မီးစက်နှိုးသံနဲ့အတူ “သွားလို့ရပြီ”လို့ ဒေသခံ လမ်းပြက ပြောလိုက်တာနဲ့ အဖွဲ့လိုက် လိုဏ်ဂူထဲ ဝင်သွားကြပါတယ်။
ရှမ်းပြည်နယ် ရွာငံမြို့နယ်ထဲက ဆင်ဆာပြား ကျေးရွာမှာ ရှိတဲ့ ဆင်လည်ရေဝင် သဘာဝ ထုံးကျောက် လိုဏ်ဂူထဲဝင် လိုက်ပြီဆိုရင်ပဲ အေးစိမ့်စိမ့် စိုစွတ်စွတ်။ လျှပ်စစ်မီး အလင်းရောင်အောက်က မြင်ရတဲ့ ထုံးကျောက်ကနေ သဘာဝ အလျောက်ဖြစ်နေတဲ့ ကျောက်ခက်ပန်းဆွဲတွေက အမောပြေစေပါတယ်။
လိုဏ်ဂူက မိုးရာသီဆို ဝါးနှစ်ပြန်လောက် ရေဝင်တယ်။ ဂူ အတွင်းထဲက လျှောက်လမ်းတွေဟာ ရွှံ့တွေနဲ့မို့ ချော်မလဲဖို့ အောက်ကိုကြည့်ရတဲ့ အပြင် လက်ထဲကဓာတ်မီး အလင်းရောင်အားပြုရင်း ဂူနံရံက သဘာဝ အလှပတွေ ငေးရသေး တာကြောင့် အောက်ကြည့် အပေါ်ငေး နဲ့ တဖြည်းဖြည်းဝင်ရတယ်။
မှန်ကွဲစ အမှုန့်လေးတွေလို ကျောက်မှုန့်တွေ ကပ်နေလို့ လက်လက်လေးတွေ ဖြစ်နေတဲ့ ကျောက်နံရံ နဲ့ သဘာဝ အတိုင်း ဖြစ်နေတဲ့ ကျောက်ခက်ပန်းဆွဲတွေကို မြင်ရတော့လည်း လာခဲ့ရတာ ပင်ပန်းတယ် မထင်တော့ပါဘူး။ မီးမပါရင် သွားလို့ မရတဲ့ဂူမို့ ခရီးသွားတွေ အဆင်ပြေအောင်လို့ လျှပ်စစ်မီး သွယ်တန်းပေးထားပါတယ်။
ခရီးသွားတွေ လှူဒါန်းကြတဲ့ ငွေတွေ ရရှိမှုပေါ်မူတည်ပြီး သွယ်ရလို့ အခုလောလောဆယ် ၁ မိုင်လောက်ပဲ ထွန်းထား ပေး နိုင်ပြီးတော့ အလှူငွေရရင် ရသလို လျှပ်စစ်မီးထပ်မံ သွယ်တန်းသွားမယ်လို့ လိုဏ်ဂူ ထိန်းသိမ်းရေး အဖွဲ့ဝင်တွေက ဆိုပါ တယ်။
ဆင်ဆာပြား ကျေးရွာရယ်လို့ မဖြစ်ခင်ကတည်းက ဟိုးရှေးရှေးတုန်းက ဆင်ရိုင်းတွေ ကျင်လည်ကျက်စားပြီး ရေလာကစား တဲ့ ချောင်းမို့ ဆင်လည်ချောင်းလို့ အမည်ပေးပြီး အဲဒီချောင်းက လိုဏ်ဂူထဲကိုဖြတ်သန်းစီးဆင်းလို့ ဆင်လည် ရေဝင်ဂူ အဖြစ် အမည်တွင်ပါတယ် လို့လည်း ကျောက်ငှက် ကျေးရွာ ရေဝင်ဂူဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးကြည်ဌေးက ဆိုပါတယ်။
ဂူထဲကိုစီးဝင်တဲ့ ဆင်လည်ချောင်းကလည်း ၁၂ မိုင်လောက်ဝေးတဲ့ ကျောက်တောရွာမှာ သွားထွက်တယ်။ ဒါ့အပြင် ကူမဲ ကျေးရွာ နားမှာ ချောင်းအဖြစ် ထွက်သွားတယ်လို့လည်း ၎င်းက ပြောပါတယ်။
ဆင်လည် ရေဝင်ဂူ ဆိုတာကလည်း ကြီးလွန်းလို့ ဘယ်သူမှ လမ်းအဆုံးထိ မရောက်ဖူးပါဘူး။
“ဂူအဆုံးထိ မသွားဖူးဘူး၊ သွားရင်းနဲ့ ဟိုတလမ်း၊ ဒီတလမ်းတွေ ရှိနေတော့။ တော်တော်ဝေးဝေး သွားလိုက်ရင်တော့ ဂူထဲ မှာ ဘောလီဘော ပုတ်လို့ရတဲ့ ကွင်းအကျယ်နဲ့ အမြင့် ရှိတယ်”လို့ သူ့အတွေ့အကြုံကို ဦးကြည်ဌေးက ပြန်လည် ပြောပြ ပါတယ်။
