ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲသည် လူသတ် သမားများအပေါ် ကရုဏာသက်နေသည်ဟု စွပ်စွဲခံရနေရပြီး လူထုနှင့် နိုင်ငံရေး လေ့လာ စောင့်ကြည့် သူများ အကြားတွင် မနှစ်မြို့စရာ ဖြစ်ခဲ့သည်။
လူသတ်သမားများကို အစွန်းရောက် မျိုးချစ်စိတ်က စေ့ဆော်ပြီး လုပ်ကြံသတ်ဖြတ်ခြင်းမှာ ပုဂ္ဂိုလ် ရေး မုန်းတီးမှုကြောင့် ဖြစ်သည် ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချူပ်ကြီးကျော်ဆွေက ပြောသည်။
လူထု၏ ထိုသတင်းစာရှင်းလင်းပွဲ အပေါ် ချက်ချင်းတုံ့ပြန်ပုံမှာ ပြင်းထန်လှသည်။
စစ်တက္ကသိုလ် (Defense Services Academy – DSA) က လေ့ကျင့်ပေးလိုက်သော စစ်အရာရှိ ဟောင်းများ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသည်။
ထို လုပ်ကြံသတ်ဖြတ်မှုသည် နိုင်ငံရေးပယောဂ မကင်းဘဲ နောက်ကွယ်တွင် သြဇာကြီးမားသော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များ ရှိနေသည်ဟု ပြည်သူလူထုက ယုံကြည်နေသည်။
လူထုအကြားတွင် ပိုမိုကျယ်ပြန့် ဖြစ်ပေါ်နေသည်မှာ လျို့ဝှက် ကြံစည်မှုတွင် ယခင် အာဏာရပါတီ၊ စစ်တပ်နှင့် မဘသ ဟုသိကြသော အမျိုးသားရေး အစွန်းရောက် အုပ်စုတို့ ပါဝင်နေသည် ဟူသည့် အချက်ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးကို သတင်းထောက်တဦးက မေးခွန်းတခုမေးသောအခါ သတင်းစာရှင်းလင်း ပွဲတွင် အမည်သစ်တခု ထွက်ပေါ်လာခဲ့သည်။ ယင်းမှာ ဗိုလ်မှူးကြီးဟောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း ဖြစ်သည်။
ဦးလင်းဇော်ထွန်းသည် လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လက်ထောက် သို့မဟုတ် ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ယူခဲ့ဖူးသည်။
ထို ဗိုလ်မှူးကြီးဟောင်းနှင့် အမှု၌ အဓိကသံသယရှိခံရသူ အသက် ၄၀ ကျော် စစ်ဗိုလ်ဟောင်းများ ဖြစ်သည့် အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်နှင့် ဇေယျာဖြိုးတို့နှင့် ယခင်ကပင် သိနေသည်။
စွပ်စွဲချက်မှာ ဦးလင်းဇော်ထွန်းသည် လုပ်ကြံသတ်ဖြတ်မည့် အကြံအစည်ကို ကြိုတင်သိနေသည် ဟူ၍ ဖြစ်သည်။ ပြဿနာမှာ သူသည် နှုတ်ပိတ်နေခဲ့သလား၊ ပါဝင်ပတ်သက်ခဲ့ပါသလား ဟူသော မေးခွန်း များ ဖြစ်နေသည်။
ယခု အချိန်အထိမူ ရဲတပ်ဖွဲ့က လူ ၃ ဦးကို ထိန်းသိမ်းထားပြီး တယောက်မှာ ပျောက်နေဆဲ ဖြစ်သည်။ ထိုသူ၏ အမည်မှာ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင် ဖြစ်သည်။
ရဲတပ်ဖွဲ့ သိရှိသည်မှာ ဦးကိုနီကို သတ်ဖြတ်မှု အပြီးတွင် အောင်ဝင်းခိုင်သည် နေပြည်တော် သို့သွား သည်။ သူ လုံခြုံသည် ဟု ထင်သည့် အရပ်သို့ သွားရောက် ပုန်းအောင်ခိုလှုံခြင်း ဟုတ်-မဟုတ် ရှင်းရှင်းလင်းလင်း မသိရပေ။ သူ နေပြည်တော်တွင် ရှိနေလျှင် ရဲက သူ့ကို မကြာမီ ဖမ်းမိ မည်ဟု မျှော်လင့်ရသည်။
