လာမယ့် မတ်လ၂၇ ရက်၊ ဖက်ဆစ်တော်လှန်ရေးနေ့ဆိုရင် အညာသား ကဗျာဆရာကြီး ကြည်အောင် (၁၉၃၇ – ၂၀၀၉) ကွယ်လွန်ခြင်း ၉နှစ်ပြည့်ဖြစ်ပါတယ်။
မန္တလေးတက္ကသိုလ်အခြေစိုက် တပ်မှူးကဗျာဆရာကြီးများဖြစ်တဲ့ တင်မိုး၊ မောင်သိင်္ဂါ၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကို လေး (အင်းဝဂုဏ်ရည်) တို့ထဲက (ဦး)ကြည်အောင်၊ (ဦး)တင်မိုးတို့ဟာ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။ ကဗျာဆရာကြည် အောင်က ၂၀၀၉ ခု နှစ်က နှလုံးရောဂါနဲ့ မတ်လ၂၇ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
(ဦး)ကြည်အောင်ကို အင်းဝ ဇာတိ၊ အဖ ဦးစိန်ညွန့်၊ အမိ ဒေါ်ထွေးတို့က ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မွေးဖွား သည်။ အမည်ရင်းမှာ ကြည်လင် ဖြစ်ပြီး၊ မော်ကွန်း ဘုန်းကြီးကျောင်း၊ တံတားဦး အထက၊ မန္တလေးတက္ကသိုလ်တို့မှာ ပညာ သင်ကြားခဲ့ပါတယ်။
ကဗျာဆရာကြီး ကြည်အောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့စာပေဟောပြောပွဲများနဲ့ စာပေလှုပ်ရှားမှုများကို စဉ် ဆက်တစိုက် အားပေးဆောင်ရွက်ခဲ့တာတွေကြောင့် ၁၉၉၅နောက်ပိုင်း စစ်အစိုးရကာလတလျှောက် ကလောင်ပိတ်ပင်ခံ သွားရသူဖြစ်ပါတယ်။
၁၉၅၈ – ၅၉ မန္တလေး တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း အင်္ဂလိပ်စာ စာတည်း၊ မန္တလေး တက္ကသိုလ်ကလောင်ရှင် အသင်းအ တွင်းရေးမှူး၊ ၁၉၆ဝ – ၆၁ မှာ မန္တလေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်း မြန်စာစာတည်းအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေး လူထုသတင်းစာ၊ ရှုမဝ၊ ငွေတာရီ စတဲ့ မဂ္ဂဇင်းတွေမှာ ကဗျာ၊ စာပေဝေဖန်ရေး ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။
