ဆောင်းပါး

တရုတ် ပါဝင်နေရတဲ့ မြန်မာ့ ငြိမ်းချမ်းရေး

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အစိုးရသစ် တာဝန်ထမ်းဆောင်တဲ့ ပထမ တနှစ်တာ ကာလ အတွင်းမှာ တရုတ် နိုင်ငံ ဗဟိုအစိုးရ ကိုယ်စားလှယ်က မြန်မာအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ တဝန်း လှည့်ပတ် တွေ့ဆုံနေတာဆိုရင် ၁၀ ကြိမ်ထက် မနည်းရှိနေပါပြီ။

တရုတ် ဗဟိုအစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ တရုတ်အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်က ၂၀၁၆ ခုနှစ် ဧပြီ လကနေ ၂၀၁၇ မတ်လထိ ရန်ကုန်၊ နေပြည်တော်၊ ပန်ဆန်း၊ မိုင်ဂျာယန်၊ လိုင်ဇာမြို့တွေ အပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့၊ တရုတ် ယူနန်ပြည်နယ် ကူမင်းမြို့တို့ကို လှည့်ပတ်သွားလာခဲ့တာပါ။

တွေ့ဆုံပွဲတိုင်းမှာ မြန်မာနိုင်ငံ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အားပေး ထောက်ခံ ကြောင်းတွေ ပြောဆိုခဲ့သလို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲတွေကြား မတွေ့ဆုံ နိုင်တဲ့ အချိန်တွေမှာ ၎င်းက လိုက်လံတွေ့ဆုံပြီး သတင်းစကား ဖလှယ် ပေးခဲ့တာတွေလည်း ရှိပါတယ်။

မစ္စတာ ဆွန်ကော့ရှန်က ၂၀၁၆ သြဂုတ်လအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်တို့ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်တွေကို အဓိကဆွေးနွေး သဘောတူပြီးနောက် တရုတ်ဗဟိုအစိုးရက မြန်မာ့ငြိမ်းချမ်းရေး အတွက် တိုက်တွန်း ကူညီပေးဖို့ တာဝန်ပေး ခံထားရသူလည်း ဖြစ်ပါတယ်။

၂၀၁၇ မတ်လ ၁၄ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ နယ်စပ် တလျှောက်မှာ အခြေစိုက်ကြတဲ့ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် -ကိုးကန့် တပ်ဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နဲ့ ရက္ခိုင့် တပ်မတော် (AA) က ခေါင်းဆောင်တွေကို မစ္စတာ ဆွန်ကော့ရှန်က ကူမင်းမြို့မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ UWSA နဲ့ NDAA ကို သီးသန့် တွေ့ဆုံပြီး လက်ရှိမှာ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု (NAB) အဖြစ် တပ်မတော်ကို ပြန်လည် တိုက်ခိုက်နေတဲ့ KIA ၊ MNDAA ၊ TNLA နဲ့ AA တို့ကိုလည်း သီးသန့်တွေ့ဆုံပါတယ်။

TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော်က “သူက ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေကို ရပ်ခိုင်းတယ်”လို့ အစည်းအဝေး အပြီး မှာ ပြောပါတယ်။

မစ္စတာ ဆွန်ကော့ရှန်က NAB အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်ကို တွေ့ဖို့ တိုက်တွန်းသွားပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံစဉ်က ပြောဖြစ်ကြတာတွေကိုလည်း ပြန်လည် ပြောပြတယ်လို့ သိရပါတယ်။

တရုတ် ဗဟိုအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်းထားသလိုပဲ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြေလည်စေဖို့နဲ့ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက် ပိုးလမ်းမ မဟာဗျူဟာ စီမံကိန်း ဆောင်ရွက်နိုင်ဖို့ အတွက် အစိုးရနဲ့ KIA ၊ MNDAA ၊ UWSA တို့ ပြေလည်ကြရမယ်လို့ ယူဆထားတာပါ။

