ဆောင်းပါး

ဆားဘားနှင့် ရေရှည်ခိုင်မြဲသော ခရီးသွားလုပ်ငန်း

အင်ဒိုနီးရှားနိုင်ငံမှ ခရစ်ယန်အများစုဖြစ်သည့် မိနဟာဆင် Minahasan တိုင်းရင်းသားလူမျိုးစု အသက် ၃၀ အရွယ် အမျိုးသား Jhennis Mintjelungan က အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းကမ်းခြေမြို့ တမြို့ဖြစ်သည့် Sorong ရှိ ဟိုတယ်တခုတွင် ဧည့်ကြိုအဖြစ် လုပ်ကိုင်နေပါသည်။ ကမ္ဘာပေါ်တွင် အလှဆုံးဟု Conde Nast Traveller မဂ္ဂဇင်းက သတ်မှတ် ခြင်းခံခဲ့ရသော Raja Ampat ကျွန်းများသို့ သွားရောက်ရန် Sorong မြို့က အဓိက ဝင်ပေါက် ဖြစ်သည်။

လက်ရှိအချိန်တွင် Raja Ampat ကျွန်းများသို့ လာရောက်သူ ဧည့်သည် နည်းသေးသော်လည်း နောက်ပိုင်းတွင် သိသိ သာသာ တိုးတက်လာပြီး Papua ပြည်နယ်၏ အရှေ့ဖက်စွန်း ဒေသများ၏ စီးပွားရေးအတွက် တွန်းအားဖြစ်လာမည် ဟု Jhennis Mintjelungan က မျှော်လင့်သည်။

သူနှင့် ၃၆၄၉ ကီလိုမီတာ ဝေးသည့် ဆူမတြာ Sumatra မြောက်ပိုင်း Lake Toba တိုဘာ ကန်မှ အသက် ၅၄ နှစ် အရွယ် ဧည့်လမ်းညွှန် တယောက်ဖြစ်သော Bona Pana Parlindungan ကလည်း နိုင်ငံခြား ဧည့်သည်တွေ ပိုများလာဖို့ ဆုတောင်းနေပါသည်။

တိုဘာ ကန် အနီးရှိ Silangit လေဆိပ်ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်၍ ဂျကာတာ မြို့တော်နှင့် တိုက်ရိုက်လေ ကြောင်းခရီးစဉ်များ ရှိလာသောကြောင့် မီးတောင်ဟောင်းဝတွင် ဖြစ်ပေါ်နေသော ကမ္ဘာပေါ်ရှိ ရေကန်များထဲတွင် အကြီးဆုံး ဖြစ်သည့် တိုဘာ ကန်က စည်ကားလာမည့် အခွင့်အရေးများ ပေါ်ပေါက်လာသည်။

အရှေ့တောင် အာရှတွင် ခရီးသွားလုပ်ငန်းက အလျှင်အမြန် တိုးတက်လာနေပါသည်။ ၂၀၁၄ ခုနှစ်တွင် ခရီးသွားလုပ် ငန်း ကဏ္ဍ၏ ဝင်ငွေက အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၉ ဘီလီယံ၊ တနည်းအားဖြင့် အရှေ့တောင် အာရှ၏ စုစုပေါင်း GDP ၏ ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၉ ဒသမ ၄ ဘီလီယံ (GDP ၏ ၄ ဒသမ ၉ ရာခိုင်နှုန်း) ဖြစ်လာရန်လည်း မျှော်မှန်းထားသည်။ အရှေ့တောင် အာရှသည် ကမ္ဘာပေါ်တွင် တောင်အာရှပြီးလျှင် ခရီးသွားလုပ်ငန်း ဒုတိယ အမြန်ဆုံး ဖွံ့ဖြိုးလာနေသည့် ဒေသဖြစ်ပါသည်။

စွန့်စားရသည့် ခရီးသွားခြင်းက ကမ္ဘာတွင် ခေတ်စားလာခြင်းကြောင့် ဒေသတွင်းမှ လူသိနည်းသည့် နေရာများကို စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။

သို့သော်လည်း ရေရှည်ထိန်းသိမ်းရန် မလွယ်ကူသည့် အလားအလာများ ရှိနေသော အဆိုပါ စီးပွားရေး ကဏ္ဍကို ဒေသတွင်း ခေါင်းဆောင်များက မည်သို့ ပြုစုပျိုးထောင်သင့်သနည်း ဟုမေးခွန်း ရှိလာပါသည်။

ထိုနည်းတူ ခရီးသည်များကို မည်ကဲ့သို့ ဆွဲဆောင်၍ ဆက်လက်ပြီး လာနေအောင် ထိန်းသိမ်းမည်နည်း ဆိုသည်မှာ လည်း မေးရန် ရှိလာသည်။

