ကလေးတွေ မွေးလာသည့်အခါ ဗေဒင်၊ လက္ခဏာတတ်ကျွမ်းသည့် ဘုန်းတော်ကြီးကို ဖြစ်စေ၊ ဗေဒင်ဟူးရားတို့ ကိုဖြစ်စေ မေးမြန်းတိုင်ပင်ကာ အမည်ပေးကြရသည်သာ။ ဘုန်းတော်ကြီးများ ဖြစ်စေ၊ ဗေဒင်ဟူးရားတို့ ဖြစ်စေကလည်း “အမည်သညာခေါ်စရာကား …” ဆိုပြီး နေ့နံတိုက်ဆိုင်ကာ မဟာဘုတ်၊ ဗေဒင်၊ အင်္ဂဝိဇ္ဇာသန်ရာသန်ရာအကြောင်းပြု၍ ပေးစမြဲပင်။ ဇာတာဖွဲ့ပေးမြဲပင်။
ဦးသင်ကာ ကြုံနေရသည်မှာ ကလေးမွေးလို့ အမည်ပေးသည်လောက် မလွယ်ကူသည့် ကိစ္စ ဖြစ်နေလေတော့သည်။
အကြောင်းရင်းကိုစစ်သော် ဦးသင်ကာ၏အဖွားက အမွေ ပေးလိုက်လေသော သိန်း ၅၀ က စလေသည်။ ဦးသင်ကာ၏ အဖွားကားများစွာ အသက်ကြီးပြီ။ တရုတ်ခေါက်ဆွဲကြော် သို့မဟုတ် ဒံပေါက်တပွဲလုံးကို တထိုင်တည်း ကုန်အောင်စား နိုင်ခြင်း၊ ခြင်ကိုက်မှာ စိုး၍ ခြင်ထောင်ထဲဝင်၍ နေခြင်း၊ သူ့ခြံထဲက အိမ်ငှားမြေငှားတွေကို ပုံမှန် ငွေကောက်ခံခြင်း၊ အိမ်မှာ ရေစက်ထိုင်ထားသည့် အားလျော်စွာ ရေဖိုးပုံမှန်ကောက်ခြင်းမှ လွဲလျှင် သူမသည် အတိတ်မေ့တာများနေသည်ဟု ဆွေမျိုး တသိုက်က တညီတညွတ် ပြောကြသည်သာ။
မည်သို့ပင် ဖြစ်စေကာမူ ရန်ကုန်၌နေသော မြေးဦးဖြစ်လေသည့်ဦးသင်ကာက အိမ်မှာ ယောက္ခမတွေ ရောက်နေသဖြင့် အရှောင်အတိမ်း ဂျက်ဆီဂျိန်း အလို့ငှာ အမေ့ဘက်က အဖွားရှိရာ ပဲခူးသို့ သွားရောက် ဂါရဝပြုသည်တွင် ကောင်းစွာ မေ့အပ်သောအတိတ်ဖြင့် ဖွားအေတော်သူကြီးသည် သိန်း ၅၀ တန် ချက်လက်မှတ်ကို ရေးပေးလိုက်လေတာ့၏။
ကောင်း၏။ ရန်ကုန်တွင် ယောက္ခမတို့က ပေးနေထားသော ‘ယောက္ခမအိမ်တက် သားမက်မှာ မျက်နှာမငယ်’ သည့် အိမ် ခန်းကို ပြင်အံ့။ တနည်းအားဖြင့် အခန်းကို ပြုပြင်ဆင်ယင်ခြင်းအားဖြင့် မျက်နှာလည်း ရစေအံ့။ ဦးသင်ကာသည် အခန်းကို ပြင်လေပြီ။
စနိုက်ပါ သမားချောင်းပစ်သကဲ့သို့ ချက်ကျကျ အပေါ်မှ ကွာကျတတ်သည့် မျက်နှာကျက် အင်္ဂတေကိုလည်းကောင်း၊ ည ဘက်ညဘက် ခိုးကြောင်ခိုးဝှက် ခွက်ပုန်းထွက်မော့မည် ကြံသည်တွင် တကျီကျီနှင့် အသံကျယ်ကျယ်မြည်တတ်သော နေပူချောင်၊ မိုးရွာ ကျပ် အခန်းတံခါးများကိုသော်လည်းကောင်း၊ ချိုးဖြူရေကို မသုံးမူ၍ ရပ်ကွက်က ထိုင်ထားသော ရေစက် မှ တင်လိုက်သည့်အခိုက် ရေသာမက သဲပါ စုပ်ပေးတတ်သည့် ပိုက်လိုင်းများကိုရှင်းလင်းရေး၌လည်းကောင်း၊ ရေဝဲစားသ ဖြင့် နှာခေါင်းတိုလျက် ရှိသည့် ဘေစင်ဟု ခေါ်ကြသည့် လက်ဆေးစင်၌ရှိသည့် ပိုက်ခေါင်းကိုသော်လည်းကောင်း … ဤကဲ့ သို့ လည်းကောင်းများစွာကို ပြင်အံ့ဟု စိုင်းပြင်းသည်သာတည်း။
