ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်၊ တာခွ- တဲကြီးကုန်းကျေးရွာတွင် ဂုဏ်ပြုထားရှိသည့် မြန်မာ့လွပ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူဖိုင်ဘာရုပ်တုမှာ မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ဖျက်ဆီးခံခဲ့ရသည်။
ဖျက်ဆီးသူက အသက် ၃၆ နှစ်အရွယ်ရှိ စိုးမင်းမင်း ဆိုသူ ဖြစ်သည်။ ကိုစိုးမင်းမင်းမှာ ၎င်းနေထိုင်သည့် ပန်းထိမ်ကုန်း ကျေးရွာမှ တမိုင်ခွဲခန့်ဝေးသည့် တာခွ – တဲကြီးကုန်း ကျေးရွာသို့ သံတုတ်နှင့် တံစဉ်များ ယူဆောင်ပြီး အုတ်ခုံစင်မြင့်ပေါ်တွင် ထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ထုရိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ဖျက်တာက နေ့ခင်း ၃ နာရီဝန်းကျင် လောက်က ဖြစ်တာ။ သူ(စိုးမင်းမင်း) က သံတုတ် တတောင်လောက်နဲ့ တံစဉ် ယူလာ တယ်။ အဲဒါနဲ့ ရုပ်တုကို ထုပြီးဖျက်တာ” ဟု ဟု တာခွ – တဲကြီးကုန်း ကျေးရွာဒေသခံ ကိုဝေမင်းထွန်းက ဧရာဝတီကို ပြောပြသည်။
သူကဆက်ပြီး “အရင်ဆုံးတွေ့တဲ့ ရွာထဲက လူက မင်းဘာလုပ်တာလဲမေးတော့ သူကတံစဉ်နဲ့ ခုခံဖို့လုပ်တယ်။ အဲဒါနဲ့ အနား မကပ်ရဲသေးဘူး။ သူကရုပ်တုပေါ်ကို တက်ပြီး ဖျက်ရင်းနဲ့ လုံးပြီးအောက်ကို ပြုတ်ကျတော့မှ အဲ့မှာဝိုင်းဖမ်းကြတာ” ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးသူ စိုးမင်းမင်းအား ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးပြီးနောက် မြန်အောင်မြို့မ ရဲစခန်းလက်သို့ အပ်နှံခဲ့သည်။ တာခွ – တဲကြီးကုန်းရွာရှိ လွပ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုမှာ စိုးမင်းမင်းလက်ချက်ဖြင့် သုံးပိုင်းကျိုး၍ ကြေမွပျက်စီးခဲ့ရသည်။
တာခွ – တဲကြီးကုန်းရွာရှိ ဗိုလ်ချုပ်ပုံတူ ရုပ်တုမှာ ဒေသခံများမှ ငွေကျပ်၂၅ သိန်း အကုန်အကျခံ၍ မန္တလေးမြို့မှ မှာယူခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်ဇွန်လတွင် ကျင်းပသည့် ရုပ်တုဖွင့်ပွဲကို ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးချက်များ အရ စိုးမင်းမင်းမှာ ၂၀၁၃ ခုနှစ်က ရွာသာကြီးစိတ်ကျန်းမာရေး ဆေးရုံတွင် ဆေးကုသမှု ခံယူဖူးသူဖြစ်ပြီး ၂၀၁၇ ခုနှစ် အထိ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးများ သောက်သုံးနေရသူ ဖြစ်ကြောင်း မြန်အောင်မြို့မ ရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ဦး က ဆိုသည်။
ဒုရဲအုပ် အောင်ကျော်ဦး က “သူက ၂၀၁၃ ခုနှစ်ကတည်းက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ ဆေးကု ထားရတယ်။ ၂၀၁၃ ကနေ ၂၀၁၇ အထိစားဆေး ၃ လစာပုံမှန် စားနေရတယ်။ အခုက စားဆေးပြတ်သွားတာ ၂ လကျော်လောက် ရှိပြီ။ အဲ့မှာ အဖေတလှည့် အမေတလှည့် သူ့ကိုကြည့်ပြီး ထိန်းနေရတယ်။ မနက်က သူ့အမေထိန်းနေရင်းကနေ အလစ်မှာ ထွက်သွားပြီး တော့ တံစဉ်နဲ့ ပဲထောင်းတဲ့ သံတူလေးကိုင်ပြီး လျှောက်သွားရင်း အခုလိုတွေ ဖြစ်ကုန်တာ”ဟု ပြောသည်။