ကျနော့် အနေဖြင့်မူ မလေးရှား အရှေ့ဘက်ပြည်နယ်ဖြစ်သော ဆားဘား Sabah တွင် လုပ်ဆောင်ခဲ့သည်များကို လေ့လာ အတူယူကြရန် တိုက်တွန်းချင်ပါသည်။

၂၀၁၆ ခုနှစ်တွင် ဧည့်သည် ၃ ဒသမ ၄ သန်း (၁ သန်းကျော်မှာ တရုတ်နိုင်ငံ တခုတည်းမှ ဖြစ်သည်) လာရောက်ခဲ့သည့် ဆားဘားပြည်နယ်က အာရှတွင် အအောင်မြင်ဆုံးသော သဘာဝ ပတ်ဝန်းကျင်နှင့် စွန့်စားခရီးသွားများအတွက် နေရာတခု ဖြစ်လာခဲ့ပါသည်။

အရှေ့တောင် အာရှတွင် စတုတ္ထမြောက် အမြင့်ဆုံး ဖြစ်သည့် ကီနာဘာလူး Kinabalu တောင် နှင့် မရေမတွက် နိုင်သော ရေငုပ်နိုင်သည့် နေရာများ၊ သဘာဝအတိုင်း ရှိနေသေးသည့် သစ်တောများက ပြည်နယ်ဖွံ့ဖြိုးရေးကို ကြီးစွာ အထောက်အကူ ပေးခဲ့သည်။

စရိတ်နည်း လေကြောင်းလိုင်း ဖြစ်သည့် AirAsia ကလည်း အရေးပါသည့် နေရာမှ ပါဝင်ခဲ့သည်။ လျှော့ဈေး ခရီးစဉ် များ ပြေးဆွဲခဲ့သလို ခရီးစဉ်များကိုလည်း တိုးချဲ့ပေးခဲ့သည်။

သို့သော် လွန်ခဲ့သော ၂၅ နှစ်ခန့်က ဆားဘား ပြည်နယ်သည် စီးပွားရေးတွင် ဒွိဟများနှင့် ရင်ဆိုင်နေခဲ့ရသည်။

ဒေသခံစီးပွားရေးသမားများက ဆယ်စုနှစ်များစွာအတွင်း သဘာဝ သယံဇာတထုတ်ယူသည့် လုပ်ငန်းများကိုသာ အဓိက ထားခဲ့ကြသည်။ ပြည်နယ်တွင် အလွန်တရာပေါများသည့် သစ်တောများမှ သစ်များကို ခုတ်ယူခဲ့ကြသည်။

၁၉၉၀ အစောပိုင်း နှစ်များသို့ ရောက်သည့် အခါ ထိုနည်းလမ်းက ရေရှည် အကျိုးမရှိနိုင်သည်မှာ ထင်ရှားလာခဲ့သည်။

“အဲဒီတုန်းကဆိုရင် ထိန်းသိမ်းစောင့်ရှောက်ခြင်းက ရှေ့ဆက်သွားရမယ့် လမ်းဆိုတာကို သာမန် နယ်သား တွေ လက်ခံအောင် ခက်ခက်ခဲခဲ စည်းရုံးခဲ့ရတယ်” ဟု ပြည်နယ်၏ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး Datuk Masidi Manjun က ပြန်ပြောပြသည်။

“ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ရေးရာတွေ အားလုံးက ဝန်ကြီးဌာန တခုတည်းရဲ့ လက် အောက်မှာ ရှိနေတာက အထောက်ကူ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ မှန်ကန်တဲ့ မူဝါဒတွေ ချမှတ် အကောင် အထည် ဖော်နိုင်ခဲ့တယ်။ ပုဂ္ဂလိက ကဏ္ဍ အပါအဝင်လူတိုင်းက ဦးတည်ချက်တူညီစွာ သွားဖို့ ဆောင်ရွက်နိုင်ခဲ့ပါ တယ်။”

“ဆားဘားနယ်သား တွေက သူတို့ရဲ့ ရိုးရာ အမွေအနှစ်တွေအတွက် ဂုဏ်ယူတယ်။ အဲဒါကို ကျောင်းတွေမှာကထဲက သင်ကြားပျိုးထောင်ပေးခဲ့တယ်။ ကျနော်တို့က ယဉ်ကျေးမှုစုံလင်တဲ့ ကိုးကွယ်ရာ ဘာသာစုံလင်တဲ့ သူတွေပါ။ ပြည် နယ် အစိုးရက ကျနော်တို့ရဲ့ ယဉ်ကျေးမှုတွေ ရှင်သန်နေအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ဝန်ကြီး Datuk Masidi Manjun က ဆိုသည်။

