ခပ်မြင့်မြင့် ကျောက်တောင်ကြီးတခုရဲ့အောက်ခြေနား လူတကိုယ်စာဝင်ပေါက်ကနေ အမျိုးသားနှစ်ဦး သီချင်းတကြော် ကြော်ဆိုရင်း ကျောက်ခဲအပြည့်ပါတဲ့ တွန်းလှည်းကို တွန်းထွက်လာတယ်။ အပြင်ဘက် မြေကွက်လပ်နားရောက်တော့ ကျောက်ခဲတွေကို မြေပေါ်သွန်ချလိုက်ကြတယ်။
အကျယ် ၃ ပေ၊ အမြင့် ၆ ပေလောက်သာရှိတဲ့ လူတကိုယ်စာ လိုဏ်ဂူဝင်ပေါက်ကနေ အထဲကို ဝင်ကြည့်လိုက်ရင် လမ်းကြောင်း တခုတည်းမဟုတ်ဘဲ လက်တက်ခွဲတွေကိုပါ မြင်တွေ့ရမှာပါ။ လက်တက်ခွဲတခုရဲ့အဆုံးမှာတော့ အမျိုးသား ၃ဦး က အမှောင်ထုကို ဓာတ်မီးအလင်းရောင်နဲ့ အံတုရင်း ကျောက်နံရံကို လွန်နဲ့ အားသွန်ခွန်စိုက် ထိုးဖောက်နေကြတယ်။
လွန်နဲ့ ကျောက်ချပ်ထိတွေ့သံ စူးစူးရှရှ ထွက်ပေါ်လာပြီးနောက် ကျောက်စိုင် ကျောက်ခဲတွေ တဖွားဖွား ပြိုဆင်းလာ တယ်။ ခဏအကြာမှာတော့ အမျိုးသား ၃ ဦးက သူတို့ရည်မှန်းချက် အောင်မြင်သွားတဲ့ ဟန်နဲ့ လွန်စက်ကိုပိတ်ပြီး ဘေးနားက ကျောက်တုံးတွေပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ရင်း အနားယူလိုက်ကြတယ်။
“Vain(သတ္တုကြော)တွေကို မတွေ့မချင်း သွားရတာပေါ့။ ကိုယ်လိုတဲ့ Target (နေရာ) ကို ရောက်ရင် နားပြီးတူးတယ်” လို့ အမျိုးသား ၃ ဦး အနက် ခေါင်းဆောင်ဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုသန့်စင်က နဖူးပေါ်က ချွေးကို လက်နဲ့ သုတ်ရင်း ပြောပါတယ်။
အခု ကိုသန့်စင် လုပ်ကိုင်နေတဲ့ ထားဝယ်မြေ သတ္တု တူးဖော်ရေး လုပ်ငန်းနေရာ ဖြစ်တဲ့ ထားဝယ်မြို့နယ် ဘဝပင် ကျေးရွာ အနီးမှာရှိတဲ့ လုပ်ကွက်တွေဆီ ရောက်ဖို့ ထားဝယ်မြို့ကနေ ၂၅ မိုင်လောက် မောင်းနှင်ရမှာ ဖြစ်ပါတယ်။
ရောက်ခါနီး ၂ မိုင်လောက်က တောင်တက် တောင်ဆင်း လမ်းတွေချည်းပဲမို့ ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် အထူး သတိ ထားရမှာ ဖြစ်ပါတယ်။
ကိုသန့်စင် က ထားဝယ်ဇာတိသားမို့ ကျောင်းပြီးကတည်းက ထားဝယ်မြေ ကုမ္ပဏီပိုင် သတ္တုတူးဖော်ရေး လုပ်ကွက်ထဲ မှာ အလုပ်ဝင် ခဲ့တာပါ။ အခုဆို ၁၅ နှစ်လောက် လုပ်သက်ရနေပြီ။ ဘူမိဗေဒ ဘာသာရပ်နဲ့ ကျောင်းပြီးထားသူမို့ ဒီ အလုပ် က သူ့အတွက် အသင့်တော်ဆုံးလို့ ခံယူထားသူပါ။
