ရဲဘော်သုံးကျိပ် ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်သားတွေ နယ်ချဲ့ဗြိတိသျှကို တိုက်ထုတ်ပစ်ဖို့ ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာချိန်ဟာ ဗမာ့တပ်မတော်ရဲ့ ခေတ်သစ်သမိုင်းကို စတင်မွေးဖွားခဲ့ချိန် ဖြစ်ပါတယ်။ လက်နက်ခဲ ယမ်းမပြည့်မစုံနဲ့ အတွေ့အကြုံနုနယ်ပြီး အင်အားမတောင့်တင်းသေးတဲ့ တပ်မတော်ဟာ ရှုပ်ထွေးလှတဲ့ မြန်မာ့နိုင်ငံရေး သမိုင်း အတက်အကျ အချိုးအကွေ့တွေကိုလည်း ကြုံတွေ့ခဲ့ရတယ်။
ဗမာပြည်လွတ်လပ်ရေးမရခင် တနှစ်အလို ၁၉၄၇ ခုနှစ်မှာ မြန်မာ့အမျိုးသား သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းကို သူ့ပြိုင်ဖက်တွေက ဗြိတိသျှစစ်တပ်အရာရှိတချို့ရဲ့ အကူအညီနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တယ်။
အဲဒီ နောက်ပိုင်းမှာ တိုင်းပြည်ဟာ ဖရိုဖရဲနဲ့ ပြည်တွင်းစစ်ထဲ ကျရောက်ခဲ့ရတယ်။ သမိုင်းမှာထင်ရှားတဲ့ ရဲဘော်သုံးကျိပ် လည်း နိုင်ငံရေးအုပ်စုနှစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ ပြိုကွဲခဲ့ရတယ်။
အစိုးရကိုဖြုတ်ချဖို့ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲဘော်ရဲဘက်တွေ ရောင်စုံသူပုန်တွေနဲ့ပူးပေါင်းဖို့ တောခိုသွား ချိန်မှာ ဗိုလ်ချုပ်နေဝင်းဟာ တပ်မတော်ကိုဦးဆောင်စုစည်းခဲ့တယ်။ ဗိုလ်ချုပ်နေဝင်းဟာ ဗမာ့တပ်မတော်ကို လယ်သမား၊ အလုပ်သမားနဲ့ မြန်မာပြည်သူလူထုက ထူထောင်ခဲ့တာဖြစ်တယ်၊ ကြေးစားစစ်သားတွေနဲ့ ထူထောင်ထားတာမဟုတ်ဘူးလို့ တခါကဂုဏ်ယူပြီးပြောခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်နေဝင်းဟာ သူ့စကားနဲ့သူ ချောင်ပိတ်မိခဲ့တယ်။
လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နှင်းဖို့ စစ်တပ်ကိုအမိန့်ပေးခဲ့တယ်။ ၁၉၈၈ ခုနှစ် နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်လာတဲ့အခါမှာ ဗိုလ်ချုပ်နေဝင်းဟာ မြန်မာ့ရုပ်မြင်သံကြားကနေ “လူစုလူဝေးနဲ့ ဆူပူသောင်းကြမ်းမှုတွေ လုပ်နေမယ်ဆိုရင် စစ်တပ်ဆိုတာ ပစ်ရင်ထိအောင် ပစ်တယ်၊ ခြောက်လှန့်ပြီး လေထဲမပစ်ဘူး”လို့ တိုင်းပြည်ကို ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့်လည်း စစ်တပ်ဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ခါးပိုက်ဆောင် တပ်လို့ မြန်မာပြည်သူတွေပြောတာ အံ့သြစရာမဟုတ်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်းမှာ စစ်တပ်နဲ့ပတ်သက်ပြီး လုံးဝကွဲပြားတဲ့ အမြင်တွေရှိတယ်လို့ သမိုင်းဆရာတွေက ကောက်ချက်ချကြတယ်။ ပြည်သူ့ဆန္ဒကိုဦးထိပ်ထားပြီးပြည်သူ့ဘက်ကရပ်တည်ကြတဲ့ စစ်ခေါင်းဆောင်တွေရှိခဲ့ကြပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားကြတဲ့ အမည်မသိအညတြရဲဘော်တွေလည်း အများအပြား ရှိကြပါတယ်။
ဒီနှစ် မတ်လ (၂၇) ရက် ၇၂ နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် အထူးကဏ္ဍအဖြစ် ဧရာဝတီ မဂ္ဂဇင်းက ပြည်သူတွေလေးစားကြည်ညိုကြတဲ့ တပ်မတော်ခေါင်းဆောင်တွေကို ရွေးချယ်တင်ပြလိုက်ပါတယ်။
ကျနော့်ရဲ့သူရဲကောင်း
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ – ၁၉၄၇)
ဗိုလ်မှူးချုပ်ကျော်ဇော
ဗြိတိသျှအုပ်စိုးတဲ့ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားလာခဲ့တယ်။ အဲ့ဒီအချိန်က မြန်မာ့လွတ်လပ်ရေး အတွက် နယ်ချဲ့ဗြိတိသျှတွေကို ဆန့်ကျင်တွန်းလှန်တာဟာ မြန်မာ နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်တရပ် ဖြစ်ပါတယ်။
ဗိုလ်ချုပ်ဟာ ဒီတာဝန်ကို ဦးလည် မသုန် ထမ်းရွက်ခဲ့တယ်။ သူဟာ သူ့ပိုင်ဆိုင်မှုအားလုံးနဲ့ သူ့အသက်ကိုပါ စွန့်လွှတ်သွားခဲ့ သူ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ယုံကြည်ချက်ကနေ ဘယ်တော့မှ သွေဖည်မသွားဘဲ စွဲစွဲမြဲမြဲ လုပ်ကိုင်သွားသူ ဖြစ်တယ်။ သူကျဆုံးသွားချိန်အထိ ဘဝတလျှောက်လုံး နယ်ချဲ့ကို ဆန့်ကျင်ခဲ့သူဖြစ်တယ်။ နယ်ချဲ့ဗြိတိသျှတွေနဲ့ စေ့စပ် ညှိနှိုင်းလို့ ယုံကြည်မှုတည်ဆောက်ခဲ့ပေမယ့် မြန်မာပြည် တစည်းတလုံးတည်း လွတ်လပ်ရေးရဖို့အတွက်ကို ဘယ်လို အပေးအယူမှ မရှိခဲ့ဘူး။
ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကိုတိုက်ယူရာမှာ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ လုပ်ငန်းကို အမျှော်အမြင်ရှိရှိနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ အင်အားကြီးတဲ့ ရန်သူကိုတိုက်ဖို့အတွက် စစ်တပ်တတပ်လိုတယ်ဆိုတာ သဘောပေါက် တယ်။ ဒါကြောင့် သူ့ခေါင်းဆောင်မှုအောက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို လူ ၃၀ နဲ့ စတင်ဖွဲ့စည်းခဲ့တယ်။ လအနည်းငယ်အတွင်း ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ တပ်သားသစ်ထောင်ပေါင်းများစွာကို စုဆောင်းနိုင်ခဲ့တယ်။
စစ်တပ်ကိုဖွဲ့စည်းထူထောင်ခဲ့ပြီးနောက် ခေတ်မီတပ်မတော်ဖြစ်လာအောင်လည်း တပ်မတော်လေ့ကျင့်ရေးကျောင်းနဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့တယ်။ တပ်မတော်ကို ခိုင်မာတဲ့ အဖွဲ့အစည်းတခုဖြစ်လာအောင် ဖန်တီးခဲ့တာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဟာ အနာဂတ်တပ်မတော်ကို နိုင်ငံရေးနဲ့ ကင်းကင်းနေသင့်တယ်ဆိုပြီး လမ်းညွန်ခဲ့ပါတယ်။
နိုင်ငံရေးမျက်နှာစာမှာလည်း ဗိုလ်ချုပ်ဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အင်အားစုတွေကို စုစည်းနိုင်ခဲ့တယ်။ ပညာတတ် အထက်တန်းလွှာတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို တော်လှန်ရေးထဲပါဝင်လာအောင် စည်းရုံးနိုင်ခဲ့တယ်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ အပြောင်မြောက်ဆုံးဆောင်ရွက်ချက်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်သူတွေကို ပြန်လည်တိုက်ထုတ်ဖို့အတွက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ကြီးကို ဖန်တီးနိုင်ခဲ့ခြင်းပဲဖြစ် တယ်။ နောက်ထပ် ထူးခြားတဲ့အရည်အချင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံကို သူနဲ့အတူရပ်တည်ပြီး လွတ်လပ်ရေးကို အတူတကွတောင်းဆိုဖို့ စည်းရုံးနိုင်ခဲ့ခြင်းပါပဲ။
၁၉၃၅ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ တိုတောင်းလှတဲ့ ၁၂ နှစ်တာကာလအတွင်း ကျောင်းသားခေါင်းဆောင်ဘဝကနေ အမျိုးသားခေါင်းဆောင်တယောက်ဖြစ်လာတာ ကျနော်တော့ အတော်အံ့ဩမိတယ်။
ကြီးမြတ်တဲ့ ခေါင်းဆောင်တိုင်းမှာ ရှိအပ်တဲ့အရည်အချင်းတွေအကုန်လုံး ဗိုလ်ချုပ်အောင်ဆန်းမှာရှိတယ်။ ကျနော်တွေ့ဖူးခဲ့ သမျှ ခေါင်းဆောင်တွေထဲမှာ အထက်မြက်ဆုံးခေါင်းဆောင်တယောက် ဖြစ်တယ်။ သူအလုပ်လုပ်တဲ့အခါ စွမ်းဆောင်ရည် အပြည့်ရှိတယ်။
အစည်းအဝေးခေါ်လိုက်တိုင်း ဘာဆွေးနွေးမလဲဆိုတဲ့အစီအစဉ် သူ့မှာ အမြဲရှိတယ်။ အစည်းအဝေးကို အချိန်မဖြုန်းဘဲ စနစ်တကျစီမံသွားနိုင်တယ်။ အစည်းအဝေးပြီးတဲ့အခါလည်း လူတိုင်းဟာ ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိသွားတယ်။
နောက်ဆုံးအနေနဲ့ အရေးပါတဲ့အရည်အသွေးတခုက ဗိုလ်ချုပ်အောင်ဆန်းဟာ ကိုယ်ကျင့်သိက္ခာကြီးမားပြီး စိတ်ထက်သန် တဲ့ မျိုးချစ်ပုဂ္ဂိုလ်တယောက် ဖြစ်ခြင်းပါပဲ။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့အတူ မြန်မာပြည်သူအားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းကို ချစ်ခင်မြတ်နိုးတမ်းတနေဆဲပဲလို့ ကျနော်ယုံကြည်ပါတယ်။
မျိုးချစ်စစ်သည်
ဗိုလ်မှူးချုပ် လက်ျာ (၁၉၁၁- ၁၉၇၈)
ဗိုလ်မှူးချုပ် လက်ျာ (ခေါ်) လှဖေဟာ စကားပြောသိမ်မွေ့နူးညံ့ပြီး ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ ရဲဘော်သုံးကျိပ်ဝင် တယောက်ဖြစ်တယ်။ ဒါပေမယ့် ရဲဘော်သုံးကျိပ် ဂျပန်ပြည်မှာ စစ်ပညာသင်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့ တပ်မတော်ကို ဦးဆောင်ဖို့တာဝန်ပေးတဲ့အခါမှာ ဗိုလ်မှူးချုပ် လက်ျာဟာ စစ်သားကောင်းတယောက်အဖြစ် သက်သေပြ ခဲ့တယ်။