၁၉၅၉ ခု၊ ရှုမဝ မဂ္ဂဇင်းပါ “ဖြစ်အင်” ကဗျာဟာ ဆရာကြည်အောင်ရဲ့ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့တဲ့ စာမူဖြစ်ပြီး ၁၉၆၃ မှာ “လမင်းတရာ” ကဗျာ စာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့တယ်။ မောင်စွမ်းရည်နဲ့ တွဲပြီး စိတြ (၁၉၆ဝ)၊ ဒုဋ္ဌဝတီမှ ဧရာဝတီ သို့ (၁၉၆၅)၊ မိခင်မာရသွန် ၊ ဟေမန္တခြေမြန်တော် (၁၉၉၁)၊ နှင်းဆီခင်းပေါ်က လမင်း (၁၉၉၄) စတဲ့ ကဗျာစာအုပ်တွေနဲ့ သစ္စာရှာဖို့ ငါ မြင်းစီးမယ် (၁၉၉ဝ) စကားပြေစာအုပ်များကို ရေးသားခဲ့ပါတယ်။
ကဗျာဆရာဦးကြည်အောင်နဲ့ပတ်သက်ပြီး စာရေးဆရာ လူထုဒေါ်အမာရဲ့သား ရဲဘော်ဖိုးသံချောင်း(ခ)စာရေးဆရာ ဖိုးသံ( လူထု)ရေးတဲ့ ကိုကြည်လင်နဲ့ကျနော်ဆောင်းပါးမှာ ဆရာရဲ့တက္ကသိုလ်ဘဝနိုင်ငံရေးဖြတ်သန်းမှုကို “သူက ကျနော့်ထက် အသက်အတော်ကြီးသူဖြစ်တဲ့အလျောက် တက္ကသိုလ်ရောက်တာလည်း ကျနော့်ထက် အတော်စောပါတယ်။ ကျနော်က တက္ကသိုလ်မှာ စာတွေ ဘာတွေ ရေးတာ မဟုတ်လို့ သူနဲ့ သိကျွမ်းတာဟာ စာပေကြောင့် မဟုတ်ပါဘူး။ မန္တလေးခရိုင် ဗကသ၊ မန္တလေးတက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂစတဲ့ လှုပ်ရှားမှုတွေ အတွင်းမှာ ရင်းနှီး ကြတာပါ” လို့ပါရှိလို့ သိခဲ့ရပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝကြည်အောင်ရဲ့စာပေစိတ်ဓာတ်နဲ့အပေါင်းအသင်းများပေါ်ထားတဲ့စိတ်ဓာတ်ကိုလည်း အဲဒီ ဆောင်းပါးမှာ “သူ့ရဲ့ထူးခြားချက်တခုက သူဟာ စာပေကို အလွန်လိုက်စား၊ တန်ဖိုးထားပြီး သူများတွေကိုလည်း စာရေးဖို့ အင်မတန် တိုက်တွန်းလေ့ ရှိပါတယ်။ ဒီလို အတိုက်တွန်းခံရသူတွေထဲမှာ ကျနော်လည်း ပါမယ်ဆိုတာ တွေးမိကြပြီးသား ဖြစ်မှာပါ”လို့ ပါရှိပါတယ်။
စာပေညီနောင် ကဗျာဆရာတင်မိုးနဲ့ကြည်အောင်တို့ရဲ့ချစ်စဖွယ်ဓလေ့စရိုက်ကိုလည်း ဖိုးသံ(လူထု)က ခုလို ရေးသားထား ပါတယ်။
“တက္ကသိုလ် ကျောင်းသားဘဝ အချင်းချင်းတွေ တခါ ဆုံကြတုန်း လူငယ်တို့ဘာသာဘာဝ ပျော်ကြ နောက်ကြရင်း ကဗျာ ဆရာတင်မိုးက “တင်မိုး – ဗင်ဂိုး” လို့ ကြွေးကြော် လိုက်ပါသတဲ့။ ဒီအခါမှာ ကိုကြည်လင်ကလည်း ချက်ခြင်း ဆိုသလို အညံ့မခံဘဲ “ကြည်လင် – လီနင်ကွ” လို့ ပြန်ကြွေးကြော်လိုက်လို့ မှတ်မှတ်ရရ ပြောစရာ အဖြစ်အပျက်ကလေး တခုအဖြစ် အပေါင်းအသင်းများ အကြားမှာ ကျန်ရစ်ပါတယ်”။