မတ်လ ဒုတိယပတ်မှာ “တရုတ်နဲ့ မြန်မာ့ငြိမ်းချမ်းရေး”လို့ အမည်ပေးထားတဲ့ အထူးစီရင်ခံစာ တစောင်ကို ထုတ်ပြန် လိုက်တဲ့ တရုတ်အရေး ကျွမ်းကျင်သူ မစ္စယူရွန်းက “တရုတ်ဗဟိုအစိုးရက နယ်စပ်မှာ ယဉ်ကျေးမှုအရ လူမျိုးနွယ်စု တွေ အရ ဆက်စပ်နေတဲ့ KIA၊ UWSA ၊ MNDAA တို့အရေးကို အလေးထားတယ်။ အစိုးရနဲ့ သူတို့ ပြေလည်ဖို့ ငြိမ်းချမ်းရေး မှာလည်း တက်တက်ကြွကြွ ကူညီဆောင်ရွက်နေတယ်”လို့ သူ့ရဲ့ အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

NCA ကို KIA စိတ်မဝင်စားတော့ဘူးလား

တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ KIA က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပြီး ငြိမ်းချမ်းရေး လိုချင်တယ်လို့ တစိုက်မတ်မတ် ပြောနေ ပေမယ့် လက်တွေ့မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတွေမှာ အပေးအယူတွေ လုပ်ရမယ်ဆို တကယ်ရောလုပ်ချင်ရဲ့လား ဆိုပြီး ယူရွန်းရဲ့ အစီရင်ခံစာမှာ မေးခွန်းထုတ်ထားပါတယ်။

ယူရွန်းက “KIA အတွင်းမှာ ၂ဖွဲ့ ကွဲနေတယ်။ တဖွဲ့က သဘောထား ပျော့ပျောင်းပြီး အစိုးရနဲ့ ညှိနှိုင်း အပေးအယူလုပ် ချင်တယ်။ ဒါပေမယ့် အစွန်းရောက်တဲ့ သဘောထားတင်းမာသူတွေလည်း ရှိတယ်။သူတို့က လွတ်မြောက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရချင်တဲ့ မဆုံးနိုင်တဲ့ ရည်မှန်းချက်တွေ ရှိတယ်”လို့ ဆိုပါတယ်။

၂၀၁၄ – ၁၅ ခုနှစ်ဝန်းကျင်က အစိုးရနဲ့ ငြိမ်းချမ်းရေး လာဆွေးနွေးတဲ့ အခါမှာ KIA ဘက်က ဦးဆောင်သူဖြစ်တဲ့ ဗိုလ်ချုပ် ဂွန်မော်က ငြိမ်းချမ်းရေးညှိနှိုင်းရေးမှာ KIA ကိုယ်စား ဆုံးဖြတ်ဖို့အတွက် တကယ်အာဏာ မရှိဘူးဆိုတာကို မြန်မာ အစိုးရ အပါအဝင် တရုတ်အစိုးရဘက်ကလည်း သိတယ်လို့လည်း ယူရွန်းက အစီရင်ခံစာထဲမှာ ရေးသားထားပါ တယ်။

“တရုတ်က သိလာတယ် KIA က မဆုံးဖြတ်နိုင်တဲ့သူကို လွှတ်ထားတဲ့ အတွက် ဒီငြိမ်းချမ်းရေး သဘောတူညီမှုတွေမှာ ပါဝင်နိုင်နှုန်း အရမ်းကို နည်းသွားပြီဆိုတာပဲ”လို့လည်း ယူရွန်းက ပြောပါသေးတယ်။

ကချင်ပြည်နယ်တွင်း ကျောက်စိမ်း၊ သစ်၊ ရေအရင်းမြစ်စတဲ့ သယံဇာတ အများအပြား ရှိပေမယ့် KIA က ကချင်အရေး ကို နိုင်ငံတကာ အရေးအနေနဲ့ဆွဲတင်ပြီး တရုတ်ရဲ့ ရင်းနှီးမြှုုပ်နှံမှုတွေကို မထောက်ခံတာကြောင့် ငြိမ်းချမ်းရေးမှာ KIA ပါဝင်တာ မပါဝင်တာက တရုတ်အတွက် မထူးဆန်းဘူးလို့လည်း ယူရွန်းက ဆိုပါတယ်။