ခဲမဖြူ၊ အဖြိုက်နက် အများဆုံးထွက်ရာဒေသတခုဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းမှာ သတ္တု လုပ် ကွက်ပေါင်း ၁၈ ခုရှိတဲ့အနက် ဒေသခံလုပ်ငန်းရှင် ပိုင်ဆိုင်တဲ့ ထားဝယ်မြေ သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ မြေအောက် လိုဏ်ခေါင်းတူး(Under Ground) သတ္တုထုတ်တဲ့စနစ်ကို အသုံးပြုပြီး အဖြိုက်နက် အဓိက ထုတ်ယူတယ် လို့ သိရပါတယ်။
ဒီလို Under Ground တူးတာကို သူတို့ အရပ်ဒေသ အခေါ်အဝေါ်က မိရိုးဖလာ လက်လုပ်သတ္တုတွင်းလို့ ခေါ်ကြ ပါ တယ်။
Under Ground တူးရတာဆိုတော့ အန္တရာယ်ရှိတာမို့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု လိုအပ်သလို လုပ်သားတွေရဲ့ ဘေး အန္တရာယ် ကင်းရှင်းဖို့က အလွန် အရေးကြီးတယ်လို့ ကိုသန့်စင်က ပြောပါတယ်။
ကျောက်သားတွေ အရမ်းမာလို့ လွန်နဲ့ထိုးလို့ မရတော့တဲ့အခါ ယမ်းမှုန့်တွေကို အသုံးပြုပြီး မိုင်းခွဲရတယ်။ မိုင်းခွဲတဲ့ အခါ ထွက်လာတဲ့ယမ်းငွေ့တွေ ဂူထဲမှာပိတ်လှောင်ပြီး အသက်ရှူမကြပ်ဖို့အတွက် လေမှုတ်စက်တွေ သုံးတယ်။ ယမ်း ကို သုံးတဲ့အခါမှာ အစိုးရဌာနက တရားဝင် ထုတ်ပေးတဲ့ ယမ်းနဲ့ဆက်စပ် ပစ္စည်းတွေကိုပဲ သုံးခွင့်ရှိပါတယ်။
မိုင်းခွဲတဲ့အခါ ယမ်းထောင်းပြီး လျှပ်စစ်နဲ့ရှော့ခ်ရိုက်တာရှိသလို Safety Fuse (စနက်တံ) မီးရှို့ပြီးခွဲတာလည်း ရှိတယ်။ Safety Fuse သုံးတဲ့အခါ အရမ်းတိုလွန်းရင် အထဲမှာ အခက်အခဲတခုခုကြောင့် အပြင်ဘက်ကို အချိန်ကိုက် မရောက် တဲ့အခါ အန္တရာယ်ဖြစ်နိုင်တာမို့ အထူး သတိထားရတယ်။
“ကိုယ်အန္တရာယ်ကင်းတဲ့ နေရာအထိရောက်ဖို့ ၁၀ မိနစ်ကြာမယ်ဆိုရင် ပိုပိုလိုလို အချိန်ကို ၁၅ မိနစ်လောက် ယူလိုက် တယ်။ ယူပြီးတော့မှ ကိုယ်ကထွက်လာ အပြင်ရောက်တော့မှ ယမ်းကကွဲဆိုရင် ဘာအန္တရာယ်မှ မရှိတော့ဘူး” လို့ ကိုသန့်စင်က ရှင်းပြတယ်။