ကဗျာဆရာကြီးကြည်အောင်ရဲ့မာစတာပိတွေလို့ပြောရတဲ့ ကဗျာတွေများစွာ လူထုကြားထဲမှာ ပျံ့နှံ့အာဂုံဆောင်ခဲ့ကြဖူး ပါတယ်။ မိခင်မာရသွန်၊ လူတယောက်မျောက်တကောင်၊ သစ္စာတိုင်၊ အောင်ကျော်၏မိခင်သို့၊ လမင်းတရာ၊ မိခင့်အခွင့် အရေး၊ အတ္တရုပ်ပုံလွှာ ပုံကြမ်း၊ မုဆိုးမနဲ့ လှည်းပျက်ကြီး၊ စစ်၏ဇာတ်ကောင်များ၊ အာဂခွေး၊ အစရှိသဖြင့်များစွာရှိပါတယ်။
ကဗျာဆရာကြည်အောင်နှင့်ပတ်သက်ပြီး အသက်၄၀အရွယ် စာပေသမားတဦးကလည်း “ကျနော်တို့တောင် ဆရာ့ကြည် အောင်တို့ကို ထိတွယ်ဖူးတယ်ဆိုသလောက်ပဲ။ ဆရာ့ကလောင်ကို စစ်အစိုးရက ကလောင်ပိတ်ခဲ့တာဆိုတော့ ဆရာကြည် အောင် စာအုပ်တွေထဲက ကဗျာတွေဖတ် ကြီးခဲ့ရတာပါ။ နောက်လူငယ်တွေကို သိနားလည်တန်ဖိုးထားဖို့ ကွယ်လွန်ပြီး မြန် မာစာဆိုကြီးတွေကို နိုင်ငံတော်အဆင့် အခမ်းအနားတွေနဲ့လုပ်စေချင်တာပေါ့”လို့ ပြောပြပါတယ်။
မြင်းထိန်းမောင်တာ ဖြစ်လည်း ဖြစ်စေတော့ မျက်စိမှိတ်ပြီး ဆရာ့ကဗျာတွေအကြောင်းပြောရရင် ဆရာ့ကဗျာတွေထဲက ဝါကျတိုများနဲ့ ရေးဖွဲ့ထားသောငြား အဓိပ္ပာယ်တွေနောက်က လိုက်လာတတ်တာကတော့ ဖတ်မိတိုင်းလိုလိုပါပဲ။
မိခင် မာရသွန်
——————
သားသယ့်အမေ
မိုင်ရှည်တာဝေး
အပြေးသမား။
သားသမီးချစ်
သက်လုံဖြစ်အောင်
ပြောင်းပစ်သလား။
ကြည်အောင်၊
( ရှုမဝ၊ ၈၁ ၊ ဒီဇင်ဘာ)
ကျနော်မီသလောက်ခေတ်မှာကို ဆရာကြည်အောင်ကဗျာတွေကို စစ်အစိုးရဘာကြောင့် တားမြစ်ကြောက်ရွံ့သလဲဆိုတာ ဆရာ့ကဗျာတွေက မြင်သမျှအကြောင်းကို ပြည်သူ့ဘက်မျက်နှာလှည့်ခဲ့လို့သာလို့ ကျနော်တွေးမိပါတယ်။ ခု ဒီကဗျာတို လေးကိုလည်း ဖတ်ကြည့်စေချင်တယ်။
အာဂခွေး
—————-
ကျားသား
စားချင်တဲ့ခွေး
သစ်ကိုင်းခြောက်
ဖြောက် . . .
ကြောက်လန့်လို့ပြေး ။ ။
ကဗျာကိုဖတ်ပြီး နေ့စဉ်ဘဝထဲမှာ အရူးဘုံမြှောက်တွေကို တွေ့နေရသော်လည်း ဆရာ့လိုကဗျာနဲ့ပြောမပြတတ်ခဲ့ဘူး။ လက် ရုံးလက်မောင်းတွေတန်းပြီး သစ်ကိုင်းခြောက်လေးကျတာ လန့်ပြေးတတ်တဲ့ခွေးလို မြင်ဖူးခဲ့ကြမှာ မလွဲပါဘူး။ ကျားသား တော့စားချင် သစ်ကိုင်းကျတာ လန့်နေတဲ့ခွေးကိုလည်း ရယ်မိကြမှာပါပဲ။
