ဂီတ ဟုပြောလျှင် ဆိုမှု တီးမှု များဟု အားလုံး အလိုလို နားလည်လိုက်ကြသည်။ ဂီတသမား၊ ဂီတပညာရှင် ဟု ဆိုလျှင် အဆိုတော်လား အတီးသမားလား တေးရေးစာဆိုလား ဟု ဆက်ပြီး သိချင်ကြပေလိမ့်မည်။ ကျနော် ငယ်ရွယ်စဉ် ကလည်း ဂီတကို ဝါသနာပါ ခုံမင်ခဲ့ရင်းက အဆိုတော် ဖြစ်ချင်လာသည်။ ဆိုနေရလျှင် ပျော်ပြီး အဆိုကောင်းသူ အဆို တော်သူများကို အားကျခဲ့သည်။ ထိုသို့သော ဂီတသမား တယောက် အဖြစ် ရပ်တည်ရန် ရည်ရွယ် စဉ်းစားခဲ့ဖူးပါသည်။
ဂီတသည် သမိုင်းကြောင်းတခု ဖြစ်သည်။ ဂီတသည် ယဉ်ကျေးမှု မျက်နှာစာ တခုဖြစ်သည်။ ဂီတသည် လူသားပီသမှု အတွက် သင်ကြားရေး စံနစ်တခု ဖြစ်သည် ဟု ဆိုလျှင် လက်ခံကြပါမည်လား။ ဒီလောက်ကြီးမား လေးနက် ကျယ်ပြန့် သော ဂီတကို ဖန်တီးကြရာတွင် ကျယ်ပြန့်သော အသိ၊ လေး နက်သော အတွေး များဖြင့် ဖန်တီးနိုင်ကြဖို့ ကောင်းပါ သည်။ ထိုသို့ ဖန်တီးနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြဖို့လိုပါမည်။ နက်နက်ရှိုင်းရှိုင်းသိထားကြဖို့လို မည်ဟု ထင်ပါသည်။
အတွေးကောင်းမှ အရေးကောင်းမည် ဟု ဆိုကြသည်။ အတီးကောင်းဖို့လည်း လိုပါလိမ့်ဦးမည်။ အတွေး ကောင်းစေရန် အနုပညာအရည်အသွေး ပြည့်ဝစေရန် စာဖတ်ကြရပါသည်။ တူရိယာပစ္စည်းများကိုလည်းစုံ အောင်လေ့လာ ကြရပါမည်။ သုတ ရသ စာအစုံ ဖတ်ရင်း ဝမ်းစာ ဖြည့်ကြရပါသည်။ ဒါလောက်နဲ့ လုံလောက်ပါပြီ လား။ မလုံလောက် သေးပါ။ ခေတ်ရေစီးကြောင်းနဲ့ အညီ ပတ်ဝန်းကျင်ကို ကြည့်ရပါသည်။ ခေတ်ကို ထင်ဟပ်နိုင် သော အတွေး အရေး အတီး များ ကြံစည် ကြရပြန်သည်။ ဒီခေတ်မှာ ရှင်သန်ကြသူများ ပီပီ ခေတ်ကို မျက်ခြည်ပြတ် လို့ မရပါ။
တကယ်တော့ ဒီနေ့ခေတ် မတိုင်ခင် ဘယ်ခေတ်ကို ဖြတ်သန်းခဲ့တာလဲ၊ ရှေ့မီ နောက်မီ ပုဂ္ဂိုလ်များ သိနိုင်သော်လည်း တော်တော်များများက မသိနိုင်ကြပါ။ ထို ရှေ့မီ နောက်မီ ပုဂ္ဂိုလ်များ မမီလိုက်သော ခေတ်ကရော ဘယ်လို ဖြတ်သန်း လာခဲ့ကြတာလဲ။ ခေတ်ဆိုသည်မှာ ရေစီးကြောင်းကဲ့သို့ ရှေ့က စီးဆင်းလာခဲ့ သရွေ့ တဖြည်းဖြည်း လက်ရှိ ကိုယ် ဖြတ်သန်းနေသော ခေတ်ကို ရောက်လာခြင်းဖြစ်သည်။ သိပ်မကြာခင် ကိုယ်ရှေ့က ဖြတ်သန်းပြီး နောက်တခေတ်ကို ဆက်လက် စီးဆင်းသွားမှာပဲ ဖြစ်သည်။