KIA ခေါင်းဆောင်တွေ၊ ကချင်လူထု ကိုယ်စားပြုကိုယ်စားလှယ်တွေက ပြည်တွင်းငြိမ်းချမ်းရေးမှာ အသိသက်သေ အဖြစ် အမေရိကန်နိုင်ငံ ပါဝင်ဖို့ တောင်းဆိုထားတာကလည်း တရုတ်ဗဟိုအစိုးရကို စိုးရိမ်စေတယ်လို့လည်း အစီရင်ခံ စာမှာ ရေးထားပါတယ်။

ဒါပေမယ့် KIA က နိုင်ငံရေးမှာ ဦးဆောင်မှု စွမ်းရည်ရှိတာကြောင့် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးဖို့ မစ္စတာ ဆွန်ကော့ရှန်က တိုက်တွန်းနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အစီရင်ခံစာမှာ KIA က အတွင်းမှာ ၂ဖွဲ့ ကွဲနေစဉ်မှာပဲ တပ်မတော်က ထိုးစစ်တွေ အကြီးအကျယ် ပြုလုပ်ခဲ့ တာ ကြောင့် KIA က တပ်မတော်နဲ့ အစိုးရ အပေါ်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးသလောက် ဖြစ်နေပြီလို့လည်း ဆိုထား ပါတယ်။

တပ်မတော်ရဲ့ ထိုးစစ်တွေ မစတင်မီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် မယ် လို့ KIA က နှုတ်ကတိပြုခဲ့တာတွေ ရှိပါတယ်။

ထိုးစစ်ပြုလုုပ်ခံရပြီး ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ KIA တာဝန်ရှိသူတွေက တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေ အပေါ် အစိုးရကလည်း ထောက်ခံပေးနေတယ်လို့ သံသယရှိကြောင်း ဧရာဝတီကို ထုတ်ဖော်ပြောဆိုပါတယ်။

တပ်မတော်က ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး KIA ကို အကြမ်းဖက်သောင်းကျန်းသူလို့ အမည် တပ်ခဲ့တာကြောင့် UNFC ကိုယ်စားလှယ်တွေ ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့တဲ့ အခါမှာလည်း KIA ကိုယ်စားလှယ် ဗိုလ်ချုပ် ဂွန်မော် က လိုက်ပါလာခြင်း မရှိတော့ပါဘူး။

ယူရွန်းရဲ့ အစီရင်ခံစာမှာ ဆိုထားသလိုပဲ KIA မှာ ဗိုလ်ချုပ်ဂွန်မော်ကိုတော့ သဘောထားပြေပြစ်တဲ့ သူဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက UWSA ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ပန်ခမ်းထိပ်သီး အစည်းအဝေးပွဲကို သွားတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လကိုတော့ သဘောထား တင်းမာသူဖြစ်တယ်လို့ နီးစပ်သူတွေနဲ့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောပါ တယ်။

KIA က ပန်ခမ်း ထိပ်သီးအစည်းအဝေးကို သွားတက်ခဲ့တာကြောင့် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကလည်း အခြား ပုံစံတဖက်ကို ဦးလှည့်သွားမယ့် အနေအထားမျိုးလည်း တွေ့နေရပါတယ်။

ဗိုလ်ချုပ်ဂွန်မော် ဦးစီးဆွေးနွေးခဲ့တဲ့ KIA ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ NCA ကို လက်မှတ်ထိုးဖို့ UNFC က တဆင့် ဆက်ညှိနေတုန်းပါပဲ ။

