ဆောင်းပါး

ရေချွေတာရေး နည်းပညာကြောင့် အပူပိုင်းဒေသများ မျှော်လင့်ချက်ကြီးမားလာ

တဧကကျယ်သော သူ၏လယ်မှ စပါးတင်းတရာ ထွက်ခဲ့သည်ကို ဦးမျိုးမြင့် ကောင်းစွာ မှတ်မိနေသည်။ သို့သော် ဤအပူပိုင်းဒေသတွင် မိုးသည် မူမမှန်သောကြောင့် ရေသိပ်မလိုသော ငွေပေါ်သီးနှံ ကွမ်းကို စတင်စိုက်ပျိုးရ သည်။

အသက် ၅၀ ရှိပြီဖြစ်သော ဦးမျိုးမြင့်သည် ယခုနွေတွင် မြန်မာပြည်အလယ်ပိုင်းအပူပိုင်းဇုန်မှ သူ၏လယ်မြေတွင် မည်သည့် အပင်မျှ မစိုက်ပျိုးဘဲထားရန် စဉ်းစားနေသည်။ မတ်လတွင် အိမ်နောက်ဖေးမှ စမ်းချောင်း ရေခန်းသွားပါက ရေသွင်းစိုက် ပျိုးရမည့်စရိတ်သည် မည်သည့်သီးနံှမဆိုမှ ရမည့်ငွေထက် ပိုမိုများပြားနေသောကြောင့် ထိုသို့စဉ်းစားနေရခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မိုးခေါင်ရေရှားမှုနှင့် နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာခြင်းတို့သည် သူ၏လယ်ကို ဒုက္ခပေးနေပြီးဖြစ်သည်။

“ရေက တနှစ်ထက် ပိုပိုရှားလာတယ်။ သီးနှံတွေ ဆက်စိုက်နေချင်ပေမယ့် ရေမရှိဘဲ ဘာမှလုပ်လို့မရဘူး” ဟု သူ၏ခြေတံ ရှည်အိမ်အောက်တွင် ထိုင်ရင်း သူပြောပြသည်။

သူနေထိုင်ရာ ပခုက္ကူမြို့နယ်မှ မြေနီတွင်းကျေးရွာသည် ရှေးဟောင်းစေတီပုထိုးများကြောင့် ကမ္ဘာလှည့်ခရီးများ လာ ရောက်သည့်ထိပ်တန်းနေရာပုဂံနှင့် နှစ်နာရီခရီးသာ ဝေးကွာသည်။

“ကျနော်တို့ ငယ်ငယ်က ဒီစမ်းချောင်းက ဘယ်တော့မှ ရေမခန်းဘူး။ အခုတော့ မိုးနည်းလာပြီ။ ဘာမှစိုက်လို့မရတော့ဘူး” ဟု သူပြောသည်။

မြန်မာနိုင်ငံသည် မကြာသေးမီကမှ ဆယ်စုနှစ်များစွာသော စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်လာပြီးနောက် ပိုမိုကြီးမားသော ရပ်တည်ရေး ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။

လူဦးရေသန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းကြောင့် ဒုတိယအထိခိုက်ဆုံးနိုင်ငံဖြစ်နေသည် ဟု သုတေသနအဖွဲ့ Germanwatch ၏ ကမ္ဘာ့ရာသီဥတု အန္တရာယ်အညွှန်းကိန်း Global Climate Risk Index အရ သိရ သည်။

မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းမှမြို့နယ် ၅၈ ခုပါဝင်သောအပူပိုင်းဒေသတွင် မိုးရေသုံးစိုက်ပျိုးရေးအပေါ်မှီခိုသော လူဦး ရေ ဆယ်သန်းခန့်နေထိုင်သည်။ ထိုဒေသသည် နှစ်ပတ်လည်ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

၂၀၅၀ ခုနှစ်သို့ရောက် လျှင် ပခုက္ကူတွင် အပူချိန် ၃ ဒီဂရီစင်တီဂရိတ်တိုးပြီး မိုးရာသီလည်း တိုတောင်းလာမည်ဟု ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ တို့က ငွေကြေးထောက်ပံ့သည်အစီအစဉ်ဖြစ်သည့် မြန်မာရာသီဥတုပြောင်းလဲမှုမဟာမိတ် Myanmar Climate Change Alliance (MCCA) ၏မကြာသေးမီက လေ့လာမှုအရ သိရသည်။

ယခုတွင်ပင် ဝင်ငွေထွက်ငွေမမျှဖြစ်နေသည့် ဦးမျိုးမြင့်ကဲ့သို့သော လယ်သမားများမှာ ရာသီပြောင်းလဲမှုဒဏ်ကို အဓိက ခံကြရမည်ဖြစ်သည်။