အခုတော့ Safety Fuse နည်းထက် ပိုစိတ်ချရတဲ့ လျှပ်စစ်နဲ့ရှော့ခ်ရိုက်ခွဲတာကို ပိုအသုံးပြုဖြစ်တယ်။ ကြိုးတွေကို ဂူထဲ မှာ ချိတ်ဆက်လိုက်ပြီး အပြင်မှာ လူတွေအကုန်လုံး ရောက်နေချိန်ကျမှ လျှပ်စစ်နဲ့ခွဲတာဆိုတော့ ပိုပြီးအန္တရာယ်ကင်း တယ်။
“အတွေ့အကြုံ များနေပြီဆိုတော့ အခက်အခဲ သိပ်မရှိတော့ပါဘူး။ မတော်တဆမှု ဆိုတာတွေက ဖြစ်တော့ဖြစ်တတ် ပေမယ့် ရှားတယ်။ ဖြစ်ခဲတယ်။ ဒီကလူတွေ အတွက်ကတော့ ယမ်းခွဲတာဟာ ထမင်းစား ရေသောက်ဖြစ်နေပြီ” လို့ လွန်တူးသမား ကိုမျိုးအောင်ကလည်း ပြောပါတယ်။
သူ ဒီအလုပ်လုပ်နေတာ ၁၀ နှစ်လောက်ရှိပြီ။ သူ့ဇာတိက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်။ ဒီအလုပ်လုပ်ရ တာ အဆင်ပြေတာမို့ လုပ်ငန်းလည်ပတ်နေသမျှ ကာလပတ်လုံး တခြားအလုပ ်ပြောင်းဖြစ်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
သူ နေ့စားခ ကျပ် တသောင်း ရတယ်။ ခေါင်းဆောင်ကြေးအဖြစ် တလကို ငါးသောင်း ထပ်ရတယ်ဆိုတော့ အိမ်ပြန် ပို့နိုင်ပါတယ်။
“အလုပ်ကလည်း အရမ်းများတဲ့အခါသာ တော်တော်လေးပင်ပန်းတာ။ တခါတလေများဆို ပျင်းလောက်အောင် သက်သာ တယ်” လို့ ကိုမျိုးအောင်က ရယ်မောရင်း ပြောပြတယ်။
ဒီလုပ်ငန်းဟာ တခြားသော ပန်းရံ၊ လမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ယှဉ်လိုက်ရင် လစာလည်းပိုရသလို အရိပ်ထဲမှာ လုပ်ရတာဖြစ်လို့ ပိုသက်သာတယ်လို့ အလုပ်သမားတွေက ပြောပြတယ်။ လုပ်ခလစာ တနေ့ကို အနည်း ဆုံး ကျပ် ၁၀၀၀၀ ရတယ်။ ကျွမ်းကျင်လုပ်သားတွေဆိုရင် ၁၈၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ ရတယ်လို့ သိရ ပါ တယ်။
ကျွမ်းကျင်လုပ်သားတွေ၊ လုပ်သားခေါင်းဆောင်တွေက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အတွက် ကျောက်သား နံရံတွေ ကို အမြဲစစ်ဆေးနေရတယ်။ မြေသားရောပါတဲ့နေရာ ပြိုကျနိုင်လောက်တဲ့အန္တရာယ် ရှိမယ့် နေရာတွေဆိုရင် သစ်မာသားတွေနဲ့ ဂူထောက်စင်လုပ်ပြီး ကြိုတင်ကာကွယ်ထားရတယ်။