တဖက်မှာတော့ ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၄ ရက်ထိ လုပ်ခဲ့တဲ့ ပန်ခမ်း အစည်းအဝေးကို ဗိုလ်ချုပ်ကြီး အင်ဘန်လ က တက်ရောက်ခဲ့ပြီး အစည်းအဝေးအပြီးမှာ NCA ကို ဆက်မလုပ်တော့ပဲ တရားမျှတတဲ့ ငြိမ်းချမ်းရေး စာချုပ်သစ်ကို လုပ်မယ်လို့ သဘောတူလိုက်ပါတယ်။

KIA နဲ့ အတူ UWSA ရဲ့ မဟာမိတ်အဖွဲ့ တခုဖြစ်တဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSPP/SSA) ကလည်း ပန်ခမ်း ထိပ်သီး အစည်းအဝေးကို တက်ရောက် သဘောတူထားပါတယ်။

UWSA နဲ့ မဟာမိတ်များ

၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရထားတဲ့ UWSA ကတော့ သာမန် အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို စိတ်ဝင်စားခြင်း မရှိပါဘူး။

UWSA က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ် အုပ်ချုပ်ခွင့်အဖြစ် အစိုးရက အဆင့်မြှင့်ပေးဖို့၊ “ဝ” ဒေသကို တရားစီရင်ရေး၊ တပ်ကိစ္စအရေး၊ ကုန်သွယ်ခွင့်၊ ပြည်ပနဲ့ ဆက်ဆံရာမှာ ကိုယ်ပိုင်လုပ်ကိုင်ဖို့ အခွင့်အရေး စတာတွေကို တရားဝင် သတ်မှတ်ပေးဖို့ သူ့ရဲ့ အသေးစိတ် တောင်းဆိုချက် မူကြမ်းထဲမှာ ရေးသား တောင်းဆိုထားပါတယ်။

အဲဒီလို တောင်းဆိုမှုတွေနဲ့ အတူ မြောက်ပိုင်းမှာ အခြေစိုက်တဲ့ TNLA ၊ MNDAA ၊ AA တို့ကို မဟာမိတ်ဖွဲ့ပြီး စစ်ရေး အရ ပံ့ပိုးမှုတွေ ပြုလုပ်တာမျိုး ရှိတယ်လို့ တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကတော့ “ဝ” ရဲ့ထောက်ပံ့မှုက ၎င်းတို့ရဲ့ နိုင်ငံရေးကို ကြိုးကိုင်တာမျိုး မဟုတ်ဘဲ တိုင်းရင်းသား ညီအစ်ကိုချင်း အပြန်အလှန် ကူညီပံ့ပိုးပေးတာမျိုးပဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

UWSA ရဲ့ ပန်ခမ်း ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တာကတော့ မဟာမိတ်တွေ ဖြစ်တဲ့ NDAA၊ KIA၊ SSPP/SSA ၊ MNDAA ၊ TNLA နဲ့ AA တို့ပါ။

ပန်ခမ်း အစည်းအဝေးအပြီးမှာ နိုင်ငံရေးဆွေးနွေးမှု ကော်မတီတရပ်ဖွဲ့ပြီး ပါဝင်သူတွေက UWSA ရဲ့ မူကြမ်းကို ဖြည့်စွက် ပြင်ဆင်ပြီး အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးမယ်လို့ ထုတ်ပြောကြပါတယ်။

လက်နက်ကိုင်လမ်းစဉ် စွန့်ပြီးမှ ငြိမ်းချမ်းရေးမှာ ပါရမယ်လို့ ပြောဆိုခံထားရတဲ့ MNDAA၊ TNLA နဲ့ AA တို့ကို တပ်မတော် က ဗိုလ်ချုပ်ကြီး မြထွန်းဦးက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ခေါ်ယူစရာ အကြောင်းမရှိဘူးလို့ ထပ်မံ ပြောဆို လိုက်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ဖို့ အကြိမ်ကြိမ်ငြင်းပယ်ခြင်းကို ခံထားရတဲ့အပြင် MNDAA အခြေစိုက်စခန်းတွေ ချထားတဲ့ လောက် ကိုင်၊ မော်ထိုက်မြို့ ပြင်က တောင်တန်းတွေမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက စပြီး တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက် ပြီး ကိုးကန့်တပ်ဖွဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားနေပြန်ပါတယ်။