ဦးကြည်ဌေးတို့လို ဒေသခံအများစုက ရွာနားမှာ ရှိနေပေမယ့် ဘယ်သူမှ ဂူထဲ ဝင်ကြည့်တာမျိုးမရှိဘူး လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်လောက်ကမှ နိုင်ငံခြားသားတွေ လာလေ့လာရင်းနဲ့ ဂူထဲမှာ သဘာဝ အလှအပတွေရှိတယ် ဆိုတာ သိခဲ့ရ တယ်လို့ ၎င်းကဆိုပါတယ်။
အဲဒီကတဆင့် လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကနေ အသိများလာကြလို့ မန္တလေး၊ ရန်ကုန် စတဲ့ အခြားဒေသက ခရီး သွားတွေ လာရောက် လေ့လာကြလို့ ခုဆိုရင် ခရီးသွားတွေနဲ့ ဝေစည်စ ပြုနေပါပြီ။
ခရီးသွား ဧည့်သည်တွေ အဆင်ပြေစေဖို့ စားသောက်ဆိုင်တွေ ဖွင့်ဖို့ စီစဉ်နေတယ်လို့လည်း ဦးကြည်ဌေးက ဆိုပါတယ်။
ရွာငံမြို့ကနေ ၉ မိုင်လောက်ဝေးတဲ့ ဆင်လည်ရေဝင် သဘာဝ ထုံးကျောက်လိုဏ်ဂူ ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ တခြား ထုံးကျောက် လိုဏ်ဂူတွေလို ဘုရားစေတီ တည်ထားတာ၊ ကွန်ကရစ်လမ်း ခင်းထားတာ စတာတွေ မရှိသေးတဲ့ သဘာဝ စစ်စစ် အခြေခံခရီးစဉ်လို့ ပြောလို့ရပါတယ်။
ရွာငံရောက်ရင် မဝေးတော့တဲ့ သဘာဝ လိုဏ်ဂူမို့ ဆင်ဆာပြား ရွာမှာရှိတဲ့ သဘာဝ လိုဏ်ဂူ ဖြစ်မြောက်ရေး ပရဟိတ အဖွဲ့ဝင် ဒေသခံတွေက ဆင်လည်ရေဝင် ဂူကို လာလည်စေချင် ကြပါတယ်။ လိုအပ်ရင် လမ်းပြပေးမယ်၊ စားသောက်စရာ တွေ စီစဉ်ပေးနိုင်တယ် အခု ဖုန်းနံပါတ်တွေကို ဆက်သွယ်ပါ။ ၀၉ ၄၉၂၃၁၀၆၉ နဲ့ ၀၉ ၄၉၃၅၉၀၆၇ ကို ဆက်သွယ်လို့ ရတယ်လို့ ပရဟိတ အဖွဲ့မှာပါတဲ့ ဒေသခံ ကိုမိုးထက်အောင် ကလည်း ပြောပါတယ်။
ဒါတွေဟာ ခရီးသည်တွေများလာဖို့နဲ့ ဒေသဖွံ့ဖြိုးရေး မျော်လင့်ချက်တွေနဲ့ ကိုယ်ထူကိုယ်ထ ကိုယ့်ဒေသ စည်ကားတိုးတက် အောင် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
ရွာငံမြို့ကနေ ၁၂ မိုင်လောက် ဝေးတဲ့ ပယ်ကင်း ကျေးရွာမှာဆိုရင်လည်း သဘာဝ လိုဏ်ဂူတွေ ရှိတယ်လို့ ရွာငံမြို့က ဗြမ္မာဂူ ပရဟိတ ကျောင်းက ဆရာတော် ဦးဓမ္မောဒယ က မိန့်ပါတယ်။
“လူတွေမသိသေးတဲ့ ဂူတွေ အများကြီးရှိတယ်။ လူတွေ လာလည်စေချင်တယ်။ လာလည်မှ ဒေသဖွံ့ဖြိုးလာမယ်လို့ ထင်တယ်”လို့ ဆရာတော်က ဆက်လက် မိန့်ကြားပါတယ်။