ပြစ်မှု ကျူးလွန်သူ စိုးမင်းမင်းမှာ ဗိုလ်ချုပ်ရုပ်တု ထားရှိသည့်စင်ပေါ်သို့ တက်၍ ရုပ်တုအား ထုရိုက်ဖျက်ဆီးစဉ် ပြုတ်ကျခဲ့သည့် ဒဏ်ကြောင့် လက်မောင်းရိုး ကျိုးသွားသည့် အတွက် မြန်အောင်ဆေးရုံတွင် ရဲအစောင့် အရှောက်ဖြင့် ဆေးကုသမှု ခံယူ နေကြောင်း သိရသည်။
“ကိုယ်မွေးတဲ့ အရပ်ဒေသမှာ လေးစားရတဲ့ ဗိုလ်ချုပ် ရုပ်တုကို မတည်ပြီး လှူထားခဲ့တာ။ အခုလို ဖျက်ဆီးခံရတော့ ပြောမပြတတ်အောင်ကို စိတ်မကောင်းဖြစ်ရတယ်။ သတင်းကြားကြားချင်းဆို ထမင်းတောင် မစားနိုင်ဘူး။ တမိုင်ခွဲလောက် ဝေးတဲ့နေရာကို လက်နက်ကိရိယာတွေ ယူလာပြီး ဗိုလ်ချုပ်ရုပ်တုကိုမှ ဖျက်ဆီးတယ်ဆိုတော့ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာလားဆိုတာ သံသယဖြစ်ဖို့ ကောင်းတယ်”ဟု တာခွ – တဲကြီးကုန်း ဗိုလ်ချုပ်ရုပ်တု မတည်အလှူရှင် ဒေါ်အေးအေးသွယ် က ပြောသည်။
မြန်အောင်မြို့နယ် တာခွ – တဲကြီးကုန်းရွာရှိ ဗိုလ်ချုပ်ရုပ်တု အဖျက်ခံရမှုသည် ဟင်္သာတ ခရိုင်၌ ၂ နှစ် အတွင်း ဒုတိယမြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လကလည်း ကြံခင်းမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးခံခဲ့ရမှု ဖြစ်ပွားခဲ့သေးသည်။
အကွာအဝေး ၇ မိုင်ခန့်သာ ရှိပြီး တံတားတစင်းသာ ခြားသည့် အိမ်နီးချင်း မြို့နှစ်မြို့ဖြစ်သော ကြံခင်းနှင့် မြန်အောင်မြို့တို့တွင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်တုများ ဖျက်ဆီးခံနေရခြင်းက ထူးခြားချက် ဖြစ်နေသည်။ နောက်ထပ် ထူးခြားစွာ တူညီနေသည့် အချက်တစ်ခုမှာ တရားခံများသည် ဆေးကြောင်၍ စိတ်မနှံ့၍ ဗိုလ်ချုပ် ရုပ်တုများကို ဖျက်ဆီးမိခြင်း ဟူသော အကြောင်းပြချက်များ ဖြစ်သည်။
ကြံခင်းမြို့တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗိုလ်ချုပ် ရုပ်တုဖျက်ဆီးမှုတွင် တရားခံ ဖြိုးကျော်အောင် (ခ) ကိုဖြိုးမှာ ဆေးကြောင်၍ လုပ်မိကြောင်း ဝန်ခံပြောဆိုခဲ့ခဲ့ပြီး ယခု မြန်အောင်မြို့ တာခွ – တဲကြီးကုန်းရွာရှိ ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးမှု မှာလည်း စိတ်မနှံ့၍ လုပ်မိကြောင်း တာဝန်ရှိသူများထံ ဝန်ခံပြောဆိုမှုများ ရှိနေသည့် အချက်များမှာ ထူးခြားစွာ တူညီနေသည်။
မြန်အောင်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က “ကြံခင်းမှာ ဗိုလ်ချုပ်ကြေးရုပ် ဖျက်တဲ့ လူက ဆေးကြောင်နေတဲ့လူလို့ ပြောတယ်။ ကြံခင်းနဲ့ မြန်အောင်ဆိုတာက တံတားတစ်ခုပဲ ခြားတယ်။ အခု မြန်အောင်မှာ လုပ်တဲ့ လူကလည်း ရူးနေတဲ့လူဆိုပြီး ပြောနေတော့ ဗိုလ်ချုပ်ရုပ်တုတွေကိုမှ ပစ်မှတ်ထားပြီး ဖျက်ဆီးနေတဲ့အပေါ်မှာ ကျမ အနေနဲ့ရော ဒေသခံ ပြည်သူတွေကပါ သံသယရှိနေကြတယ်။ ကျမအနေနဲ့တော့ တရားရုံး အဆုံးအဖြတ်ကို အဓိက စောင့်ကြည့် သွားမှာပါ”ဟု ပြောသည်။