TNLA ရဲ့ တပ်စခန်းတွေ ရှိတဲ့ ကွတ်ခိုင် နဲ့ ကျောက်မဲ မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွား နေပါ တယ်။

တောတောင်ထဲက သူတို့စခန်းတွေကို တိုက်ခံနေရတာကြောင့် MNDAA နဲ့ TNLA က မတ်လ ၆ ရက်မှာ လောက်ကိုင် မြို့၊ မတ်လ ၁၄ ရက်မှာ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ ဒေသက လမ်းမကြီးတွေပေါ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြန်ပါ တယ်။

တပ်မတော်ကို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ MNDAA၊ TNLA၊ KIA၊ AA ဆိုပြီး ၄ဖွဲ့ ပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုအသွင်နဲ့ လှုပ်ရှားကြတာပါ။

ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာမျိုး လုပ်ခဲ့ပေမယ့် ပဋိပက္ခ ဖြစ်နေတဲ့ MNDAA၊ TNLA၊ AA တို့ လိုချင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကမ်းလှမ်းတာမျိုး မရှိပါဘူး။

ရန်ကုန် အခြေစိုက် တိုင်းရင်းသားနိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “ဒီ ၄ ဖွဲ့ရဲ့ တိုက်ပွဲတွေကို မတား နိုင်ရင် “ဝ”ဘက်ကိုပါ ပျံ့နှံ့သွားနိုင်တယ်၊ အစိုးရက ဒီဆက်စပ်မှုကို သေချာကိုင်တွယ်သင့်တယ်”လို့ သုံးသပ်ပါတယ်။

မစ္စတာ ဆွန်ကော့ရှန်ကတော့ မြောက်ပိုင်းအဖွဲ့တွေကို ထိုးစစ်ရပ်ဖို့ ပြောဆိုပါတယ်။

ဦးမောင်မောင်စိုးက “နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို တရုတ်က အမိန့်ပေးတိုင်း တော့ လုပ်မယ်လို့ မထင်ပါဘူး။ သူ့ အဖွဲ့အစည်းနဲ့ သူ့ရပ်တည်ချက်နဲ့ ရှိကြတာပဲ။ တရုတ်ကိုတော့ လေးစားမှုတော့ ပြကောင်းပြနိုင်ပါတယ်။ တရုတ် အမိန့်ပေးတိုင်း လုပ်လိမ့်မယ် မထင်ပါဘူး” လို့ ပြောပါတယ်။

ကိုးကန့်အရေးကို တရုတ်နိုင်ငံသားတွေ ထောက်ခံကြတယ်

မတ်လ ၆ ရက်ကနေ ဒီနေ့အထိ လောက်ကိုင်မြို့၊ မော်ထိုက်မြို့တို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပါတယ်။

MNDAA အဖွဲ့ ခေါင်းဆောင် ဦးဖုန်ကြားရှင်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ “ကိုးကန့်ဒေသကို နေရာပြန်ယူမယ်။ တပ်မတော်ကို ရင်ဆိုင်မယ်” လို့ ကြွေးကြော်မှုတွေနဲ့အတူ ကိုးကန့်ဒေသထဲကို ပြန်လည် အခြေစိုက်လာတာပါ။

၂၀၀၉ ခုနှစ်မှာ ကိုးကန့်ဒေသကနေ တိမ်းရှောင် ကိုယ်ရောင်ဖျောက်ခဲ့ရတဲ့ MNDAA နဲ့ ဦးဖုန်ကြားရှင်က ထိုးစစ်တွေနဲ့ အတူ ကိုးကန့် တောင်တန်းတွေပေါ် ပြန်လည်ဝင်ရောက်လာတာပါ။