“သူတို့ကသိတယ်။ မြေအနေအထားကို ခေါက်လိုက်တာနဲ့ ကျနိုင်လား မကျနိုင်လား ဆိုတာကို တပ်အပ်ပြောနိုင် တယ်။ ခေါင်းဆောင် ခန့်ထားတဲ့သူဆိုရင် နှစ် ၄၀ နီးပါးလောက် ကြာနေပြီဆိုတော့။ ငယ်ကတည်းက ဒီဂူတွေထဲမှာပဲ အလုပ် လုပ်ခဲ့တာဆိုတော့ သူ့ရဲ့ကျွမ်းကျင်မှုကပဲ Safety ဖြစ်စေတယ်” လို့ ကိုသန့်စင်က ပြောပြတယ်။
အလုပ်သမား အားလုံးလိုလို လုပ်ကွက်အနီးနားက ရွာတွေမှာပဲ နေကြတာများတယ်။ တချို့ကလည်း လုပ်ကွက် အတွင်းမှာပဲ ယာယီတဲ ထိုးနေကြတယ်။ မနက် ၇ နာရီခွဲ ၈ နာရီလောက်ဆို လုပ်ငန်းခွင်ဝင်ကြပြီ။
လုပ်ငန်းခွင် စပြီဆိုတာနဲ့ လွန်ထိုးသူက ထိုး၊ ကျောက်ကြိတ်သူက ကြိတ်၊ မြေစာတိုက်သူက တိုက်နဲ့ သံစုံတီးဝိုင်း ကျနေတာပဲလို့ ကိုမျိုးအောင်က ရယ်ပြီးပြောပါတယ်။
၁၁ နာရီခွဲလောက်ဆိုရင် အလုပ်သိမ်းကြပြီး ထမင်းစားနား၊ နေ့လယ် ၂ နာရီလောက်မှ လုပ်ငန်းခွင်ပြန်ဝင်ကြတယ်။ ညနေ ၄ နာရီဆို အလုပ်သိမ်းကြပြီ။ အလုပ်ကျတဲ့ ရက်တွေဆိုရင်တော့ အချိန်ပိုဆင်းကြရတယ်။
ဂူအပြင်ဘက် ရောက်လာတဲ့ ကျောက်စိုင်ကျောက်ခဲတွေကို အမျိုးသမီး လုပ်သားတွေက အဖြိုက်နက်ပါတဲ့ အပိုင်းတွေ ကိုပဲ တူနဲ့ထုပြီး ရွေးထုတ်ကြတယ်။
ရွေးထုတ်ပြီးသား အပိုင်းအစတွေကို သံဒလိမ့်တုံးအသုံးပြုပြီး အမှုန့်ဖြစ်တဲ့အထိကြိတ်ခြေ။ ရလာတဲ့အမှုန့်တွေကို သံဆန်ခါ ကျင်ခွက်တွေနဲ့ ရေထဲမှာ အထပ်ထပ်ဆေးပြီး သတ္တုကို စစ်ယူတယ်။
စစ်ယူရရှိတဲ့သတ္တုကို ခြောက်အောင် မီးနဲ့လှော်ပြီးတဲ့အခါမှာတော့ သန့်စင်တဲ့ အဖြိုက်နက် သတ္တုရပြီလို့ အလုပ်သမ တွေက ရှင်းပြပါတယ်။
ဒီလုပ်ကွက်ပိုင်ရှင်က အမျိုးသမီးတဦးဖြစ်ပြီး မိဘ အစဉ်အဆက်ကတည်းက လုပ်လာတာလို့ သိရပါတယ်။
အရင်ကတော့ လုပ်ကွက်အကြီးစားတွေ ယူခဲ့ပေမယ့် အခက်အခဲတချို့ကြောင့် အစိုးရကို ပြန်အပ်ခဲ့ပြီး အခုတော့ ဧက ၅၀ လုပ်ကွက် အသေးပဲ ယူထားတယ်လို့ ကိုသန့်စင်က ပြောပြပါတယ်။
အခုနောက်ပိုင်း လုပ်ကွက် တော်တော်များများဟာ ခေတ်မီ စက်ယန္တရားကြီးတွေကို အသုံးပြုပြီး သတ္တုတူးဖော် လာ ကြတယ်။
