ဒါတွေ အားလုံးက ထမင်းကြော် တပွဲမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။
ရိုးရိုးဖြစ်သော်လည်း ပန်းကန် အတွင်းမှာ ကြည့်ကောင်းအောင် ပြင်ဆင်ထားသည်။ ပုစွန် အနည်းငယ်၊ ကြက်သွန် အနည်းငယ် နှင့် လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်တွေပါသည်။ အားလုံးထဲတွင် အမွှေးပျံ့ဆုံးဖြစ်နေသည်က တော့ ဒေသထွက် လုံးသွယ်စပါးမျိုး ဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ဖြစ်သည်။ ထမင်းလုံးများက စေးကပ်မနေဘဲ အစွန်း ဘက် ကွေ့ဝိုက်သွားပုံက ဘာစမာတီ(Basmati)ဆန်လိုပုံမျိုး ဖြစ်သည်။
ကျနော်က ရန်ကုန်မြို့၏ အနောက်ဘက် ၁၉၅ ကီလိုမီတာ ခန့်အကွာတွင် ရှိပြီး မြေဆီမြေသြဇာ ကြွယ်ဝသည့် ဧရာဝတီ မြစ်အောက်ပိုင်းဒေသ၏ အသည်းနှလုံး ဖြစ်သော ပုသိမ်မြို့သို့ ရောက်ရှိခဲ့ပါသည်။ တချိန်က ကမ္ဘာ့ ထိပ် တန်းဖြစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ဆန်စပါးလုပ်ငန်းကို ကျနော်ကိုယ်တိုင် မျက်မြင်တွေ့ချင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ် မတိုင်မီ နှစ်ပေါင်းများစွာဖြစ်သည့် ၁၉၅၀ နှစ်များအတွင်း တွင် မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် ဆန်အများဆုံး နိုင်ငံခြားတင်ပို့သည့်နိုင်ငံ တခုဖြစ်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသည် ကုန်စည်များကို သင်္ဘောများပေါ်သို့တင်၍ ကမ္ဘာတလွှားမှ နေရာ အသီးသီးသို့ ပို့ဆောင်ပေးနေရသည့် အာရှ၏ အလုပ်အများဆုံးသော ဆိပ်ကမ်းများထဲမှ တခုဖြစ်ခဲ့ပါသည်။
သို့သော်လည်း ဗိုလ်ချုပ်ကြီးနေဝင်း၏ နိုင်ငံခြားသား မုန်းတီးသော စီးပွားရေးမူဝါဒ (သူကတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ဟုခေါ်ခဲ့သည်) တွင်ကျယ် အမြစ်တွယ်လာသည့် အချိန်တွင် အရေးအပါဆုံး သောစီးပွားရေး လုပ်ငန်းက ထိုင်းနှင့် အခြားနေရာမှ ပြိုင်ဘက်များ၏ နောက်တွင် ကျန်နေခဲ့သည်။
ထိုကဲ့သို့ ကိုယ့်ဖာသာ ပြန်ပြီး ထိခိုက်နစ်နာအောင် လုပ်ဆောင်ခဲ့ခြင်းများ၏ နောက်ကွယ်တွင် သမိုင်းနှင့်ဆိုင်သော အကြောင်းရင်းများလည်း ရှိခဲ့ပါသည်။ ကိုလိုနီခေတ်ကာလတွင် ဆန်စပါးလုပ်ငန်းက အခြားသော စီးပွားရေးလုပ်ငန်း များနည်းတူ ဗမာမဟုတ်သူများက လွှမ်းမိုးထားခဲ့ သည်။ ဆန်စပါးကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင် ခြင်းနှင့် နိုင်ငံခြားတင်ပို့ ခြင်း လုပ်ငန်းများ အားလုံးနီးပါးမှာ ဗြိတိသျှ သို့မဟုတ် အိန္ဒိယ စီးပွားရေးသမားများ၏ လက် တွင်သာ ရှိနေခဲ့ပါသည်။ စပါးအထွက်ကောင်းသည့် စိုက်ပျိုးမြေ အများစုမှာလည်း အိန္ဒိယ တောင်ပိုင်းမှ ငွေချေးစား သည့် ချစ်တီးများလက်တွင်သာ ရှိနေခဲ့ခြင်းက မြန်မာတိုင်းရင်းသားများကြားတွင် နိုင်ငံခြားသား ဆန့်ကျင်ရေး စိတ် ဓာတ်များကို မီးထိုးပေးခဲ့သည်။
ယခု ၂၀၁၇ သို့ရောက်ပြီဖြစ်သည်။ လူဦးရေ၏ ၆၁.၂ ရာခိုင်နှုန်းကျော်က စိုက်ပျိုးရေးလုပ်ငန်း နှင့် ပတ်သက်နေကြ ဆဲဖြစ်သည့် မြန်မာနိုင်ငံက ကျန်သည့် အာဆီယံနိုင်ငံများကို အမီလိုက်နေသော အချိန်တွင် တချိန်က နိုင်ငံခြားပို့ကုန် အမှတ်တံဆိပ် ဖြစ်ခဲ့သော ဆန်စပါးက အနာဂါတ်ဖွံ့ဖြိုးရေး နှင့် အောင်မြင်ရေး အတွက် အရေးပါလာသည်။
တာဝန်က ခက်ခဲပါသည်။ စိမ်းလန်းစိုပြေ၍ နုန်းတင်မြေနုများဖြင့် ဖွဲ့စည်းထားသော ဧရာဝတီတိုင်းက တိုင်းပြည်၏ စပါး စိုက်ပျိုးမှု ၅၀ ရာခိုင်နှုန်းကျော်ကို ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်ပါသည်။ သို့သော်လည်း ဆယ်စုနှစ်များစွာ သော အချိန်အတွင်း ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း နှင့် ဥပေက္ခာပြုထားခဲ့ခြင်းတို့ကြောင့် စိုက်ပျိုးရေး ကဏ္ဍက ဝမ်းနည်းဖွယ်ရာ ဆုတ်ယုတ် ကျဆင်းခဲ့ရပြီ ဖြစ်သည်။
ကျေးလက်လမ်းများ၊ ရေပေးဝေရေး တူးမြောင်းများ၊ ဆန်စက်များ၊ လေ့ကျင့်ပညာပေးရေး နှင့် သုတေသန ဌာနများ အများစုက ပြင်ဆင်ထိန်းသိမ်းမှု အားနည်းခဲ့ရသည်။ အကယ်၍ ထိုသို့ ကျဆုံးမှုများသာ မဖြစ်ခဲ့လျှင် ကိုလိုနီခေတ်က ထက် ပိုမိုများပြားစွာ စိုက်ပျိုးထုတ်လုပ်နိုင်နေရမည့် မြန်မာ့ဆန်သည် ယခုအခါ အရည်အသွေး မပြည့်မီသည့် ဆန် အဖြစ် သတ်မှတ်ခြင်းခံနေရသည်။
မြန်မာနိုင်ငံက ကြီးမားသောဈေးကွက်ကြီး ၂ ခုဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံကြားတွင် ဗျူဟာမြောက်စွာ တည်ရှိနေသည့် အားသာချက်ကို အမိအရ မယူနိုင်ခဲ့ခြင်းကလည်း အံ့အားသင့် ဖွယ်ရာတခု မဟုတ်ခဲ့ပါ။ ထိုသို့ အခွင့် အရေး ယူနိုင်ရမည့် အစား မြန်မာနိုင်ငံ၏ နိုင်ငံခြားတင်ပို့မှုက အနောက်အာဖရိကမှ စားသုံးသူများထံသို့ (ဆန်ကွဲများ) တင်ပို့ခြင်းလောက်သာဖြစ်နေခဲ့သည်။ အရည်အသွေး နိမ့်ကျသည့် အတွက် ကမ္ဘာ့ပေါက်ဈေးထက် သိသိသာသာ လျော့နည်းသော ဈေးနှုန်းဖြင့် ရောင်းချနေရသည်။