သူ၏ရွာတွင် ရေတွင်းတတွင်းရှိသော်လည်း ရေစုတ်ထုတ်လျှင် ငွေကုန်ကြေးကျများလှသည်ဟု သူပြောသည်။ ထိုကြောင့် ပင် သူသည် လယ်သမားများအတွက် တန်ဖိုးသင့်ပစ္စည်းများထုတ်လုပ်ပေးနေသော မြန်မာနိုင်ငံ အခြေစိုက်လူမှုဝန်ဆောင် လုပ်ငန်း Proximity Designs မှဒီဇိုင်းရေးဆွဲသူကို ကိုတေဇာလင်း၏ လက်ထဲမှ မြေသားစိုထိုင်းမှု အာရုံခံကိရိယာကို စမ်းသပ်ပုံ စံများကို လွန်စွာ စိတ်ဝင်စားနေခြင်းဖြစ်သည်။

ကိုတေဇာလင်းက တဖက်ထိပ်တွင် ဖတ်ရှုမျက်နှာပြင်ဒိုင်ခွက်ပါပြီး အခြားအောက်ဘက်တွင် သတ္တုစပ် ထိပ်စွပ်ကြေးချောင်း ပါသည့် ထူးဆန်းသောကိရိယာကို မြေသားအတွင်းထိုးသွင်းလိုက်စဉ်” ဒါမျိုးတခုကို ဖေ့စ်ဘွတ်မှာ တွေ့ပြီးကတည်းက စိတ်ဝင်စားနေတာ” ဟု ဦးမျိုးမြင့်က ပြောသည်။

ဒိုင်ခွက်မျက်နှာပြင်မှလက်တံသည် အစိမ်းရောင်ဘက်သို့ရွှေ့သွားပြီး မြေသားအတွင်း ရေရှိနေသေးကြောင်း ပြသနေသည်။ အနီရောင်က ခြောက်သွေ့ကြောင်းပြပြီး အပြာရောင်က ရေများလွန်းကြောင်း ပြသည်။

အဖိုးတန်လှသော ရေကို ချွေတာရန်အတွက် လက်ရှိ သူလုပ်နေကျ နှစ်ရက်တကြိမ် ရေလောင်းခြင်းကို ရေလိုအပ်မှသာ လောင်းရန် ဦးမျိုးမြင့် စိတ်ကူးနေသည်။

မြေသားစိုထိုင်းမှု အာရုံခံကိရိယာ

တိရစ္ဆာန်မွေးမြူရေး၊ ငါးမွေးမြူရေးနှင့် သစ်တော အပါအဝင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ လေးဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး နိုင်ငံ၏လုပ်သားအင်အားစု၏ ထက်ဝက်ခန့်ကို အလုပ်အကိုင် ပေးထားသည်ဟု အစိုးရ ၁၂ ခုက ပံ့ပိုးသော ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ရန်ပုံငွေအဖွဲ့ Livelihoods and Food Security Trust Fund (LIFT) မှ ဒါရိုက်တာ Andrew Kirkwood ၏အဆိုအရ သိရသည်။

“လယ်ယာစိုက်ပျိုးရေးက မြန်မာ့စီးပွားရေးနဲ့ အနာဂတ်စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရမ်းအရေးပါတယ်” ဟု သူပြောသည်။

LIFT အဖွဲ့၏ ၂၀၁၃ ခုနှစ်စစ်တမ်းတခုအရ အပူပိုင်းဇုန်သည် မြန်မာနိုင်ငံ၏ရေအရှားပါးဆုံး ဒေသဖြစ်ပြီး ရိက္ခာဖူလုံမှု အနည်းဆုံးဒေသများတွင် ပါဝင်သည်။ ပြည်ပတွင် ထုတ်လုပ်သည့်ဈေးမမြင့်သော ရေအာရုံခံကိရိယာများကို ဈေးကွက်တွင် ရနိုင်သော်လည်း အသုံးပြုနည်းညွှန်ကြားချက်များမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းမရှိသလို မြေအမျိုးအစားလည်း ကိုက်ညီမှုမရှိပေ။

Proximity Designs ၏အာရုံခံကိရိယာမှာမူ ရွှံ့နှင့်မြေဆီလွှာကောင်သောနေရာများတွင်လည်း ကောင်းစွာအသုံးပြုနိုင်ပြီး စနစ်တကျသုံးတတ်ရန် ၎င်း၏ဝန်ထမ်းများက လယ်သမားများကို လေ့ကျင့်ပေးနိုင်သည်ဟု Proximity Designs က ပြော သည်။

