တူရကီနှင့် နယ်သာလန်ကြား အရှိန်မြင့်လာသော ပဋ္ဋိပက္ခမှာ ယခုနှစ် အတွက် အရေးပါသော ရွေးကောက်ပွဲ မဲဆွယ်မှုများ ဖြစ်ပြီး ယင်း မဲဆွယ်မှုများသည် နိုင်ငံတကာ ပြဿနာရပ်များ အဖြစ် မည်သို့မည်ပုံ မီးမွှေးမည်ကို ပြသသည့် ဥပမာနိဒါန်းမျှသာ ဖြစ်သည်။
ဥရောပ အနာဂတ်၏ နမိတ် ဖြစ်သည် ဟု ယူဆကြသော ရွေးကောက်ပွဲကို နယ်သာလန်မှ ဒတ်ချ်တို့သည် မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် မဲပေးကြမည် ဖြစ်ပြီး၊ မဲဆန္ဒရှင်များမှာ လက်ယာစွန်း ဥရောပကို မယုံကြည်သူ အစ္စလာမ် ဆန့်ကျင်ရေး လက်ယာစွန်း ူ Geert Wilders ကို မျက်စေ့ကျနေကြသည်။
တချိန်တည်းမှာပင် တူရကီသည်လည်း ဩဇာကြီးမားလှသော သမ္မတ Recep Tayyip Erdogan ၏ လက်အောက် တွင် သမ္မတ၏ အုပ်ချုပ်ရေး အာဏာ မြင့်မားစေရန် နိုင်ငံ၏ ပါလီမန်စနစ်ကို ဖျက်သိမ်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လာမည့်လတွင် ကျင်းပရန် ရှိနေသည်။ Recep Tayyip Erdogan နှင့် Geert Wilders တို့သည် တနိုင်ငံစီတွင် ၎င်းတို့၏ ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် အသုံးဝင်သည့် ခြောက်လုံး လှန့်လုံးများကို တွေ့ရှိခဲ့ကြသည်။
“ဒီအပတ်ကုန်က ဒတ်ချ်နဲ့ တူရကီပဋိပက္ခက တော်တော်လေး ရှင်းပါတယ်” ဟု ဒတ်ချ်နိုင်ငံရေး သိပ္ပံပညာရှင် Cas Mudde က ယနေ့ ကမ္ဘာ့အမြင်တွင် ရေးသည်။ “နှစ်နိုင်ငံလုံးကို အာဏာရှင်ဆန်တဲ့ ဒေသခံ အားပေးရေး ရွေးကောက်ပွဲ မဲဆွယ်တာတွေက ဖမ်းစားထားတာ”ဟု သူက ဆက်လက်ဖော်ပြသည်။
နယ်သာလန်မှ လူထုစုဝေးပွဲ ၂ ခုကို တူရကီဝန်ကြီး ၂ ဦးအား တက်ရောက်ခွင့် မပေးရာမှ ဇာတ်လမ်းစသည်။
ဥရောပ မြောက်ပိုင်းမှ များပြားလှသော တူရကီ အဝေးရောက်များ၏ မဲသည် Recep Tayyip Erdogan အတွက် အဓိကကျနေနိုင်ပြီး သူအား ယုံကြည်သူများသည် အမျိုးမျိုးသော ဥရောပမြို့ကြီးများတွင် ဆက်လက်မဲဆွယ်ရန် စီစဉ်ထားကြသည်။ ၎င်းတို့၏ ရွေးကောက်ပွဲနှင့် လွန်စွာ နီးကပ်နေချိန်တွင် ထိုကဲ့သို့သော လူထုစုဝေးပွဲများကို စိုးရိမ်မကင်း ဖြစ်ပြီး ဒတ်ချ်အစိုးရက တူရကီ နိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusoglu ကို စနေနေ့က နယ်သာလန်တွင် ဆင်းသက်ခွင့် မပြုခဲ့ပေ။
တူရကီနိုင်ငံ မိသားစုရေးရာဝန်ုကြီး Betul Sayan Kaya သည် ဂျာမဏီမှ ဒတ်ချ်နိုင်ငံ၏ မြို့ကြီးတမြို့ဖြစ်သော ရော့တာဒမ်သို့ ကားဖြင့် ခရီးထွက်လာစဉ် ထိုမြို့ရှိ တူရကီကောင်စစ်ဝန်ရုံးရှေ့တွင် ဒတ်ချ်မှ တူရကီများ စုရုံးနေသောကြောင့် သူမ၏ ကားကို ရဲက တားပြီး အဆောက်အအုံအတွင်း ဝင်ခွင့် မပြုခဲ့ပေ။ သူမကို ရဲအစောင့်အရှောက်ဖြင့် ဂျာမန်နယ်စပ်သို့ ပြန်ပို့ခဲ့ရပြီး နောက်ဆုံးတွင် ပုဂ္ဂလိက လေယာဉ်ဖြင့်ပင် တူရကီသို့ ပြန်ပို့ခဲ့ရသည်။