ဗိုလ်လကျ်ာဟာ ဒို့ဗမာအစည်းအရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့သူတွေထဲမှာ ပါတယ်။ အဲ့ဒီ အဖွဲ့ကို ဗြိတိသျှ နယ်ချဲ့ကို ဆန့်ကျင်တဲ့ ပညာတတ်မျိုးချစ်လူငယ်တစုက ထူထောင်ခဲ့တာ ဖြစ်တယ်။ အဖွဲ့ဝင်တွေဟာ သူတို့ကိုယ်သူတို့ “သခင်” တပ်ခေါ်ကြတယ်။ ဗိုလ်လက်ျာဟာ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် သစ္ခာရှိတဲ့ ထိပ်တန်း ပါတီဝင်တဦးလည်း ဖြစ်တယ်။
ဗိုလ်လက်ျာဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် နိုင်ငံခြားအကူအညီရှာဖွေဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ တရုတ်ပြည် ကို ပထမဆုံးသွားခဲ့တယ်။ ရဲဘော်နှစ်ယောက် ချိန်းထားတဲ့အဆက်အသွယ်နဲ့လွဲပြီး သောင်တင်နေစဉ် လိုအပ်နေတဲ့ ရန်ပုံ ငွေကို ရှာဖွေခဲ့တာ ဗိုလ်လကျ်ာဖြစ်တယ်။
ဂျပန်ပြည်မှာ စစ်သင်တန်းတက်ပြီးနောက် ဗိုလ်လက်ျာကို ထိုင်းနိုင်ငံကတဆင့် မြန်မာပြည်ထဲဝင်ပြီး ကျေးလက်ပြည်သူ တွေကို တော်လှန်ရေးလှုပ်ရှားမှုထဲ ပါဝင်လာအောင် လှုံ့ဆော်စည်းရုံးဖို့ တာဝန်ပေးခဲ့တယ်။ ဗိုလ်လကျ်ာနဲ့တပ်ဖွဲ့ဟာ မြန်မာနိုင်ငံ တောင်ပိုင်းက ကျေးလက်ပြည်သူတွေကို စည်းရုံးပြီး တပ်သားသစ်တွေစုဆောင်းခဲ့တယ်။
တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် ဗိုလ်လက်ျာဟာ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်လက်ျာကို တပ်မတော်ရဲ့ ခေါင်းဆောင်အဖြစ် သူ့နေရာမှာ အစားထိုးတာဝန်ယူ စေချင်တာကို လုပ်ဖော်ကိုင်ဖက်တွေက သိကြတယ်။ ဗိုလ်လက်ျာရဲ့နေရာကို ပြိုင်ဆိုင်မယ့် နိုင်ငံရေးပြိုင်ဖက်တွေရန်က ဗိုလ်ချုပ်အောင်ဆန်းဟာ သတိနဲ့အမြဲ ကာကွယ်ပေးခဲ့တယ်။ အဲ့ဒီအချက်ဟာ ၁၉၄၉ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်နေဝင်းနဲ့ ဗိုလ်လက်ျာအကြားမှာ ကြီးမားတဲ့တင်းမာမှုတွေ ဖြစ်စေခဲ့တယ်။
ဗိုလ်လက်ျာဟာ နု-အက်တလီစာချုပ်ရဲ့ နောက်ဆက်တွဲအဖြစ် လက်ျာ-ဖရီးမင်း ကာကွယ်ရေးစာချုပ်ကို ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တယ်။ လက်ျာ-ဖရီးမင်းစာချုပ်ဟာ ဗြိတိသျှတပ်တွေ မြန်မာနိုင်ငံထဲဝင်ထွက်ခွင့်နဲ့ ဗမာ့တပ်မတော်ကို စစ် သင်တန်းပေးမယ့်အစီအစဉ်တွေ လုပ်ဆောင်နိုင်အောင် အထောက်အပံ့ဖြစ်ခဲ့လို့ ဗိုလ်လက်ျာကို ဗြိတိသျှလိုလားသူအဖြစ် စွပ်စွဲခဲ့ကြတယ်။
၁၉၄၇ ခုနှစ် ဇူလိုင်လမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ဗိုလ်လက်ျာဟာ တပ်မတော်မှာ ကြာကြာဆက်ရှိမနေ တော့ပါဘူး။ နောက်တနှစ်အကြာမှာ မြန်မာအစိုးရကိုတိုက်နေတဲ့ ကရင်ခေါင်းဆောင်တွေကို ထောက်ခံနေတယ်လို့ စွပ်စွဲခံ ရပြီး ဗိုလ်လက်ျာ တပ်မတော်ကနေ နုတ်ထွက်ခဲ့တယ်။ ဖဆပလ အဖွဲ့ချုပ်ထဲဝင်ခဲ့ပြီး နိုင်ငံရေးလုပ်ခဲ့တယ်။ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာတယ်။
ဗိုလ်လက်ျာဟာ ၁၉၅၀ ခုနှစ်တွေမှာ လက်ျာကုမ္ပဏီနဲ့ မာတဘမ်ကုမ္ပဏီတို့ကို ထူထောင်ပြီး အောင်မြင်တဲ့ စီးပွားရေးသမား အဖြစ်နဲ့ နိုင်ငံခြားကို ရေထွက်ပစ္စည်းတင်ပို့တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ ဗိုလ်လက်ျာနဲ့ ချမ်းသာကြွယ်ဝကြတဲ့ သူ့မိသား စု ဟာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးအသိုင်းအဝန်းမှာ လူသိများထင်ရှားပြီး ဩဇာရှိပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။