တတ်နိုင်သောဈေးနှုန်းဖြစ်သည့် ကျပ်ငွေ သုံးသောင်းဖြင့် လက်လီရောင်းချမည်ဟု မျှော်လင့်ရသော ထိုကိရိယာကို အပူပိုင်း ဇုန်မြို့နယ် သုံးခုတွင် စမ်းသပ်နေသည်ဟု Proximity ၏ အသုံးပြုသူများဆိုင်ရာ သုတေသနမန်နေဂျာ Louisa-Jane Richards က ပြောသည်။

ပန်း၊ ဟင်းသီးဟင်းရွက်နှင့် ကွမ်းစိုက်ပျိုးသူများကို လေ့လာမှုတရပ်တွင် ၎င်းတို့သည် ၃၀ ရာခိုင်နှုန်း အလွန်အကျွံ ရေသုံး နေကြောင်းတွေ့ရသည်ဟု သူမက ပြောသည်။

ထိုနှုန်းကို ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပင်လျှင် မြေဧကဝက်အတွက် တရာသီလျှင် ရေ ၁၇၀ ဂါလံချွေတာနိုင်မည်ဟုလည်း ဆိုသည်။ နေအိမ်ဝင်းအတွင်း စိုက်ပျိုးရေး အပူပိုင်းဇုန်မှ မိသားစုများသည် ရေစက်ချ ရေပေးစနစ်နှင့် အပင်ကို မြေတွင် မစိုက်ဘဲ ရေ သို့မဟုတ် သဲတွင်းစိုက်ပျိုးသောစနစ် hydroponics အသုံးပြုပြီး နေအိမ်ခြံဝင်းအတွင်း အာဟာရဖြစ်စေသော အစားအစာများစိုက်ပျိုးရေးအတွက်လည်း အကူအညီရရှိနေကြသည်။

ဦးမောင်မောင်နှင့် hydropnics နည်းဖြင့် စိုက်ပျိုးသည့် သူ၏ အိမ်နောက်ဖေးစိုက်ခင်း

အီတလီနိုင်ငံမှ အကျိုးအမြတ် မရှာသောအဖွဲ့အစည်းTerre des Hommes (TdH) ကလည်း LIFT ၏ထောက်ပံ့မှုဖြင့် ကျေးရွာပေါင်း ၄၅ ရွာတွင် ထိုကဲ့သို့သောလုပ်ငန်းများကို ထူထောင်ထားသည်။

မြင်းခြံမြို့နယ်မှ ဖုန်ထူသော ကျေးရွာတခုဖြစ်သည့် ရွှေဘုံသာကျေးရွာသည် ရေကန်တခုကို အခြားရွာ ငါးရွာနှင့် မျှဝေ သုံးစွဲနေရသည်။ သို့သော် နွေရာသီတွင် ထိုကန်မှရေများ ခန်းခြောက်သွားသောအခါ ဒေသခံများမှာ အက်စစ်ဓာတ်ပါသော တွင်းရေများကိုသာ အားထားကြရပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ဈေးကြီးလာသည်။

အသက် ၄၆ နှစ်အရွယ်ရှိ ဦးမောင်မောင်သည် သူ၏ အိမ်နောက်ဖေးစိုက်ခင်းတွင် hydropnics နည်းဖြင့် စိုက်ပျိုးသည့် အလျား၃ မီတာနှင့် အနံ ၂မီတာရှိ သဲမြေပေါ်ရှိ ပူစီနန်စိုက်ခင်းမှ တရက်လျှင် ဝင်ငွေတထောင် ရနေသည်။ ထိုစနစ်သည် ဟင်းသီးဟင်းရွက်များကို စွန့်ပစ်ရေဘူးဟောင်းများဖြင့်  ရေပေး စိုက်ပျိုးပြီး အောက်ခြေမှရေ လက်ကျန်ကို ပြန်လည်သန့်စင်ပေးသည်။

တနေ့လျှင် ရေ ငါး ဂါလံမျှသုံးသော ဦးမောင်မောင်သည် မိသားစုဟင်းအတွက် ဂေါ်ဖီထုပ်နှင့်အခြားသီးနှံများလည်း စိုက်ပျိုးသေးသည်။