အသက် ၂၉ နှစ်အရွယ် Kadazan (ဆားဘား ပြည်နယ်မှ တိုင်းရင်းသား လူမျိုးစုတခု) အမျိုးသမီး တယောက် ဖြစ်သည့် Jackie Jimin ကလည်း အကောင်းဘက်ကို မြင်သည်။ သူက ဈေးကွက်မြှင့်တင်ရေး ကျွမ်းကျင်သူ တယောက်ဖြစ်ပါ စသည်။ ကွာလာလမ်ပူ မြို့တော်တွင် ပညာသင်ကြား အလုပ်လုပ်နေခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ဆားဘားသို့ ပြန်လာခဲ့ရာ ကွာလာလမ်ပူနှင့် အလာတူ လစာရသည့် အလုပ်ရခဲ့သည်။ “နေမကောင်း ဖြစ်နေတဲ့ ကျမ အမေကို ပြုစုဖို့ ပြန်လာခဲ့တာပါ။ ဒေသစီးပွားရေးက အခုဆိုရင် ပိုပြီး အမျိုးအစား စုံလင်လာပါပြီ။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာက အခွင့်အလမ်းတွေ အများကြီး ဖွင့်ပေးခဲ့ပါတယ်။ အရာရာတိုင်းက ကျယ်ပြန့်လာပြီး အဆင့်မြင့်လာခဲ့ပါတယ်” ဟု သူက ပြောသည်။

အခြားသူတွေကတော့ ပို၍ သတိထားကြသည်။ ဆားဘား ပြည်နယ်တွင် မွေးဖွားသော်လည်း ကွာလာလမ်ပူတွင် အခြေစိုက်သည့် ရှယ်ယာ ရင်းနှီးမြှုပ်နှံသူ တဦးဖြစ်သော Asgari Stephens ကတော့ ဒေသခံများ၏ ကျွမ်းကျင်မှု စွမ်းရည်ကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြောသည်။ “ ကျနော်တို့ အဆင့်မြှင့်ဖို့ လိုတယ်။ လေ့ကျင့် သင်တန်းပေးတာတွေ တိုးတက်ဖို့ လိုတယ်။ ဘာလီကျွန်းနဲ့ ဖူးခက်ကို ယှဉ်နိုင်ဖို့ လုပ်ရမယ်။ တရုတ်နိုင်ငံက ဧည့်သည်တွေ အများကြီး လာတာ လောက်နဲ့ကတော့ အများကြီး မြတ်မှာမဟုတ်ဘူး” ဟု သူကပြောသည်။

ထိုအချက်ကို ပြည်နယ်ဝန်ကြီး Datuk Masidi Manjun ကလည်း သဘောတူသည်။

ကီနာဘာလူး Kinabalu တောင် နှင့် သဘာဝအတိုင်း ရှိနေသေးသည့် သစ်တောများက ပြည်နယ်ဖွံ့ဖြိုးရေးကို ကြီးစွာ အထောက်အကူ ပေးခဲ့သည်

“ကျနော်တို့က ခရီးသည် အရေအတွက်ကိုပဲ ကြည့်နေလို့ မရဘူး။ အဲဒါက မျက်စိရှုပ်တာပဲ ရှိမယ်။ ကျနော်တို့ အနေနဲ့ သာမန်ပြည်သူတွေ အကျိုး ကျေးဇူး ခံစားရတာ သေချာစေရပါမယ်။ ဒေသတွင်း စားသောက်ဆိုင်တွေ၊ တည်းခို အိမ် တွေ၊ လက်မှုပစ္စည်း ထုတ်လုပ်သူတွေနဲ့ နောက်ဆုံး အိမ်မှာလုပ်တဲ့ ရေခဲမုန့် ရောင်းတဲ့သူမျိုးတွေ အထိ ဖြစ်ပါတယ်။”

“ဒေသခံ အသိုင်း အဝိုင်းတွေက ကျနော်တို့ ဝန်းကျင်မှာ ရှိတဲ့ သဘာဝ အလှအပတွေကို ထိန်းသိမ်းစောင့်ရှောက် အောင် တိုက်တွန်း အားပေးဖို့လည်း အရေးကြီးပါတယ်။ ဒါမှ အားလုံးက သဘာဝ အတိုင်းရှိနေပြီးတော့ ခရီးသည် တွေကို ပိုမိုဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းက အလွန် အရေးကြီးတဲ့ အတွက် ထိန်းသိမ်းစောင့်ရှောက်ရေးက အစိုးရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်မှာ အဓိက ကျတဲ့နေရာက ပါ ဝင် နေရမှာ ဖြစ်ပါတယ်။”