စက်ယန္တရားကြီးတွေ သုံးတဲ့အခါ တောင်တွေပြို သစ်တောတွေပြုန်းသွားသလို လုပ်ကွက်က စွန့်ထုတ်လိုက်တဲ့ မြေစာ တွေ၊ ရေဆိုး ရေနောက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ ဒေသခံတွေရဲ့ လူမှုဘဝ ထိခိုက်မှုတွေ ဖြစ် လာတဲ့ အခါ ကုမ္ပဏီတွေနဲ့ ဒေသခံတွေကြား ပြဿနာတွေ ဖြစ်ကြတယ်။
ဒီလို မိရိုးဖလာနည်းဖြစ်တဲ့ စက်ကိရိယာ အနည်းငယ်သာသုံးပြီး လူအားကိုအသုံးပြုတဲ့ လက်လုပ် သတ္တုတွင်း တွေ ကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပြီး နောင်လာနောက်သား အဆင့်ဆင့်အထိ လုပ်စားသွားလို့ရတယ်လို့ ကုမ္ပဏီပိုင်ရှင် ဒေါ်ဌေးဌေးသူက ရှင်းပြပါတယ်။
“အန်တီက မိရိုးဖလာနည်းပဲ သဘောကျတယ်။ စက်ကြီးတွေနဲ့လုပ်ရင် လုပ်ငန်း တွင်ကျယ်တယ်လို့ ထင်ရပေမယ့် မိရိုးဖလာ နည်းက အလေလွင့် နည်းတယ်။ စက်ကြီးတွေနဲ့က ဆုံးရှုံးမှုများတယ်။ စက်ကြီးတွေနဲ့ တောင်ကြီးတွေကို ဖြိုချနေတာမြင်ရင် ရင်ထဲမကောင်းဘူး”လို့လည်း ဒေါ်ဌေးဌေးသူ က ပြောပါတယ်။
မိရိုးဖလာနည်းနဲ့ လုပ်တဲ့အခါ စွန့်ပစ်လိုက်တဲ့ ကျောက်ခဲတွေကို ဒေသခံတွေက လမ်းခင်းတဲ့နေရာမှာ ပြန် အသုံးပြုကြ တယ်။
သူ့လုပ်ကွက် ဧရိယာထဲက တချို့တောင်တွေဆို အင်္ဂလိပ် လက်ထက်တုန်းက လိုဏ်ခေါင်းတူးပြီး သတ္တု ထုတ်ခဲ့ကြ ပေမယ့် အခုအချိန်ထိ တောင်မပြို သစ်တောမပြုန်းဘဲ သဘာဝအတိုင်း ကျန်ရှိနေသေးတယ်လို့ ဒေါ်ဌေးဌေးသူက တောင်တလုံးကို လက်ညွှန်းထိုးပြရင်း ပြောပါတယ်။
အခုလို မိရိုးဖလာနည်းနဲ့ Under Ground တူးတာဟာ လောလောဆယ် မြေပြင်ပေါ်မှာရှိနေတဲ့ အပင်တွေ ဆုံးရှုံး မသွား ဘူးဆိုပေမယ့် အောက်မှာ လိုဏ်ခေါင်းဖြစ်လာတဲ့အချိန် အပေါ်က ဟင်းလင်းပွင့်စနစ်(Open Pit) တူးနေသူ တွေနဲ့ သွားပြီးဆုံခဲ့မယ် ဆိုရင်တော့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ကျွမ်းကျင်သူ တွေက ထောက်ပြပါတယ်။
ယမ်းတွေသုံးပြီး မိုင်းခွဲတဲ့အခါမှာလည်း တုန်ခါမှုကြောင့် ဂူနံရံတွေပြိုကျတာမျိုး ဖြစ်နိုင်သလို မမြင်နိုင်တဲ့ ကြိုတင် မှန်းဆလို့ မရတဲ့ သဘာဝ ဘေးအန္တရာယ်တွေလည်း ကြုံတွေ့နိုင်တာမို့ မိရိုးဖလာ လက်လုပ် သတ္တု တူးကြသူတွေ အတွက် သတိဆိုတာ အမြဲ ရှိနေရမှာ ဖြစ်ပါတယ်။ ။