အဲဒီဒေသတွေမှာ ကျောက်တွင်း တူးတာတွေ ရှိတယ်။ ဒါတွေက သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေလို့ ဆက် မလုပ်စေချင် တော့ဘဲ ဒေသဖွံ့ဖြိုးဖို့ ခရီးသွားလုပ်ငန်းကို လက်ရှိ အစိုးရက အားပေးစေချင်တယ် လို့ ဆိုပါတယ်။
သတ္တု တူးဖော်တာတွေက သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးစေတယ်ဆိုတဲ့ အသိမျိုးမရှိဘဲ စားဝတ်နေရေး အဆင်မပြေတဲ့ အနေအထားတခုမှာ ငွေနဲ့ ဆွဲဆောင်လိုက်တဲ့အခါ ဒေသခံတွေက လက်မှတ် ထိုးပေးလိုက်တာမျိုးရှိတယ်လို့ ဆရာတော် ဦးဓမ္မောဒယ က မိန့်ပါတယ်။
“မပျက်စီးသေးတဲ့ တောတောင်တွေ အများကြီးရှိတယ်။ ဒါတွေပျက်သွားမှာစိုးတယ်။ သဘာဝ လိုဏ်ဂူတွေ လူသိပြီး လာလည် ကြလို့ ဒေသခံတွေဘဝ တိုးတက်လာစေချင်တယ်။ ရွာငံဒေသမှာ ခရီးစဉ်တွေ ဖော်ဆောင်ဖို့ ရွာတွေ ကွင်းဆင်း ပြီး သုတေသန ပြုစေချင်တယ်”လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
လူဦးရေ ရှစ်သောင်း နီးပါး နေထိုင်တဲ့ ရွာငံမြို့နယ်မှာ ရပ်ကွက်ကြီး ၃ ခု၊ ကျေးရွာအုပ်စု ၂၈ ခုနဲ့ ကျေးရွာပေါင်း ၁၂၅ ရွာ ရှိပါတယ်။
ဒေသခံတွေ အတွက် အဓိကလုပ်ငန်းကတော့ လက်ဖက်စိုက်ခင်း၊ လိမ္မော်ခြံ၊ ကော်ဖီခြံ စတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ပါတယ်။ ခရီးသည် အလာများတဲ့ အခါ ဒေသထွက် စိုက်ပျိုးသီးနှံတွေအပြင် ကော်ဖီမှုန့်၊ ဝိုင် စတဲ့ ထွက်ကုန်တွေ ဝယ် ယူကြလို့ အဲဒီ ဈေး အရောင်းဆိုင် လေးတွေကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင် တိုးလာကြပါတယ်။
လတ်တလောမှာ ခရီးသွား ဧည့်သည်တွေ အလာများနေတဲ့ တောကျယ် ရေတံခွန်မှာ ရာသီပေါ် အသီးအနှံနဲ့ ဆေးဘက် ဝင် သီးနှံတွေကို အကြော်ကြော် ရောင်းချနေတဲ့ အသက် ၃၀ အရွယ် ဒေသခံ အမျိုးသား တဦးက“တခြား ရန်ကုန် နဲ့ မန္တလေးက လူတွေ လာလည်ကြတဲ့ အတွက် ဧည့်သည် များတဲ့အခါ တခါတလေ ၁ ရက်ကို ငါးသောင်း ဖိုး လောက် ရောင်းရတယ်”လို့ ပြောဆိုပါတယ်။
ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၄၀၀၀ ကျော်မှာ တည်ရှိတဲ့ ရွာငံဒေသဟာ ရာသီဥတု အေးမြတာကြောင့် နွေရာသီ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်တွေမှာ ဧည့်သည် အစည်ကားဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလို ဧည့်သည်တွေ များလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုး တခုဖြစ်တဲ့ အမှိုက် ပြဿနာကိုလည်း ဒေသခံတွေ ပူးပေါင်း ဖြေရှင်း နေကြရပါတယ်။
