စာရေးသူ- သခင်ဘဟိန်း
စာအုပ်အမည်- ကမ္ဘာ့စစ်နှင့် ဗမာ့နောင်ရေး
အမျိုးအစား- နိုင်ငံရေး
ထုတ်ဝေသည့်တိုက်- မြနန္ဒာစာပေ
ထုတ်ဝေသည့်ကာလ- ၂၀၁၇၊မတ်လ
တန်ဖိုး- ၁၀၀၀ ကျပ်
လာမယ့် ဇွန်လ ၂၇ရက်ဆိုရင် ကွယ်လွန်သူငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာက ကဗျာ(သို့) ဘဟိန်း လို့ ညွှန်းဆိုရေးသားခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌ သခင်ဘဟိန်း နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။
သခင်ဘဟိန်းလို့ဆိုလိုက်တာနဲ့ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အခန်းကဏ္ဍမှာ ကျောင်းသားဘဝနဲ့ရော၊ နိုင်ငံရေးသမား ဘဝနဲ့ရော ကွယ်လွန်ချိန်ထိ တိုင်းပြည်နဲ့လူမျိုးကို မစားဘဲစွန့်ခဲ့တဲ့ နိုင်ငံသားကောင်းဆိုတာ သိကြပါတယ်။
သခင်ဘဟိန်းကို ၁၉၁၇၊ ဇွန်လ၂၇ရက်၊ ဗုဒ္ဓဟူးနေ့ နံနက်၇နာရီတွင် အင်းဝမြို့ကိုင်းတန်းရပ်မှာ မွေးဖွားခဲ့ပြီး အဖ ဦးမှင်၊ အမိဒေါ်ဦးတို့၏ ၅ ယောက် မြောက်သားဖြစ်ပါတယ်။
သခင်ဘဟိန်းကို အင်းဝမြို့မူလတန်းကျောင်း၊ မန္တလေးမြို့အေဘီအမ်မိန်းကလေးကျောင်း၊ သကျသီဟဘုရားအနီးရှိ ဆရာ ငုံကျောင်း၊ ဗဟို အမျိုးသားအထက်တန်းကျောင်းများတွင် ပညာသင်ကြားခဲ့ပါတယ်။ ၁၉၃၄မန္တလေးဥပစာကောလိပ် ကျောင်းသားများသမဂ္ဂအမှုဆောင်၊ ထိုမှ ဥက္ကဠအဖြစ် ဆောင်ရွက်ပြီး ဥပစာအထက်တန်းကို ပါဠိဘာသာဂုဏ်ထူးနဲ့ အောင် မြင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားပြီး ၁၉၃၈-၃၉တွင် တကသအမှုဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခံ ရပြီး တက္ကသဥက္ကဌကိုအောင်ဆန်းနုတ်ထွက်သွားသောအခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ဥက္ကဌဖြစ်ပါတယ်။
၁၉၃၈တွင် နယ်ချဲ့အစိုးရ၏ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး အင်္ဂလိပ်အပြေးတွင် သခင်နုတို့နဲ့အတူ လွတ်မြောက်ခဲ့တယ်။ ဂျပန်ခေတ် ဒေါက်တာဘမော်အစိုးရလက်ထက်တွင်နိုင်ငံခြားရေးအတွင်း ဝန်အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ဖက်ဆစ် ဂျပန် ဆန့်ကျင်ရေးအတွက် အရေးတော်ပုံ၊ မီးပွား၊ ဗမာ့တော်လှန်မှုစသော လှိူ့ဝှက်စွာ ရေးသားခဲ့တယ်။ ဗဟိုဦးစီးအဖွဲ့ဝင်တ ယောက် အနေနဲ့ဖဆပလအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၄၅ခု ဂျပန်တော်လှန်ရေးကာလတွင်လည်း ပြည်သူ့စစ်ကြီး အတွင်း တောင်ငူခရိုင်တွင် ပြောက်ကျားတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တယ်။
