ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ ညီလာခံကို ကျင်းပရန် အဆင်သင့် ဖြစ်နေသော်လည်း စစ်ရေး၊ နိုင်ငံရေး ကျပ်တည်းမှု အကြောင်းပြချက်ဖြင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၁၂ ရက်နေ့ကစပြီး သုံးရက်ကြာပြုလုပ်ခဲ့သော UNFC ဗဟိုုအလုုပ်အမှုဆောင် ကော်မတီ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုုင်ဟံသာက အစည်းအဝေး နောက်ဆုံးရက် အပြီးတွင် သတင်းထောက်များကို ပြောသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေး အခြေအနေကြောင့် ညီလာခံကို သတ်မှတ်ရက်အတွင်းမှာ မလုပ်ဆောင်သင့်သေးဘူး။ နိုင်ငံရေး ပြဿနာက တော်တော်လေးကို အခက်အခဲရှိနေတယ်။ အဲဒီ အပေါ်မှာ ကျနော်တို့က ဒီအခက်အခဲကို အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ဖို့ အတွက် နည်းလမ်းရှာ တဲ့ အနေနဲ့ ညီလာခံကို ရွှေ့လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။
ညီလာခံ ရွှေ့ဆိုင်းလိုက်ရသည့် အဓိက အကြောင်းရင်းများထဲတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့အကြား လတ်တလောဖြစ်ပွားနေ သည့် စစ်ရေးပဋိပက္ခများ၊ အစိုးရနှင့် ၎င်းတို့အကြား ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ ခြေအနေများနှင့် “ဝ” ပြည်သွေးစည်းညီညွှတ်ရေး ပါတီ (UWSP) ဗဟိုဌာနချုပ် ပန်ဆန်းတွင်ပြု လုပ်ခဲ့သော အစည်းအဝေး ရလဒ်များ ပါဝင်ကြောင်း UNFC က ပြောသည်။
“အခက်အခဲက ပန်ဆန်းမှာကတော့ သူတို့ကတော့ NCA လိုင်းကို မသွားတော့ဘူး။ ဒီဘက်ကလည်း NCA လိုင်းကို ညှိနေတာ တော်တော်လေးကို တိုးတက်လာပြီပေါ့နော်။ အဲဒီလို အမြင်မတူတဲ့ နှစ်ခု ကြားမှာ ကျနော်တို့က မကိုင်တွယ်တတ်ရင် ကျနော်တို့ အထဲမှာလည်း အမြင်တွေကွဲနိုင်တယ်။ နောက်အခြေအနေကလည်း စစ်ရေးကလည်း တိုးလာနိုင်တယ် ဆိုတဲ့ အနေအထားမျိုးကို မြင်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ အချိန်ယူလိုက်တာဖြစ်တယ်” ဟု နိုင်ဟံသာ ကပြောသည်။
တပ်ပေါင်းစုအတွင်း သတင်းရင်းများထံမှ နောက်ဆုံး ကြားသိရသော သတင်းများအရ ပန်ဆန်း ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ကြသော KIO နှင့် SSPP တို့အနေဖြင့် NCA ကိုလက်မှတ် မရေးထိုးဘဲ UWSA ၏ လမ်းကြောင်း အတိုင်း လိုက်မည်ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး UNFC တပ်ပေါင်းစုအတွင်း သဘောထားကွဲလွဲမှုများ ရှိနေပြီး စုစည်းမှု မပြိုကွဲရန်အတွက် UNFC တပ်ပေါင်းစု ညီလာခံကို ရွှေ့ဆိုင်းရခြင်း ဖြစ်သည်ဟုလည်း ပြောဆို သူများရှိသည်။
ယင်းအပေါ် သတင်းထောက်များ၏ မေးမြန်းမှုကို နိုင်ဟံသာ က “အခြေအနေ ကတော့ နှစ်ဖက် ဖြစ်နေတာပေါ့။ လုံးဝ ကွဲလွဲတယ်လို့လည်း ကျနော်တို့ ပြောလို့မရဘူးလေ။ ကျနော်တို့ကလည်း အဲဒီအပေါ်မှာ ချိန်ဆပြီးတော့မှ လှုပ်ရှားနေရတဲ့ အနေအထားမျိုး ရှိပါတယ်” ဟု နိုင်ဟံသာက ဖြေခဲ့သည်။
ယခုရွှေ့ဆိုင်းလိုက်သော UNFC ညီလာခံသည် နိုင်ငံရေး၊ စစ်ရေး အခြေအနေပေါ် မူတည်နေပြီး ကျင်းပနိုင်မည့် ရက်သည် ယခုနှစ် ဧပြီလ သို့မဟုတ် ဇွန်လအ ထိလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း UNFC ခေါင်းဆောင် အချို့က ခန့်မှန်း ပြောဆိုကြသည်။
‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ဌာနချုပ် ရှိရာ ပန်ခမ်း (ပန်ဆန်း) မြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သော ထိပ်သီး အစည်းအဝေးသို့ UNFC ၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် ရှိသော ကချင်အမျိုးသား လွတ်လပ်ရေးတပ်မတော် (KIO) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ တက်ရောက်ခဲ့ကြသည်။
ထိုအစည်းအဝေးတွင် မြန်မာ- တရုတ်နယ်စပ်၌ အခြေစိုက်ကြသော တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ တက်ရောက်ခဲ့ကြသည်။