ထမင်းကြော်စားပြီးသောအခါ ပုသိမ်မြို့လယ်နှင့် တနာရီခွဲ ခရီးအကွာလောက်တွင် နေသော ဦးကိုအေး ထံသို့ ကျနော် သွား ရောက်လည်ပတ်ခဲ့ပါသည်။ အောင်မြင်သော လယ်သမား တယောက်ဖြစ်သည့် ဦးကိုအေး၏ မိသားစုက လယ် ၁၁.၅ ဧကကို အစဉ် အဆက်ပိုင်ဆိုင်ခဲ့ပြီး စိုက်ပျိုးလုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဟု သိရပါသည်။
ရေစုပ်စက်ငယ်လေး တလုံး ရှိနေရုံမျှ နှင့် အသက် ၅၉ နှစ်အရွယ် ဦးကိုအေးက သူ့မြေပေါ်တွင် သီးနှံအမျိုးမျိုးကို စိုက် ပျိုးနိုင်ခဲ့ပါသည်။ စပါးကို တနှစ်လျှင် ၂ သီး စိုက်သလို ဟင်းရွက်များ၊ ပဲနှင့် သစ်သီးများကိုလည်း သီးထပ် သီးညှပ် အဖြစ်စိုက်ပျိုးသည်။ များစွာ မကြီးမားသော်လည်း အခိုင်အမာဆောက်လုပ်ထားသည့် ကွန်ကရစ်တိုက် နှင့် နေနိုင် သလို သူ့အိမ်မှာ အဝီစိတွင်း နှင့် လျှပ်စစ်မီးလည်း ရှိသည်။ နောင်ဖြစ်လာနိုင်မည့် လယ်သမားတို့၏ အနာဂါတ်ကို ဦးကိုအေးက ရှေ့ပြေးနိမိတ် ပြနေခြင်းဟုလည်း ဆိုနိုင်ပါသည်။
သို့သော်လည်း အဝေးတွင် မြင်နေရသည့် အဆောက်အဦးများကို ကြည့်ရင်း သူ၏ ယုံကြည်မှုတို့ ကျဆင်း နေရသည်။ “လူငယ်တွေက လယ်ထဲမှာ လုပ်ရတာထက် ပိုက်ဆံရတာ ပိုနည်းမယ်ဆိုရင်တောင်မှ လေအေးစက် တပ်ထား တဲ့ စက်ရုံတွေထဲမှာပဲ လုပ်ချင်ကြတယ်။ စက်ရုံတွေ ပိုပြီး ဆောက်နိုင်ဖို့ အတွက် ကျနော်တို့ မြေတွေကို သိမ်းမှာကို လည်း စိုးရမ်နေရတယ်” ဟု ဦးကိုအေးက ရှင်းပြသည်။
သူက ပေါ်ဆန်းစပါး စိုက်ပျိုးသူ ဖြစ်သည်။ သေချာစွာဂရုစိုက်ရန် လိုသော်လည်း ပိုမို၍ အမြတ်အစွန်းရ နိုင်သည် ဟု လည်း ပြောသည်။ အခြားသော စပါးများထက် ဝင်ငွေ အနည်းဆုံး ၂၅ ရာခိုင်နှုန်း ပိုရသည်ဟု သိရသည်။ တကယ် တွင်လည်း ပေါ်ဆန်း ဆန်က ကျနော် အရင်က စားဖူးသည့် ဆန်တွေတခုနှင့်မျှ မတူပါ။ ထို့ ပြင် ယခုလိုထင်သည်က ကျနော် တဦးတည်း မဟုတ်ပါ။
ဥပမာပြရလျှင် ၂၀၁၁ က ကမ္ဘာ့ဆန် ညီလာခံ(World Rice Conference) တွင် ပေါ်ဆန်းက ကမ္ဘာပေါ်တွင် အရသာ အကောင်းဆုံး ဆန်အဖြစ် ကြေညာခဲ့သည်။ ယခင်က ၂ ကြိမ်တိုင် သတ်မှတ်ခြင်း ခံခဲ့ရသော ထိုင်းနိုင်ငံမှ Jasmine ဆန်ကို ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