ဗိုလ်လက်ျာဟာ ၁၉၆၂ခုနှစ်မှာ ဗိုလ်နေဝင်းဖြုတ်ချတာခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုကို ထောက်ခံသူဖြစ်တယ်။ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာ ဗိုလ်လက်ျာဟာတောခိုခဲ့ပြီး ဦးနုရဲ့ ပြည်ပြေးအစိုးရနဲ့ ပူးပေါင်းခဲ့တယ်။ ပြည်ချစ် လွတ်မြောက် ရေးတပ်မတော်ရဲ့ တပ်မှူးတဦး ဖြစ်ခဲ့တယ်။ ထိုင်းနယ်စပ်မှာအခြေစိုက်တဲ့ အဲ့ဒီတပ်ဟာ ကရင်နဲ့ ပဋိပက္ခတွေကြားမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့တယ်။ ရန်ကုန်ကိုချီတက်ပြီး ဗိုလ်နေဝင်းကိုဖြုတ်ချဖို့ ဘယ်တုန်းကမှ အခွင့်အရေးမရခဲ့ဘူး။
၁၉၇၈ ခုနှစ် နိုဝင်ဘာလမှာ ကရင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတပွဲအတွင်း ဗိုလ်လက်ျာ ကျဆုံးခဲ့ရတယ်။
ရှင်သန်ဆဲ သွေးသောက်တဦး
ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉ – )
ဗိုလ်မှူးချုပ်ကျော်ဇောဟာ ရဲဘော်သုံးကျိပ်ဝင်တွေထဲက သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးမှာ တဦးဖြစ်တယ်။ မျိုးချစ် စိတ်ဓာတ်ပြင်းထန်ပြီး လက်ဝဲယိမ်းတဲ့ ဗိုလ်ကျော်ဇော ဟာ ၁၉၄၄ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲ ဝင်ခဲ့တယ်။ ပါတီက ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီဗဟိုကော်မတီဝင်တဦးဖြစ်ပေမယ့် ပါတီရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲလှတယ်။ စစ်မြေပြင် က သူရသတ္တိပြောင်မြောက်မှုတွေကိုသာ လူသိများပါတယ်။
ဗိုလ်ကျော်ဇော ထင်ရှားကျော်ကြားခဲ့တာဟာ ၁၉၄၉ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အင်းစိန်တိုက်ပွဲမှာ စခဲ့တယ်။ ရန်ကုန်မြို့ မြောက်ဘက်ဆင်ခြေဖုံးနေရာတွေကို သိမ်းပိုက်ထားတဲ့ ကရင်သူပုန် တွေကို တိုက်ထုတ်ခဲ့တဲ့ သုံးလကျော်ကြာတိုက်ပွဲဟာ သူ့ရဲ့စစ်မှုထမ်းသက်တလျှောက် မေ့မရနိုင်တဲ့ အရှည်လျားဆုံးစစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ အန္တရာယ်အများဆုံး စစ်ပွဲလို့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာ ရေးသားခဲ့တယ်။ အင်းစိန်တိုက်ပွဲမှာ ဗိုလ်ကျော်ဇောဟာ သူ့တပ်ဖွဲ့တွေနဲ့အတူ အမြဲ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိပြောင်မြောက်တဲ့ တပ်မှူးတဦးအဖြစ် အထက်အရာရှိတွေနဲ့ စစ်သားဟောင်းကြီး တွေကလည်း အမှတ်ရကြတယ်။
ရှမ်းပြည်နယ်ထဲ ကူမင်တန်တပ်တွေ ကျူးကျော်ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်ကလည်း ဗိုလ်ကျော်ဇော နာမည်ဟာ လူတိုင်းပါးစပ်ဖျားမှာ တဖွဖွပြောဆိုရတဲ့အထိ ဖြစ်ခဲ့တယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက် သူ့ရဲ့စွန့်စားခန်း တွေဟာ ဒဏ္ဍာရီဆန်ဆန်ပါပဲ။ မြန်မာတပ်တွေ ထိုင်းနိုင်ငံနယ်ခြားကို ဖြတ်သန်းခွင့်ရဖို့အတွက် ဘိန်းအရောင်းအဝယ်တခု မှာ ကူမင်တန်တွေလိမ်လိုက်တဲ့ ထိုင်းစစ်ဗိုလ်ချုပ်တယောက်နဲ့ ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူခဲ့တယ်။
ထိုင်း-မြန်မာနယ်စပ်အနီး တောင်ထူထပ်တဲ့ ဒွိုင်တန်တောင်တန်းပေါ်က ကူမင်တန်တွေရဲ့ခံတပ်ကိုတိုက်ဖို့ စစ်ပြင်နေတုန်း ထိုင်းဆက်သွယ်ရေးအရာရှိတယောက်က ဒီခံတပ်ကိုသိမ်းပိုက်ဖို့ အချိန်ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ “မနက် ၈ နာရီစတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်”လို့ ဗိုလ်ကျော်ဇောက အကြောင်းပြန်လိုက်တယ်။
အဲ့ဒီတိုက်ပွဲကိုကြည့်ဖို့ ထိုင်းနိုင်ငံဘက်အခြမ်းမှာ လူတသောင်းကျော် စုဝေးရောက်ရှိနေကြပြီး တချို့ဆိုရင် တိုက်ပွဲရဲ့ ရလဒ်ကို အလောင်းအစား လုပ်နေသူတွေတောင် ရှိခဲ့တယ်။ ဗိုလ်ကျော်ဇောဟာ သူပြောတဲ့အတိုင်း ညနေ ၄ နာရီမှာ မြန်မာအလံကို လွှင့်ထူနိုင်ခဲ့တယ်။
၁၉၅၇ ခုနှစ် ဧပြီလမှာ ဗိုလ်ကျော်ဇောရဲ့ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ အမာခံစခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာက ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားတွေဟာ တပ်မတော်ရဲ့ လှုပ်ရှားမှုသတင်းတွေကို ကွန်မြူနစ်သူပုန်တွေထံ ဗိုလ်ကျော်ဇော ပို့ခဲ့တယ်လို့ဆိုပြီး ရာထူးကနေ အနား ပေးခဲ့တယ်။ တပ်မတော်ကနေ အနားယူခဲ့ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့တယ်။
၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ကြားကပဲ ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ရာနယ်မြေဆီ ရှောင်ထွက်နိုင်ခဲ့တယ်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနဲ့ စစ်ကော်မရှင်အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ပါတီတွင်းပြိုင်ဆိုင်မှုတွေ ကြောင့် ပါတီပြိုကွဲခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ ဗိုလ်ကျော်ဇော တရုတ်ပြည်ထဲ ဝင်ရောက်ခိုလှုံခဲ့ရတယ်။
အခုအခါ အသက် ၉၀ ရှိပြီဖြစ်တဲ့ ဝါရင့်တပ်မှူးကြီး ဗိုလ်ကျော်ဇောဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက်ရှိ ပါတယ်။ ဧရာဝတီမဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဒီနေ့ခေတ် တပ်မတော်ကို “ကြေးစားတပ်”လို့ ပြောဆိုခဲ့တယ်။ တိုင်းပြည်အကျိုးအတွက် စစ်တိုက်ခဲ့တဲ့ သူတို့ခေတ်က တပ်မတော်ခေါင်းဆောင်တွေနဲ့မတူတဲ့“ဒီနေ့ခေတ် စစ်ခေါင်းဆောင် တွေရဲ့ တခုတည်းသောရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ်ဖို့”လို့ပြောခဲ့ပါတယ်။
ဗိုလ်မှူးကြီး လေးပေ
ဗိုလ်ချုပ် စမစ်ဒွန်း (၁၉၀၆ – ၁၉၇၉)
၁၉၄၆ ခုနှစ် လန်ဒန်မြို့ ဒုတိယကမ္ဘာစစ်အောင်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ ဖီးမာရှယ် ဝီလျှံဆလင်းမ်နဲ့ ဗိုလ်မှူးကြီး စမစ်ဒွန်းတို့ စကားလက်ဆုံကြနေကြတယ်။ မြန်မာ နိုင်ငံကို ဂျပန်တွေဆီကနေ ပြန်လည်သိမ်းပိုက်စဉ်က အိန္ဒိယ-ဗြိတိသျှ တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီးဖြစ်ခဲ့တဲ့ဲ ဆလင်းမ်ဟာ သူ့အနီးက သတင်းထောက်တွေဘက်လှည့်ပြီး “ဒါ အရပ်လေးပေပဲရှိတဲ့ ဗိုလ်မှူးကြီး ဒွန်းလေ”ဆိုကာ နောက်ပြောင်ပြီး မိတ်ဆက်ပေးလိုက်တယ်။ အဲဒီကစပြီး စမစ်ဒွန်းကို ဗိုလ်မှူးကြီး လေးပေလို့ လူတွေကခေါ်ကြတော့တယ်။
လူကောင်သေးသေးနဲ့ အဲ့ဒီကရင်အမျိုးသားကြီးဟာ အိန္ဒိယစစ်တက္ကသိုလ်ရဲ့ ပထမဆုံး အပတ်စဉ်သင်တန်းမှာ အတော် ဆုံးကျောင်းသားဆုကို ရရှိခဲ့သူဖြစ်တယ်။ အဲ့ဒီနောက်ပိုင်း ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်က ဧရာဝတီမြစ်၀ ကျွန်းပေါ်ဒေသကို လေထီးနဲ့ခုန်ုဆင်းပြီး ဒေသခံကရင် ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့တယ်။
ဗိုလ်မှူးကြီးစမစ်ဒွန်းဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တယ်။ စမစ်ဒွန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။
အဲဒါဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ အနာဂတ်ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတွေအကြား ယုံကြည်မှုတည်ဆောက်တဲ့ ခြေလှမ်းတခုဖြစ်ပါတယ်။
၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင်တိုက်ခိုက်ကြတဲ့အခါမှာတော့ အဲဒီယုံကြည်မှု ယိမ်းယိုင်ခဲ့ရတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းကို သူ့ရဲ့ကရင်တပ်ဖွဲ့တွေနဲ့အတူ တပ်မတော်ရာထူးတွေက ရပ်ဆိုင်းပစ်ခဲ့ကြတယ်။
စမစ်ဒွန်းဟာ ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက်ဖြစ်ပေမယ့် ဗမာ့တပ်မတော်အပေါ် အမြဲတမ်းသစ္စာရှိပြီး စစ်သားကောင်းပီသတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ တပ်မတော်ဦးစီးချုပ်တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်းပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။
တပ်မတော်ကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်းတွင်လည်း အစိုးရက သူ့အပေါ်သံသယထားခဲ့တယ်။ ၁၉၇၉ ခုနှစ် ကွယ်လွန်ချိန်အထိ စောင့်ကြည့်ခံခဲ့ရတယ်။