မြန်အောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ပြစ်မှု ကျူးလွန်သူ စိုးမင်းမင်းအား အမှုဖွင့် အရေးယူရန် ပြင်ဆင် နေသော်လည်း စိုးမင်းမင်းမှာ ဆေးရုံပေါ်တွင် အော်ဟစ်နေသည့် အတွက် စစ်ချက်ယူရန် အခက်အခဲ ဖြစ်နေကြောင်း မြန်အောင်မြို့မ စခန်းမှ ဒုရဲအုပ် အောင်ကျော်ဦး က ပြောသည်။
“သူ့မိဘတွေ ပတ်ဝန်းကျင်တွေတော့ အကုန်လုံးစစ်ချက် ရယူပြီးသွားပြီ။ ရွာသာကြီး ဆေးရုံမှာဆေးကုတဲ့ ဆေးစာအုပ်လည်း ကျနော်တို့ ရထားပြီးပါပြီ။ သူ့ကိုစစ်ဖို့ပဲကျန်နေတာ။ သူကဆေးရုံမှာ သီချင်းဆိုတဲ့အခါ ဆိုတယ်။ အော်တဲ့အခါ အော်တယ်။ အဲတော့ ကျနော်တို့မှာ စစ်ချက်ရယူဖို့ အခက်အခဲ ဖြစ်နေတော့ အမှုဖွင့်နိုင်တဲ့ အနေအထား မရှိသေးဘူး ဖြစ်နေပါတယ်” ဟု သူကပြောသည်။
ရဲတပ်ဖွဲ့ အနေဖြင့် ဗိုလ်ချုပ် ရုပ်တုဖျက်ဆီးသူ စိုးမင်းမင်း၏ ကျန်းမာရေး မှတ်တမ်းများ၊ ရွာသာကြီး ဆေးရုံတွင် ဆေးကုသမှု မှတ်တမ်းများနှင့် စိုးမင်းမင်း၏ စိတ်ကျန်းမာရေး အခြေအနေများကို ကျွမ်းကျင်သူများဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်အောင်မြို့မရဲစခန်းက ထုတ်ဖော် ပြောဆိုထားသည်။
ကြံခင်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း က “ကျနော်တို့ စုံစမ်း သိရှိရ သလောက် တော့ ဒီပုဂ္ဂိုလ် (စိုးစိုးမင်း) ဟာ ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးမှု မလုပ်ခင် ရက်ပိုင်း လပိုင်း အတောအတွင်းမှာ စိတ်ဖောက်ပြန် နေတာမျိုး မကြားရဘူး။ သူ့ကိုစိတ်ဖောက်ပြန်သူ အဖြစ် ပတ်ဝန်းကျင်က ပြုမူဆက်ဆံထားတာ မရှိဘူး။ သာမာန် လူတယောက် လိုပဲ ဆက်ဆံထားတယ်။ ဒီကိစ္စ ကျူးလွန်လိုက်ပြီးတော့မှ သူဟာ ၂၀၁၃ ခုနှစ်တုန်းက ရွာသာကြီးမှာ ဆေးကုဖူးတဲ့ မှတ်တမ်းကို ထုတ်ပြတဲ့ အနေအထားလို့ ယူဆတယ်”ဟု ပြောသည်။
ဥပဒေပြဌာန်းချက်များ အရ ပြစ်မှုကျူးလွန်ချိန်တွင် ဖြစ်ပေါ်နေသော စိတ်အနေအထားကို ကြည့်၍ လူကောင်းလား၊ ရူးသွပ်နေသူလား ဆိုသည်ကို ဆုံးဖြတ်ကြောင်း၊ တာခွ – တဲကြီးကုန်းရွာ ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံရမှု ဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူမှာ ရူးသွပ်နေချိန်မဟုတ်ဟု ကောက်ချက်ချနိုင်ကြောင်းပုသိမ်မြို့မှ လုပ်သက်ရင့် အထက်တန်းရှေ့နေ ဦးဇော်ဝင်းအောင်က သုံးသပ်ပြောဆိုသည်။
“သူ့ရဲ့စိတ်ကို ကြည့်တဲ့အခါ ပြစ်မှု ကျူးလွန်သူဟာ အကယ်၍ ရူးနေတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတင်မဟုတ်ဘူး ကျန်တဲ့ပစ္စည်းတွေ၊ ရုပ်တုတွေကိုပါ ထုခွဲရိုက်နှက်နိုင်တဲ့ အခြေအနေမျိုးမှာရှိတယ်။ အဲ့လိုမလုပ်ဘဲ ဗိုလ်ချုပ်ရဲ့အရုပ်ကိုမှ လာလုပ်ခြင်းသည် ပြစ်မှု ကျူးလွန်ချိန်မှာ ဒီလူဟာရူးသွပ်နေချိန် မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်”ဟုပြောသည်။