“ကျမတို့တွေဟာ ကျမတို့ မိခင်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ ကျမတို့ရဲ့ ကောင်စစ်ဝန်ရုံးထဲကိုတောင် ဝင်ခွင့် မရဘူး။ လူ့ယဉ်ကျေးမှု အသိုင်းအဝန်းရဲ့ မွေးဖွားကြီးပြင်းရာ နေရာဟာ ဥရောပရဲ့ ဗဟိုချက်ဟုတ်ရဲ့လား”ဟု Betul Sayan Kaya က တွစ်တာတွင် ရေးသည်။
ရော့တာဒန်တွင် ဖြစ်ခဲ့သော ဖြစ်ရပ်များသည် ၂ နိုင်ငံလုံးကို ဒေါသဖြစ်စေခဲ့သည်။ သူ၏ နိုင်ငံရေးကို အစ္စလာမ်နှင့် မွတ်စလင် ပြည်ဝင်ခွင့်ကို လက်မခံသော အယူအဆ အပေါ် မှီခိုသော Wilders က ကန့်ကွက်ဆန္ဒပြသူများကို ဒတ်ချ် ဆန့်ကျင်ရေး သမားများ အဖြစ် လှောင်ပြောင်သည်။
“ဒီလူတွေဟာ တာ့ခ်တွေ ဖြစ်တယ်၊ နယ်သာလန် နိုင်ငံသားတွေက သူတို့ဟာ ဒတ်ချ်တွေ မဟုတ်မှန်း သိကြတယ်။ သူတို့တွေမှာ ဒတ်ချ်နိုင်ငံကူးလက်မှတ်တွေ ရှိပေမယ့် သူတို့ဟာ ဒီနေရာနဲ့ ဘာမှ မဆိုင်ဘူး” ဟု တွစ်တာတွင် ရေးကာ Betul Sayan Kaya ကိုလည်း လှောင်ပြောင်ခဲ့သည်။
“ထွက်သွား။ ဘယ်တော့မှ ပြန်မလာနဲ့။ နယ်သာလန်က ခင်ဗျားရဲ့ တာခ် ပရိသတ်တွေကိုလည်း ပြန်ခေါ်သွားပါ။ နှုတ်ဆက်ပါတယ်” ဟု တွစ်တာတွင် သူက ရေးသည်။
တူရကီအရာရှိများက ဒတ်ချ်အစိုးရ၏ လုပ်ရပ်ကို ဖက်ဆစ်ဝါဒ အဖြစ် ရှုတ်ချပြီး Wilders ၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရသူ အလယ်ဗဟို လက်ယာဝါဒီ ဒတ်ချ်ဝန်ကြီးချုပ် Mark Rutte က တယူသန်ဝါဒကို အားပေးသူ ဖြစ်သည် ဟု ပြောသည်။
ဆီးရီးယားဒုက္ခသည် အကျပ်အတည်းနှင့် ဥရောပ၏ ကာ့ဒ်ခွဲထွက်ရေးသမားများ အပေါ် အလွန်အကျွံ အာရုံစိုက်သည် ဟု ယူဆချက်များနှင့် ပတ်သက်ပြီး တူရကီနှင့် ဥရောပသမဂ္ဂအကြား တင်းမာမှုများ မြင့်တက်နေသည်မှာ ၂ နှစ်မျှ ကြာပြီ ဖြစ်သည်။ သူ၏ ငြင်းခုံဆွေးနွေးမှုများ၌ Erdogan သည် အနောက်တိုင်း၏ မောက်မာမှုနှင့် ဝင်ရောက် စွက်ဖက်မှုများ အပေါ် နာကျည်းမှုကို အမြဲ ပျိုးထောင်ပေးသည်။
“လွန်ခဲ့တဲ့ရက်တွေမှာ အနောက်ကမ္ဘာဟာ မျက်နှာဖုံး ကွာကျလာတယ်။ ကျနော်တို့ တွေ့နေရတာ အစ္စလာမ်ကြောက် ရောဂါ ဆိုတာ ရှင်းပါတယ်။ နာဇီဝါဒဟာ ခေတ်ကုန်သွားပြီလို့ ကျနော် ထင်ကြောင်း ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်မှားသွားပြီ။ နာဇီဝါဒဟာ အခု အနောက်တိုင်းမှာ ရှိနေသေးတယ်” ဟု တာ့ခ် လူထုစုဝေးပွဲများကို ဂျာမန် အာဏာပိုင်များက ပိတ်ပင်ရန် ဆုံးဖြတ်သော အခါ Erdogan က တနင်္ဂနွေနေ့ လူထုစည်းဝေးပွဲတွင် စွပ်စွဲခဲ့ဖူးသည်။