၁၉၃၉ခု သြဂုတ်လ ၁၅ရက်တွင် ဖွဲ့စည်းထူထောင်ခဲ့တဲ့ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ထူထောင်သူတဦးလည်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ဗမာပြည်ကွန်မြူနစ်ပါတီကို တရားဝင်ဗြောင်ထူထောင်သောအခါ ပေါလစ်ဗျူရိုှဗဟို ကော်မ တီဝင်ဖြစ်ခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ပြည်သူ့အာဏာစာတည်းချုပ်တာဝန်ကိုလည်း ဆောင်ရွက်ခဲ့ပြီး ဗမာပြည်အလုပ်သမားသမဂ္ဂရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။
သခင်ဘဟိန်းဟာ ဓနရှင်လောက၊ ကျောင်းသားအရေးတော်ပုံ၊ လွတ်လပ်ရေးကြေညာစာတမ်း၊ တော်လှန်ရန် စိုင်းပြင်းကြ စို့၊ ကရင်ဗမာသွေးစည်းရေး၊ ပြောက်ကျားစစ်၏နည်းသစ်များနှင့် ဂျူးရင်းသို့ချေပချက်နှင့် ယခုစာအုပ် ကမ္ဘာ့စစ်နှင့် ဗမာ့ နောင်ရေး စာအုပ်များကို ရေးသားခဲ့ပါတယ်။
ယခုစာအုပ်ကို ၁၉၃၉ခုနှစ် နဂါးနီစာအုပ်တိုက်ကနေ ပထမအကြိမ်ထုတ်ဝေခဲ့ပြီး ယခုမြနန္ဒာစာအုပ်တိုက်မှ သခင်ဘဟိန်း နှစ် ၁၀၀ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မီး ဗမာပြည်သို့ မကူးစက်မီ ထိုစဉ် နိုင် ငံတကာ အခြေအနေနဲ့ ပြည်တွင်းအခြေအနေများကို သုံးသပ်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။
စာအုပ်မှာ အခန်း၅ခန်းပါဝင်ပြီး အခန်း၁မှာ စစ်ဘာကြောင့်ဖြစ်ရသနည်း။ သို့ဖြစ်လျှင် စစ်ဘာကြောင့်ဖြစ်ရသနည်း။ ဖက်ဆစ်စနစ်ဆိုသည်ကား အဘယ်နည်းတို့ပါရှိပြီး အခန်း၂တွင် ကမ္ဘာစစ်ကြီးဖြစ်ပွားပြီးသည့်နောက် တို့ပါရှိပါတယ်။
အခန်း၃မှာတော့ ယနေ့ကမ္ဘာ့နိုင်ငံရေး၊ (က) အင်္ဂလိပ်-ပြင်သစ်-ရုရှားစာချုပ်၊ (ခ) ဆိုဗီယက်-ဂျာမနီစာချုပ်၊ (ဂ) တရုတ်-ဂျပန်အရေးတွင် အင်္ဂလိပ်ဉာဏ်များပုံတို့ပါရှိပြီး အခန်း၄ မှာတော့ ဗမာပြည်ကာကွယ်ရေး၊ ပြည်တွင်းကာကွယ်ရေးတို့ကို ဖတ်ရမှာ ဖြစ်ပါတယ်။
အခန်း၅မှာတော့ ဗမာ့အရေး၊ အင်္ဂလန်သည် ဘယ်လမ်းကို လိုက်မည်နည်း၊ နယ်ချဲ့စနစ်တိုက်ဖျက်ရေး သဘောနှင့် လုပ် ငန်းတို့ပါရှိပြီး သခင်ဘဟိန်း၏ အတ္ထုပ္ပတ္တိကိုလည်း ထည့်သွင်းထားပါတယ်။