ဂီတသည် ထို ခေတ်ရေစီးကြောင်းထဲမှာ ပြောင်းလဲခြင်း များစွာ၊ ပုံသဏ္ဌာန် များစွာဖြင့် ရွေ့လျားနေခြင်းသာ ဖြစ်သည်။ ခုလက်ရှိ ခေတ်အမီဆုံးသော ဂီတသစ်သည် အသစ်အသစ်များစွာ ပေါ်ထွက် ပြောင်းလဲလာပြီး ခေတ်တခု ပြောင်းသွားသော အခါ အဟောင်းစာရင်းမှာ ပါဝင်သွားရမည် ဖြစ်သည်။ ထို့အတူ အခုလက်ရှိ ခေတ်ဟောင်းက သီချင်းဟောင်းများ သည်လည်း သူ့ခေတ် သူ့အခါက ဂီတသစ် ပုံစံသစ်များ ဖြစ်ခဲ့ပါသည်။ ရေစီးကြောင်း သဘောအရ စဉ်းစားလျှင် ရှေ့ရှေ့က ဂီတပုံစံများသာ မရှိခဲ့လျှင် ယနေ့ခေတ်စားနေသော ဂီတသစ်များ လက်ရှိ အနေအထားသို့ မပေါ်ထွက်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဆင့်ပွားဆက်စပ် စဉ်းစား ဖန်တီးကြ သောကြောင့်သာ အသစ်အသစ်များ ပေါ်ထွက် လာနိုင်ခြင်း ဖြစ်ပါသည်။
ထိုသို့ ဆိုလျှင် များများဆင့်ပွား ဆက်စပ် ဖန်တီးနိုင် လေလေ၊ အနုပညာသစ်များ ကောင်းသထက် ကောင်း၊ ပြည့်စုံသထက် ပြည့်စုံ၊ တိုးတက်သထက် တိုးတက် လာနိုင်မည် ဟု ဆိုရပါလိမ့်မည်။ JS Bach ၏ သီချင်းများကြောင့် ဗီသိုဗင် ၏ ဂီတများ ပိုမိုအတွေးကြွယ်ခဲ့ရသည် ဟု ထင်ပါသည်။ အဲလ်ဗစ်စ်ပရက်စလေ နှင့် ဘီတဲလ်တို့ကို မလေ့လာ ခဲ့ဘဲ မိုက်ကယ်ဂျက်ဆင် ယခုလောက် အနုပညာရည် ပြည့်ဝနိုင်ပါ့မလား။ စဉ်းစားစရာ ကောင်းပါသည်။
ဝန်ကြီး ပဒေသရာဇာတို့ မြဝတီမင်းကြီး ဦးစ တို့၏ မဟာဂီတ သီချင်းများမှ တဆင့် နန်းတော်ရှေ့ ဆရာတင် ၏ ဂီတပညာများ ပိုမို ဆန်းသစ်တောက်ပ လာခဲ့ရသည် ဟု ဆိုလျှင် ငြင်းပယ်ကြလိမ့်မည် မထင်ပါ။ အနုပညာတိုင်း နှင့် အနုပညာရှင်တိုင်းသည် ဤနည်းနှင်နှင် ဆင့်ပွားဆက်စပ် ဖန်တီးယူနိုင်ကြခြင်း ဖြစ်ကြပါလိမ့်မည်။