ကိုင်း … ပြင်ချေပြီ။
တခန်းလုံး သုတ်မည့် အရောင်ကို ငြင်းခုန်ကြရာ မောရှမ်းပြည်မှသည် ရန်ကုန်သို့ အလည်ရောက်နေသည့် အခန်းပိုင်ရှင် ယောက္ခထီး၊ ယောက္ခမက နဂိုမြေဝါရောင်ဟု အဆိုတင်၏။ ဦးသင်ကာ၏ ဇနီးဖြစ်သူ မဒမ်သင်ကာကမူ အဝါဖျော့ဖျာ့ ဟု သူ့နာမည်ပါအောင် ထောက်ခံချက်ပေး၏။
ပန်းချီဝါသနာပိုးရှိသူ ဦးသင်ကာ ကျွန်ုပ်ကမူ ခရမ်းရောင်ဟု စိတ်ကူးယဉ်၏။ တဖက်အခန်းလွတ်၌နေသူ ယောက်ဖ အကြီး(တနည်း)ဘရားသားကြီးက မျက်စိအေးသော“အပြာနုရောင်” ဟု အရေးပေါ် အဆိုတင်၏။ဤသို့ဖြင့် အဝါနှစ် ခုတွဲနှင့် ခရမ်း၊ အပြာတည်း ဟူသော သုံးရောင်ခြယ် ပရိုပိုဆယ် ထွက်၍ လာပေပြီ။
ကံကောင်းသည်မှာ ကွန်ဒိုအခန်းငှား၍ နားအေးပါးအေးနေသောမဒမ် သင်ကာ၏မောင်ဖြစ်သူက တစုံတရာ အဆိုတင် သွင်းမှု မရှိခြင်းပင်။
ဆေးသုတ်ပါပြီ။ ပြင်စရာရှိတာ ပြင်ပါပြီ။ ပြဿနာက မပြီးသေး။
တိုက်ခန်းနာမည်ကို “အဝါရောင် လမ်းကလေး” ပေးမည်ဟု ကျေးဇူးရှင် ယောက္ခမတို့က ရှေးလူကြီးပီပီအဆိုတင်ပြန် လေပြီ။ မဒမ်သင်ကာကမူ သူမ သူငယ်ချင်းများက“မစင်ရောင်” ဖြစ်သည်ဟုနောက်သဖြင့် စိတ်ဆိုးလျက်ရှိသော်လည်း သူ့နာမည်အရပါအောင် “မေတို့ အဝါရောင်မြေ” ဟုပေးမည် အဆိုတင်ပြန်သည်။
တကယ်က မြေမရှိ၊ တိုက်ခန်းသာဖြစ်သဖြင့် “မေတို့ အင်္ဂတေမြေ” ဖြစ်သင့်သည်ဟု ကန့်ကွက်လိုသော်လည်း ဘီယာဖိုး မပေးမည်စိုး၍ ပါးစပ်ကိုအသာဘရိတ်အုပ်လိုက်ရ၏။
ပန်းချီယောင်ယောင်၊ စာရေးသယောင်ယောင် စိတ်ကူးယဉ်သော ဦးသင်ကာကား တခန်းလုံးခရမ်းရောင် မသုတ်ရလည်း ကိုယ့်လင် ကိုယ့်မယားအခန်းကို ခရမ်းရောင် သုတ်မည်ဟု လုပ်ထားပြီး ဖြစ်ရကား အပြင်ခန်းမှာ မည်သို့ပင် ချိတ်စေကာမူ ဒီအတွင်းခန်းကလေးကိုဖြင့် “ခရမ်းရောင် လွင်ပြင်” ဟု ဆိုင်းဘုတ်ချိတ်ရေးတွင် တပြားသားမျှ မလျှော့ချေ။
မိန်းမဆိုလျှင် ယင်ဖိုမျှ မသန်းဖူးသော်လည်းအလွန် အင်မတန် စိတ်ကူးယဉ်သည့် ဘရားသားကြီးခေါ် ယောက်ဖကြီး ကမူ သူ့အပြာ(ဒဂုန်တာရာ၏ ဒစ္စနေးအပြာနှင့် မသက်ဆိုင်) ကို အထိမခံမူ၍ ဦးသင်ကာနည်းတူစွာ သူ့အခန်းသည်လည်း “အပြာရောင် သံယောဇဉ်” ဖြစ်ရမည်ဟု အဆိုတင်ကာ တင်းခံနေသည်သာ။
“အဝါရောင် လမ်းကလေး”၊ “မေတို့ အဝါရောင်မြေ”၊ “ခရမ်းရောင် လွင်ပြင်”၊ “အပြာရောင် သံယောဇဉ်” စသည်ဖြင့် အခန်း တခုလုံးပေးမည့် အမည်၊ အခန်းခွဲများကိုပေးမည့် အမည် စသဖြင့် စသဖြင့် သဘောတူညီမူမရနိုင်သည့် ကာလ …။