ယင်းအစည်းအဝေး အပြီးတွင် UWSA က လက်ရှိ အစိုးရက ဖော်ဆောင်နေသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်း အတိုင်းမသွားဘဲ “ငြိမ်းချမ်းရေးလမ်းစဉ်အသစ်” ရှာမည်ဟု UWSA ၏ မူလ ရည်ရွယ်ချက်အတိုင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး လက်နက်ကိုင် အဖွဲ့ အစည်း ၉ ဖွဲ့ ပါဝင်သည့် “နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ– ယာယီ” ကို ဖွဲ့စည်းခဲ့ကြသည်။
UWSA ကထုတ်ပြန်သော “ငြိမ်းချမ်းရေးလမ်းစဉ်အသစ်” နှင့် ပတ်သက်ပြီး ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော KIO နှင့် SSPP တို့အနေဖြင့် UWSA မူအတိုင်း သွားမည်လား၊ NCA လမ်းကြောင်းအတိုင်း သွားမည် လားဆိုသည်ကို သတင်းမီဒီယာများက ဆက်သွယ်မေးမြန်း ကြသော်လည်း နှုတ်ဆိတ်နေခဲ့ကြပြီး ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
တပြိုင်နက်တည်းတွင် KIA မှ ဥက္ကဋ္ဌတာဝန်ယူထားသော UNFC သည် NCA ကို လက်မှတ်ရေးထိုးပြီး ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်နိုင်ရန်အတွက် ၎င်းတို့ အဆိုတင်သွင်း ထားသော အချက် ၉ ချက်ကို ဆက်လက်ညှိနှိုင်းမှုပြုလုပ်ရန်လည်း ပြင်ဆင်နေသည်ဟု ဆိုသည်။
UNFC နှင့် အစိုးရတို့အကြား ထိုအဆိုပြုချက် ၉ ချက်ကို မူအားဖြင့် သဘောတူကြောင်း မတ်လ ၃ ရက်နေ့က ရန်ကုန် ဆွေးနွေးပွဲ အပြီးတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုဆွေးနွေးပွဲမှ ရလာသော ရလဒ်အပေါ် တိုးတက်မှုဟု UNFC အဖွဲ့ဝင် အဖွဲ့အစည်းအချို့က သဘောထားမှတ်ချက်ပေးသည်။ သို့သော် ၉ ချက်ထဲမှ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စကို ကျေလည်အောင်ညှိနှိုင်းရန်နှင့် ကျန်အချက်များကို အတည်ပြုနိုင်ရန် လိုသေးသည်ဟု ဆိုသော်လည်း နှစ်ဖက်တွေ့ဆုံမည့် ရက်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပေ။
UNFC ညီလာခံကို ပုံမှန်အားဖြင့် ၂ နှစ် တကြိမ်ကျင်းပခဲ့ပြီး အဖွဲ့ဝင် အဖွဲ့အစည်းများက ဖွဲ့စည်းပုံ ပြင်ဆင်မှု၊ ခေါင်းဆောင်သစ် ရွေးချယ်မှုတို့ကို ပြုလုပ်လေ့ရှိသည်။
၂၀၁၄ ခုနှစ် သြဂုတ်လတွင် နောက်ဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ပြီး မူလသတ်မှတ်ချက်အရ ၂၀၁၆ ခုနှစ် သြဂုတ်လ ပိုင်းတွင် ပြန်လည်ကျင်းပရမည်ဖြစ်သော်လည်း အစိုးရက ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးနှင့် တိုက်ဆိုင်နေမှု၊ နိုင်ငံရေး၊ စစ်ရေး အခြေ အနေ ကျပ်တည်းမှု စသည့် အကြောင်းပြချက်များဖြင့် အဆင့်ဆင့် ရွှေ့ဆိုင်း လာခဲ့သည်။
UWSA ၏ ထုတ်ပြန်ချက်သည် UNFC သွားနေသည့် NCA လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသလို ငြိမ်းချမ်းရေးကို ပို၍ အလှမ်းဝေးစေမည့် လမ်းကြောင်းဟု အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် UNFC တပ်ပေါင်းစုအတွင်းရှိ အဖွဲ့ဝင် အချို့ကဆိုသည်။
ထို့အပြင် UWSA က နောက်ဆုံးထုတ်ပြန်ထားသော လက်နက်ကိုင် အဖွဲ့ အစည်း ၉ ဖွဲ့ ပါဝင်သည့် “နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ – ယာယီ” တွင် UNFC တပ်ပေါင်းစုမှ ကရင်နီ အမျိုးသား တိုးတက် ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)တို့ ပါဝင်နေပြန်သည်။
ထိုကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးအရ အဖွဲ့ခွဲပြီး ကစား နေခြင်းလောဟု သုံးသပ်မှုများ ရှိနေကြသည်။ သို့သော်လည်း ထိုကိစ္စများအပေါ် UNFC ခေါင်းဆောင် အချို့က ရှင်းလင်းသည့် တုံ့ပြန်မှုမျိုး မရှိသေးပေ။
ထို့အတူ NCA စာချုပ် ဖြစ်ပေါ်လာရေးအတွက် မူလကတည်းက အားတက်သရော ပါဝင်ခဲ့ကြသော UNFC တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့ငယ်များဖြစ်သည့် ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့၏ အရေးကို အင်အားကြီးအဖွဲ့များက အရေးတယူ ပြောဆိုခြင်းများလည်း မရှိပေ။
ထိုအဖွ့ဲသုံးဖွဲ့ကို အဖွဲ့ကြီးများက အိမ်ဖြည့်အနေဖြင့်သာ အသုံးပြုခဲ့ကြပြီး အင်အားကြီး အဖွဲ့များ၏ အရာမသွင်းဘဲ ခွဲခြားဆက်ဆံသည့် ပုံသဏ္ဍာန်မျိုးဖြစ်နေကြောင်း လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုသည်။