ့ရပါတယ်။
နိုင်ငံရေးလုပ်လို့ စစ်အာဏာရှင်က အညှိုးထားထောင်ချတာ မဆန်းပေမယ့် အကျဉ်းသားများထားရာ မြန်မာထောင်များကတော့ လူအခွင့်အရေးတွေ ပျောက်ခဲ့ပြီး လည်သလို လုပ်စားကြရတဲ့ အခြားပြစ်ဒဏ်ကျ (ခိုးဆိုးလုနှိုက်သတ်)တွေ စီးပွားဖြစ်နေတဲ့ အကြောင်းကိုတော့ မသိချင်လို့မရပါဘူး။
ယနေ့သမ္မတ ဦးထင်ကျော်လက်ထက်ထိ ပြည်ထဲရေးဌာနအောက်ရှိ အကျဉ်းဦးစီးဌာနတွေကို ဖော်ထုတ်ရေးသားပြုပြင်ဖို့ဆိုတာ ကာကွယ်ရေးဌာနအောက်မှာ ရှိနေဆဲပါပဲ။
စာအုပ်ရေးသူ ဒုတိယအကြိမ်ထောင်ကျခဲ့ပြီး ထောင်တွင်ဒုတိယမိအတွေ့အကြုံတကွက်ကိုလည်း ခုလို ဖတ်ရှုရပါတယ်။
“ပုံစံထိုင်တတ်လား”
အဖြူဝတ်ထောင်ကျတစ်ဦးမှ အမေးကို ကျနော်က ခေါင်းခါပြလိုက်တော့
“ဒါဆိုလည်း ဒီအတိုင်းထိုင်ကွာ”
အောက်က ကွန်ကရစ်ခင်းထားသဖြင့် ကျနော်လည်း ဖိနပ်ကို ကိုင်ရင်း ဖင်ထိုင်ချလိုက်တော့ ထိုထောင်ကျမှ ကျနော့် ခေါင်းပေါ် အပြာရောင်ခေါင်းစွပ်ကြီးတခု စွပ်ချလိုက်သဖြင့် ကျနော့်အမြင်များ အမှောင်ကျသွားတော့သည်။
“လက်နှစ်ဖက် ရှေ့ချပြီး ဒူးပေါ်တင်ထား”
ထိုသည်မှာ ထောင်တွင်းပုံစံဆိုသည့် ထိုင်နည်းပင်ဖြစ်လေသည်။အမှောင်ကျသွားသော ကျနော့်အတွက် အသံများသည်သာ စူးစိုက်စရာဖြစ်သွားပြီး ထိုင်နေခဲ့ရသည်။
“ချုပ်သစ်လားကွ”
“၅/ည ဆရာ”
“ဒီကောင် ထောင်ရောက်ဖူးတယ်”
သံတိုင်တံခါးတစ်ခု၊ သံတိုင်အပြင်က အဖုံးမရှိတဲ့ရေအိုးတစ်လုံး၊ တယောက်အိပ်ကွပ်ပျစ်တစ်လုံး၊ အညစ်အကြေးစွန့်ရန် ပလတ်စတစ်ပုံးတစ်လုံးသာရှိသည့် နာမည်ကျော် အင်းစိန်ထောင် ၅တိုက် ရောက်သွားရပုံများကိုလည်း ဖတ်ရပါတယ်။
အနှစ်ချုပ်ဆိုရရင် တခေတ်တခါက ပြည်ထဲရေးလက်အောက်ခံ၊ မြန်မာ့ထောင်တွင်း အခြေအနေများကို ပြန်ပြောင်း သတိရ ပြောကြစတမ်းဆို အချက်အလက်အနေနဲ့ပြန်လည်ကိုးကားမယ်ဆိုရင် ယခု အရူးတို့တိုင်းပြည်ပါ ထောင်အခြေအနေများဟာ သက်သေခံနေလိမ့်မယ်ဆိုတာ ပြောလိုက်ရပါတယ်။