ထိုလုပ်ကြံ သတ်ဖြတ်မှုမှာ ဒေါသအလျောက် ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ပေ။ ထိုကျော်ကြားလှသော ရှေ့နေကြီးကို သတ်ရန် အမေရိကန်ဒေါ်လာ ၁ သိန်း သုံးရန် လျာထားသည်ဟု ရဲအဖွဲ့၏ စစ်ဆေး မှုများ အရ သိရသည်။ ရာဇဝတ်သား အများအပြားကို ချဉ်းကပ်ခဲ့သည်။
လက်နက်လေ့ကျင့်မှုနှင့် ထိုင်းနယ်စပ်တွင် ပုန်းအောင်းရန် နေရာအစီအစဉ်များလည်း ကြိုတင် ပြုလုပ်ခဲ့သည်ဟု သတင်းများက ပြသနေပြန်သည်။ အောင်ဝင်းဇော်ကို ထိုင်းမြန်မာနယ်စပ်သို့ သွားနေသည်ဟု ယုံကြည်ရပြီး ကရင်ပြည်နယ်တွင် ဖမ်းမိသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအတိုင်ပင်ခံကို လုပ်ကြံ သတ်ဖြတ်မှုသည် စနစ်တကျ စီစဉ်လုပ်ဆောင်ခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဘဏ္ဍာရေး ရင်းမြစ်များ၊ သတင်းအချက်အလက် စုဆောင်းမှုများ သုံးပြီး လုပ်ငန်းဆောင်တာများ ကို လအတန်ကြာ ကြိုတင် စီစဉ်ခဲ့ပုံရသည်။ လူသတ်သမားများက သူ့ကို နေ့ခင်းကြောင်တောင် နိုင်ငံတကာလေဆိပ်တွင် သတ်ဖြတ်ရန် ရွေးချယ်ခဲ့သောကြောင့် လူထုကြားတွင် အကြောက် တရား ဖြစ်ပေါ်စေရန်လည်း စီစဉ်ခဲ့ပုံရသည်။
ဗိုလ်ချုပ်ကြီး ကျော်ဆွေ က လူသတ်သမားများအပေါ် ကရုဏာသက်နေသည်ကို လူထုက မြင်တွေ့ရ သောကြောင့် လက်ရှိ ပြုလုပ်နေသော စုံစမ်းစစ်ဆေးမှုများ အပေါ် ယုံကြည်မှု ကင်းမဲ့ လာသည်။
မည်သို့ဆိုစေ သြဇာကြီးမားသော ခေါင်းဆောင်များ၊ ပါတီများသည် လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင် ပတ်သက်နေလျှင် ယခုအကြိမ်သည် ပထမဆုံး အကြိမ်တော့ မဟုတ်ပေ။
ယခင် စစ်အစိုးရခေတ်က နိုင်ငံတော်က ကမကထ ပြုလုပ်ကြံစည်မှု အများအပြား ရှိခဲ့သည်။
စစ်အုပ်ချုပ်ရေး အောက်တွင် မြန်မာပြည်သူများသည် နိုင်ငံတော်က ကမကထပြုသော လက်မရွံ့ တိုက်ခိုက်သတ်ဖြတ်မှု အများအပြား ကြုံတွေ့ခဲ့ဖူးသည်။ ကျော်ကြားလှသော တိုက်ခိုက်မှုမှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်ပေါ်ခဲ့သော ဒီပဲယင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သူမအား ထောက်ခံ သူများ လိုက်ပါလာသည့် ယာဉ်တန်း အပြင်းအထန် တိုက်ခိုက်ခံရပြီး အချို့မှာ ထိုခြုံခို တိုက်ခိုက် မှုအတွင်း သတ်ဖြတ်ခံရသည်။
နောင်တွင် ထုတ်ပြန်သည့် များပြားသော သတင်း အစီရင်ခံချက်များအရ အဓိက လက်သည်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် စွမ်းအားရှင်ဟု သိကြသည့် လက်မရွံ့များ ဖြစ်သည်။ ခြုံခိုတိုက်ခိုက်ရန် လက်မရွံ့ လူရမ်းကားများကို တာဝန်ပေးထားသည်။
ထို့အပြင် ယာဉ်တန်းကို တိုက်ခိုက်ရန် ရာဇဝတ်သားများနှင့် သံဃာအချို့ကိုလည်း ထိုဝေးလံသော ကျေးလက်ဒေသသို့ ပို့ဆောင်ထားသည်။ ကြိုတင်ကြံစည် တိုက်ခိုက်မှု၌ ပါဝင်စေရန် စစ်အစိုးရ အရာရှိများက သံဃာငယ်များကို ဘုန်းကြီးကျောင်းများမှ တောင်းခံခဲ့သည် ဟု သတင်းများက ဆိုသည်။