သင်္ဘောသားဖြစ်အံ့ဟု ကောလိပ်တက်နေသောဦးသင်ကာ၏ ညီဝမ်းကွဲ မောင်တရုတ်ကြီးသည် ကောလိပ်ပိတ်ရက် ရောက်လာသည်ရှိသော် ပင်လယ်၊ သမုဒ္ဒရာသို့ ထွက်အံ့သောကျနော်သည်လည်း ဒီမိုကရေစီလူနည်းစုနည်းအရ အဆိုမတင်ရလောဟု ဆိုကာ ရေချိုးခန်းနှင့် ဘိုထိုင် အိမ်သာတပ်ထားသော ရေချိုးခန်းနှင့် တွိုက်လက်တည်းဟူသော စုစုပေါင်းနှစ်ခုကို သူ့အလိုကျ အမည်ပေါက်စေမည်ဟု အဆိုတင်ကာ “ရေဝတီ” ဟူသော သူ့ရေကြောင်းကောလိပ် တပ်ခွဲအမည်ကို ရေချိုးခန်းနှင့် ဘိုထိုင်ခန်းတွင် အမည်သညာ ခပ်နှိပ်တော့သည်သာ။
များစွာခက်ချေပြီ။ အများစုသော မဲ၊ အတိုက်အခံမဲ၊ တသီး ပုဂ္ဂလမဲ၊ လူနည်းစုမဲ … အမျိုးမျိုးသော မဲခွဲရွေးချယ်မှုသည် အလွန်ခက်တော့သည်သာ …။
မိသားစုတွေ ငြင်းကြခုန်ကြပြီ။ အော်ကြဟစ်ကြပြီ။
ထိုအခိုက် ဆွမ်းဝတ်ဖိတ်ထားသောဘုန်းတော်ကြီးသည် ဆွမ်းခံကြွလာကြောင်းတံခါးခေါက်ပြီ။ လတ်တလော စစ်ပြေငြိမ်း ရပြီ။ မိသားစုကိုကြည့်၍ ဘုန်းတော်ကြီးလည်း မေးတော်မူပြီ။ “ပသို့နည်း၊ အဘယ်သို့သော အဓိကရဏ (လူစကားနှင့် ဆိုလျှင် အငြင်ပွားမှု) ဖြစ်ကြသနည်း” ဟုမေးပြီ။
ဦးသင်ကာတို့ မိသားစုလည်း သန်ရာသန်ရာ ကျမ်းမပါ၊ ဂန်မရှိ၊ ထင်ရာမြင်ရာ ဖြေကြပြီ။
ဘုန်းတော်ကြီးသည် အလုံးစုံ ငံ့လင့် နားထောင်ပြီးနောက် ထ၍ကြွပြီ။ မကြွမီ အလွန်ပြတ်သော တခွန်းတည်းသောစကား ကိုမိန့်တော်မူသည်။
“အနတ္တကို ရှေးရှုကြ ဒါယကာ၊ ဒါယိကာမတို့ … အမည်သညာ ခေါ်စရာကား ‘အမည်ပေးမထား’ ဖြစ်စေ”။
မယုံ လာကြည့်လှည့်ပါ။ ဦးသင်ကာတို့ နေသောတိုက်ခန်းတွင် “အမည်ပေးမထား” ဟု ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရလတ္တံ့ သတည်း။
လက်တဆုပ်စာသော ဦးသင်ကာတို့ မိသားစုတွင် ဖြစ်နေသည်ကို အပထားလျှင် ကမ္ဘာတခုနှင့် တခုကူးရန် ကြံသည့် အာကသ စင်္ကြံကဲ့သို့သော ကိစ္စများ၌ အဘယ်မျှ ရှုပ်ထွေးလေမည်နည်းဟု စဉ်းစားသည်ရှိသော ဘုန်းတော်ကြီး မိန့် တော်မူသော“အမည်ပေးမထား” ဟု နှလုံးသွင်းမှသာ ကျွန်ုပ်လည်း အိပ်ပျော်ခြင်းသို့ ရောက်လေသည်။
ဒါတောင်မှ ဒီနာမည်ဟာ သီချင်းခွေတခုရဲ့ နာမည်ဖြစ်လို့ မူပိုင်ခွင့်ရှိကြောင်း ပြောလေရကား များစွာ ခေါင်းကိုက်ရမည့် အရေးတွေးမိတော့သတည်း။
(ဤသရော်စာသည် အချက်အလက်အမှန်များအပေါ် မူတည်ထားခြင်း၊ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်သည့် သရော်စာသက်သက် ဖြစ်ပါသည်။)