ရှင်းလင်းတဲ့နိုင်ငံရေး ရပ်တည်ချက်၊ ဒုတိယကမ္ဘာစစ်အပေါ် သဘောထားအမြင်များကိုရေးသားထားတဲ့ “သို့ဖြစ်လျှင် စစ် ဘာကြောင့်ဖြစ်ရသနည်း”ဆိုတဲ့အခန်းမှာတော့ “ ယေဘုယျအားဖြင့် ဖြေလျှင် အဆင့်အတန်း မညီမျှမှုကြောင့်ဖြစ်သည်။ ယခုခေတ်ကို အထူးပြု၍ဖြေရလျှင် ဓနရှင်စနစ်ကြောင့်ဖြစ်သည်”လို့ ရေးသားထားကိုလည်း ဖတ်ရှုရမှာဖြစ်ပါတယ်။
စစ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီး သခင်ဘဟိန်းရဲ့အမြင်အနေနဲ့ “ရှေးနှစ်ပေါင်းပဝေသဏီအခါက စစ်မှာ လူတွေနားမ လည်သော စကားဖြစ်လေသည်။ လူအများနေထိုင်မှုအတွက် အသက်ဘူးဖြစ်သော လူသုံးပစ္စည်းလုပ်ဆောင်ထွက်ပေါ်ရာ ဌာနများ(လယ်ယာအလုပ်ရုံ)ကို သူပိုင်ကိုယ်ပိုင်အဖြစ် သို့မဟုတ် ပုဂ္ဂလိကပစ္စည်း အဖြစ်လုပ်လာကြရာမှ လူတဦးက တဦး ကို လူတတန်းစားက လူတတန်းစားကို လူတမျိုးက လူတမျိုးကို ဖိနှိပ်ချုပ်ချယ်လာလေသည်။ ဖိနှိပ်ချုပ်ချယ်ခြင်းဆိုသည် မှာ မတရားသောအရာဖြစ်သဖြင့် မေတ္တာနည်းဖြင့် သုံး၍မရ၊ အကြမ်းနည်းကို သုံးရလေသည်။ အကြမ်းသေးက အကြမ်း ကြီးကြီးဖြစ်လာသောအခါ စစ်ဟူ၍ လူတွေက ခေါ်ဝေါ်ကြလေသည်”လို့ သုံးသပ်ရေးထားပါတယ်။
ဘာသာရေးစစ်ပွဲနှင့် ပတ်သက်ပြီးလည်း သခင်ဘဟိန်းက “ဘာသာရေးစစ်ပွဲခေါ်သော ခရစ်သက္ကရာဇ်၁၀၀၀မှ ၁၆၀၀ခန့် (အလယ်ခေတ်)လောက်တွင် အများအပြားတိုက်ခိုက်ခဲ့ကြသည်။ ယခုခေတ်ထက် ယခင်အခါများက လူတွေမှာ ဘာသာ ကို ဘိန်းစွဲသလို အစွဲသန်ခဲ့ကြသည်။ သို့ကြောင့်ပင် ပါးနပ်သောအာဏာပိုင်များက မသိနားမလည်သော လူအပေါင်းကို ဘာသာရေးနှင့် ဘန်းပြကာ စစ်တလင်းသို့ ပို့ဆောင်ခဲ့ကြလေသည်”လို့ ရေးသားထားပါသေးတယ်။
အနှစ်ချုပ်ဆိုရရင် ကဗျာဆရာကြီး ဒဂုန်တာရာက ကဗျာလို့ရေးသားခဲ့တဲ့ သခင်ဘဟိန်းရဲ့ဒုတိယကမ္ဘာစစ်နဲ့ အဲဒီအချိန် ဗမာ့ နိုင်ငံရေးတွေကို အရေးအသား၊ ဝေါဟာရကြွယ်ဝမှုများကိုလည်း သေချာပေါက်တွေ့ရှိဖတ်ရှုရမှာ ဖြစ်ပါတယ်။
ယခုစာအုပ်ဟာ ၁၉၃၉ခုနှစ်က နဂါးနီစာအုပ်တိုက်ကထုတ်ဝေခဲ့တာဆိုတော့ စာအုပ်သက်တမ်း၇၈နှစ်မှာမှ ဒုတိယအကြိမ် မြနန္ဒာစာအုပ်တိုက်က သခင်ဘဟိန်း နှစ်၁၀၀ပြည့် အထိမ်းအမှတ်နဲ့ ပြန်လည်ထုတ်ဝေတာဖြစ်ပါတယ်။ သခင်ဘဟိန်းဟာ ၁၉၁၇ ဇွန်လ၂၇ရက်မှာ မွေးဖွားခဲ့တာမို့ ယခုလာမယ့် ဇွန်လ၂၇ရက်ဆို နှစ်၁၀၀ တိုင်ခဲ့ပြီဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ခဲ့တဲ့ သခင်ဘဟိန်းဟာ အသက် ၂၉ နှစ်အရွယ် ၁၉၄၆ ခု နိုဝင်ဘာ၂၀ရက် နံနက်၆နာရီမှာ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။