“နှစ်တိုင်း ကျနော်တို့က အမြဲတမ်းထိန်းသိမ်းသွားမယ့် ကာကွယ်တော ဧရိယာကို ထပ်ပြီးတိုးချဲ့ပါတယ်။ လုံးဝ ကာကွယ်ထားတဲ့ သစ်တော (TPF) က မြေရဲ့ ၁၀ ရာခိုင်နှုန်း ရှိရမယ်လို့ International Union of Conservation of Nature (IUCN) က သတ်မှတ်ထားပါတယ်။ အခုအချိန် အထိ ဆားဘားမှာ TPF တရားဝင် ၂၃ ရာခိုင်နှုန်း ရှိပြီးတော့ ၂၀၂၅ ရောက်တဲ့ အခါ ၃၀ ရာခိုင်နှုန်း အထိ ဖြစ်လာဖို့ စီစဉ်ထားပါတယ်” ဟု Datuk Masidi Manjun က ပြောသည်။

သို့သော်လည်း ထိုသို့ဆောင်ရွက်ရေးက အလုံးစုံ ချောမွေ့နေသည်ဟု ပြောမရနိုင်ပါ။ Kinabatangan မြစ်ကို ဖြတ် ကျော် တည်ဆောက်ထားသည့် မလေးရှားငွေ ရင်းဂစ် ၂၂၃ သန်းကျော် တန်ကြေးရှိ Sukau တံတားကို သဘာဝတော ရိုင်း တိရိစ္ဆာန်များ ထိခိုက်စေသည်ဟု ဝေဖန်မှုများ ရှိနေခြင်းက စီးပွားရေး ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်ရေး တို့ကြားတွင် ဒွိဟ ဖြစ်စရာများ ဆက်ရှိနေကြောင်း ဖော်ပြနေခြင်းပင်။

ဆားဘား ပြည်နယ် အရှေ့ပိုင်းတွင် လုံခြုံရေးဆိုင်ရာ ပြဿနာများ ရှိနေခြင်းကြောင့်လည်း သဘာဝ ခရီးသွားလုပ်ငန်း ၏ အချက်အချာနေရာတခု ဖြစ်သော Sandakan မြို့သို့ ရောက်လာသည့် ဧည့်သည် အရေအတွက်ကို ကျဆင်းစေ သည်။

ဆားဘား ပြည်နယ်မှ ရရှိသည့် ဥပမာများက ခရီးသွားလုပ်ငန်း ဆိုသည်မှာ တည်ရှိ ဖြစ်ထွန်းလာအောင် ပြဌာန်းသတ် မှတ်လိုက်ရုံ သက်သက်ဖြင့် ရလာနိုင်သည့် အရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေပါသည်။

ခရီးသွားလုပ်ငန်း ကဏ္ဍဆိုသည်မှာ ယုံကြည်မှုတည်ဆောက်ခြင်း၊ ဝန်ဆောင်မှုပေးသူများကို သင်ကြားလေ့ကျင့် ပေး ခြင်းနှင့် စံနှုန်းများကို ထိန်းသိမ်းခြင်းတို့ ပါဝင်သည့် ရေရှည်လုပ်ငန်းစဉ်တခု ဖြစ်ပါသည်။ အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရမည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ အားလုံးတို့၏ စိတ်ရှည်သည်းခံမှုများစွာ လိုအပ်ပါသည်။

လုပ်နိုင်ခဲ့လျှင် လူမသိ သူမသိနေရာများပင် ခေတ်ကောင်းနှင့် ကြုံနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ လှပခန်းနားသည့် ပင်လယ်ပြင်ရှိသော Palawan ကျွန်းက အွန်လိုင်းပေါ်တွင် မည်ကဲ့သို့ ရေပန်းစားလာသည်ကို ကြည့်နိုင်ပါသည်။

ထို့ကြောင့် မိမိတို့၏ ခရီးသွားလုပ်ငန်းကို တိုးတက်စေချင်ကြသော ဒေသတွင်းခေါင်းဆောင်များ အနေဖြင့် ဆားဘား ပြည်နယ်က ဒေါ်လာဘီလီယံ များစွာတန်သော စီးပွားရေးတခုကို မည်သို့ ပျိုးထောင်ခဲ့သည်ကို လေ့လာခြင်းက အကျိုးရှိစေမည် ဖြစ်ပါသည်။

(ကရင်မ် ရတ်စ်လာမ် (KarimRaslan) သည် အရှေ့တောင်အာရှ ရေးရာများကို အထူးပြု ရေးသားနေသူတဦးဖြစ်သည်။)

Loading