“ကျနော်တို့ အရင်ကဆို ဟင်းသီးဟင်းရွက်ဆိုတာ တတ်နိုင်မှ စားရတာ။ တပတ်မှ ၃ ခါလောက်ပဲ။ အခု ကျနော်တို့ လတ်ဆတ်ပြီး ပိုးသတ်ဆေးကင်းတဲ့ဟင်းသီးဟင်းရွက်ကို နေ့တိုင်းစားရတယ်” ဟု ပြောသည်။

သူ၏ အပိုသီးနှံမှရရှိသော အပိုဝင်ငွေသည် လာမည့်နွေရာသီလများတွင် အထောက်အကူပြုနိုင်သည်။ အခြားသော ရွာ သားများနည်းတူ သူ၏ အဓိကသီးနှံမှာ ပဲစင်းငုံဖြစ်သည်။ ယခုနှစ် ပဲစင်းငုံဈေး ရုတ်တရက် ကျသွားသည်။

ရေဘူးဟောင်းများဖြင့် ရေပေး စိုက်ပျိုးပြီး အောက်ခြေမှ ရေလက်ကျန်ကို ပြန်လည်သန့်စင်ပေးသည်

စနစ်တခုလုံး ကျယ်ပြန့်သည့်အပြောင်းအလဲ လတ်တလောအစားအစာနှင့် ရေလိုအပ်ချက်ကို ကျော်လွန်ကာ အပူပိုင်းဇုန်သည် ကြီးမားသောအပြောင်းအလဲများကိုလည်း ဖြတ်သန်းနေသည်။

ကျေးရွာအများအပြားတွင် လူငယ်များမှာ စွန့်ခွာသွားကြပြီးဖြစ်သောကြောင့် လယ်သမားများမှာ ၄၀ ကျော် ၅၀ အရွယ်များ ဖြစ်ကြသည်။ ဦးမောင်မောင်၏အရွယ်ရောက်ပြီး ကလေးသုံးဦးမှာ မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမှ စက်ရုံများတွင် အလုပ်လုပ်ကြသည်။

မြန်မာနိုင်ငံသည် လတ်တလော သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုများကို ကိုင်တွယ်ရန် လိုသည်ဟု မြန်မာရာသီဥတုပြောင်းလဲမှု မဟာမိတ် Myanmar Climate Change Alliance (MCCA) ၏နည်းပညာအကြံပေး အရာရှိချုပ်Pasquale Capizzi က ပြောသည်။

“ဒီလို တုံ့ပြန်ဆောင်ရွက်ရာမှာ ဒေသန္တရနဲ့ ပြည်ထောင်စုအစိုးရ၊ စီးပွားရေးလုပ်ငန်းတွေ၊ ရပ်ရွာအသိုင်းအဝန်းတွေ၊ လူမှုအခြေပြုအဖွဲ့တွေ အပါအဝင် လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့ ပါဝင်ရမယ်” ဟု လည်း သူပြောသည်။

“သီးနှံအမျိုးမျိုး၊ စိုက်ပျိုးနည်း အမျိုးမျိုး ၊စက်နဲ့ ထွက်နှုန်း တိုးတက်နည်းအမျိုးမျိုးကို အကျွမ်းတဝင်ရှိရမယ်။ ဒါပေမယ့် တချို့ ဒေသတွေမှာတော့ တခြားလုပ်ငန်းပြောင်းလုပ်ဖို့ လေ့လာဖို့ လိုကောင်းလိုမယ်” ဟု သူ ဆက်ပြောသည်။

ရာသီဥတုပြောင်းလဲမှုသည် ဆိုင်ကလုန်းမုန်တိုင်များ၊ ရေလွှမ်းမိုးမှုများနှင့်မိုးခေါင်ရေရှားမှုစသည့် အန္တရာယ်များကို ပိုမို မြင့်မားစေသော်လည်း မြေဆီလွှာ၊ ဆားငံရေဝင်ရောက်မှု၊ ကျန်းမာရေးနှင့် သီးနှံအထွက်အပေါ် တိတ်တဆိတ်သက် ရောက်မှုရှိသည်ဟုလည်း သူပြောသည်။

“ကံကြမ္မာကို လက်မခံဘဲ ပြန်လည်နိုးထ တိုးတက်ဖို့၊ ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့ ပင်ကိုယ်ပါစွမ်းအားတွေကို အားဖြည့်ဖို့၊ အခြေအနေပေါ်မှာ လိုက်ပြီး ပြည်သူတွေ ပြောင်းလဲနိုင်ဖို့အားထုတ်မှုတွေကို အားပေးရမယ်” ဟု လည်း Capizzi က ပြောသည်။

( Thomson Reuters Foundation ၏ Water-saving Technology Grows Hope in Burma’s Dry Zone ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

Loading