ဦးဖုန်ကြားရှင်က သူ့ရဲ့ တပ်ဖွဲ့ ပြန်လည်ထူထောင်ဖို့ အတွက် ၂၀၁၂ ခုနှစ်မှာ KIA လိုင်ဇာမြို့ကို သွားပြီး လက်နက် အကူအညီတွေ ရယူခဲ့တယ်လို့လည်း ဝန်ခံထားပါတယ်။

ကိုးကန့်ဒေသမှာ ပြန်လည်အခြေစိုက်လာဖို့ ကြိုးစားနေချိန်မှာ ဦးဖုန်ကြားရှင်က တရုတ် လူမှုကွန်ရက်တွေ ကနေ လည်း “ကျနော်တို့က မျိုးနွယ်စုတခုတည်းပါ။ ကျနော်တို့ ပြည်သူတွေကို ကာကွယ်ပေးပါ။ ငွေကြေးထောက်ပံ့ပါ”ဆိုပြီး ရေးသားခဲ့ပါတယ်။

ယူရွန်းရဲ့ အစီရင်ခံစာမှာတော့ MNDAA တပ်ဖွဲ့ဝင်တွေရဲ့ ကိုးကန့်ပြန်လှုပ်ရှားမှုမှာ တရုတ်လူမျိုးတွေက ငွေကြေး ထောက်ပံ့တာတွေ ရှိတယ်လို့ ရေးထားပါတယ်။

တရုတ်နိုင်ငံသားတွေ ထောက်ပံ့တဲ့ ငွေကြေးတွေ ကောက်ခံဖို့ အတွက်လည်း တရုတ်အာဏာပိုင်တွေက ဘေဂျင်းမြို့ မှာ MNDAA ကို ဘဏ်အကောင့် တခု ဖွင့်ခွင့်ပေးခဲ့ကြတယ်လို့လည်း ယူရွန်းက ဆိုပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့နဲ့ ယူနန်ပြည်နယ်က အာဏာပိုင်တွေရဲ့ ပြောပြချက်အရ MNDAA အဖွဲ့အနေနဲ့ ၂၀၁၅ ခုနှစ် အတွင်းမှာ တရုတ် အာဏာပိုင်တွေနဲ့ မကြာခဏ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ယူနန်ပြည်နယ် အာဏာပိုင်တွေအနေနဲ့ ၂၀၁၆ ဒီဇင်ဘာလက ရေခဲမတတ် ချမ်းအေးနေတဲ့ အချိန်မှာ တိုက်ပွဲ တွေ ကြောင့် တရုတ်နယ်စပ်နားကို ရောက်လာကြတဲ့ ကချင်တိုင်းရင်းသား ၂၀၀၀ ကျော်ကို နှင်ထုတ်ခဲ့ကြပေမယ့် လောက်ကိုင် မြို့ တိုက်ပွဲတွေကြောင့် ပြေးလာကြတဲ့ သောင်းနဲ့ချီ ကိုးကန့် ဒေသခံတွေကို အသာတကြည် လက်ခံ စောင့်ရှောက် ကြတာကို တွေ့ရပါတယ်။

ကိုးကန့် စစ်ရှောင်ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပုံမှန်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ တွေမှာလည်း လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးထားကြောင်း အကြိမ်ကြိမ် ထည့့်သွင်း ပြောဆိုကြတာကို တွေ့ရပါတယ်။

ဦးမောင်မောင်စိုးက “တရုတ်က ကိုးကန့်ကို ရှုမြင်ပုံက အခြားတိုင်းရင်းသားတွေကို မြင်ပုံနဲ့ မတူဘူး။ သူတို့က ဟန် တရုတ်လူမျိုး အချင်းချင်း ဖြစ်တယ်။ သူများအိမ် ရောက်နေတဲ့ ကိုယ့်သားသမီးအပေါ် နွေးနွေးထွေးထွေး ဆက်ဆံရ မယ် လို့ သူတို့က ခံယူထားတယ်”လို့ ပြောပါတယ်။