Erdogan ၏ အထက်တန်း ပြောခွင့်ရသူ Ibrahim Kalin က Geert Wilders ၏ တွစ်တာရေးသားချက်ကို တိုက်ရိုက် တုံ့ပြန် သည်။
“အစ္စလာမ်ဆန့်ကျင်ရေး လူမျိုးရေးဝါဒီ ဖက်ဆစ်တွေကို အရှုံးပေးတာ ဒတ်ချ်အစိုးရ အတွက် အရှက်ရစေ ပြီး ရှည်ကြာစွာ တည်ရှိခဲ့တဲ့ တူရကီ-နယ်သာလန် ဆက်ဆံရေးကို ထိခိုက်စေတယ်။ နယ်သာလန် ရွေးကောက်ပွဲက ရက်အနည်းငယ် လိုသေးပေမယ့် Geert Wilders အာဏာရသွားပြီ ဆိုတာ ကျုပ်တို့ မနေ့ညက တွေ့ရတယ်။ တူရကီ ဝန်ကြီးတွေကို တားဆီးတဲ့ ဒတ်ချ်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နိုင်ငံသားတွေ အပေါ် အင်အားသုံး တဲ့ ဆုံးဖြတ်ချက်တွေဟာ ဥရောပဒီမိုကရေစီ အတွက် မှောင်မိုက်တဲ့ နေ့တွေပဲ” ဟု သူက တွစ်တာတွင် ရေးသည်။
ထို အပြန်အလှန် စွပ်စွဲပြောဆိုမှုမှာ ပိုမိုဆိုးရွားလာနိုင်သည်။ တူရကီအရာရှိများက လက်စားချေရန် ပြောနေကြပြီး လတ်တလော ခွင့်ယူထားသော အင်ကာရာရှိ ဒတ်ချ်သံအမတ် ပြန်လာလျှင် တားမြစ်နိုင်သည်။
“တူရကီနဲ့ နယ်သာလန်က တူရကီလူမျိုး အသိုင်းအဝန်းကို ဆန့်ကျင်တဲ့ ဒီလေးနက်တဲ့ ဆုံးဖြတ်ချက်ဟာ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြားနယ်ပယ် တွေမှာ ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာမှာပဲ” ဟု တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အချို့သော Erdogan လိုလားသည့် ဆန္ဒပြသူများသည် စုရုံးကြပြီး ဒတ်ချ်များကို ရည်ရွယ်ကာ လိမ္မော်သီးများကို ဒေါသသင်္ကေတအဖြစ် ညှစ်ကာ သောက်ကြသည်။
ရွေးကောက်ပွဲ အကြိုကာလတွင် ဒတ်ချ်ဝန်ကြီးချုပ်က ဒတ်ချ်မွတ်စလင်များ အနေဖြင့် ဒတ်ချ်လူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းရန် ကြိုးစားရမည် ဟု ပြောကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ ပိုမိုတင်းမာသော လမ်းကြောင်းကို နင်းလိုက်သည်။ ရွှေ့ပြောင်းအခြေချများ အနေဖြင့် ပုံမှန်အတိုင်း နေထိုင်ကြရန်၊ မနေနိုင်ပါက ထွက်သွားကြရန် သတင်းစာ စာမျက်နှာပြည့် ကြော်ငြာပင် ထည့်လိုက်သေးသည်။
ထိုကဲ့သို့သော လုပ်ရပ်များကြောင့် ဆန္ဒသဘောထား ကောက်ယူမှုများတွင် Rutte ကို ယခင်က ရှေ့တန်းမှ ပြေးနေသူ Wilders နှင့် သူ၏ လက်ယာစွန်း လွတ်လပ်မှု ပါတီ ထက်ပင် ရှေ့တန်းရောက်စေသည်။ Wilders ၏ အစွန်းရောက် နိုင်ငံရေးနှင့် ဒတ်ချ်မဲများ ကွဲထွက်ခြင်းကြောင့် Wilders သည် သူ၏ ပါတီနိုင်လျှင်ပင် အတိုက်အခံအဖြစ် ဆက်နေရစေမည့် သဘောရှိသည်။