မချက်ရသေးမီတွင် ပေါ်ဆန်းဆန်က risotto (ဆန်နှင့်ချက် သည့် အီတလီ အစားအစာတမျိုး)ပြုလုပ်ရာတွင် အသုံးပြု သည့် Arborio နှင့်တူသည်။ တိုတိုတုတ်တုတ်ဖြစ်သည်။ သို့သော်လည်း ချက်လိုက်လျှင် အလျားက ၂ဆ မှ ၃ ဆ အထိ ပိုမို ရှည်လျားသွားသည်။ Basmati ဆန်ကဲ့သို့ ကျော့ရှင်းသော ပုံစံသို့ အံ့သြဖွယ်ရာ ပြောင်းလဲသွားသည်။
ယခုအချိန်တွင် စိုက်ပျိုးရေး ကဏ္ဍတခုလုံးကို ပြန်လည်တည်ဆောက်ခြင်းက စိန်ခေါ်မှု ကြီးမားပါသည်။ သို့သော် လည်း မဖြစ်နိုင်သည့် အရာမဟုတ်ပါ။ ယခင်ကလည်း လုပ်ခဲ့ပြီး ဖြစ်သည်။ ပဋိပက္ခများထဲတွင် နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့သည့် ဗီယက်နမ် နိုင်ငံ လုပ်ခဲ့ကို ကြည့်နိုင်ပါသည်။
သွားရမည့် လမ်းပြမြေပုံကလည်း ရှင်းလင်းပါသည်။ ပွင့်လင်းမြင်သာမှုရှိသောပိုင်ဆိုင်မှု အခွင့် အရေး၊ ကျေးလက်ချေး ငွေများ နှင့် အခြေခံအဆောက် အဦးတွင် ရင်းနှီးမြှုပ်နှံခြင်းများတို့က မူဝါဒ၏ အဓိက အစိတ်အပိုင်းများ ဖြစ်ကြပါသည်။ သို့သော်လည်း ဆန်အရည်အသွေး ညံ့ဖျင်းမှုနှင့် ပတ်သက်၍ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရသည်ကိုတော့ ဖယ်ထုတ်ရန် ခက် ခဲပါလိမ့်မည်။ သူတို့၏ စိုက်ပျိုးရေး ထွက်ကုန်များ အကောင်းဆုံး ဈေးနှုန်း ရရှိရန် ဗီယက်နမ်နိုင်ငံက ခက်ခက်ခဲခဲ ကြိုး စားခဲ့ရပါသည်။
ထိုသို့ ပြုလုပ်ရာတွင် ပေါ်ဆန်းဆန်က အမျိုးသား အမှတ်တံဆိပ် သံတမန် တခုသဖွယ် အရေးပါသောနေရာမှ ပါဝင် လာနိုင်ပါသည်။ ၎င်း၏ ထူးခြားသော အရည်အသွေးများက ဒေသတွင်း နှင့် ကမ္ဘာတလွှားမှာ စိတ်ဝင်စားမှုများကို ဆွဲ ဆောင်နိုင်ပါလိမ့်မည်။
ကျနော်ကိုယ်တိုင်လည်း တရားဝင် ပေါ်ဆန်း ပရိသတ်တယောက် ဖြစ်လာခဲ့တာ သေချာပါသည်။ ပုံမှန် အားဖြင့် ကျနော်က ကိုယ်စားသည့် ဆန်က ဘာအမျိုးအစားဆိုတာကို သတိထားမိတတ်သူ မဟုတ်ပါ။ သို့သော်လည်း ယခုတခါမှာတော့ ကျနော် ရန်ကုန်သို့ ပြန်ရောက်သည် နှင့် သိမ်ကြီးဈေးထဲတွင် နာရီ အတော်ကြာအောင် အချိန် ပေး၍ ပေါ်ဆန်းဆန် ကို လိုက်ရှာပြီး အိမ်အပြန်မှာ သယ်သွားဖို့ ကီလိုအနည်းငယ် ဝယ်ခဲ့ပါသည်။ ယခုကဲ့သို့ ကျနော် တခါမှ မလုပ်ခဲ့ဖူးပါ။
(ကရင်မ် ရတ်စ်လာမ် (KarimRaslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦးဖြစ်သည်။)