ကိုးကန့်ရဲ့ မတ်လအတွင်း ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရဲဝန်ထမ်းနဲ့ အရပ်သား ၃၀ ခန့် သေဆုံးပြီး အိုးအိမ်တွေ ပျက်စီးကာ ဒုက္ခသည် ၂၀၀၀၀ ကျော် ယူနန်ပြည်နယ်ဘက်မှာ တိုးလာပါတယ်။

တရုတ်ဗဟိုအစိုးရရဲ့ သဘောထား

မြန်မာလူထုက UWSA ကို တရုတ်ရဲ့ ကိုယ်ပွားတခုလို့ စွပ်စွဲမှုတွေ ရှိနေပြီး နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း တရုတ်က လက်နက်တွေ ကူညီထောက်ပံ့ ပေးနေတယ်လို့ စွပ်စွဲ နေကြပါတယ်။

ဦးမောင်မောင်စိုးက “မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တွေကို တရုတ်ဗဟိုအစိုးရက ထောက်ပံ့တာမျိုးတွေ လုံးဝ မရှိတော့ဘူး။ စွပ်စွဲနေကြတယ် ဒါပေမယ့် အထောက်အထားမရှိဘူး။ တချို့တယောက်စ နှစ်ယောက်စ ပုဂ္ဂိုလ် တွေကတော့ လက်နက်တွေ ထုတ်ရောင်းတာမျိုးရှိလိမ့်မယ်။ ဒါပေမယ့် လာအိုတို့ ဘာတို့ မှောင်ခိုလမ်းကြောင်းတွေ က လာကြတာ များပါတယ်”လို့ ပြောပါတယ်။

မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တချို့ကလည်း တရုတ်ဗဟိုအစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေကို ကြိုးကိုင်ထောက်ပံ့နေတယ်ဆိုတာ မမှန်ကန်ကြောင်း ငြင်းဆိုကြပါတယ်။

မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့တပ်မတော်က တမြေတည်းနေ တရေတည်းသောက် နိုင်ငံသား တွေ ဖြစ်ပေမယ့် ညီအစ်ကိုဆက်ဆံရေး မဟုတ်ဘဲ ရန်သူဆက်ဆံရေး ဖြစ်နေသလို တပ်မတော်နဲ့ မြောက်ပိုင်း အဖွဲ့ တွေ ရဲ့ တိုက်ပွဲတွေက တရုတ်နိုင်ငံရဲ့ တည်ငြိမ်ရေးကိုလည်း ထိခိုက်တာကြောင့် အိမ်နီးချင်းတရုတ်က ကြားဝင်ပါနေ ရတာ ဖြစ်တယ်လို့လည်း AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဇန်နဝါရီလကုန်ပိုင်းက ဧရာဝတီကို ပြောဆိုထား ပါတယ်။

“သူ (တရုတ်)က မစွက်ဖက်ချင်ရင်တောင် ကိုယ်က ဆွဲထည့် နေရတဲ့ ပုံစံမျိုးကို ဖြစ်နေတာ”လို့လည်း ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။

အိမ်တွင်းမှာ မငြိမ်သက်လို့ တရုတ်ကို ပါဝင်ခွင့်ပေးနေရတာ ဖြစ်ပေမယ့် တချိန်မှာ တပ်မတော်နဲ့ ပြေလည်ရင် တရုတ် က မလိုအပ်တော့ဘူး လို့လည်း ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ပြောဆိုပါတယ်။

ယူရွန်းကတော့ တရုတ်ဗဟိုအစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးထားသလို နယ်စပ်တည်ငြိမ်အေးချမ်း ရေးကို လိုလားပြီး တရုတ်ရဲ့ အနာဂတ် မဟာဗျူဟာတွေ အတွက် အစိုးရနဲ့ တပ်မတော်တို့ကိုလည်း ဆက်ဆံရေး ကောင်းအောင် တည်ဆောက်မှာ ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မရုတ်မလွန် ဆက်ဆံရေး တည်ဆောက်နေမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဒါပေမယ့် မြန်မာ မြောက်ပိုင်းနဲ့ နယ်နိမိတ် တဆက်တည်းဖြစ်နေတဲ့ ယူနန် အစိုးရအဖွဲ့ဝင် တချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်မှုရှိသလို အကျိုးစီးပွား ဆက်စပ်နေတဲ့ တရုတ်အဖွဲ့တွေ ရှိနေပါတယ်။