တူရကီ အာဏာပိုင်များသည် ငြိမ်းချမ်းသော ဒီမိုကရက်တစ် တာ့ခ်စုဝေးပွဲများ အပေါ် ဖိနှိပ်မှုကို ဆန့်ကျင်သော်လည်း Erdogan ၏ ဆန္ဒခံယူပွဲမှာ သူ၏ အာဏာရှင်စနစ် ခိုင်မာစေရန် နည်းလမ်းဖြစ်သည် ဟု ဝေဖန်ကြသည်။ Erdogan အား လွန်ခဲ့သော နွေက မအောင်မြင်သော အာဏာသိမ်းမှုအပြီးတွင် တူရကီအစိုးရသည် တိုင်းပြည် ဗျူရိုကရေစီ အုပ်ချုပ်ရေး အဆင့်ဆင့်နှင့် လူမှုအခြေပြု အဖွဲ့များကို သန့်စင်ရေးပြုလုပ်သည်။ တူရကီ၏ ပါလီမန်စနစ်ကို ဖျက်သိမ်းရေးသည်လည်း Erdogan လက်အောက်မှ ဒီမိုကရေစီကို ဖော်ပြသော အန္တရာယ်ကြီးသည့် ခြေလှမ်းဟု မြင်ကြသည်။
သို့တိုင် Erdogan ၏ အဖွဲ့သည် နိုင်မည်ဟူသည့် အာမခံချက် မရှိသေးပေ။ တိုင်းပြည်၏ ခါးသီးစွာ ကွဲပြားသော အတိုက်အခံများသည် Erdogan ကို ဆန့်ကျင်စုစည်းနေသောကြောင့် လူထုသဘောထား စစ်တမ်းများကမူ ရွေးကောက်ပွဲသည် အသေအလဲ ပြိုင်ရမည် ကို ပြသနေသည်။ ထို့ကြောင့် အလယ်အလတ်ဝါဒီ အစ္စလာမ်များသည် Erdogan နှင့် သူ၏ အမျိုးသားရေးဝါဒီ လုပ်ထုံးလုပ်နည်းများမှ ဆန္ဒမဲများကို ဆွဲယူနေကြသည်။
Wilders သည်ပင် လွန်ခဲ့သော စနေနှင့် တနင်္ဂနွေ ရက်များက ဖြစ်ရပ်များကို လက်ညှိုးထိုးပြီး ရွေးကောက်ပွဲ အတွက် ထောက်ခံမှုနှုန်း မြင့်မားလာရေးကို မျှော်လင့်နိုင်သည်။ သူသည် သူ၏ အခေါ် အာဏာရှင် Erdogan နှင့် ၎င်းကို ချော့မော့နေသော ဥရောပခေါင်းဆောင်များကို ဝေဖန်နေသည်မှာ အတန်ကြာပြီ ဖြစ်သည်။ Wilders သည် တူရကီ နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်ကို ဆန့်ကျင်ပြီး သဟိဂ်မြို့ရှိ တူရကီသံရုံးရှေ့တွင်ပင် ခဏမျှ ဆန့်ကျင်ဆန္ဒပြခဲ့ သေးသည်။ သူသည် “ဒါငါတို့နိုင်ငံ။ လက်ရှောင်နေပါ” ဟု ရေးထားသည့် စာတမ်းရှေ့တွင် ရပ်နေခဲ့ဖူးသည်။
“လူ့အဖွဲ့အစည်းတခုဟာ နိုင်ငံခြားသား မုန်းတီးရေး အရ မွတ်စလင်တွေကို ဆန့်ကျင်ရတဲ့ အခါ သူတို့က တခြားသူတွေ အားလုံးကို မုန်းတယ်၊ ကန့်သတ်ချုပ်ချယ်တာတွေ ပိုလိုချင်တယ်။ တံတိုင်းတွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးတွေ ပိုလိုချင်လာတယ်” ဟု တူရကီ သတင်းဝေဖန်သူ တဦးက Erdogan ကို အလွန်ထောက်ခံသော Daily Sabah သတင်းစာတွင် ရေးသည်။ “ဒါဟာ ဥရောပသားတွေ ဆယ်စုနှစ်များစွာ ထူထောင် တည်ဆောက်ထားတဲ့ ပြည်ထောင်စုကို နိဂုံးချုပ်သွားစေလိမ့်မယ်” ဟု ထိုဝေဖန်ချက်က ဆက်လက်ရေးသားသည်။
ထိုကောက်ချက်သည် Wilders နှင့် သူ၏ လက်ယာစွန်း ထောက်ခံသူများ အတွက် နားဝင်ပီယံ ဂီတသံပင် ဖြစ်နေပေတော့သည်။
ကိုးကား ။ ။ The Washington Post နှင့် သတင်းအေဂျင်စီများ