ဗိုလ်ချုပ်စမစ်ဒွန်းဟာ ဘဝရဲ့နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာနေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူမကွယ်လွန်ခင် သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။
စံပြစစ်သား
ဗိုလ်မှူးကြီး ဗထူး (မွေးဖွားနှစ်မသိ – ၁၉၄၅)
ဗိုလ်မှူးကြီး ဗထူးဟာ တိုင်းပြည်နဲ့ တပ်မတော်အတွက် ဘဝတခုလုံးကို ပေးဆပ်ခဲ့သူအဖြစ် လူအများက လေးစား ဂုဏ်ပြုခဲ့ကြတယ်။ ၁၉၄၁ ခုနှစ်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်က ဂျပန်အကူအညီနဲ့ မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ် မြို့ကို သိမ်းပိုက်ခဲ့ချိန်မှာ ဗိုလ်ဗထူးဟာ ဇနီးနဲ့သားသမီးသုံးယောက်ကိုထားခဲ့ပြီး ဗြိတိသျှကို တော်လှန်တိုက်ခိုက်ဖို့ ပူးပေါင်းပါဝင် လာတယ်။
၁၉၄၃ ခုနှစ်မှာ ဗိုလ်မှူးအဆင့် ရာထူးတိုးမြှင့်ခံခဲ့ရပြီး မြန်မာနိုင်ငံမြောက်ပိုင်းက ထောက်ပံ့ရေးလမ်းကြောင်းတွေ လုံခြုံ ရေးအတွက် တာဝန်ယူခဲ့ရတယ်။ ဂျပန်ခေတ်မှာ ဗမာ့တပ်မတော်ကို နာမည်အသစ်နဲ့ ပြန်လည်ဖွဲ့စည်းတဲ့အခါ မန္တလေး အခြေစိုက် အထက်ဗမာပြည်တိုင်း(ယခု အလယ်ပိုင်းတိုင်း) စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာတယ်။ ၁၉၄၅ ခုနှစ် ဇန်နဝါရီ လမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တပ်မတော် ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ လျှို့ဝှက်အစည်းအဝေးကျင်းပပြီး ဂျပန် တပ် တွေကို မတ်လ ၂၇ ရက်မှာ တမျိုးသားလုံး အုံကြွတော်လှန်ဖို့ အစီအစဉ်ရေးဆွဲရာမှာ ဗိုလ်ဗထူးလည်း ပါဝင်ပါတယ်။
ဒါပေမယ့် မန္တလေးကိုပြန်ရောက်လို့ သတ်မှတ်ရက်မတိုင်မီ သုံးပတ်အလို မတ်လ ၈ ရက်နေ့မှာ အခြေအနေအရ သူ့အစီ အစဉ်နဲ့သူ ဂျပန်ကိုစစ်ကြေညာပြီး စတိုက်ပါတယ်။ ဗိုလ်ဗထူးရဲ့ အကြောင်းပြချက်က စစ်နည်းဗျူဟာ မြောက်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲဘော်တွေကို ဂျပန်တွေ သံသယဝင်နေတာသိတဲ့ ဗိုလ်ဗထူးဟာ တော်လှန်ရေးလှုပ်ရှား မှု ကြီးတရပ်လုံးကို ဂျပန်တွေအာရုံမစိုက်မိအောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခပ်ခွာခွာနေပြလိုက်တယ်။
သူနဲ့သူ့တပ်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အမိန့်ကို မနာခံတော့ဘူးလို့ ကြေညာလိုက်တဲ့အခါ ဂျပန်တွေဟာ ဗိုလ်ဗထူး အပေါ်မှာပဲအာရုံစိုက်သွားကြတယ်။ အဲ့ဒီလိုအာရုံပြောင်းသွားချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ စီစဉ်ထားတဲ့အတိုင်း မတ်လ ၂၇ ရက်မှာ ဂျပန်တော်လှန်ရေးကို စတင်နိုင်ခဲ့တယ်။ အဲ့ဒီနေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့ နောက်ပိုင်းတော့ တပ်မတော်နေ့လို့ သတ်မှတ်ခဲ့ကြတယ်။
ဗြိတိသျှဦးဆောင်တဲ့ မဟာမိတ်တပ်တွေ အိန္ဒိယကတဆင့် အထက်မြန်မာပြည်နဲ့ မန္တလေးကို ဝင်ရောက်နိုင်ရေး ဗိုလ်ဗထူး က ကူညီခဲ့ပါတယ်။ ဂျပန်တွေရဲ့နောက်ကြောက နေရာယူထားပြီးဖြစ်တဲ့ ဗိုလ်ဗထူးဟာ ထောက်ပံ့ရေးလမ်းကြောင်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်။ မဟာမိတ်တပ်တွေ မေမြို့ကိုသိမ်းပိုက်ရေးကိုလည်း ဗိုလ်ဗထူးက အကူအညီ အများ ကြီးပေးနိုင်ခဲ့တယ်။
ဗိုလ်ဗထူးရဲ့သတ္တိနဲ့ဦးဆောင်နိုင်မှုကို ဗိုလ်ချုပ်အောင်ဆန်းက ချီးကျူးခဲ့ပြီး ဗိုလ်ဗထူးကို ဗိုလ်မှူးကြီးရာထူး တိုးမြှင့်ပေး ခဲ့တယ်။ ဒါပေမယ့် ဒီရာထူးကို ဗိုလ်ဗထူး လက်ခံမသွားနိုင်ခဲ့ပါဘူး။ ထားဝယ်မှာကျန်ရစ်ခဲ့တဲ့ မိသားစုထံလည်း ပြန် မရောက် နိုင်ခဲ့ဘူး။ ၁၉၄၅ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်းက ရွာလေးတရွာမှာ ငှက်ဖျားရောဂါနဲ့ ဗိုလ်ဗထူး ကျဆုံးသွားခဲ့ တယ်။
