မြန်မာနိုင်ငံမှ နိုင်ငံရေး အခင်းအကျင်းများ ပြောင်းလဲခြင်းက နိုင်ငံ၏ ပြည်သူများ အပေါ် ပုံစံ အမျိုးမျိုးဖြင့် သက်ရောက် ခဲ့ပါသည်။
ကံမကောင်းသည့် နိုင်ငံသားများထဲတွင် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၏ အပြင်ဖက်တွင် ဆက်လက်ရှိနေဆဲ ဖြစ်သည့် သောင်းနှင့် ချီသော လူငယ် ဒုက္ခသည်များလည်း ပါဝင်သည်။
ထောင်ပေါင်းများစွာသော လူငယ်များမှာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် မရေရာသော အခြေအနေများ ဖြင့်နေထိုင် နေကြရသည်။ နိုင်ငံတကာနှင့် ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှု အပေါ်တွင် မှီခိုနေကြရသော ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များမှာ အလှူရှင်များ၏ ငွေကြေးထောက်ပံ့မှု ကျဆင်းလာခြင်းကြောင့် ဆိုးဆိုးရွားရွား ထိခိုက်နစ်နာခဲ့ရသည်။
ဒုက္ခသည်အများစုမှာ ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ပဋိပက္ခများနှင့် မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် ထွက်ပြေးခဲ့ကြသော ကရင်တိုင်းရင်းသားများ ဖြစ်သည်။
အထောက်အပံ့များ လျော့နည်းလာခြင်း အပြင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ကျန်ရှိနေဆဲ ဖြစ်သည့် ဒုက္ခသည် ၁၀၀၀၀၀ ခန့်အတွက် နောက်ထပ် ထိုးနှက်မှုတခုမှာ သူတို့ကို မိခင်နိုင်ငံသို့ မကြာမီ ပြန်ပို့ပေးတော့မည် ဆိုသည် ယူဆမှု များ တိုးပွားလာနေခြင်း ဖြစ်သည်။ အမေရိကန် အစိုးရက ဒုက္ခသည် ခေါ်ယူ နေရာချထားပေးခြင်း အစီအစဉ်ကို ၂၀၁၄ ခု နှစ်တွင် ပြန်လည်ရုပ်သိမ်းသွားခြင်းကဲ့သို့သော အဖြစ်များကြောင့် အဆိုပါ အယူအဆက ပိုမို အားကောင်းလာခဲ့သည်။
လက်တွေ့မြေပြင် အခြေအနေများက လုံခြုံစိတ်ချစွာ အိမ်ပြန်နိုင်သည့် အချိန်ကောင်း မဟုတ်ကြောင်း လက်တွေ့မြေပြင် အခြေအနေများက ဖော်ပြနေသော်လည်း မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်များက အရှိန်ရနေပြီ ဖြစ်သည်။
လူငယ် အများအပြားအတွက် ဒုက္ခသည်စခန်းသည်သာ သူတို့ သိသောအိမ် ဖြစ်ပါသည်။ ဒုက္ခသည်စခန်းတွင် နေထိုင် ရ သည့် ဘဝနှင့် ဒုက္ခသည်စခန်းတွင် နေထိုင်သော သူများအတွက် အနာဂတ်အလားအလာက ပြီးခဲ့သည့် နှစ် အနည်းငယ် အတွင်းတွင် ပိုမိုဆိုးရွားလာခဲ့သည်။ ဒေသတွင်း အဖွဲ့အစည်းများက ဒုက္ခသည်စခန်းများတွင် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်မှုနှုန်း သိသိသာသာ မြင့်တက်လာခြင်းကို မှတ်တမ်းတင်ခဲ့ကြသည်။ အထူးသဖြင့် လူငယ်များထဲတွင် ဖြစ်သည်။