ဥပမာ ၂၀၁၅ ဖေဖော်ဝါရီလအတွင်း MNDAA က တပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ယူနန် အစိုးရ အဖွဲ့ဝင် တချို့က ကူညီခဲ့ပါတယ်။

တပ်မတော်က လိုက်လံတိုက်ခိုက်တဲ့အခါမှာ MNDAA တပ်သားတချို့ကို တရုတ်နိုင်ငံထဲ ဝင်ပြေးဖို့ တံခါးဖွင့် ပေးခဲ့ တယ်လို့လည်း တရုတ်အရေး ကျွမ်းကျင်သူတွေရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

တရုတ်ဗဟိုအစိုးရကတော့ MNDAA ကို ကူညီခဲ့တဲ့ ယူနန်ပြည်နယ် အရာရှိတွေကို ရာထူးဖြုတ်ချ အပြစ်ပေး ခဲ့ပါ တယ်။

တရုတ်နိုင်ငံရဲ့ တောင်အာရှ၊ အရှေ့တောင်အာရှ စီးပွားရေးလမ်းကြောင်း လုပ်မယ့် စီမံကိန်းမှာ မြန်မာက သယ်ယူ ပို့ဆောင်ရေး အချက်အခြာ ဖြစ်နေတာကြောင့် သူ့အကျိုးစီးပွား အတွက် တရုတ်က အစိုးရနဲ့ တပ်မတော် ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က ဖြစ်စေ ဘက်မလိုက်ပဲ အနာဂတ်မှာ လိုက်လျော ညီထွေ နေထိုင် သွားဖို့ ဆုံးဖြတ်ထားတယ် လို့လည်း ယူရွန်းက ပြောပါတယ်။

တရုတ်ဗဟိုအစိုးရက ၂၀၁၆ အတွင်းမှာ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာသန်းနဲ့ ချီပြီးလည်း ငွေကြေး ထောက်ပံ့မှုတွေ ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူများရဲ့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို သတိထား နေရသလို တဖက်မှာလည်း တရုတ်ရဲ့ ငြိမ်းချမ်းရေး အပေါ် ထောက်ပံံ့မှုနဲ့ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ် စီးပွားရေး လုပ်ငန်းတွေ လျော့ကျသွားမှာကိုလည်း စိုးရိမ်နေပုံရတယ်လို့ သိရပါတယ်။

ဦးမောင်မောင်စိုးက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်ပါဝင်ရေးကို လျှော့ချလိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD အဖွဲ့ဝင်တွေကို စေလွှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အလွတ်သဘော အကြိမ်ကြိမ် တွေ့ဆုံ စေပြီး နားလည်မှု ယူသင့်တယ်လို့ သုံးသပ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကမကထ ဦးဆောင်ဦးရွက် ပြုသူအပြင် တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ စေ့စပ်ညှိနှိုင်းရေး ကဏ္ဍမှာလည်း ကိုယ်တိုင်ပါဝင်ပြီး တက်တက်ကြွကြွ လုပ်ဆောင် သင့်တယ် လို့လည်း ဆိုပါတယ်။

“တွေ့ဆုံမှုကို ခဏခဏ လုပ်ပြီးတော့ သဘောတူညီချက် ရအောင် ကြိုးစားတာက တရုတ် ပါဝင်မှုကိုလည်း ပိုလျှော့ချ နိုင်လိမ့်မယ်”လို့ ဦးမောင်မောင်စိုးက ပြောကြားပါတယ်။   ။

Did you find apk for android? You can find new Free Android Games and apps.
Loading