ဗိုလ်ဗထူးဟာ ရိုးသားဖြောင့်မတ်ပြီး ထက်မြက်သူ၊ သတ္တိရှိပြီး ဝီရိယကောင်းတဲ့ စစ်ခေါင်းဆောင်လို့ ဗိုလ်ချုပ်အောင်ဆန်းက ရေးသားခဲ့တယ်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလမှာ ဗိုလ်ဗထူးကို ဂုဏ်ပြုတဲ့အနေနဲ့ ရှမ်းပြည်တောင်ပိုင်း ရပ်ဆောက်ဒေသမှာ တပ်မြို့တမြို့တည်ခဲ့ပြီး `ဗထူးတပ်မြို့´ လို့ အမည်ပေးခဲ့တယ်။ အဲ့ဒီမြို့ကို တပ်မတော်အရာရှိတွေကို သင်တန်းပေးဖို့နဲ့ တပ်မိသားစုတွေနေထိုင်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဝါရင့်အကျဉ်းစံ
ဗိုလ်မှူးကြီး ကြည်မောင် (၁၉၁၉ – ၂၀၀၄)
“စစ်တပ်ဟာ စစ်တပ်အလုပ်ကိုပဲလုပ်ရမယ်၊ နိုင်ငံရေးနဲ့ ကင်းကင်းနေရမယ်”ဆိုပြီး သူ့ရဲ့ဘဝတလျှောက် ကိုင်စွဲတဲ့ ခံယူချက်ကို ဗိုလ်မှူးကြီးကြည်မောင် တဖြစ်လဲ ဦးကြည်မောင်ဟာ ၁၉၉၀ ခုနှစ်တုန်းက တိကျပြတ်သားစွာ ပြောခဲ့ပါတယ်။
ဦးကြည်မောင်ဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင်တဦး လည်း ဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်က ဗိုလ်မှူးကြီး ကြည်မောင်ဟာ စစ် အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့တဲ့ တဦးတည်းသော တော်လှန်ရေးကောင်စီဝင် ဖြစ်တယ်။
၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်မှူးကြီးကြည်မောင်ဟာ ဗိုလ်နေဝင်းဦးစီးတဲ့ လူထုအစည်းအဝေး ပွဲတွေကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တယ်။ နောက်တနှစ်အကြာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဘဝကနေ သူ့ကို အငြိမ်းစားပေးလိုက်ပါတယ်။
ဦးကြည်မောင်ဟာ နိုင်ငံရေးယုံကြည်ချက်အတွက် စုစုပေါင်း ၁၁ နှစ်ကြာ ထောင် ၄ ကြိမ်ကျခဲ့တာကြောင့် သူ့ကိုယ်သူဝါရင့်အကျဉ်းသားအဖြစ် ခိုင်းနှိုင်းခဲ့ဖူးတယ်။
ဦးကြည်မောင်ဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတယောက်အဖြစ်နဲ့ နိုင်ငံရေးလှုပ်ရှားမှုထဲ စတင်ဝင်ရောက်ခဲ့တယ်။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ဗြိတိသျှအစိုးရကိုဆန့်ကျင်တဲ့ တတိယအကြိမ် ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်မှာ ပါဝင်ခဲ့တယ်။ ဆန္ဒပြပွဲရဲ့တပ်ဦးမှာ ကျောင်းသားသမဂ္ဂအလံကို ကိုင်စွဲလွှင့်ထူထားစဉ် ဗြိတိသျှစစ်ပုလိပ်တွေရဲ့ ရိုက်ချက်ကြောင့် ဦးခေါင်းမှာဒဏ်ရာရသွားပေမယ့် သူရဲ့ အလံမလှဲတတ်တဲ့ စိတ်ဓာတ်ဟာ အဲဒီအချိန်ကတည်းက စခဲ့တာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်တဲ့ ခေါင်းဆောင် တဦး ဖြစ်လာတယ်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရပြီးနောက် ဦးကြည်မောင် ဟာ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မှုပေးခဲ့တယ်။
အတိတ်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်တပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခုံရုံးတင်မှာလားလို့ နိုင်ငံခြား သတင်းထောက်တယောက်ရဲ့အမေးကို `မြန်မာနိုင်ငံမှာ နျူရင်ဘတ်လိုခုံရုံးမျိုး ကျနော်တို့ မလိုအပ်ပါဘူး´လို့ ဦးကြည်မောင်က ပြန်ဖြေခဲ့တယ်။ ဒါပေမယ့် တပ်မတော်စစ်ထောက်လှမ်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်က အခွင့်ကောင်းယူပြီး ဦးကြည်မောင်ကို ဖမ်းဆီးထောင်ချခဲ့တယ်။
၁၉၉၅ ခုနှစ် ထောင်ကလွတ်လာပြီးနောက် ဦးကြည်မောင်ဟာ နိုင်ငံရေးအပေါ် သူ့ရဲ့ချဉ်းကပ်ပုံကို အခုလိုပြောခဲ့တယ်။ “ဒါက ကစားပွဲတခုပဲ၊ ကျနော်တို့က အဲ့ဒီကစားပွဲထဲက ကစားသမားတွေ ဖြစ်တယ်။ ဒါဆို အတ္တမကြီးဘဲ အဓိပ္ပာယ်ရှိရှိ ကစားကြရအောင်” တဲ့။
ဒါပေမယ့် နောက်နှစ်နှစ်အကြာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနားယူခဲ့တယ်။ ဦးကြည်မောင်ဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ မြန်မာ့တပ်မတော်သမိုင်းကို သုတေသနပြုရင်း ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၉) ရက်နေ့က နေအိမ်မှှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ပြည်သူ့ဗိုလ်ချုပ်
ဗိုလ်ချုပ်ကြီး သူရတင်ဦး (၁၉၂၇ – )