ရွာငံမြို့နယ် တောကျယ် ကျေးရွာမှာရှိတဲ့ မြသပိတ် ရေပြာအိုင် ဆိုရင်လည်း ဒဏ္ဍာရီဆန်ဆန် ကြည်ပြီး ပြာလဲ့နေတဲ့ ရေ ကို ထိန်းသိမ်းတဲ့ အနေနဲ့ မည်သည့် အမှိုက်၊ မည်သည့် ပစ္စည်းမျှ မချရဆိုပြီး သတိပေးဆိုင်းဘုတ်တွေ နေရာအနှံ့မှာ ချိတ်ဆွဲထားပါတယ်။ အမှိုက်ပုံးတွေ ထားရှိပြီးတော့လည်း သတိပေးစာ ကပ်ထားပါတယ်။
“လာလည်တဲ့ သူတွေကို အမှိုက်တွေ အမှိုက်ပုံးထဲ ထည့်ကြဖို့ မှာချင်ပါတယ်။ မြို့နေလူက ပစ်တာနည်းတယ်၊ ခရီးသွား တွေက ကားပေါ်ကနေ ပစ်ချသွားတာ ရှိတယ်”လို့ ဗြမ္မာဂူ ပရဟိတ ကျောင်း က ဆရာတော် ဦးဓမ္မောဒယ ကမိန့်ပါတယ်။
ခရီးသွားတွေ ပစ်တာရော၊ ဒေသခံတွေ ပစ်ကြတာရောကြောင့် ပလတ်စတစ်တွေ မြင်မကောင်းလို့ အမှိုက်ကောက်ပြီး မီးရှို့ရတယ် လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
မြသပိတ် ရေပြာအိုင်အနီးက တောကျယ် ရေတံခွန်ကလည်း သုံးဆင့် ရေတံခွန်အမျိုးအစား ဖြစ်ပြီးတော့ သာယာကြလို့ ခရီးသွားတွေ လာလည်ကြပါတယ်။ စနစ်တကျ အမှိုက်ပစ်ဖို့ အတွက် သတိပေးစာတွေ ကပ်ထားရတာကလည်း လက်ညှိုး ထိုး မလွဲသလို အမှိုက်ပုံးတွေကိုလည်း စနစ်တကျထားပေးပါတယ်။
“အရင်ကဆို ဂနိုင်ပဲ တောနက်လွန်းလို့ ဘယ်သူမှ မလာရဲဘူး။ အဖော်တွေများမှ လာရဲတာ။ ဧည့်သည်တွေ များလာပြီ ဆိုတော့ လိမ္မော်ခြံ အလုပ်ဆင်းတဲ့ နေ့ဆို ဒီမှာ ရေလာချိုးကြတာ”လို့ ညောင်ပင်ခွ ကျေးရွာနေ အသက် ၃၅ နှစ် အရွယ် မစိုးက ပြောပါတယ်။
ရွာငံ ဆိုတဲ့ အမည် ကြားလိုက်ရုံနဲ့ မြသပိတ် ရေပြာအိုင်၊ ပြဒါးလင်းဂူ၊ မိန်းမရဲသခင်မတောင် ရှိတဲ့နေရာလို့ မျက်စိထဲ ပြေးမြင်ကြပါမယ်။
ခရီးသွားတွေအတွက် ဆွဲဆောင်ရာ နေရာဖြစ်လို့ အရင်က တောင်ကြီး၊ အင်းလေး၊ ပင်းတယ ခရီးစဉ်တွေကနေ ရွာငံ မြို့နယ် ကို ထပ်တိုးထည့်ရတဲ့ မြို့တမြို့ ဖြစ်လာပါတယ်။
မန္တလေးနဲ့လည်း မဝေးလှတာကြောင့် နေ့ချင်းပြန် ခရီးအဖြစ် သွားလည်နေကြပါပြီ။
ဒါပေမယ့် ရှမ်းပြည်နယ် တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာပါတဲ့ ရွာငံမြို့နယ်မှာ သဘာဝ အလျောက် တည်ရှိနေပြီး ခရီးသွားတွေ သိပ်မသိသေးတဲ့ ရေတံခွန်တွေ၊ လိုဏ်ဂူတွေလည်း ရှိနေပါသေးတယ်။
ဒါကြောင့် မီးခိုးမထွက်တဲ့ စက်ရုံလို့ တင်စားတဲ့ ခရီးသွားလုပ်ငန်းကို ရွာငံဒေသမှာ ဒီထက် တွင်တွင်ကျယ်ကျယ် ဆောင်ရွက် စေချင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ။