သူရဲ့ နာမည်က မအေးစန္ဒာ၊ တကယ်တမ်း သူက ပညာရေးမှာတောင် မူလတန်းပညာရေး တတိယတန်းအထိသာ ပညာသင်ယူခဲ့ရသူ ဖြစ်တယ်။ လုပ်ကိုင်ရတဲ့အလုပ်က ကြုံရာကျပန်း၊ ဝင်ငွေကတလမှ ကျပ် ၃ သောင်းသာ ရရှိပေမယ့် သူရဲ့အသိဉာဏ်က လူ့အများ အသက်အန္တရယ် ဖြစ်စေနိုင်မှုကနေ ကာကွယ်ပေးနိုင်သူ ဖြစ်တယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် မနက်ခြောက်နာရီခန့်မှာ မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းရှိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ပိုင် ထန်းတပင် ဘူတာနဲ့ ညောင်ဇင် ဘူတာအကြားမှာ ရထားသံလမ်း တပေခန့် အဆက်ပြတ်နေတာကို မအေးစန္ဒာက စတင်တွေ့ရှိခဲ့ပြီး နီးစပ်ရာဘူတာကို သွားရောက်သတိပေးခဲ့တာကြောင့် ရထားတိမ်းမှောက်မယ့် အန္တရာယ်က ကာကွယ်နိုင်ခဲ့တယ်။
“စပါးစက်ကြိတ်ဖို့လာရင်း စောနေသေးလို့ ရထားပေါ်က ချခဲ့တဲ့ ပုလင်းခွံ၊ ရေသန့်ဘူးခွံတွေကို ရှာရင်း သံလမ်းပြတ်နေတာကို တွေ့ခဲ့တာ။ ရထားချော်ပြီး မှောက်နိုင်တယ်။ အဲဒီအခါ အများဒုက္ခရောက်နေလိမ့်မယ် ဆိုတဲ့စိတ်နဲ့ သံလမ်းပျက်နေတာ ဘူတာကို အကြောင်းကြားခဲ့တာ” လို့ မအေးစန္ဒာက ဆိုပါတယ်။
မြန်မာ့မီးရထားက တာဝန်ရှိသူတွေက မအေးစန္ဒာက ဘူတာကို အခုလို အချိန်မီအသိပေး အကြောင်းကြားလိုက်နိုင်လို့ ရထားတိမ်းမှောက်မှုက ကာကွယ်နိုင်ခဲ့တယ်လို့ ပြောဆိုပါတယ်။
ထန်းတပင် ဘူတာရုံပိုင် (တာဝန်ခံ) ဦးကိုကိုလွင်က “ သတင်းပေးတာ ရရချင်း အဲဒီနေရာကို သွားကြည့်တယ်။ သံလမ်းပြင်လို့မပြီးခင် မန္တလေး – မြစ်ကြီးနား အထူးအမြန်ရထား လာနေတာကို အလံနီနဲ့ ရပ်ခိုင်းရတယ်။ လမ်းလုပ်သား လိုက်လာပြီး ယာယီသွားလို့ရအောင် ပြင်လိုက်လို့ တစ်လိမ့်ချင်း အရှိန်သတ်နှုန်းနဲ့ဖြတ်ပြီး သွားခိုင်းရတယ် ”ပြောပါတယ်။
“သံလမ်း ပြတ်နေတာကို အချိန်မီ မသိရင် စက်ခေါင်း ထိုးကျသွားခဲ့တာမျိုး ဖြစ်နိုင်တယ်။ တချို့လည်း ခေါင်းတွဲကတော့ ဖြတ်နိုင်တယ်၊ နောက်တွဲတွေ ထိုးကျသွားနိုင်တယ်။ အဲဒီလိုဖြစ်ခဲ့လို့ ခရီးသည် အသက်မသေဘူး ဆိုရင်တောင် ရထားလမ်းပိုင်း ပိတ်ဆို့မှုကြောင့် အချိန်ကြန့်ကြာမှုတွေ ဖြစ်နိုင်တယ်။ အထူးအမြန်ရထား ဆိုတာက ခရီးသည် အနည်းဆုံး ၂၀၀ ကျော် ပါတတ်တာဖြစ်လို့ အချိန်မီ သတင်းမရနိုင်ရင် မတွေးရဲစရာပါ” ဟု ဦးကိုကိုလွင်က ဆက်ပြောသည်။

