မွတ်ဆလင် ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခဲ့သူများကို လေးစားကျေးဇူးတင်ကြောင်း ထင်ရှားသော အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး ဦးဝီရသူက ပြီးခဲ့သည့်လအတွင်း ဖေ့ဘွတ် လူမှုကွန်ရက်၌ ရေးသားခဲ့အပြီး ယခုအခါ နိုင်ငံတော် သံဃ မဟာနာယက (မဟန) အဖွဲ့မှ ဦးဝီရသူအား တရားဟောခွင့် တနှစ်ပိတ်ပင်ခဲ့သည်။
အမှန်တကယ်အားဖြင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဦးဝီရသူနှင့် “မဘသ” ဟုသိကြသော ဗုဒ္ဓဘာသာဝင် အမျိုးသားရေးဝါဒီများ၏ အမျိုး ဘာသာ စောင့်ရှောက်ရေးအသင်းတို့၏ မြန်မာနိုင်ငံမှ လူနည်းစု မွတ်ဆလင် အသိုင်းအဝိုင်းအား အမုန်းစကားများ ဟောပြောစည်းရုံးမှုများအပေါ် ဆန့်ကျင်မှု ရှိခဲ့သည်။
မတ်လ ၈ ရက်နေ့တွင် မန္တလေး အခြေအစိုက် မဘသအဖွဲ့ဝင်တဦးက ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆို အမှုဖွင့်ခဲ့သည်။ ကိုဆွေဝင်းက ဦးဝီရသူကို အသရေဖျက်ခဲ့သောကြောင့်ဟု စွပ်စွဲပြီး အမှုဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။
တရားလိုဘက်မှ ထုတ်ပြန်ကျေညာချက်တွင် တရားစွဲဆိုသူ ဦးကျော်မျိုးရွှေက ဦးဝီရသူသည် “လေးစားအပ်သည့် ဘုန်းတော်ကြီးတပါး”ဖြစ်ကြောင်း၊ ကိုဆွေဝင်းအနေဖြင့် ဖေ့ဘွတ်တွင် ဦးဝီရသူသည် ဝိနည်းကို ချိုးဖောက်သည့် အတွက် ရဟန်းမဟုတ်တော့ကြောင်း ရေးသားခဲ့သည့်အတွက် တောင်းပန်သင့်ကြောင်း ပြောဆိုထားသည်။
ပြီးခဲ့သည့်လအတွင်း ကိုဆွေဝင်းက Myanmar Now ၏ သတင်းတပုဒ်ကို ဖေ့ဘွတ် လူမှုကွန်ရက်တွင် ဝေမျှခဲ့ရာ၌ ဝါတော်ရ ဘုန်းတော်ကြီးတပါးက လူသတ်သမားကို အားပေးခြင်းသည် ရဟန်းများအတွက် ခွင့်လွှတ်ရန် မဖြစ်နိုင်သည့် ပြစ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်ကို ကောက်နုတ်ဖော်ပြခဲ့သည်။
အခြား ဖေ့ဘွတ် post များတွင်လည်း ကိုဆွေဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရအပြီး မဘသ အသံတိတ်ဆိတ်သွားကြောင်း၊ ဦးကိုနီ အသတ်ခံရပြီးနောက်ပိုင်း အသံ ပိုထွက်လာကြောင်း ရေးသားခဲ့သည်။
သိသာထင်ရှားသည်မှာ ကိုဆွေဝင်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်မှ တရားခံကို တက်ကြွစွာ စုံစမ်းဖော်ထုတ်နေသူ ဖြစ်သည်။ အမှုနောက်ကွယ်မှ ဖြစ်နိုင်ဖွယ်ရာ သံသယများကို ပထမဆုံး ဖော်ထုတ်ရေးသားခဲ့သော သတင်းထောက်လည်း ဖြစ်သည်။
ကိုဆွေဝင်းက သေနတ်သမား ကြည်လင်းနှင့် ထောင်အတူ ကျဖူးသည့် ကိုအောင်စိုးနှင့် တွေ့ဆုံခဲ့သည်။ လုပ်ကြံမှုအား သူ့ကို အရင် ကမ်းလှမ်းခဲ့ဖူးကြောင်း၊ သို့သော် သူက ငြင်းခဲ့ကြောင်း ကိုအောင်စိုးက ကိုဆွေဝင်းကို ပြောခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲပါ အချက်အလက်များအရ ကိုဆွေဝင်း ရှာဖွေ ဖော်ထုတ်ပြခဲ့သည့် လမ်း မမှားကြောင်း တွေ့ရသည်။ ရဲက အမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၄ ဦးကို ဖမ်းဆီးထားသည်။