ထို့အပြင် စစ်အုပ်စုကို ထောက်ခံသူများနှင့် လူရမ်းကားများကို စီမံမှု အထောက်အပံ့ ပေးရန် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အယူအဆ ပြင်းထန်သော တပ်မှူးများကိုလည်း အမိန့်ပေးထားသည်။
ထိုတိုက်ခိုက်မှု အပြီး သြဇာကြီးမားသော လူ ၃ ဦး၏ အမည်များ ထွက်ပေါ်လာသည်။ ထိုစဉ်က စစ်အစိုးရ အတွင်းရေးမှူး ( ၂ ) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်နှင့် သြဇာကြီးမားသော ဝန်ကြီး ဦးအောင်သောင်းတို့ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၊ သူမ၏ ယာဉ်မောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်အချို့မှာ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် အဖမ်းခံရသည်။ သူမကို နေအိမ်အကျယ်ချုပ် ဖမ်းထားလိုက်သည်။
ထိုတိုက်ခိုက်မှုတွင် သေဆုံးသူ လူ ၅ ဦးထက် မပိုဟု စစ်အစိုးရ အရာရှိများက ပြောသည်။ သို့သော် စစ်အစိုးရ ဆန့်ကျင်သူများကမူ ထိုနေ့က လူ ၇၀ ခန့်သေဆုံးခဲ့သည် ဟုဆိုသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ယင်းတိုက်ခိုက်မှုကို ရှုတ်ချပြီး စစ်အစိုးရကို ပိုမိုဖိအားပေးသည်။ သို့သော် တိုက်ခိုက်ရန် ကြံစည်သူနှင့် ကြေးစား ရာဇဝတ်သားများကို မည်သည့် စုံစမ်းစစ်ဆေး မှုကိုမျှ မလုပ်ခဲ့ပေ။
ထိုတိုက်ခိုက်မှု အပြီး ထိုစဉ်က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ချီးမြှောက်မှုဖြင့် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ဝန်ကြီးချုပ်ဖြစ်လာသည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ၌ သွေး ကင်ဆာ ရောဂါဖြင့် သေဆုံးခဲ့သော ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ထိုအမည်ဆိုး ကျော်ကြားလှသော ဒီပဲယင်း တိုက်ခိုက်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သူတော့ မဟုတ်ဘဲ ဦးသန်းရွှေနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သဘောထား တင်းမာသူများက နောက်ကွယ်မှ ကြိုးကိုင်စီစဉ် ခဲ့ကြခြင်း ဖြစ်သည်။
သြဇာကြီးမားသော ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ စိတ်ကြိုက်ဖြစ်သူ ဗိုလ်ချုပ်ကြီး စိုးဝင်းက သူသည် ဒီပဲယင်းတိုက်ခိုက်မှုတွင် ဓားစာခံသာ ဖြစ်သည်ဟု လွန်ခဲ့သော နှစ်အနည်းငယ်က ထုတ်ဝေသော စာအုပ်တအုပ်၌ တိုတိုတောင်းတောင်း ပြောခဲ့ဖူးသည်။ သို့သော် စစ်အရာရှိဟောင်း အများအပြားကမူ သူသည် အဓိကကျသော နေရာမှ ပါဝင်သူများ အနက်တဦး ဖြစ်သည်ဟု ယခုပြောနေကြသည်။