ထိုသို့ ဖြစ်ရခြင်း အကြောင်းမှာ စိတ်ဖိစီးမှု၊ မူးယစ်ဆေးနှင့် အရက်ကြောင့် ဖြစ်ရသည်ဟု သတ်မှတ်ခဲ့ကြသည်။ လူငယ်များ၏ လူမှုရေးနှင့် သက်ဆိုင်သည့် အခြားအကြောင်းများထဲတွင် ကျောင်းမှထွက်သည့် နှုန်းမြင့်မားလာ ခြင်းနှင့် ဆယ် ကျော် သက်အရွယ်တွင် အိမ်ထောင်ပြုမှု များပြားလာခြင်းတို့လည်း အပါအဝင် ဖြစ်သည်။
မိခင်နိုင်ငံသို့ ပြန်ရေးအတွက် ဖိအားများ မြင့်တက်လာသည့် အချိန်တွင် ဒုက္ခသည်များက မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှ လက်တွေ့အခြေအနေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေလာကြသည်။ ၂၀၁၂ ခုနှစ်တွင် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီး နောက်ပိုင်း တွင် တိုက်ပွဲများ နှင့် အရပ်သားများကို ဦးတည်တိုက်ခိုက်မှု နည်းလာခဲ့သော်လည်း မြေသိမ်းယူမှုများ တိုးလာခဲ့ပြီး မြန်မာ တပ်မတော်ကလည်း ကရင်ကျေးရွာများ အနီးတွင် အခိုင်အမာ တပ်စွဲထားခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မရေရာခြင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှ စစ်ပွဲများကြောင့် ပဋိပက္ခများ မကြာခနဖြစ်ပေါ်နေခြင်း နှင့် မြေမြှုပ်မိုင်းများဖြင့် ပြည့်နေသော မြေတို့က ဒုက္ခသည်များ နေအိမ်ပြန်ရေးအတွက် စိုးရိမ်စရာများထဲမှ တစွန်းတစမျှသာ ဖြစ်ကြောင်း နားလည်နိုင်ပါသည်။
ပြီးခဲ့သည့် နှစ်ပေါင်းများစွာ အတွင်းတွင် ဒုက္ခသည်များက နယ်စပ်ကို ကျော်ဖြတ်၍ ထိုင်းနိုင်ငံသို့ ထွက်ခွာနေခဲ့ကြပြီး ထိုင်း နိုင်ငံက သူတို့ အတွက် အဆင့်မြင့်ပညာရေး အစီအစဉ်များ အပါအဝင် စွမ်းဆောင်ရည်တည်ဆောက်ရေး ဆောင်ရွက်မှု များအတွက် အရေးပါသည့် နေရာတခု ဖြစ်လာခဲ့သည်။
ယခုအချိန်အထိ အဆိုပါ အစီအစဉ်များက အတူတကွနေထိုင်ကြသော လူငယ်တိုင်းရင်းသား ဒုက္ခသည်များကို သူတို့နိုင် ငံ ၏ လူမျိုးစုံလင်သော သမိုင်းကြောင်း နှင့် အတူ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး နှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးရေး အစရှိသည့် ဘာသာရပ်များကို လေ့လာသင်ယူခဲ့ကြသည်။
အစိုးရ ပညာရေးစနစ်ကဲ့သို့ မဟုတ်ဘဲ သင်ကြားရေး စနစ်က ကျောင်းသားများကို ဗဟိုပြုပြီး ဘဝတသက်တာလုံး ဆက် လက်လေ့လာသင်ယူနိုင်ရေး နှင့် သတင်းအချက်အလက်များကို လွတ်လပ်စွာ ဝေဖန်ဆန်းစစ်နိုင်သည့် စွမ်းရည်များ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်သည်။
ဒုက္ခသည် လူငယ်များ အတွက် မိမိသဘောနှင့်မိမိ အိမ်သို့ပြန်ကြရေးအတွက် အဓိပ္ပါယ်ပြည့်ဝသော ဖွင့်ဆိုချက် မှန်သမျှ အတွက် နောက်ထပ်အတားအဆီးတခုမှာ ဒုက္ခသည်များ၏ ပညာရေးဆိုင်ရာ လက်မှတ်များကို အသိအမှတ်မပြုခြင်း ဖြစ် သည်။ နယ်စပ်တလျှောက်မှ ပညာရေးအဆင့်အတန်းက မြင့်မားသော်လည်း ဒုက္ခသည်များ၏ ပညာရေးကို မြန်မာနိုင်ငံနှင့် ကမ္ဘာ့ အနှံ့အပြားတွင် အသိအမှတ်မပြုသည်က များနေသည်။