ဗိုလ်ချုပ်ကြီး သူရတင်ဦးဟာ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် “သူရ”ဘွဲ့ချီးမြှင့်ခံရပြီး မြန်မာ့ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အဆင့်ထိ ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် ၁၉၇၆ ခုနှစ်မှာ ဗိုလ်နေဝင်းကိုဖြုတ်ချဖို့ ပူးပေါင်းကြံစည်တယ် ဆိုပြီး နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲချက်တင်ခဲ့တာကြောင့် သူ့ရဲ့တပ်မတော်သားဘဝဟာ အဆုံးသတ်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွဆန္ဒပြမှုတွေ အတွင်းမှာတော့ ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သူတဦး ဖြစ်လာခဲ့တယ်။
အခုအခါ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ၁၉၄၃ ခုနှစ် ဗမာ့လွတ်လပ်ရေးတပ်မတော် ထဲဝင်ခဲ့စဉ်က အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။ ကူမင်တန်တပ်ဖွဲ့တွေ ကျူးကျော် ဝင်ရောက်မှုကိုတိုက်ထုတ်တဲ့ တိုက်ပွဲတွေမှာတော့ တပ်မှူးတင်ဦး ရဲ့ သူရသတ္တိနဲ့ခေါင်းဆောင်မှုဟာ သူ့ရဲဘော်တွေအတွက် အားကျအတုယူစရာဖြစ်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပေးအပ်ခဲ့တဲ့အထိ ဗိုလ်နေဝင်းက ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကာကွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရတဲ့အထိပါပဲ။
တပ်မတော်ထဲမှာသာမက ဗိုလ်ချုပ်ကြီးတင်ဦးဟာ အရပ်သားတွေရဲ့ လေးစားချစ်ခင်မှုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ဈာပနမှာ ဆန္ဒပြကြတဲ့ကျောင်းသားတွေက “ဗိုလ်ချုပ်ကြီးတင်ဦး အသက် ရာကျော်ရှည်ပါစေ”လို့ ကြွေးကြော်တဲ့အထိ ဖြစ်ခဲ့တယ်။ တကယ်တော့ နိုင်ငံတော် သစ္စာဖောက်မှုဆိုတာထက် လူကြိုက် များတယ်ဆိုတဲ့အချက်က ဦးတင်ဦးကို ရာထူးဖြုတ်ချဖို့ ဖြစ်လာစေခဲ့ပုံပါပဲ။ ၁၉၇၆ ခုနှစ်မှာ ဦးတင်ဦးကို ထောင် ၇ နှစ် ချခဲ့ တယ်။ ဒါပေမယ့် ၂ နှစ်စောပြီး ပြန်လွတ်လာတယ်။
ထောင်ကလွတ်တော့ ဦးတင်ဦးဟာ မထင်မရှားဘဲ နေခဲ့တယ်။ အဲ့ဒီနောက် ၁၉၈၈ ခုနှစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပြင် ဘက်မှာ ဆန္ဒပြနေတဲ့ပြည်သူထောင်ပေါင်းများစွာကို မိန့်ခွန်းပြောခဲ့တယ်။ အဲ့ဒီနှစ်မှာပဲသူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဒုတိယဥက္ကဌဖြစ်လာပြီး စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပါတော့တယ်။
၁၉၈၉ ခုနှစ်မှာ ဦးတင်ဦး နောက်တကြိမ် ထပ်ပြီးအဖမ်းခံရတယ်။ ဒီတကြိမ်မှာတော့ တပ်မတော်ပြိုကွဲအောင်လုပ်တယ် ဆိုတဲ့ စွဲချက်နဲ့ ဖြစ်ပါတယ်။ လျှို့ဝှက်စစ်ခုံရုံးရဲ့ စစ်တပ်အရာရှိတွေရှေ့မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်းက “တပ်မတော် ကို ငါချစ်တယ်၊ ဒါပေမယ့် ပြည်သူကို တပ်မတော်ထက် ပိုချစ်တယ်”လို့ ပြောလိုက်တယ်။ အဲဒီအတွက် ဦးတင်ဦးဟာ အင်းစိန် အကျဉ်းထောင်မှာ ၆ နှစ်နေခဲ့ရတယ်။
၁၉၉၅ ခုနှစ်မှာ ထောင်ကပြန်လွတ်လာပြီး ဦးတင်ဦးဟာ နိုင်ငံရေးကို ဆက်လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ ပြည်အနှံ့ခရီးစဉ်တွေမှာ အတူပါတယ်။ ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မော် တော်ယာဉ်တန်းကို စစ်အစိုးရ အားပေးအားမြှောက်ပြုထားတဲ့ လူရမ်းကားတွေက အကြမ်းဖက်တိုက်ခိုက်တဲ့အတွက် ဦးတင်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်အကျယ်ချုပ်ချထားခံရတာ အခုချိန်ထိပါ။
မှတ်ချက်။ ။ ယင်းကဏ္ဍကို လွန်ခဲ့သော ၁၀ နှစ်က ဧရာဝတီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ သို့သော် တိုင်းပြည် က အရေးတကြီးလိုအပ်နေသည့် လူထု ယုံကြည်လေးစားနိုင်သော မျိုးချစ် တပ်မတော်သားများ၊ တပ်မတော် ခေါင်းဆောင် များပေါ်ထွန်းလာစေရေး သတိ ဆန္ဒ ရှိစေရန် ဧရာဝတီက နှိုးဆော်လိုသောကြောင့် ယခု စာစုကို ပြန်လည် တင်ဆက် လိုက်ရပါသည်။