ကန့်ဘလူမြို့နယ်ပိုင်ထဲက ဒီဘူတာတွေဟာ ဖြစ်ရပ်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ အကြီးမားဆုံး မတော်တဆဖြစ်စဉ်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ထန်းတပင်နဲ့ ညောင်ဇင်ဘူတာကြားမှာ တံတားပေါ်ကနေ ရထားခေါင်းတွဲကစပြီး ရထားတွဲတွေ ထိုးကျခဲ့ဖူးလို့ ခရီးသည် အများအပြား သေဆုံးခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့လေးနှစ်ကလည်း ချက်ကြီးဘူတာမှာ စက်သုံးဆီလုံးရထားတွဲ လမ်းချော်ကျတယ်။ ဖိတ်စဉ်ကျနေတဲ့ စက်သုံးဆီတွေကို အနီးအနားကျေးရွာက လာပြီးခပ်ယူသယ်ကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့လို့ ဆီလာခတ်ကြတဲ့ ရွာသူရွာသား အများအပြား အသက်ဆုံးရှုံးခဲ့ရတယ်။
ဒီလိုဖြစ်ရပ်ဆိုးကြီးတွေ ရှိခဲ့ဖူးလို့ ဒေသခံတွေက ရထားလမ်းပိုင်း မတော်တဆမှုဖြစ်မှာကို စိုးရွံ့နေကြတယ်။ လူသေဆုံးတဲ့ ဖြစ်ရပ်တွေ မဟုတ်ဘဲ ရထားဘီးတွဲ ချော်တာ၊ ရေကျော်လို့ ရထားလမ်းတွေ ပိတ်ရတာတွေလည်း မကြာခဏ ဖြစ်တတ်လေ့ ရှိတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
မတော်တဆ ဖြစ်ပွားမှုကို ကာကွယ်လိုက်နိုင်ခဲ့လို့ သတင်းပေးပို့သူ မအေးစန္ဒာကို မြန်မာ့မီးရထားက ဂုဏ်ပြုပွဲတရပ်ကို မတ်လ ၁၄ ရက်က ထန်းတပင်ဘူတာမှာ ကျင်းပပေးခဲ့ပါတယ်။ ကန့်ဘလူမြို့နယ် လက်ထုပ်ကုန်း ကျေးရွာမှာ နေထိုင်တဲ့ မအေးစန္ဒာက အခုလိုဂုဏ်ပြုခံရမယ်လို့ လုံးဝမျှော်လင့် မထားပါဘူးဆိုပြီး မဝံ့မရဲအသံနဲ့ ပြောပါတယ်။
သူ့ရဲ့ဘဝမှာ စားဝတ်နေရေး ပြေလည်စေဖို့ ဝင်ငွေရှာဖို့က အဓိကလို့ ဆိုပါတယ်။ ကျုံရာကျပန်း အလုပ်လုပ်ကိုင်ရင်း စိုက်ပျိုးရာသီဆို ပျိုးနှုတ်၊ ကောက်ရိတ်လိုက်တယ်။ ကျန်တဲ့အချိန်ဆို ပုံမှန်အလုပ်မရှိလို့ ပလပ်စတစ်ဘူးခွံ လိုက်ကောက်စုတယ်။ ငွေလိုရင် အဲဒါတွေရောင်းပြီး စားဝတ်နေရေး ဖြေရှင်းရတယ်လို့ အသက် ၃၂ နှစ် အရွယ် ကလေးမိခင် တဦးဖြစ်တဲ့ မအေးစန္ဒာက ပြောပါတယ်။
ဒီလို ဘူးခွံတွေကောက်ရင်း သံလမ်းပျက်နေတာတွေ့လို့ အန္တရယ်မဖြစ်ရလေအောင် အချိန်မီ သတင်းပေးပို့ခဲ့လို့ မြန်မာမီးရထားက ဂုဏ်ပြုပေးအပ်တဲ့ လက်မှတ်လေးကို သူရဲ့ထရံကာသွပ်ကယ်မိုး အိမ်လေးနံရံမှာ ချိတ်ရတော့မှာဖြစ်လို့ ပျော်တယ်လို့ မအေးစန္ဒာက ဆိုပါတယ် ။
စားဝတ်နေရေး ပြေလည်အောင် ကြုံရာကျပန်း လှုပ်ရှားရုန်းကန် နေရပေမယ့် မရှားပါးသူ မအေးစန္ဒာတယောက် အခုလိုဂုဏ်ပြုခံရလို့ ပြန်လည်ပြောကြားနေတဲ့ ကျေးဇူးတင် စကားသံက မတိုးမကျယ် ဖြစ်နေပေမယ့် သူ့ကိုဂုဏ်ပြုပြီး တီးခတ်ကြတဲ့ လက်ခုတ်သံကတွေတော့ ထန်းတပင်ဘူတာတဝိုက် ပျံ့လွင့်နေပါတယ်။
မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ဦးမျိုးဝင်းက မီးရထားလမ်း မတော်တဆမှု ဖြစ်စဉ်တွေဟာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ ရထားလမ်းပိုင်းတွေမှာ တလကို ၄ ခုကနေ ၆ ခု ဝန်းကျင် ရှိတတ်တယ်လို့ ပြောပါတယ်။
“ရထားနဲ့ ကား၊ ရထားနဲ့ ဆိုင်ကယ်၊ ရထားနဲ့ လှည်း တိုက်တဲ့ ဖြစ်စဉ်တွေလည်း တိုးလာတယ်၊ ဒါတွေကို တားဆီးကာကွယ်သွားဖို့ လိုတယ်” လို့ ဦးမျိုးဝင်းက ဆိုပါတယ်။ ဒါ့အပြင် အခုလို ရထားသံလမ်း ပြတ်နေတဲ့ဖြစ်ရပ်အပေါ် သေချာသိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မန္တလေး- မြစ်ကြီးနား လမ်းပိုင်းမှာ တရက်အတွင်း ခုတ်မောင်းတဲ့ ရထားအစင်းရေ ၂၅ စင်း ကနေ ၃၀ စင်း အထိ ရှိပြီး၊ ရထားလမ်း ပျက်ဆီးမှုတွေက ရထားသွားတိုင်း ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။
ရထားလမ်းကြောင့်အပြင် ပစ္စည်းကြောင့်လည်း ဖြစ်တတ်ပြီး ဒါတွေကြံ့ခိုင်မှုရှိစေဖို့ ရထားလမ်းပိုင်း စစ်ဆေးကြတဲ့ လူတွေမှာလည်း တာဝန်ရှိတယ်လို့ မြန်မာ့မီးရထား တိုင်းအမှတ်(၂) တိုင်းမန်နေဂျာ (သွားလာရေး) ဦးမင်းမင်းထွေးက ဆိုပါတယ်။
ထန်းတပင်နဲ့ ညောင်ဇင်ဘူတာအကြား ဖြစ်ပေါ်ခဲ့တဲ့ ရထားသံလမ်း ပျက်ဆီးမှုက လူ့ပယောဂ မပါဝင်ပါဝင်ဘဲ ရထားသံလမ်းရှည်ကြီး နှစ်ခုကို ဆက်တဲ့နေရာမှာ တစ်ပေလောက်ရှိတဲ့ သံလမ်းကို ကြားကနေ သံလမ်းတို ထည့်ထားရာက ရထားဖြတ်တဲ့ အကြိမ်ရေ များလာတဲ့အခါ သံလမ်းတခုနဲ့တခု ဆက်ထားတဲ့ ပတ္တာက တဖြည်းဖြည်းနဲ့ ပြုတ်ကျသွားပြီး ၁ ပေအရှည်လောက် သံလမ်းအဆက်ပြတ် သွားခဲ့တာကို တွေ့ရှိရတယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတွေက ပြောပါတယ်။
မအေးစန္ဒာ သတင်းပေးပို့မှုကြောင့် အချိန်မီ ကာကွယ်လိုက်နိုင်ပေမယ့် ဒီလိုပျက်စီးနေမှုကို စစ်ဆေးဖို့ ပျက်ကွက်တဲ့ တာဝန်ရှိ မီးရထားဝန်ထမ်းတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရထားသံလမ်းကူးဖို့ နေရာကို သတ်သတ်မှတ်မှတ် ဂိတ်နဲ့ လူစောင့် ချထားပေးပေမယ့် ရထားသံလမ်းကို ဖြတ်ရမယ့်နေရာက မဖြတ်ဘဲ သံလမ်းပေါ်ကို လှည်းတွေ၊ ဆိုင်ကယ်ကယ်တွေ ဒီအတိုင်း ဖြတ်ကျော်ကြတဲ့ သူတွေကြောင့် ရထားသံလမ်း ပျက်ဆီးမှု ဖြစ်ရတယ်လို့ မြန်မာ့မီးရထား တာဝန်ရှိသူတွေက ပြောပါတယ်။