ဝါးကပ်တွေ ကျိုးတိုးကျဲတဲ မလုံမခြုံ ကာရံထားတဲ့ စာသင်ခန်းရဲ့ ခြံစည်းရိုးအပြင်မှာ “အခြေခံပညာ အလယ်တန်း ကျောင်းခွဲ ၊ ဂါတ်ထုကျေးရွာ၊ နောင်မွန်မြို့”ဆိုတဲ့ အစိမ်းရောင် ဆိုင်းဘုတ်သာ မရှိရင် ဒီကျောင်းဟာ အစိုးရ ကျောင်း ဆိုတာကို ဘယ်သူကမှ ယုံမှာမဟုတ်ပါဘူး။
ဆွေးမြေ့ပေါက်ပြဲနေတဲ့ စာသင်ခန်းရဲ့ ဝါးထရံတွေဟာ တက္ကသိုလ်ဝင်တန်း ဖတ်စာအုပ်မှာ ပါတဲ့ ရေသည်ပြဇာတ် ထဲက အဖာတစ်ရာနဲ့ ရေသည်မိန်းမရဲ့ထဘီ ထက်တောင် အခြေအနေဆိုးရွားနေတယ်လို့ ပြောရမလိုပါ။
“ကျမတို့ ကလေးတွေ ဒီလိုပဲစာသင်တယ်”လို့ ဒေါ်ဇမိဆားက ချက်ချင်း ငိုချလိုက်တော့မယ့်ဟန်နဲ့ ပြောပါတယ်။
ဒေသခံလည်းဖြစ်တဲ့ ဆရာမ ဒေါ်ဇမိဆားက နောင်မွန်မြို့နယ် အထက်တန်းကျောင်းမှာလုပ်သက် ၁၀ နှစ်ရှိပါပြီ။
ကချင်ပြည်နယ်က နောင်မွန်မြို့လေးဟာ ပူတာအိုမြို့နဲ့ မိုင် ၁၀၀ ကျော်ဝေးပါတယ်။
နောင်မွန်မြို့လေးမှာ နေထိုင်ကြတဲ့ သူတွေက ကချင်လူမျိုးထဲက မျိုးနွယ်စု တစုဖြစ်တဲ့ ရဝမ် တိုင်းရင်းသားတွေပါ။ သူတု့ိရဲ့ ဒေသက လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး အအေးဒဏ် လွန်ကဲတာကြောင့် ဒေသခံ မဟုတ်သူတွေ လာရောက် အခြေချနေထိုင်ဖို့ ခက်တဲ့ နေရာဒေသလည်း ဖြစ်ပါတယ်။
ပတ်ဝန်းကျင်တခွင်လုံး နေရောင်မမြင်ရအောင် အုံမိူင်းချမ်းတုန်နေပေမယ့် နောင်မွန် ၁ရပ်ကွက် အိမ်တအိမ်မှာ စုထိုင် နေကြတဲ့ ဒေသခံ ကျောင်းဆရာ ဆရာမတွေရင်ထဲမှာတော့ ပူလောင်နေပါတယ်။
သူတို့က ရန်ကုန်မြို့ကနေ ရောက်လာတဲ့ သတင်းထောက်ကို တွေ့ဖို့ စုစည်းပြီး စောင့်နေကြတာပါ။

နောင်မွန်မြို့နယ်က ဆရာ ဆရာမတွေဟာ သူတို့ရဲ့ ဒုက္ခအ၀၀ကို ပြောဖို့ စောင့်ဆိုင်းနေခဲ့တာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိပြီ လို့လည်း ဆိုကြပါတယ်။
ကျောင်းဆရာလုပ်သက် ၂၈ နှစ်ရှိပြီ ဖြစ်တဲ့ ဦးစခေါန်ဝန်တီးက “ကျနော့် လုပ်သက် တလျှောက်မှာ ထူးထူး ချွန်ချွန်ကြီး ဖြစ်သွားတဲ့ ကလေးဆိုတာ ဒီနောင်မွန်မှာ မမြင်ဖူးပါဘူး”လို့ ကြမ်းပြင်ကို ငုံ့ကြည့်ရင်း ပြောပါတယ်။
ဦးစခေါန်ဝန်တီးဟာ သူသင်ပေးခဲ့ရတဲ့ ကလေးတွေ ပညာရေးမှာ မအောင်မြင်တာကို ကြားရတိုင်း၊ စာမေးပွဲ အောင် စာရင်း တွေမှာ အကျအဆုံးများတာကို ရင်ဆိုင်ရတိုင်း ဆရာအလုပ်ကို ဆက်လုပ်ချင်စိတ်မရှိအောင် စိတ်ပျက် အားလျော့မှုကို မကြာခဏခံစားနေရတယ်လို့ ဆိုပါတယ်။
လိုအပ်ချက်တွေ များနေတဲ့ ကျောင်းစာသင်ခန်းတွေ
နောင်မွန်မြို့နယ်ထဲမှာ အထက်တန်းကျောင်း ၂ကျောင်း၊ အထက်တန်း(ခွဲ) ၁ကျောင်း၊ အလယ်တန်း (ခွဲ) ၅ကျောင်း၊ မူလတန်း ၂၉ ကျောင်း စုစုပေါင်း ကျောင်းပေါင်း ၄၀ ၊ ကျောင်းသားပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။
ဒါပေမယ့် ပညာသင်နှစ် ၁ နှစ် စလိုက်တိုင်း ကျောင်းသား ကျောင်းသူတွေဆီကို ဖတ်စာအုပ်တွေ ၁ အုပ်မှ အချိန်မီ မရောက်ပါဘူး။
လုပ်သက် ၁၈ နှစ်ရှိပြီ ဖြစ်တဲ့ ဆရာ ဦးခေဒေါင်ဝိက “ပုံနှိပ်စာအုပ်က အချိန်မီ မရောက်ဘူး။ ရောက်တာတောင်မှ မလောက်ဘူး။ တချို့အတန်းတွေ ဆိုရင် လုံးဝမရတဲ့ ဘာသာတွေ ရှိတယ်”လို့ ပြောပါတယ်။
အဆိုးရွားဆုံးကတော့ အနာဂတ်ကို အဆုံးဖြတ်ပေးတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားတွေ အတွက် ပုံနှိပ် ဖတ်စာအုပ်တွေဟာ နောင်မွန်မြို့ကို စာသင်နှစ် ကုန်ခါနီး နိုဝင်ဘာလလောက်မှ ရောက်လာတတ်တာပါပဲ။
“နှစ်ဆုံးတဲ့အထိ တချို့ ဘာသာတွေ မရောက်ဘူး။ ၁ ဘာသာမှ မရောက်တာလည်း ရှိတယ်” လို့ ဦးခေဒေါင်ဝိ က ဆိုပါတယ်။

ကျောင်းသူ ကျောင်းသားတွေဟာ ဖတ်စာအုပ်အနည်းငယ် ကြုံတောင့်ကြုံခဲ ရောက်လာပြီ ဆိုရင်လည်း သူတို့ရဲ့ ကံတရားကို မဲနှိုက် စမ်းသပ် ရပါသေးတယ်။
“၁၀တန်း မြန်မာကဗျာ ၁၅အုပ် ရောက်တယ်ဆိုရင် မဲစနစ်နဲ့ မဲနိူက်ပြီးတော့ မဲပေါက်တဲ့ ကလေးကို ပေးလိုက်တာ၊ နောက်တခေါက် ၇အုပ်လောက် ရတယ်ဆိုရင် ရောက်လာတဲ့ အချိန်မှာ မဲနှိုက်ပြီး ထပ်ပေးတယ်။ နှစ်ခါ လောက်ပဲ ရောက်တယ်။ အခု မလာတော့ဘူးလုံးဝ”လို့ ဦီးခေဒေါင်ဝိက ပြောပါတယ်။
ဖတ်စာအုပ်မရှိတဲ့ ကလေးတွေကတော့ သူတို့ထက် နှစ်ကြီးတဲ့ အစ်ကို အစ်မတွေ အဆက်ဆက် လက်ပြောင်းကိုင် ခဲ့တဲ့ နွမ်းကြေစုတ်ပြဲပြီး အတချို့အဖုံးမရှိ၊ ခဲတံရာ ခြစ်ရာတွေနဲ့ စာအုပ်တွေကို သုံးကြပါတယ်။
ဒါပေမယ့် နောင်မွန်မြို့နယ် ပညာရေးမှူး ဦးဝင်းအောင်ကတော့ နောင်မွန်မြို့နယ်ထဲက ကျောင်းတွေမှာ ဖတ်စာအုပ် အပြင် ပညာသင်ကြားရေးပိုင်းနဲ့ ပတ်သက်လု့ိ လိုအပ်တာ လုံးဝမရှိဘဲ ပိုလျှံနေတယ်လို့ ပြောပါတယ်။
ဒီ့အပြင် ဦးဝင်းအောင်က “ကချင်ပြည်နယ်ထဲမှာ ဒီနောင်မွန်က ဆရာ ဆရာမ နဲ့ ကျောင်းသား အချိုးလည်း ကိုက်လု့ိ ပိုတောင် ပိုလျှံတယ်။ ဖတ်စာအုပ်ကလည်း မရောက်တာ မရှိပါဘူး။ ရာသီဥတု မကောင်းမှ နည်းနည်း နောက်ကျ တာပါ။ အမြဲ အချိန်မီ ရောက်ပါတယ်”လို့ ပြောပြပါတယ်။
နောင်မွန်မြို့က ဆရာ ဆရာမတွေကတော့ ဖတ်စာအုပ် မလုံလောက်တာကြောင့် ရှားရှားပါးပါး ဖတ်စာအုပ် တချို့ ရောက်လာပြီ ဆိုရင်လည်း နောင်မွန်မြို့ထိ မရောက်ဘဲ ၈ မိုင်လောက်ဝေးတဲ့ ရပ်ဘော့မြို့နယ်ကိုပဲ ရောက်တာ ကြောင့် သွားရောက်ယူရပါတယ်။
“ကျမတို့က အထက ဆိုတော့ သင်ကြားရေးပျက်ကွက်လို့ မရတော့ ကျောင်းက ရုံးကလူတွေကို ဆိုင်ကယ် ကယ်ရီ ဖိုး ပေးပြီးတော့ သွားသယ်ခိုင်းရတယ်။ သယ်ယူစရိတ်ကျတော့ ကိုယ့်ဘာသာကိုယ် စိုက်ရတယ်”လို့ လုပ်သက် ၁၃ နှစ် ကျော်ပြီ ဖြစ်တဲ့ ဒေါ်ချန်ဆားက သူ့အတွေ့အကြုံတွေကို ပြောပါတယ်။
စာအုပ် တခါသွားသယ်တိုင်း သယ်ပေးတဲ့ လူတွေရဲ့ ဆိုင်ကယ်ဆီခ နဲ့ စားသောက်စရိတ်တွေကိုလည်း ဆရာ ဆရာမ တွေက ကုန်ကျခံရပါတယ်။
“အပြန်၊အသွားဆိုရင် ကျပ် တသောင်း ပေးရတာပေါ့၊ အဲ့ဒါ ဆိုင်ကယ် တစီးစာပေါ့”လု့ိလည်း ဒေါ်ချန်ဆားက ဆိုပါ တယ်။
ပညာရေးပိုင်းမှာ ဖတ်စာအုပ်တွေတင် မကဘဲ အစိုးရက မူလတန်းတွေအတွက် အခမဲ့ထောက်ပံ့နေတဲ့ KG kit တွေ ဟာလည်း နောင်မွန်မြို့ကို ယောင်လို့မှ ရောက်မလာပါဘူး။
ဦးခေဒေါင်ဝိ ကလည်း“KG KIT ပုံးတွေ လုံးဝမရောက်ဘူး”လို့ လက်တွေကို ခါရမ်းရင်း ပြောပါတယ်။
နောင်မွန် မြို့နယ်ထဲက ဆရာ ဆရာမတွေဟာ မြန်မာနိုင်ငံမှာ အလုပ်အများဆုံး အစိုးရ ဝန်ထမ်းတွေလို့ ဆိုရ မလား ပါပဲ။
နောင်မွန်မြို့ရဲ့ အထက ကျောင်းတွေမှာ ကွန်ပျုတာ မရှိတာကြောင့် စာမေးပွဲရှိတိုင်း မေးခွန်းစာရွက် ထုတ်ဖို့လည်း ဆရာ ဆရာမတွေ အခက်အခဲ ကြုံရပါတယ်။
နောင်မွန်မြို့နယ်ထဲက ကျောင်းတွေဆီကို စာမေးပွဲ မေးခွန်း တဘာသာအတွက် မေးခွန်း စာရွက်တရွက်စီပဲ ရောက် လာတယ်လု့ိ ဆရာ ဆရာမတွေက ပြောပြပါတယ်။
ကျောင်းသားတွေ စာမေးပွဲဖြေတဲ့အခါ မေးခွန်းတွေကို မိတ္တူပွားဖို့ မရှိတာကြောင့် ဆရာ ဆရာမတွေက ကျောက်သင် ပုန်း မှာ မေးခွန်းတွေကို ချရေးပေးရပါတယ်။
ကျောက်သင်ပုန်းက သေးလို့ မေးခွန်းမဆံ့ရင် ရတဲ့အချိန်လေးအတွင်းမှှာ ခပ်မြန်မြန်ရေး ခပ်မြန်မြန်ဖျက်နဲ့ ကျောင်း သား တွေက မေးခွန်းတွေကို စဉ်းစားချိန်မရဘဲ တချို့ဆိုရင် မေးခွန်းကို မဖတ်လိုက်ရတာကြောင့် စာမေးပွဲ ဖြေနိုင်သူ သိပ်ရှားပါတယ်။
သင်ပုန်းမှာ မေးခွန်းတွေကို ချရေးပေးတဲ့အခါ မြန်မာစာလို ကျက်စာတွေကတော့ အဆင်ပြေပေမယ့် သချၤာတို့ ရူပဗေဒ ဘာသာရပ်လိုမျိုး မေးခွန်းကိုကြည့်ပြီး ပြန်စဉ်းစားလိုက် တွက်ချက်လိုက် မှတ်သားလိုက် လုပ်ရမယ့် ဘာသာရပ်မျိုး တွေ ဆိုရင် ကျောင်းသားတွေဟာ အမှတ် ၅၀ ဖိုးတောင် အနိုင်နိုင်ဖြေကြရတယ်လို့ ဆရာ ဆရာမတွေ ကပြောပါ တယ်။
တချို့ရက်တွေမှာ မေးခွန်းတရက်ကြို ရတာမျိုးဆိုရင် ဆရာဆရာမတွေက စာရွက်ပေါ်မှာ ဘောပင်နဲ့ ညတွင်းချင်း မေးခွန်း ထိုင်ရေးပြီး နောက်နေ့မှာ ဖြေမယ့် ကလေးတွေကို ဝေပေးတာမျိုးကိုလည်း လုပ်ရပါတယ်။
“ကျမတို့ လက်ရေးနဲ့ ကျောင်းသား ၁၀ ယောက် ရှိတယ်ဆိုရင် အစောင် ၁၀၊ အယောက် ၁၀၀ ရှိတယ်ဆိုရင် ၁၀၀ လုံး ကို လက်ရေးနဲ့ ကျမတို့ ရေးရပါတယ်”လို့ ဝမ်းနည်းမှုတွေ ရောစွက်နေတဲ့ အသံနဲ့ ဆရာမ ဒေါ်မူဇီဆားက ပြောပါ တယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာမှာတော့ တချို့ အထက်တန်းကျောင်းတွေမှာ စာမေးပွဲနီးရင် ကလေးတွေဆီက တယောက် ၁၀၀၀ ကျပ် ကြိုကောက် မေးခွန်းတွေကို မိတ္တူဆွဲပြီး အဆင်ပြေအောင် စီစဉ်ခဲ့ကြပေမယ့် ဒီဇင်ဘာလမှာ နောင်မွန်မြို့နယ် ပညာရေးမှူး ဦးဝင်းအောင်က ကျောင်းသူ ကျောင်းသားတွေဆီက ငွေကြေး မကောက်ရဘူး လို့ အမိန့် ထုတ်လိုက်တာကြောင့် ဆရာ ဆရာမတွေက နဂိုအတိုင်း လက်ရေးနဲ့ ပြန်ကူး ရေးနေကြ ပြန်ပါတယ်။
ဒီလို အဖြစ်အပျက်တွေကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ တန်း စာမေးပွဲမှာ ကျောင်းသူ ကျောင်းသားတွေ အမှတ် ၁၀၀ ဖိုး ဖြေဆိုရမှာ ဖြစ်ပေမယ့် ၅၀ ဖိုးပဲ ဖြေလိုက်ရတယ်လို့ ဆရာ ဆရာမတွေက ဆိုပါတယ်။
ဒေါ်ချန်ဆားက “နှစ်တိုင်း ၁၀၀ ဖိုး ဖြေနေကျ၊ ၂၀၁၆ ဒီဇင်ဘာမှာ ၅၀ဖိုးပဲ ဖြေနိုင်တယ်။ အဲ့ဒါ မေးခွန်းစာရွက် အခက်အခဲ ကြောင့်ပါ”လို့ ပြောပါတယ်။
မေးခွန်းတင် အခက်ကြုံတာ မဟုတ်ဘဲ စာမေးပွဲတိုင်းရဲ့ အဖြေလွှာအတွက်လည်း လေးတန်း၊ ရှစ်တန်းနဲ့ ဆယ်တန်း တွေ အတွက်သာ ရပြီး ကျန်အတန်းတွေ အတွက် အဖြေလွှာ စာရွက်တွေလည်း မရကြတာကြောင့် စားမေးပွဲဖြေခါနီး တိုင်း ကျောင်းသူ ကျောင်းသားတွေဆီက ဗလာစာအုပ်တွေ ကြိုကောက်၊ အဖုံးဖြုတ်၊ စတာပလာညှပ် အဖြေလွှာပုံစံ အသွင်ပြောင်းပြီး စာမေးပွဲဖြေနိုင်ဖု့ိ ကြိုးပမ်းကြရ ပြန်ပါတယ်။
နောင်မွန်တောင်တန်းက မီးအိမ်ရှင်တွေ
ဒေသခံ ရဝမ် ဆရာ ဆရာမတွေက မပြည့်စုံတဲ့ ကြားက သူတု့ိရဲ့ မျိုးဆက်သစ် ရဝမ် ကလေးငယ်တွေ အနာဂတ် အတွက် ကြိုးစားရုန်းကန်ရင်း တောက်ပနေကြတဲ့ မီးအိမ်ရှင်တွေပါ။
ဒေသခံမဟုတ်တဲ့ ဆရာ ဆရာမ အများစုကတော့ နောင်မွန်မြို့နယ်မှာ တာဝန်ကျပြီဆိုရင် စိတ်ညစ်ကြပါတယ်။ နောင်မွန် မြို့အပြင် ကားလမ်း၊ ဆိုင်ကယ်လမ်း ပေါက်တဲ့ ရွာတွေမှာ တာဝန်ကျရင် တော်သေးပေမယ့် ဒီ့ထက် ဝေးတဲ့ နေရာတွေကို တာဝန်ကျပြီဆိုရင်တော့ မလွယ်လှပါဘူး။
ပူတာအိုမြို့ကနေ နောင်မွန်မြို့ အထိကို တောင်တွေပတ်ပြီး ဖောက်ထားတဲ့ ကားလမ်းခရီးကြမ်း ရှိပေမယ့် နောင်မွန် မြို့ ကို ကျော်ပြီး ရွာတွေနဲ့ ပန်နန်းဒင်မြို့နယ်ခွဲကို တာဝန်ကျတဲ့ ဆရာ ဆရာမတွေကတော့ တာဝန် ထမ်းဆောင်မယ့် နေရာကို ရောက်ဖို့အတွက် ခြေလျင် လျှောက်ရပါတယ်။
ကော်လဲ့မှာ တာဝန်ကျနေတဲ့ ဆရာမ ခိုင်ရွှေရည် (အမည်လွှဲ)က “ကျမ သူငယ်ချင်းက ပန်နန်းဒင်မှာ တာဝန် ကျ တယ်။ သူကတော့ ကြားကြားချင်း ငိုတာပဲ။ ကျမတို့က ကော်လဲ့မှာ ကျတာ ကံကောင်းတယ်ပဲ ပြောရ တော့မှာပေါ့” လို့ ပြောပါတယ်။
ပန်နန်းဒင်မြို့က ကော်လဲ့ရွာကနေ သွားမယ်ဆို ဆိုင်ကယ်လမ်း တဝက် ခြေလျင်တဝက် ၂ရက်လောက် ခရီးဆက် ရမှာ ဖြစ်ပါတယ်။
ဒီ့ထက်ပိုဆိုးတာကတော့ ပန်နန်းဒင်မှာ စားရေရိက္ခာ ဝယ်ယူဖို့ ရှားပါးတာပါ။ ဆန်ကို တာဝန်ကျတဲ့အချိန် တချိန်လုံး နေ့စဉ် ချက်စားနိုင်ဖို့အတွက်ဆိုရင် ပူတာအိုမြို့ ဒါမှမဟုတ် နောင်မွန်မြို့ကနေ ဝယ်လာမှ ပြည့်ပြည့်စုံစုံ စားနိုင် သောက်နိုင်မှာပါ။
ပန်နန်းဒင်ထက် ဝေးလံတဲ့ မဒိန်၊ တဘူဒမ်း အမည်ရှိတဲ့ ရွာကလေးတွေမှာ တာဝန်ကျတဲ့ ကျောင်းဆရာ ဆရာမ တွေ လည်း ရှိပါတယ်။
ဆရာ ဆရာမတွေက လကုန်လို့ လစာထုတ်မယ်ဆိုရင်လည်း နောင်မွန်မြို့ကို လာရောက်ယူရပါတယ်။ စာရေး ဝန်ထမ်း ရှိတဲ့ ကျောင်းတွေမှာ စာရေးဝန်ထမ်းက အစား လာရောက်ထုတ်ယူပေးတာ ရှိပေမယ့် တချို့ရွာတွေ က ဆရာ ဆရာမတွေကတော့ နောင်မွန်ထိကို အသွား အပြန် ၂ပတ်ခန့် အချိန်ယူပြီး လစာ လာရောက်ထုတ်ယူ ရပါ တယ်။
ခက်ခက်ခဲခဲ လစာလာထုတ်ယူရင်းကနေ ၂၀၁၆ ခုနှစ် မတ်လမှာတော့ ကျောင်းဆရာ ဆရာမ ၂၀ ကျော်ရဲ့ လစာတွေ နဲ့ ဒေသပြောင်းရွှေ့စရိတ် ကျပ်သိန်း ၂၀၀ ကျော်ကို နောင်မွန်မြို့ ပညာရေးမှူးဟောင်းက ယူသွားပြီး မန္တလေးတိုင်း ညောင်ဦးမြို့ကို ပြောင်းရွှေ့သွားပါတယ်။
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က “သူက သူယူသွားတဲ့ သိန်း ၂၀၀ ကျော်ကို ပြန်ပြီး ဆပ်တယ်လို့ သိရပါတယ်။ အခုတော့ သူက ညောင်ဦးမှာ” လို့ ပြောပါတယ်။
ဆရာ ဆရာမတွေရဲ့ လစာ၊ ပြောင်းရွှေ့စရိတ်တွေကတော့ ဒီနေ့ထိ ပြန်မရကြပါဘူး။
ဆရာ ဆရာမတွေကတော့ ဒေသပြောင်းရွှေ့စရိတ် အဖြစ် တဦးကို ၂သိန်း ရစရာ ရှိတဲ့သူတွေ ရှိသလို တချို့ကတော့ ၁သိန်း ရရမယ်နဲ့ တွက်ချက် ညည်းညူ နေကြတုန်းပါပဲ။
ဆရာ ဆရာမတွေရဲ့ တိုင်စာကလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ်ဆီကို တကယ်ရောက် မရောက်ဆိုတာ ဘယ်သူ့ ဆီ မှာမှ အဖြေရှာမရပါဘူး။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို နောင်မွန်မြို့နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မေးမြန်းခွင့် မရ ခဲ့ပါဘူး။

ဒေါ်ချန်ဆား ကတော့ “လစာမရတဲ့ ဆရာမလေးတွေက ကြောက်လည်း ကြောက်ကြတယ်။ နည်းနည်း ဟလိုက်တာနဲ့ မဒိန် ရောက်ချင်သလား။ တဟွန်ဒမ်း ရောက်ချင်သလားလို့ ပြောလိုက်ရင် သူတို့က အဲ့ဒီနေရာ ဒီလောက် ခေါင်တဲ့ နေရာ ဘယ်သူမှ မသွားချင်ဘူး၊ အဲ့ဒီတော့ ပိုက်ဆံ မရရင်လည်း နေတော့ ဘယ်သူကမှ မပြောကြတော့ဘူး။ ငြိမ်နေ ကြတော့တာ” လို့ ပြောပါတယ်။
အခြားဒေသကနေ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ကျလာတဲ့ ဆရာ ဆရာမတွေကတော့ သူတို့ရဲ့ ဒေသ မဟုတ် တာက တကြောင်း၊ ဝေးလံခေါင်လွန်းပြီး သွားရေးလာရေး ခက်ခဲတာက တကြောင်းကြောင့် နောင်မွန် တောင်တန်း တွေ ပေါ်ရောက်လာတဲ့ မီးအိမ်ရှင်တွေကတော့ အအေးဒဏ်၊ ကုန်ဈေးနှုန်းဒဏ် နဲ့ ဆက်သွယ်ရေး ပြတ်တောက်မှု ဒဏ်တွေကြောင့် ကြာကြာ မထွန်းလင်းနိုင်ကြဘဲ နေရပ်နဲ့ နီးတဲ့ နေရာတွေကို ပြောင်းရွှေ့သွား ကြတာ များပါတယ်။
နောင်မွန်မြို့ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) က ဦးဖုန်လတ်က “ဒီလိုခေါင်တဲ့ ဒေသကျတော့ ဆရာ၊ ဆရာမ တွေလည်း မနေချင်ကြဘူးလေ။ ကျနော်တို့ မြို့လေးက ပညာရေးမှာ နောက်ကျတယ်။ ကျန်တာတွေမှာလည်း နောက်ကျပါတယ်။ ပြောင်းလဲစေချင်ပြီ”လို့ ပြောပါတယ်။
ဦးဖုန်လတ်က ကျောင်းသူ၊ ကျောင်းသား လူငယ်တွေက နောင်မွန်မြို့ရဲ့ အနာဂတ်ဖြစ်တာကြောင့် ကလေးငယ် တွေ အားလုံးကို ဖတ်စာအုပ် စုံစုံလင်လင်နဲ့ စာသင်ရပြီး ပညာတတ်တွေ ဖြစ်စေချင်တယ်လို့လည်း ဆိုပါတယ်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နိုင်လို့ အစိုးရ ဖြစ်လာပြီး ပညာရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကြွေးကြော်ထားပါတယ်။
နောင်မွန်မြို့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကတော့ ပညာရေး ပြုပြင်ပြောင်းလဲမှု ကြီးကြီးမားမား တွေထက် သူတို့ကျောင်းမှာ ဖတ်စာအုပ်တွေ အဖြေလွှာတွေ မေးခွန်းစာရွက်တွေ စုံစံုံလင်လင်ရဖို့ကိုပဲ ဦးစားပေး လိုချင် ကြတယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ အစိုးရသစ်ရဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က စွမ်းဆောင်ရည် မကောင်းတဲ့ ဆရာ ဆရာမတွေကို သူ့ထိုက်သူ့ကံနဲ့ ဝေးလံတဲ့ ဒေသတွေကို ပြောင်း ရွှေ့ စေမယ်လို့ ပြောဆိုလိုက်တာကလည်း နောင်မွန်မြို့က ဆရာ ဆရာမတွေ အပါအဝင် ကျောင်းသူ ကျောင်းသား တွေ အတွက်တော့ အလွန်အမင်း စိတ်ပျက် အားငယ်စေပါတယ်။
မတ်လ ၁ ရက်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို ဘက်စုံ မှာ ပြုပြင်ပြောင်းလဲဖို့ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်စေဖို့နဲ့ ဘဝတသက်တာ ပညာသင်ယူမှု အခွင့်အလမ်း တွေ အတွက် NLD အစိုးရရဲ့ ၅နှစ် စီမံကိန်းအဖြစ် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားပြီလို့ ဆိုပါ တယ်။
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ မြန်မာနိုင်ငံရဲ့ ပညာရေးမှာ အလွတ် ကျက်မှတ်ဖြေဆိုကြတဲ့ စာမေးပွဲ စနစ် တွေထက် ဘဝတသက်တာ သင်ယူနိုင်မှုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာ က ချမှတ်ထားတဲ့ သင်ယူမှု ဆိုင်ရာစံတွေကို စစ်ဆေးအကဲဖြတ်တဲ့ စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲမယ် လို့လည်း သိရပါတယ်။
နောင်မွန်မြို့က ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကတော့ အစိုးရသစ်ရဲ့ ပညာရေး စီမံကိန်း အသစ် တွေနဲ့ အတူ လုံလောက်တဲ့ ဖတ်စာအုပ်၊ အဖြေလွှာစာအုပ်တွေ သူတို့ဆီကို ရောက်လာဖို့ မျှော်နေကြပါတယ်။

လက်ရှိမှာတော့ ပညာရေးမှာ အောင်မြင်ကြတာ မရှိသလောက်ဖြစ်နေတဲ့ နောင်မွန်မြို့က လူငယ်တွေက တက္ကသိုလ် ဝင်တန်း မအောင်မြင်ကြရင် ဒေသ အလုပ်ဖြစ်တဲ့ ရေခဲတောင်မှာ ဆေးမြစ် ဆေးဥ တူးတာ ရေခဲတောင်တက်ခရီး လာကြတဲ့ သူတွေရဲ့ အထုပ်အပိုးတွေကို နေ့စားခနဲ့ လိုက်ထမ်းတာတွေ ငါးမျှားတာ လယ်လုပ်တာတွေနဲ့ပဲ အသက် မွေးဝမ်းကျောင်း ပြုနေကြပါတယ်။
ရေခဲတောင်မှာ ဆေးမြစ်ဆေးဥ ရှာရတဲ့ အလုပ်က မိသားစု စားဝတ်နေရေး ဖူလုံပေမယ့် အန္တရာယ်များလွန်း ပါတယ်။ တချို့ဆေးမြစ်ရှာသူတွေမှာ အအေးဒဏ်ကြောင့် အသက်ဆုံးပါးပြီး အိမ်ကို ပြန်မလာနိုင်တော့တာတွေ ရှိသလို ချောက် ကမ်းပါးတွေထဲ ကျသွားလို့ ထိခိုက်ဒဏ်ရာတွေ ရကြတဲ့သူတွေလည်း ရှိပါတယ်။
ဦးစခေါန်ဝန်တီး၊ ဦးခေဒေါင်ဝိနဲ့ ဒေါ်ချန်ဆားတို့က သူတို့ စာသင်ပေးခဲ့ရတဲ့ ကလေးတွေ ရေခဲတောင်မှာ ဆေးမြစ် ဆေးဥ တူးတဲ့ အလုပ် လုပ်နေတာတွေ့ရင် သူတို့ သင်ပေးခဲ့တဲ့ ပညာတွေက အသုံးမဝင်ပါလား လို့တောင် တွေးမိပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုကြပါတယ်။
မပြည့်စုံမှုတွေကြားက ပညာသင်ကြားရင်း တက္ကသိုလ်ဝင်တန်းကို ရှားရှားပါးပါး အောင်မြင်ကြသူတွေကတော့ ဆရာ အတတ်သင် သင်တန်းတွေ တက်ပြီး နောင်မွန်မြို့မှာပဲ ကျောင်းဆရာ ဆရာမ တာဝန်ကျဖို့ လျှောက်ကာ သူတို့ မျိုးဆက်သစ်တွေ ပညာတတ်မြောက်ရေး အိပ်မက်ကို ဆက်မက် နေကြပါတယ်။
ဒေါ်ချန်ဆားကတော့ “ကျမ စာသင်ပေးရတဲ့ ကလေးတွေကို ဆေးမြစ် မုဆိုးတွေတော့ ထပ်မဖြစ်စေချင်ဘူး။ ပညာ တတ် အနေနဲ့ အသက်မွေးနေတာမျိုးပဲ ကျမက မြင်ချင်တာ”လို့ ပြောဆိုလိုက်ပါတယ်။ ။