အရေးပါသည့် ခြွင်းချက်အချို့ အနေဖြင့် ဒုက္ခသည် ကျောင်းသူကျောင်းသားများ က တတိယနိုင်ငံများရှိ တက္ကသိုလ်များ တွင် ပညာသင်ကြားခွင့်ရနိုင်သည့် လမ်းကြောင်းများနှင့် အချို့မှာ မြန်မာနိုင်ငံတွင် ကျောင်းသား အဖြစ်အသိအမှတ်ပြု ခံရခြင်းများ ရှိနေသော်လည်း လက်ရှိ အချိန်တွင် ကျောင်းသား အနည်းငယ်မျှသာ ထိုသို့ လုပ်ဆောင်နိုင်ခဲ့ကြပါသည်။
သူတို့၏ ပညာသင်ကြားမှုကို ဆက်လက်ဆောင်ရန် စိတ်အားထက်သန်နေသည့် ကျောင်းသူကျောင်းသားများ၏ အိပ်မက် အတွက် အတားအဆီးမှာ အစိုးရ ကျောင်းတခုုခုမှ ဆယ်တန်း အောင်လက်မှတ် ရှိထားရန် လိုအပ်ခြင်း ကဲ့သို့သော ကိစ္စ များ ဖြစ်သည်။ ဒုက္ခသည်စခန်းများ နှင့် နယ်စပ်ဒေသမှ အောင်လက်မှတ်များမှာ ဆယ်တန်း အထက်(၁၂တန်း) အောင်မြင်ကြောင်းလက်မှတ်များ နှင့် ၎င်းထက်မြင့်သော အောင်လက်မှတ်များကိုပင် လက်ခံလေ့ မရှိပါ။
ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်က အလုံးစုံ ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်နေသည့်တိုင်အောင် မြန်မာနိုင်ငံမှ အောင်လက်မှတ်များက နိုင်ငံတကာက အသိအမှတ်ပြု ခြင်း ခံရနေသည်။
လတ်တလော ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ နောက်လာမည့် ၅ နှစ် အတွက် ပညာရေးပြုပြင် ပြောင်းလဲရေး ဦးတည်ချက်များကို ဖော်ပြထားသည့် အမျိုးသား ပညာရေး စီမံကိန်းတွင် ဒုက္ခသည်များ၏ ပညာရေးကို အသိအမှတ်ပြုရေးက အစီအစဉ်တခု အဖြစ် ပါဝင်နေ ခဲ့ခြင်း မရှိပါ။
ထို့ကြောင့် ဒုက္ခသည် လူငယ်များက အနည်းဆုံး နောက်လာမည့် ဆယ်စုနှစ် တဝက်လောက်အထိ ပညာရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းများထဲတွင် ပါဝင်ဦးမည် မဟုတ်သည့် သဘောဖြစ်နေပါသည်။ ဒုက္ခသည် စခန်းများကို မည်သည့် အချိန်တွင် အပြီးပိတ်သိမ်းမည်ဖြစ်သည်ကို မည်သူမျှ မသိကြသည့် အတွက် အရေးကြီးသော အချိန် ဖြစ်ပါသည်။
နယ်စပ်ဒေသ တလျှောက်မှ လူငယ်များမှာ သူတို့၏ အရည်အသွေးမြင့်သော ပညာရေးနှင့် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ ကြသည့် အတွက် အသိအမှတ်ပြုမှုနှင့် ထိုက်တန်သည်သာမက အကယ်၍ မြန်မာအစိုးရက နယ်စပ်ဒေသတလျှောက်မှ ကျယ်ပြန့်သော လူသား အရင်းအမြစ်ကို လက်ခံ အသိအမှတ်ပြုခြင်း မရှိခဲ့လျှင် သူတို့ အနေဖြင့် ဇွဲလုံလ နှင့် ယှဉ်ပြိုင်မှု ကောင်းသော အနာဂါတ် ခေါင်းဆောင်များ နှင့် ငြိမ်းချမ်းရေး တည်ဆောက်သူ အများအပြားကို ဆုံးရှုံးရမည့် အန္တရာယ် ရှိနေပါသည်။