အခုလို ကမ္ဘာနှင့် အဝှမ်းလွယ်ကူစွာ ကူးလူးဆက်စပ်နိုင်သော ကာလကြီးတွင် လေ့လာစရာ ဂီတ အနုသုခမ ပညာရပ် များစွာ ရှေ့တန်းရောက်လာသည်။ အိုင်တီနည်းပညာများကြောင့် ပြောင်းလဲမှု မြန်ဆန်နေသော ကာလကြီးတွင် အသစ်အသစ်များ ဖန်တီးနိုင်ဖို့ သူ့ထက်ငါ ကြိုးစားကြသောအခါ အခြေခံခိုင်မာမှု၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်မှု တို့ အရေးကြီးလာသည်။ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို မ,အအောင် သမိုင်း သင်ရမယ် ဆိုသည်ကို ပိုပိုပြီး သတိပြုမိလာသည်။ မ,အကြဖို့ လိုပါသည်။ နားလည်ကြဖို့ လိုပါသည်။ တတ်သိ ကျွမ်းကျင်ကြဖို့ လိုပါသည်။
ဂီတအနုပညာ ဖန်တီးမှုများ အတွက် အကိုင်း အခက် အလက်များ ဖြာပြီး အသီး အပွင့်တွေ ဝေဖို့ ရေသောက်မြစ်ကို သိရမည်။ လေ့လာရမည်။ ဆန်းစစ်ရမည်။ မြန်မာ့ဂီတ ဘယ်ကလာသလဲ၊ ဘယ်ကို သွားမလဲ၊ ကမ္ဘာ့ဂီတ ဘယ်က လာသလဲ၊ ဘယ်ကို သွားမလဲ။ အနုပညာ သဘောတရား အရ ကူးလူးယှက်နွယ်မှု အလားအလာ ဘယ်လိုရှိသလဲ၊ စဉ်းစားစရာ များစွာ ရှိပါသည်။ ဂီတကို ဖန်တီးသူများ အားလုံးက လူသားများ ဖြစ်၍ ဘယ်လို စိတ်အခြေအနေမျိုးက ဒီလို ဖန်တီးနိုင်အောင် လှုံ့ဆော်ပေးခဲ့တာလဲ၊ ဘယ်လို ပတ်ဝန်းကျင်မျိုးက တိုက်တွန်း နှိုးဆော်ပေးခဲ့တာလဲ။ စဉ်းစားစရာ။
တီးမှုတ်ကြတဲ့ မြန်မာ့တူရိယာတွေက ယခင် ကြေး၊ ကြိုး၊ သရေ၊ လေ၊ လက်ခုပ်၊ အနောက်တိုင်းက ကြိုးတပ် တူရိယာ၊ လေမှုတ်တူရိယာ၊ လက်ဖြင့် ပုတ်ခတ် တီးရသည့် တူရိယာ စသည်တို့မှ ယခုခေတ်တွင် အီလက်ထရောနစ် တူရိယာ၊ ကွန်ပြူတာ အထူးပြုလုပ်ချက်၊ အိုင်တီ နည်းပညာသုံး တူရိယာများစွာ ပေါ်ထွက် အသုံးပြုနေကြပြီ။ ဒီလို အဆင့်ဆင့်ပြောင်းလဲ လာရင်းက ဂီတအနုသုခုမ ၏ မူလအဓိပ္ပာယ် ဖွင့်ဆိုချက်များ ပြောင်းလဲ သတ်မှတ်လာရမည့် အနေအထား ဖြစ်နေတော့သည်။
အနုပညာမြောက် တေးသီချင်းများ ဖန်တီးဖို့၊ အနုပညာမြောက် ဂီတသံစဉ်များ ဖန်တီးဖို့ အတွက် လေ့လာစရာ များလှပါဘိ။ သိချင်စရာ များလှပါဘိ။ စိတ်ဝင်စားစရာ များလှပါဘိ…။ ဒါတွေကို ဂီတဗေဒလို့ ခေါ်မလား။
ဪ…ကျနော်ငယ်ငယ်က ဆိုချင်တီးချင် ရေးချင်ရုံ ဖြစ်ခဲ့ရတာကို ပြန်တွေးမိတော့ ပြုံးမိရပြန်ပါသည်။ ။