ကိုဆွေဝင်း အမှုကို တက်ကြွစွာ စုံစမ်းဖော်ထုတ်နေခြင်းက ဦးဝီရသူနှင့် မဘသအဖွဲ့ဝင်များကို ဝမ်းမြောက်ဝမ်းသာ မဖြစ်စေခဲ့ပါ။
ဦးကိုနီသတ်ဖြတ်မှုတွင် စွပ်စွဲခံရသူအချို့သည် မဘသအဖွဲ့ကို ထောက်ခံသူ အလှူရှင်များ ဖြစ်ကြသည်။ သူတို့ နှင့် မဘသ ဘုန်းတော်ကြီးများ တွဲ၍ ရိုက်ကူးထားသော ဓာတ်ပုံများလည်း ဖေ့ဘွတ် လူမှုကွန်ရက်ပေါ် ပေါ်ထွက်လာခဲ့သည်။
မဘသအဖွဲ့ဝင်တဦးက အညင်းပွားဖွယ် ပုဒ်မ ၆၆(ဃ)ကို အသုံးပြုခြင်းသည် ကိုဆွေဝင်းကို ခြိမ်းခြောက်ရန်နှင့် ဦးကိုနီ အသတ်ခံရသည့်အမှု နောက်ကွယ်က ကွင်းဆက်များအား စုံစမ်းဖော်ထုတ်နေခြင်းကိုလည်း တားဆီးသည့် အနေဖြင့် ဖြစ်နိုင်ပါသည်။ ပုဒ်မ ၆၆(ဃ) သည် နိုင်ငံရေး အတိုက်အခံများကို အကျပ်ကိုင်ရာတွင် အသုံးပြုသည့် ဥပဒေလည်း ဖြစ်ပါသည်။ ထိုဥပဒေကို ဖျက်သိမ်းပစ်ရေးအတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အစိုးရကို တောင်းဆိုနေခဲ့ကြသည်။
မဘသအဖွဲ့က ကိုဆွေဝင်းကို တရားစွဲဆိုရန် ရွေးချယ်ခဲ့ခြင်းမှာ သူက ဦးဝိရသူကို ဝေဖန်ပြောဆိုခဲ့ခြင်းအတွက် အပြစ် ပေးသည့် အနေဖြင့်သာ မဟုတ်ပါ။ ဦးကိုနီ လုပ်ကြံခံရသည့် အမှုတွင် မဘသ ပါဝင်ပတ်နိုင်ဖွယ်ရာ အခြေအနေများကို နောက်ထပ် ဖော်ထုတ်ခြင်းမှ တားဆီးရန်လည်း ဖြစ်နိုင်သည်။
ကိုဆွေဝင်းက ဦးကိုနီအမှု စုံစမ်းရန်အတွက် ရဲရဲဝံ့ဝံ့ပင် ဆောင်ရွက်ခဲ့သူတဦး ဖြစ်သည်။ မတ်လ ၈ ရက်နေ့က သူက ပြောဆိုမှုများကို ပြန်လည်ရုပ်သိမ်းရန် နှင့် တောင်းပန်ရန် ငြင်းဆန်ခဲ့သည်။ သူက တရားမျှတမှုအတွက် တိုက်ခိုက် သွားမည် ဖြစ်ကြောင်းနှင့် တရားရုံးတွင် ဥပဒေနှင့် အညီရင်ဆိုင်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့သည်။ ကိုဆွေဝင်းဘက်က သတင်းစာဆရာများနှင့် စာရေးဆရာများက ထောက်ခံရပ်တည်ခဲ့ကြသည်။
ကိုဆွေဝင်းကဲ့သို့ မီဒီယာသမားများနှင့် ဦးဝီရသူ အချင်းများမှုများ မြင့်တက်လာနေပြီး ဦးကိုနီသတ်ဖြတ်မှုတွင် ပါဝင်နေသော သံသယ တရားခံများနှင့် မဘသ အဖွဲ့ နီးစပ်နေမှုအပေါ် အများပြည်သူ၏ သံသယများ ကြီးထွားလာနေချိန် တင်းမာမှုများ လျှော့ချရန် ကြိုးစားသည့်အနေဖြင့် မဟနက ဦးဝီရသူကို တရားဟောခွင့် တနှစ်ပိတ်ခြင်းဖြင့် ကွပ်ကဲဆောင်ရွက်ပုံ ရပါသည်။
သို့သော်လည်း ထိုကဲ့သို့ မဟန၏ ညွှန်ကြားချက်မှာ ယနေ့ခေတ် မြန်မာဘုန်းတော်ကြီး အတော်များများ အသုံးများနေသည့် ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထုတ်ပြန်နေခြင်းအပေါ် သက်ရောက်မှု ရှိ မရှိ မရှင်းလင်းလှသေးပါ။
ထို့အပြင် မဟန၏ ယခု ထုတ်ပြန်မှုကြောင့် ကိုဆွေဝင်းအား အမှုဖွင့်ထားခြင်းမှ ဦးဝီရသူ နောက်ဆုတ်သွား မသွားကလည်း စောင့်ကြည့်ရဦးမည် ဖြစ်သည်။