သူကြီးသားတွေ မိုးကောင်းနေကျချိန် ဖောင်းတော်ငြိမ့်စိတ်တော်သိ မလုပ်ခဲ့သူ၊ မစားဘဲ စွန့်ခဲ့ကြတဲ့ မြန်မာအနုပညာသ မားတွေက ဖိနှိပ်မှုများစွာခံခဲ့ကြတာ လူတိုင်းအသိဖြစ်ခဲ့ပါတယ်။ ကလောင်လေးတချောင်းကို လက်နက်အဖြစ် ရှုမြင်ခဲ့ကြ ပြီး အငြိုးကြီးကြီးနဲ့ ချေမှုန်းခဲ့ကြတယ်။
စာပေယဉ်ကျေးမှု မဖွံ့ဖြိုးဘဲ ရုပ်ဝတ္ထုတွေ ဘယ်လောက်တိုးတက်ပါစေ၊ စက်ရုပ်ဆန်ဆန် လူကလုံးတွေ ဖြစ်သွားမယ်ထင် ပါတယ်။ ဒီမိုကရေစီအကူးအပြောင်းကာလမှာတော့ စာပေယဉ်ကျေးမှုတိုးတက်ဖို့ကိုတော့ အစွမ်းကုန်လုပ်ဆောင်တာ ထောက်ခံကြိုရမှာပါပဲ။
မန္တလေးတောင်သမန်အင်းစောင်းရှိ ဆရာတော်ကိုပညာ (အမရပူရ)ရဲ့ တောင်လေးလုံး ကျောင်း တိုက်ဝင်းရှိ သူဌေးဘုရားပြင်မှာတော့ ကြည်အောင်အမှတ်တရကျောက်စာတိုင်ကို မန္တလေးသားစာပေသမားများရဲ့အား ထုတ်မှုနဲ့ရှိနေပါတယ်။
ဆရာကြည်အောင်ရဲ့လူထုဘက်ရပ်တည်ပြီး သာမန်ကာလျှံ စိတ်မနှံသူတဦးကိုလည်း အခွင့်အရေးပေး ရေးသားခဲ့တဲ့ နောက်ကဗျာတပုဒ်ကတော့ “မိခင့်အခွင့်အရေး”ကိုလည်း ထပ် ဖတ်ကြည့်ပါ။
အရပ်ပျက်မ
ဝမ်းဗိုက်မှ
လောက အရှင်
သူတော်စင်ကို
ဖွားမြင် မပေးရဘူးလား။ ။
အညာသားကဗျာဆရာကြီး ကြည်အောင်ကတော့ ကဗျာနဲ့မေးခွန်းမေးထားခဲ့ပါတယ်။ လူတယောက်ဖြစ်လာရင်လူတ ယောက်ရဲ့အခွင့်အရေးဆိုတာ သေချာပေါက်ရှိရတယ်ဆိုတာ ကဗျာက ပြောပြနေတဲ့ အလင်းတခုပဲဖြစ်ပါတယ်။
ကဗျာဆရာကြည်အောင် အမှတ်တရကျောက်စာတိုင်ကို တောင်သမန်အင်းစောင်းရှိ ရဟန်းစာဆို ဦးပညာ(အမရပူရ) ရဲ့ တောင်လေးလုံးကျောင်းတိုက်ဝင်းအတွင်းရှိ သူဌေးဘုရားဝင်းအတွင်းမှာ ဦးဝင်းတင်၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ တင်မိုး၊ တက္ကသိုလ်ဝင်း၊ မောင်ချောနွယ်၊ လှသန်းတို့နဲ့အတူ ထားရှိထားပါတယ်။
ဂါရဝတောစ နိဝါတောစ ဂုဏ်ပြုအပ်သူကို ဂုဏ်ပြုကြတာ မင်္ဂလာတရားတော်နဲ့အညီဆုံးဖြစ်တာမို့ ပြည်သူ့ဘက်ရပ်ခံပြီး ရဲ ရဲဝံ့ဝံ့ကလောင်သွားနဲ့သေတပန်သက်တဆုံးနေထိုင်ခဲ့တဲ့ ပြည်သူ့ကဗျာဆရာကြီး ကြည်အောင်ကို ဒီစာစုနဲ့မမီတမီ ရိုကျိုး ပူဇော်လိုက်ရပါတယ်။