ဦးအောင်သောင်းသည် လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် သေဆုံး သည်။ စစ်အစိုးရခေတ် အကြီးအကျယ် အကျင့်ပျက်ချစားမှုများကြောင့် သူနှင့် သူမိသားစုသည် မြန်မာနိုင်ငံတွင် အချမ်းသာဆုံး ဖြစ်လာပြီး တနိုင်ငံလုံးတွင် စီးပွားရေးလုပ်ငန်း အကျိုး စီးပွား အများအပြားရှိသည်။ မဘသ အဖွဲ့ပေါ်ပေါက်လာခြင်း အတွက်လည်း ၎င်းကို စွပ်စွဲကြပြီး မကြာသေးမီကမူ သူသည် ၂၀၁၂ မှ ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင် အများစု ပါသော လူ ၃၀၀ သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုတွင် အခန်းကဏ္ဍ တခုမှ ပါဝင်သည်ဟုလည်း စွပ်စွဲခံရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အပြောင်းအလဲကို နှေးကွေးစေသည်ဟု စွပ်စွဲပြီး ၎င်းမသေဆုံးမီ ၁ နှစ် အလို ၎င်းကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ အရေးယူသည်။
၎င်း မသေဆုံးမီက သူသည် မည်သည့် တရားခွင်နှင့်မျှ ရင်မဆိုင်ခဲ့ရပေ။ ဒေါ်အောင်ဆန်းစုကြည် သည် သူမကို ဝေဖန်သူ၊ တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုကို လျစ်လျူရှု့ကာ ဦးအောင်သောင်း သူ၏ ဈာပနသို့ သွားရောက်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ လက်အောက်တွင် မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့သည် အစွန်းရောက် အမျိုးသားရေး ဝါဒ ခေါင်းထောင်လာခြင်း၊ ငွေကြေးတောင့်တင်းသော မဘသ ပေါ်ပေါက်လာခြင်း၊ ၉၆၉ လှုပ်ရှားမှု နှင့် မွတ်စလင်များကို အကြမ်းဖက်ခြင်းများ တွေ့ခဲ့ရသည်။
အချို့သော ပြည်ပလေ့လာသူများက ဝန်မခံလိုသော်လည်း အဆင့်မြင့်အရာရှိကြီးများ၊ ခရိုနီ သူဌေး အချို့နှင့် မဘသ အကြား အခိုင်အမာ အချိတ်အဆက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။
လက်တွေ့ကျသော အချက်မှာ ဦးသိန်းစိန် အစိုးရသည် အကြမ်းဖက်မှုနှင့် အမုန်းတရား လှုံ့ ဆော်ခြင်း ကို တားဆီးရန် ဆောင်ရွက်ခြင်း မပြုသလောက်ပင် ဖြစ်သည် ဟူသော အချက်ဖြစ် သည်။
ဗိုလ်ချုပ်ကြီး ကျော်ဆွေသည် “အစွန်းရောက် မျိုးချစ်စိတ်” က ဦးကိုနီအား သတ်ဖြတ်မှု ဖြစ်စေသည် ဟူသော စကားကို သုံးခဲ့သည်။ ထိုအစွန်းရောက်ဝါဒမှာ ယခင် စစ်အစိုးရများနှင့် အကြီးအကျယ် အကျိုးစီးပွားရှိနေသူများ အောက်တွင် ကောင်းစွာ ပြုစုစောင့်ရှောက်ထားသော ဝါဒဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူများသည် လုပ်ကြံမှု မကျုးလွန်မီက ၎င်းတို့ အတွက် အကာအကွယ် ကောင်းစွာ ရှိသည်ဟု ခံစားမိကြမည်ကိုလည်း သံသယရှိရန် မလိုပေ။
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး စနစ်ကျ၍ ယုံကြည်လောက်သော စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ ပြသရန် အချိန် ကျရောက်နေပြီ ဖြစ် သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Aung Zaw ၏ Who Was Behind U Ko Ni’s Assassination? ကို ဘာသာပြန်ဆိုဖော်ပြသည်။)