နယ်စပ်ဒေသ တလျှောက်မှ လူငယ်များသည် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာများ နှင့် ဖိနှိပ်မှုကို မျိုးဆက်နှင့် ချီ၍ ကြံ့ကြံ့ ခံရင်ဆိုင်ခဲ့သော မိသားစုများမှ လာသူများ ဖြစ်ကြပါသည်။ ပဋိပက္ခတွင် သူတို့ကိုယ်တိုင် ကြုံခဲ့သည့် အတွေ့အကြုံများ နှင့် ရေရှည် တည်မြဲသည့် ငြိမ်းချမ်းရေး ရရှိလိုသည့် ပုဂ္ဂိုလ်ရေး အကြောင်းရင်းခံများကြောင့် အဆိုပါ လူငယ်များက မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် ကြီးမားသော ပါဝင်မှု ဖြစ်စေမည် ဆို သည်ကို သံသယရှိစရာမလိုပါ။
အဆင့်မြင့် ပညာများတတ်မြောက်ထားကြသည့် လူငယ်များ အပါအဝင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်မှ လက်ရှိ ဒုက္ခသည် များက မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး၏ အပြင်တွင် လုံးလုံးလျားလျားရောက်ရှိနေသည် မဟုတ် လျှင်ပင် ဘေးရောက်နေဆဲ ဖြစ်ပါသည်။
စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပဋိပက္ခ ထိခိုက်ခံစားခဲ့ရသည့် အသိုင်းအဝိုင်းများမှ လူငယ်များက အရေးကြီးပါသည်။ ဒုက္ခသည် လူငယ်များ ဦးဆောင်သည့် လူငယ်အဖွဲ့အစည်းများက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အပါ အဝင် အရေးပါသည့် အစည်းအဝေးများတွင် စဉ်ဆက်မပြတ်ပါဝင်နိုင်ရေးနှင့် ဒုက္ခသည်များ၏ ပညာရေးကို ပညာရေး ဝန်ကြီးဌာန နှင့် အမျိုးသားအဆင့် အဆင့်မြင့် ပညာရေး အဖွဲ့အစည်းများက အသိအမှတ်ပြုရေးတို့လည်း လုပ်ငန်းစဉ်များ တွင် ပါဝင်ရန် လိုအပ်ပါသည်။
အကြောင်းအမျိုးမျိုးတို့ကြောင့် လူငယ်ဒုက္ခသည် အများစုက ပြန်ရမည့် အချိန် မဟုတ်သေးဟု ခံစားကြရသော်လည်း လူငယ် ဒုက္ခသည်များ အနေဖြင့် သူတို့၏ အနာဂါတ်အပေါ် တိုက်ရိုက်သက်ရောက်နိုင်မည့် လုပ်ငန်းများတွင် ပါဝင်ရန် အခွင့် အရေးတခု ရှိသင့်ပါသည်။
ဒုက္ခသည်များ နှင့် အခြား ရွှေ့ပြောင်းနေထိုင်သူများ မိမိသဘောနှင့် မိမိ အဓိပ္ပါယ်ရှိစွာပြန်နိုင်သည့် အချိန်ထိ၊ ဒုက္ခသည် များ၏ ပညာရေးကို ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အသိအမှတ်ပြုသည့် အချိန်အထိ နိုင်ငံတကာ အသိုင်း ဝိုင်းက နယ်စပ်ဒေသတလျှောက်၏ ဒုက္ခသည်များနှင့် သူတို့၏ ပညာရေးအတွက် ဆက်လက်ထောက်ပံ့မှုများ ပြုလုပ်သွား ရန် အလွန်လိုအပ်ပါသည်။
(Leena Zieger သည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုများနှင့် ပဋိပက္ခကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အသိုင်း အဝိုင်း များ၏ အခွင့်အရေးကို တောင်းဆိုဆောင်ရွက်ပေးနေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း တခုဖြစ်သည့် Burma Link ကို တည်ထောင်သူ နှင့် International Coordinator ဖြစ်ပါသည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ “Unrecognized and Forgotten: Refugee Youth in Burma’s Transition။” ကို ဘာသာပြန်ဆိုခြင်းဖြစ်ပါသည်)